တစ်လှမ်းလှမ်းလျှင်
ပန်းပွင့်ပွင့်သလို ၀င့်ဝင့်ပါဝါ
မကြာမနှေး မဖြည်းမညင်း
လေကိုခွင်းမည်..။
တစ်ခါရယ်လျှင်
လွင်လွင်မြမြ လှလှထယ်ထယ်
မကျယ်မတိုး မြတ်နိုးငြိစွဲ
ဆည်းလည်းလေးတွေ ဝေးမြေအနှံ့
ပေးဝေဖြန့်မည်..။
တစ်ခါပြောလျှင်
အမောပြေသေး ရေမွှေးဖျန်းလျက်
ပန်းခက်တစ်ရာ လှမ်းပက်လာသလို
ရင်မှာမြေ့ချမ်း အလွမ်းပြေပျောက်
ပန်းကြွေကောက်သလို သူ့နောက်လိုက်နေ
သောကပြေမည်..။
တစ်ခါကြည့်လျှင်
ရင်ထိထိုးဖောက် ဒိုးယိုပေါက်ခဲ့
မိုးသောက်မျက်လုံး အလက်ဆုံးမှာ
ရှက်ပြုံးလည်းပါ အကြင်နာလွှမ်း
ရင်မှာချမ်းမြ စမ်းကျသောရေ
အေးစိမ့်နေမည်..။
ရုပ်မြင်သံကြား ခံစားစေ့ငု
ချစ်သူ့ရှေ့မှာ အနေကြာတော့
ကိုယ်ရေးဖွဲ့သီ ဒိုင်ယာရီမှာ
ရာဇ၀င်သစ် အကြောင်းသစ်နှင့်
ချစ်သူအကြောင်းတွေချည်းကွယ်…။
မောင်မောက် ( ဥက္ကလာ )
No comments:
Post a Comment