❖ ဗုဒ္ဓဘာသာ နှင့် လူမှုဆက်ဆံရေး (၁)
လူ့ဘောင်ပတ်ဝန်းကျင်တွင် အချင်းချင်းအပြန်အလှန်ဆက်ဆံကြရာ၌ နားလည်မှု၊ ယုံကြည်မှု၊
စရိုက်တူမှု တို့ဖြင့် ပေါင်းသင်းကြသည်။ သို့သော်တူညီမှသာ ပေါင်းသင်းဆက်ဆံနိုင်မည်ဆိုလျှင်
စစ်မှန်သော လူမှုဆက်ဆံရေးမဖြစ်နိုင်ပါ။ လူအမျိုးအမျိုးစိတ်အထွေထွေဆိုသည့်အတိုင်း တစ်ယောက်နှင့်
တစ်ယောက် သည်မတူညီနိုင်ပါ။ မတူနိုင်သော စရိုက်၊ စိတ်ဓါတ်၊ပတ်ဝန်းကျင်ကို တူညီသမျှ တူညီအောင် ညှိနိုင်မှသာ လျှင် ကောင်းမွန်သော လူမူဆက်ဆံရေးဖြစ်နိုင်ပေမည်။
ဗုဒ္ဓဘာသာတွင် ဗုဒ္ဓမြတ်စွာသည် လူမှုဆက်ဆံရေးနယ်ပယ်တွင် အဆင်ပြေနိုင်စေရန် (၃၈) ဖြာ မင်္ဂလာ
တရားကိုဟောကြားခဲ့သည်။ ကြီးသူကို ရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကို သနား ဟု အစဉ်အလာ
ရှိခဲ့ပါသည်။ ကြီးသူကိုရိုသေခြင်းတွင် ရာထူးဂုဏ်သိန်အသက်ကြီးသောသူကို ရိုသေရမည်ဆို ခြင်းထက် မိမိတို့၏ စိတ်အတွင်းသာ ယဉ်ကျေးမှုကို ရိုသေပြရခြင်းပင်ဖြစ်သည်။ ရွယ်တူ၊ ငယ်သူများတွင်လည်း ထို့အတူပင် ပုဂ္ဂိုလ်ပိုင်းကို လေးစား၊ သနားရခြင်းထက် မိမိတို့၏ စိတ်ဓါတ်ယဉ်ကျေး မှုကို ဂရုစိုက်ရခြင်း
ဖြစ်သည်။ ထို့ကြောင့် အပြင်ပိုင်းတွင် လူအချင်းချင်းမှု၍ ဆက်ဆံရခြင်းထက် မိမိတို့၏ စိတ်ဓါတ်
ယဉ်ကျေးမှုကို မှုတည်၍ ဆက်ဆံရခြင်းက ပို၍ကောင်းမွန်ပါသည်။
မိမိတို့ထက် အသက်ဂုဏ်ဝါကြီးသာရှေ့တွင် ခေါင်းငုံ၍ ကိုယ်ကို ကိုင်းညွတ်ကာသွားခြင်းသည် ထိုကြီးသူကို ရိုသေခြင်းလား..မိမိ၏ စိတ်ယဉ်ကျေးမှုကို ရိုသေခြင်းလား ဟုစဉ်စားရပေမည်။
လူမှုဆက်ဆံရေးကောင်း မွန်မှုကို မိမိတို့ ဗုဒ္ဓဘာသာတွင် ကိုယ်ဟန်အမူအရာ၊ နှုတ်ပြောဆိုမှု
ကောင်းခြင်းဖြင့် မပြည့်စုံသေးပါ။ အဆင်ပြေညီညွတ်စွာ ပြောဆိုလှုပ်ရှားခြင်းနှင့်သာဆိုလျှင် ဟန်ဆောင်မှု သက်သက်သာ ဖြစ်နိုင်ပါသည်။ လူတစ်ဦး တစ်ယောက်ကို အပြင်ပန်းတွင် အကောင်းဆုံးပေါင်းသင်း
ဆက်ဆံပြီး အတွင်းပန်းတွင် မကြည်ဖြူမနှစ်သက် လျှင် မှန်သော ကောင်းသော ဆက်ဆံရေးမဖြစ်နိုင်ပါ။
မိမိတို့ ဗုဒ္ဒဘာသာတွင် ကိုယ်၊နှုတ်၊စိတ် သုံးပါးညီညွတ်သော လူမှုဆက်ဆံရေးကိုသာ
ဗုဒ္ဓမြတ်စွာဟောကြားခဲ့ပါသည်။
လူမိုက်နှင့်မပေါင်းနဲ့၊ ပညာရှိလူလိမ္မာနှင့်ပေါင်းသင်ပါ ဟု မင်္ဂလာသုတ္တန်တွင် ပါ၏။ ထိုပေါင်းသင်း
ဆက်ဆံရေးကို ဗုဒ္ဓမြတ်စွာသည် အပေါ်ယံပိုင်းတွင်သာမက အတွင်းပိုင်းကို ထွင်းဖောက်၍မြင်ကာ
ပေါင်းသင်းဆက် ဆံစေခဲ့ပါသည်။ လူမိုက် နှင့် လူလိမ္မာကို မိမိတို့သည် လူမိုက်လက္ခဏာ လူလိမ္မာ
လက္ခဏာတို့ဖြင့် အမှန်ဆုံးခွဲခြားနိုင်မည် မဟုတ်ပါ။
မိမိတွင် နဂိုစိတ်ထားမကောင်းပါက မသမာသူလူမိုက်တို့ပင် ပညာရှိ လူလိမ္မာဟု အထင်မှားနိုင်သည်။ မိမိ၏ အတ္တကိုသာ ပဓါနထား၍ မိမိပြုသမျှ၊ ပြောသမျှ၊ ထင်သမျှ မှန်သည် ဟုထင်တတ်သည်။ ထို့ကြောင့် လူမိုက် လူလိမ္မာ ခွဲခြားရာတွင် မိမိတို့၏ ပင်ကိုယ်စိတ်ထားကောင်းမှသာ ခွဲခြင်းနိုင်မည် ဖြစ်သည်။
ရုပ်လက္ခဏာ အသွင်အပြင်နှင့် ရုပ်ပိုင်းကိုသာ ဂရုစိုက်လျှင် ပုဂ္ဂိုလ်ပိုင်းကိုသာ ပေါင်းသင်းနိုင်မည်ဖြစ်သည်။ မိမိတို့သည် ပညာရှိလူလိမ္မာနှင့်ပေါင်းသင်းနေရရုံဖြင့် မိမိပါ အလိုအလျောက် ပညာရှိလူလိမ္မာမဖြစ်နိုင်ပါ။
ရုပ်ပိုင်း ကိုယ်ပိုင်းအရ ပညာရှိနှင့် ပေါင်းသင်းရခြင်းထက် စိတ်ပိုင်းတွင်ပါ လိမ္မာတတ်သိမှုရှိမှသာ ပညာရှိ
လူလိမ္မာနှင့် ပေါင်းသင်းခြင်းဖြစ်သည်။
ထို့ကြောင့် ဗုဒ္ဒဘာသာတွင် မိမိမှ သူတစ်ပါးကို ဆက်ဆံရေးတွင် ကိုယ်၊နှုတ်၊စိတ် သုံးပါး
ညီညွတ်ကောင်းမွန် မှသာ လူမှုဆက်ဆံရေးကောင်းဖြစ်သလို သူတစ်ပါးနှင့် မိမိ ဆက်ဆံရေးတွင်လည်း
ပုဂ္ဂိုလ်ပိုင်း၊ အလုပ်ပိုင်း၊ စိတ်ဓါတ်ပိုင်းသုံးပါးလုံးပေါင်းသင်းဆက်ဆံနိုင်မှ
လူမှုဆက်ဆံရေးကောင်းဖြစ်နိုင်သည်။
လူမှုဆက်ဆံရေးတွင် အပြောအဆို ကောင်းမွန်မှုတစ်ခုကလည်း ဆက်ဆံရေးကောင်းကို ဖြစ်စေသည်။
လူမှုဆက်ဆံရေး အပြောအဆိုပိုင်းတွင် -
၁။ မမှန်ကန်၍ သူတစ်ပါးကြိုက်သောစကား
၂။မမှန်ကန်၍ သူတစ်ပါးမကြိုက်သောစကား
၃။မှားယွင်း၍ သူတစ်ပါးကြိုက်သောစကား
၎။မှားယွင်း၍ သူတစ်ပါးမကြိုက်သောစကား
၅။မှန်ကန်၍ သူတစ်ပါးကြိုက်သောစကား
၆။မှန်ကန်၍ သူတစ်ပါးမကြိုက်သောစကား .. ဟူ၍
စကား(၆) ခွန်းကို မြတ်စွာဘုရားဟောကြားခဲ့ပါသည်။ သို့သော် စကားခြောက်ခွန်း လူ၌ထွန်းလည်း
နှစ်ခွန်းကို သာ မြတ်စွာဘုရား ပြောကြား တော် မူ ပါသည် ။ ပြောဆို ဆက်ဆံမှု အဆင်ပြေစေရန်
စကားပြောနည်းကို မြတ်စွာဘုရားဟောကြားတော်မူခဲ့ပါသည်။ မမှန်ကန်၍ သူတစ်ပါးကြိုက်သော
စကားကို ပြောလျှင် မုသား စကား ဖြစ်၍ ကောင်းမွန်သော ပြောဆိုဆက်ဆံမှု မဟုတ် နိုင်တော့ပါ။
ကျန်သော မမှန်ကန်၍ သူတစ်ပါး မကြိုက်သောစကား၊ မှားယွင်း၍ သူတစ်ပါးကြိုက်သောစကား၊
မှားယွင်း၍ သူတစ်ပါး မကြိုက်သော စကားတို့ သည် မိမိနှင့် သူတစ်ပါးတို့ကို ထိခိုက်နစ်နာစေသော
စကားများဖြစ်ပါသည်။
မှန်ကန်၍ သူတစ်ပါးမကြိုက်သော စကားကို ပြောဆိုရာတွင်လည်း အချိန်ကာလ ၊ဒေသကိုကြည့်၍
ပြောဆို တတ်ရပါမည်။ မှန်ကန်သော်လည်း သူတစ်ပါးမကြိုက်သော စကားကို ပြောဆိုလျှင်ေ
စတနာမည်မျှပင် ကောင်းပါစေ၊ အကျိုးမဖြစ် အပြစ်သာဖြစ်နိုင်ပါသည်။
ထို့ကြောင့် မှန်သော ကောင်းသော စကားပြောရာတွင်လည်း အချိန်၊ကာလ၊ ပုဂ္ဂိုလ်ကို ခွဲခြား၍
နားလည်သင့်သော အသိဥာဏ်ကသာ အရေးကြီးပါသည်။မြတ်စွာဘုရားသည် သားတော်ရာဟုလာကို
ဆုံးမ သွန်သင်ရာတွင် မပြောခင်မှာ စဉ်းစား၍ပြောရမည်။ ပြောစဉ်မှာ စဉ်းစား၍ပြောရမည်။
ပြောပြီးတွင်လည်း စဉ်းစားရမည် ဟုဆုံးမခဲ့သည်။ မပြောစဉ်းစား၊ ပြောစဉ်းစား၊ ပြောပြီးစကား
ပြန်စဉ်းစား ဟုဆုံးမထားခဲ့သည်။
ကောင်းသော ပတ်ဝန်းကျင်၊ ကောင်းသောစကားတို့ကို ပြောဆိုဆောင်ရွက်နိုင်ဖို့မှာ မိမိတို့၏
စိတ်ရင်းကောင်းမွန်မှုနှင့် အသိဥာဏ်ကသာ အခြေခံသည်။
ဤကမ္ဘာလောကသည် ပြန့်ပြူးညီညာသော မြေပြင်အတိတည်ရှိနေခြင်းမဟုတ်။ တောင်စဉ်၊ တောင်တန်း၊ ကုန်းမြင့်၊ ချိုင့်ဝှမ်း၊ ချောက်ကမ်းပါး၊မြစ်၊ချောင်းတို့ဖြင့် မတူသော အသွင်အပြင်ဖြင့်ရှိနေသည်။
သို့သော် အသုံးမ၀င်၊ ကြည်၍မလှ၊အသုံးမကျသော နေရာရှုခင်းဟူ၍မရှိပါ။ သူနေရာနှင့်သူ လှပအောင်
အလှစဉ်ကြသည်သာဖြစ်သည်။
ထို့အတူပင် လူဘောင်လောကသည် လူအမျိုးမျိုးတို့တွင် စိတ်နေစိတ်ထား၊ ကိုယ်ရည်ကိုယ်သွေး၊ အယူအဆ၊အတွေးအမြင်၊ အစွမ်းအစ၊ ရုပ်ရည်သွင်ပြင်တို့သည် မတူညီကြပါ။လူကောင်းနှင့် လူဆိုး၊
အမှားနှင့် အမှန်၊ အလှနှင့် မလှပမှု၊ တော်မှုနှင့် ညံ့မှု မတူညီသော အရာရှိနေမှုသည်ပင်လျှင် လောက
ဖြစ်သည်။ လူဆိုးရှိနေ၍ လူကောင်းကို သိရှိနိုင်သည်။အမှား ရှိနေ၍ အမှန်ကို သိရှိနိုင်သည်။
အဆိုးအပြစ်တို့ သည် အကောင်းအမှန်ဖြစ်ဖို့ ရပ်တည်နေကြသည်။ ထို့ကြောင့် အများနှင့် မိမိဆက်ဆံရေးတွင် သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ။ သင်ဆိုးလျှင် ကျွန်ုပ်ဆိုးရမည် ဆိုသေားအယူကို ပယ်ဖျက်သင့်သည်။
ပူးပေါင်းဆောင်ရွက်မှု
မတူညီသော စိတ်သဘောထားအမြင်တို့ကို တူညီနိုင်သမျှ တူညီအောင် ညှိ၍ တူညီသော ရည်ရွယ်ချက် ပန်းတိုင်နှင့် တူညီသော လုပ်ငန်းစဉ်တို့ကို ပူးပေါင်းလုပ်ဆောင်ကြခြင်းကို ပူးပေါင်းဆောင်ရွက်မှု ဟု
ခေါ်ကြသည်။ မတူညီသော စိတ်အခြေအနေနှင့် ကွဲပြားသော သဘောတရားတို့ကို တူညီနိုင်သော
အားလုံးက လက်ခံနိုင်သော တူညီကိန်းကို ရှာရာတွင် အမှန်တရားကို လိုလား မြတ်နိုးမှုနှင့်
အမှန်တရားကို ရလိုမှုပေါ်တွင် အခြေခံရမည်ဖြစ်သည်။ထိုသို့မဟုတ် အများ၏လိုလား လက်ခံမှု၊ အများ၏ နှစ်သက်မှု အရှိဆုံး အပေါ်သာယူ၍ အမှန်တရားကို မျက်နှာလွဲလိုက်လျှင် ထိုပူးပေါင်း ဆောင်ရွက်မှုသည် လွဲမှားသော ပန်းတိုင်သို့သာ ဦးတည်လိမ့်မည်။
ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းမှန်သမျှ၌ မညီမျှခြင်းတွေထဲမှာ ညီမျှခြင်းတစ်ခုကို ပထမဆုံးရှာရမည်။ ထိုညီမျှခြင်းသည် စည်းလုံးညီညွတ်မှုကို ဦးတည်မည်။စည်းလုံးညီညွတ်မှုမှတဆင့် မတူညီသည်တို့ကို
အဖျားအနားသတ်၍ တူညီသည်တို့ကိုပေါင်းစုကာ အမှန်တရားကို အုတ်မြစ်အဖြစ်ထားကာ တတ်ညီ
လက်ညီ ပူးပေါင်းဆောင်ရွက်ရမည်။ ထိုပူပေါင်း ဆောင်ရွက်မှုသည် မှန်ကန်သော ပန်းတိုင်သို့ မလွဲမသွေ ဦးတည်လိမ့်မည်ဖြစ်သည်။
ပထမအဆင့်ဖြစ်သည့် တူညီကိန်းရှာနိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်သူတို့သည် အပြည့်အဝ
သည်းခံနိုင်မှု၊ မိမိအတ္တကို ချိုးနှိမ်မှု၊ မာန်မာနမထားမှု၊ ကိုယ်ကျိုး ကိုယ့်သဘောထားကို ရှေ့တန်းမတင်မှု၊
အများ၏ဆန္ဒကို ထည့်သွင်းစဉ်းစားမှု၊ ရိုးသားပွင့်လင်းမှု၊ စသည့်သဘောထားများ ရှိသင့်သည်။
မိမိအတ္တကို မချိုးနှိမ်ဘဲ တစ်ယူသန် တစ်ဆောက်ကန်း သဘောထားမျိုးပြုမူ ဆောင်ရွက် ပြောဆိုမှုမျိုးသည် တူညီမှုကို ရလိမ့်မည်မဟုတ်။
Posted by khaingsukyi
No comments:
Post a Comment