2 3 4 5 6 7 8 9 10

Sunday, October 16, 2011

သူငယ်ချင်းများနဲ့သူမ အမှတ်တရများ.

..ဆံပင်တိုတို၊ တစ်ခေါင်းလုံးကို အ၀ါရောင်ဆိုး၊ ဂျစ်ကန်ကန်ရုပ်နဲ့ လူတွေကို ပေစောင်းစောင်းကြည့်တက်တဲ့
ကောင်မလေးတစ်ယောက်၊ စကားပြောရင်လည်းကြည့်လိုက်ဦး.....ဘယ်တော့မှ အချိုးမပြေတဲ့သူ၊ အစားအသောက်ကျ
တော့ရော....တွေ့တဲ့သူတိုင်းနီးပါး မျက်ဖြူလန်အောင် အရွယ်နဲ့မှမလိုက်အောင်စားနိုင်သူ၊ ခေါင်းကိုငိုက်စိုက်ထားပြီး လမ်းမှာတွေ့လေရာ အကုန်လျှောက်တိုက်သွားတာက သူ့လမ်းလျှောက်ပုံပါတဲ့၊ ဘယ်ကိုသွားသွား "ဘယ်ခွေးမှလူကိုမထင်တာ"ဆိုတဲ့ရုပ်မျိုးနဲ့ သွားချင်တဲ့နေရာ တစ်ယောက်တည်းသွား၊ စားချင်တဲ့ဆိုင် တစ်ယောက်တည်းထိုင်စား၊ ပိုက်ဆံမလောက်ရင်တောင်ဘေဖွင့်စားတက်သူ၊ အောင်မယ်....အကြွေးကိုတော့...
သူ့အိမ်ကအကိုကြီးထက်ပိုကြောက်ပါသတဲ့။ ၂၅ ကျပ်ကအစ ဆပ်တက်တဲ့အကျင့်ကြောင့် သူ့ကိုပိုက်ဆံချေးဖို့
ဘယ်သူကမှဝန်မလေးကြပါဘူး။ ကျောင်းတက်ချိန်မှာ စာသင်ခန်းထဲရှာရတာထက် အပြင်မှာရှာရင် ရာခိုင်နှုံး
ပိုများတဲ့သူ၊ ဆရာတွေရှေ့မှာ ကြောက်တက်တဲ့ရုပ်နဲ့၊ ကျက်ခိုင်းတဲ့စာတောင်မှ စိတ်ပါမှကျက်တဲ့
သူလေ၊ ဒါပေမယ့်....စာမေးပွဲနီးပြီဆိုရင်တော့ အိမ်ထဲကအပြင်တောင်မထွက်တော့ဘဲ ခုနှစ်အိမ်ကြား၊ ရှစ်အိမ်ကြား
အသံပြဲကြီးနဲ့ ဖင်ကုန်းအော်တက်တယ်(လူအထင်ကြီးအောင်လေ)။ တခြားသူမဟုတ်ပါဘူး.... ကျွန်မပါ။
..........ညာတာမဟုတ်ပါဘူး....ဒီ လောက်ဆိုးပေတေနေတဲ့ ကျွန်မကို တော်တော်များများသောသူငယ်ချင်းများကချစ်ကြ၊
ခင်ကြ၊ တော်တော်လေး သည်းခံတက်ကြပါတယ်။ အကုန်လုံးတော့မဟုတ်ဘူးပေါ့နော်။ ကျွန်မကျောင်းမတက်တဲ့အချိန်တွေဆို လူခေါ်ချိန်လူမရှိလည်း လက်မှတ်ထိုးပေးမယ့်သူငယ်ချင်း ရှိတာကိုက
ကံကောင်းခြင်းတစ်ရပ်ပဲလေ။
တစ်ခါတစ်လေ လက်မှတ်က နှစ်ယောက်သုံးယောက်ထပ်နေလို့ ဆရာမသိသွားတာကလည်း အခါခါပါပဲ။ သူတို့ရဲ့ဒဏ်တွေဖြစ်တဲ့...မုန့်ဝယ်ကျွေးရခြင်း၊(အစာကြေဆေးက အလကားထပ်ကျွေးရသေးတယ်)၊ ပိုက်ဆံချေးပြီးပြန်မဆပ်တာမျိုး၊ စာရေးကိရိယာတွေကို ခဏလေးနော် ဆိုပြီးပြန်မပေးတာကလည်း...မကြာခဏ ကြုံတွေ့ရ တဲ့ပြသနာပါ၊ အစရှိသဖြင့်ပေါ့နော်....ကိုယ်ကလည်းသည်းခံရတဲ့ အပိုင်းတွေရှိပါတယ်။ ဘယ်လိုပဲဖြစ်နေပါစေ...တစ်ယောက်နဲ့တစ်ယောက် မောင်နှမတွေလို ပြောမနာ ဆိုမနာ တစ်ယောက်ပြသနာ တစ်ယောက်က လိုလေးသေးမရှိအောင် ဆောင်ရွက်ပေးနေကျဖြစ်တဲ့ သူငယ်ချင်းတွေကို အမြဲသတိရပါတယ်။ ကျွန်မလိုပဲ သူတို့လည်း မမြဲမဟုတ်တောင်မှ တိုက်ဆိုင်မှု့၇ှိတိုင်း သတိရနေမယ်လို့ ယုံကြည်ပါတယ်။
..........ဒုတိယနှစ်ကွင်းဆင်းသွားတော့လည်း မှတ်မှတ်ရရ ပုပ္ပါးတောင်မကြီးတက်တဲ့နှစ်ကပေါ့...အမြဲသူတို့အပေါ်အနိုင်ယူတက်တဲ့ကျွန်မကို ပုပ္ပါးတောင်မကြီးရဲ့ မီးတောင်ပေါက်ဝ မှာပစ်ချမယ်ဆိုပြီး၊ လက်ကကိုင်တဲ့သူကကိုင်၊ ခြေကကိုင်တဲ့သူကကိုင် လူကိုလွဲနေလိုက်ကြတာများ ကျွန်မမှာအောက်ပြုတ်ကျမှာကြောက်လို့ အော်လိုက်ရတာ၊ ငယ်သံတွေလည်းပါလို့၊ (မျက်ရည်တွေထွက်၊ နှပ်တွေထွက်ပေါ့)၊ အဲဒီအချိန်တုန်းကတော့ကြောက်ခဲ့ရပေမယ့် အခုတော့ အမှတ်ရစရာပေါ့နော်။ ပိုဇိုလန်စက်ရုံသွားလေ့လာပြီး အပြန်မှာ ဘယ်လိုမှဆက်လမ်းလျှောက်ဖို့မဟန်တဲ့ သူတပည့်တွေ အကြောင်းသိ ဆရာက စက်ရုံက ထော်လာဂျီကြီးနဲ့လိုက်ပို့ပေးဖို့ အကူအညီတောင်းတော့ ဇီးဖြူသီးလှိမ့် လှိမ့်ပြီးစီးခဲ့ရတဲ့ ထော်လာဂျီကြီးကိုလည်း မမေ့ပါဘူး။ သူငယ်ချင်းတွေစုမိတိုင်း ထော်လာဂျီကြီးစီးခဲ့ရတဲ့အကြောင်းက မပါမဖြစ်အကြောင်းလေ။
..........ပထမနှစ်ဂုဏ်ထူးတန်းရောက်တော့ မြစ်ကြီးနား၊ ၀ိုင်းမော်မြို့နယ်က ၀ါရှောင်ရွာလေးမှာ လေ့လာရေးကွင်းဆင်းရတုန်းကလည်း...ကျွန်မတို့နေတဲ့အဆောင်မှာ သူရဲရှိတယ်ပြောကြလို့ ညမှု့ညတာကအစ တပြုံတမကြီးသွားပြီး ကိုယ့်ပြသနာကိုယ်ဖြေရှင်းရတာတွေကိုလည်း...အမြဲသတိမရဖြစ်တောင် ခုထိမမေ့နိုင်တဲ့ အကြောင်းတွေပါ။ ၀ါရှောင်မှာပါပဲ...လမ်းလျှောက်စရာနေရာမှာ ကြိုးကြီးနှစ်ချောင်းသုံးချောင်းလောက်ကိုပဲ ကျစ်ပြီး ဘေးမှာကိုင်စရာဆိုလို့လည်း ကြိုးသေးသေးလေးတွေပဲ ရှိတဲ့ အောက်ကိုကြည့်ရင်တော့ တဝေါဝေါစီးဆင်းနေတဲ့ ရေတွေအပေါ်မှာ ရုပ်ရှင်ဆန်ဆန် အသည်းတယားယားလျှောက်ခဲ့ရတဲ့ (ကြောက်လို့အာပြဲလျှာပြဲအော်ပြီး...) ကြိုးတံတားကြီးကိုလည်း ထပ်မလျှောက်ရဲတော့ပေမယ့် ဂျိမ်းစဘွန်းမ လုပ်ပြီးလျှောက်ခဲ့ရတဲ့အတွက်မမေ့ပါဘူး။
..........ဒုတိယနှစ်ဂုဏ်ထူးတန်းရောက်တော့ လေ့လာရေးရီးထွက်ရတဲ့နေရာက ရှမ်းပြည်တောင်ပိုင်း ပင်းတယမြို့၊ တကယ်သာယာတဲ့မြို့ဖြစ်ပေမယ့် တောင်တက်ရင်းဘဲလိုက်ခံရတဲ့အဖြစ်ကိုတော့ ဘဲတွေမြင်တိုင်းသတိရနေပါတယ်... (အဟီး..လူအထင်ကြီးအောင်လို့မရှင်းပြသေးတာ၊ လိုက်ခံရတဲ့ဘဲက...မန်ဒါလီ)။ ကျွန်မကကို ကံဆိုးနေလားမသိပါဘူး... နောက်တစ်နေ့ Fossil ရှာဖို့ကွင်းထပ်ဆင်းတော့ မှတ်မှတ်ရရ ကျွန်မတို့သူငယ်ချင်းသုံးယောက် တိုက်မထားပါပဲဝတ်မိတဲ့ အင်္ကျီအရောင်က အနီရောင်၊ ဘယ်ခံနိုင်လိမ့်မလဲ ..ကျွဲလိုက်လို့ပြေးလိုက်ရတာ မသေကောင်းမပျောက်ကောင်း၊ အဲဒီမြို့တွေမှာ ကျွန်မတို့ မြို့တွေလို နွားမရှိပါဘူး၊ အရမ်းရှားပါတယ်။ ကျွဲတွေနဲ့ပဲထွန်ယက် စိက်ပျိုးကြတာပါ။ နယ်ခံမဟုတ်ဘဲ ပဲသွားများလိုက်တာလေ သေတွင်းကနေ သီသီလေးလွတ်လာတာ။ ဗန္ဓုလသွေးပါတဲ့ကျွန်မ ကြောက်သော မကြောက်သော အဲဒီကတည်းကဖြတ်လိုက်တဲ့ အမဲသားနဲကျွဲသား ခုထိတိုင်အောင်ပါပဲ။ နောင်တသက်တာ အတွက်ပါ ကြိုဖြတ်ထားတာပါ။ (အမဲသားနဲ့ကျွဲသား မြင်ရင်ကို အလိုလို မောပြီးချွေးထွက်နေသလိုပဲ)။
..........သူငယ်ချင်းတွေနဲ့အတူ ကွင်းဆင်းခဲ့ရတာတွေကတော့ တွေးကြည့်တိုင်းပျော်စရာတွေပါပဲ။ တစ်နှစ်တခါ ကွင်းဆင်းလေ့လာရတိုင်း၊ ဘယ်တောသွားသွား၊ ဘယ်တောင်တက်တက် ရေဘူးယူပျင်းသောကျွန်မကို သူတို့အပင်ပန်းခံယူလာရတဲ့ရေ တိုက်နေကျ၊ နမူနာကျောက်များ၊ ထမင်းဘူးများကိုထည့်သော ကျောပိုးအိတ်ကို လေးလို့ မလွယ်ချင်ရင်.... လွယ်ပေးပါလို့ပြောတိုင်း၊ ဘယ်တော့မှ မငြင်းတက်ပဲ မငြီးမငြူ ယူပေးတက်ကြသော သူငယ်ချင်းများ၊ ဆရာရှာခိုင်းတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းများကို ပျင်းရင် မရှာဘဲ အရိပ်ကောင်းကောင်း သစ်ပင်အောက်မှာမှောက်အိပ်တက်တဲ့ သူတို့သူငယ်ချင်း ငပျင်းကျွန်မကို၊ သူတို့အမောခံရှာလာတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းများအား 'နင်ကြိုက်တာယူ'ဆိုပြီး ပေးတက်တဲ့သူငယ်ချင်းများ၊ အဖွဲ့လိုက်ထမင်း၊ ဟင်းချက်ကြတဲ့အခါတိုင်း သူတို့ပဲချက်ကြပြုတ်ကြပြီး "အလကားနေရင်း လက်အပူလောင်လိမ့်မယ်၊ နင်ကြက်သွန်ဖြူ၊ ကြက်သွန်နီပဲသင်"ဆိုတဲ့သူငယ်ချင်းများ၊ ထမင်းစားချိန် ဟင်းထည့်ပေးတဲ့နေရာရောက်ပြန်တော့လည်း နင်ကအစားပုပ်တယ်၊ ဘယ်သူ့မှမပြောနဲ့နော် ဆိုပြီး ဟင်းပိုပေးတက်တဲ့ သူငယ်ချင်းများ၊....အစရှိသဖြင့်ပေါ့နော်...အစစ အရာရာကောင်းခဲ့ကြသောသူငယ်ချင်းများကို၊ ကံဆိုးစွာပဲ ဖုန်းနံပတ်ပြောင်းသွားသောကြောင့်၊ သူတို့နဲ့ဝေးနေပေမယ့် (သို့) သူတို့ကျောင်းပြီးသွားကြပေမယ့်၊ သူတို့ကို ခုထိမမေ့ဘူးဆိုတာကတော့ ကျွန်မ မလွန်ပါဘူးနော်။ ဟုတ်တယ်မလားဟင်.....
..........ခုဆို သူတို့ကိုသတိရလို့လေ ကျွန်မ ဆံပင်ရှည်လည်း ထားနေပါပြီ။ ဆိုင်မဆိုင်တော့ မသိဘူး။ ။ 


ကြည်မျိုးခိုင် ( မကွေး )

Posted by KyiMyoKhaing on January 8, 2010 at 3:31pm





ကမ္ဘာသစ် စာစုများကို facebook တွင် မိတ်ဆွေ သူငယ်ချင်းများအား မျှဝေလိုပါလျှင် အောက်တွင် ပါရှိသော facebook like icon အား Click နှိပ်၍ အလွယ်တကူ Share လုပ်နိုင်ပါသည်။  

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>