2 3 4 5 6 7 8 9 10

Tuesday, December 6, 2016

ပုလဲဆိပ်ကမ်း

  ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်။
တနင်္ဂနွေနေ့ နံနက်ခင်း။
အမေရိကန်ကြည်းတပ်မတော်နှင့် ရေတပ်မတော်သားများအတွက် လခထုတ်ပြီးသည့်နောက် ပထမဆုံးသော တနင်္ဂနွေနေ့ ဖြစ်သည်။ ပြီးခဲ့သည့် တစ်ညလုံး ပုလဲဆိပ်ကမ်း၌ ကပွဲခန်းမများနှင့် ဘားခန်းများတွင် လူတွေနှင့် မဆံ့အောင် ဖြစ်ခဲ့သည်။
ရေတပ်မှ သင်္ဘောအုပ်စုကြီးသည် တမြန်နေ့ကမှ ဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့သည်။ ဒီဇင်ဘာလ ၆ ရက်နေ့ ဆိုလျှင် ဟာဝိုင်အီကျွန်းတွင် သင်္ဘောများနှင့် ပြည့်နှက်နေခဲ့သည်။ ကျွန်းပေါ်တွင်လည်း ပျော်ပွဲစား ထွက်လာ ကြသည့်နှယ် စစ်သားများနှင့်အပြည့် ဖြစ်နေသည်။
နံနက် ၀၃း၄၅ နာရီတွင် ပိုကာဝိုင်းကစားနေသူအချို့နှင့် မိမိတို့ရိပ်သာအသီးသီးဆီသို့ ပြန်သွားနေကြ သူများလောက်သာ ရှိနေသည်။
မြူနှင်းများဆိုင်းနေသည့် ပင်လယ်ပြင်ကို မျက်နှာမူကာ တောင်စောင်းတွင် တည်ဆောက်ထားသည့် တဲငယ် တစ်လုံးတွင်းမှ နာရီနှိုးစက်သံက အဆက်မပြတ် မြည်နေသည်။ စက်/လက် တပ်ကြပ် ( တတိယအဆင့် ) ဂျိုးလော့ကဒ်နှင့် တပ်သားအဲလွိုက်တို့ ကွေးနေကြရာမှ ငြီးတွာကာ ထလာကြသည်။ ကိုယ်လက် သန့်စင် ကြပြီးနောက် တာဝန်ကျရာနေရာသို့ အေးမြသော နံနက်ခင်းလေကို ရှူရှိုက်ရင်း လျှောက်လာကြသည်။


        သူတို့တဲအနီးတွင် သတ္တုချောင်းများဖြင့် ပြုလုပ်ထားသည့် ပြတင်းများ တပ်ဆင်ထားသော လေးမြှောင့် ပုံသဏ္ဌာန် ကြီးမားသော ယဉ်နောက်တွဲတစ်ခု ရှိသည်။ ထိုနောက်တွဲတွင် ရေဒါစက်ကိရိယာကို တပ်ဆင် ထားသည်။ ခေါင်မိုးပေါ်တွင် တာပေါ်လင်စဖြင့် ဖုံးအုပ်ထားသော သဏ္ဌာန်အားဖြင့် အုပ်ဆောင်းပုံ ခပ်ဆင်ဆင် ရှိသည့် အတော်အတန်ကြီးမားသော ရေဒီယိုလှိုင်းများ လွှင့် - ဖမ်းသည့် ကောင်းကင်ကြိုးခွက် တစ်ခုရှိသည်။ Radar Aerial ရေဒါကောင်းကင်ကြိုး ဟုလည်း ခေါ်သည်။ သူတို့နှစ်ယောက်သည် ဖုံးအုပ် ထားသော တာပေါ်လင်စကို ဖယ်လိုက်သည်။ မကြာသေးမီက အင်္ဂလန်မှ ရောက်လာသည့်  စမ်းသပ်အဆင့် ရေဒါကိရိယာ သုံးခုအနက်မှ တစ်ခုဖြစ်သည်။ ရေဒါကိရိယာ တီထွင်ပေါ်ပေါက် ခဲ့သည်မှာ မကြာသေးသည့်အလျှောက် လူသိနည်းသေးသည့် အပြင် စိတ်ဝင်စားမှုလည်း သိပ်မရှိခဲ့ကြချေ။ အရပ်သားဘ၀ တွင် အပျော်တမ်းရေဒီယို တည်ဆောက်သူဖြစ်သည့် ဂျိုးလော့ကဒ်အတွက်မူ ထို ရေဒါကိရိယာတွင် လေ့လာစရာတွေ အများကြီး ရှိနေသည်။ သို့သော် သူ့လို စိတ်ဝင်စားမည့်သူမျိုးကတော့ ရှားသည်။


ထိုရေဒါစက်များမှာ ဇူလိုင်လအတွင်းက ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ နိုဝင်ဘာလ ၁၀ ရက်နေ့မှ ဒီဇင်ဘာလ ၃ ရက် နေ့ အထိ ရန်သူ၏ လှုပ်ရှားမှုသတင်း ရရှိတိုင်း အဆက်မပြတ် ဖွင့်လှစ်အသုံးပြုခဲ့သည်။ သို့သော် စက်ကိုင်တွယ်သူများ၏ ကျွမ်းကျင်မှု မရှိခြင်းကြောင့် ကက်သုတ်ရောင်ချည် ထုတ်လုပ်သည့် ဖန်ပြွန်များ လောင်ကျွမ်းကုန်ခဲ့သည်။ ယခု လက်ကျန် ဖန်ပြွန် သုံးခုသာ ကျန်တော့သည်။ ထို့ကြောင့် ရေဒါအား နံနက် ၀၄း၀၀ နာရီမှ ၀၇း၀၀ နာရီအထိသာ ဖွင့်၍ အသုံးပြု သွားရန် ဌာနချုပ်မှ ကန့်သတ်ထားသည်။ ထိုအချိန်မှာ နံနက်မိုးမလင်းမီ တစ်နာရီအလိုနှင့် နံနက်မိုးလင်းပြီးနောက် တစ်နာရီ ကာလအတွင်း ဖြစ်သည်။
သူတို့ တာဝန်ကျရာ စခန်းမှာ ချောင်အကျဆုံးနေရာတွင် ရှိသည်။ ယခုလို အစွန်အဖျားကျသည့် နေရာမျိုးတွင် လာရောက်တာဝန်ယူရခြင်းမှာ အတော်ပင် ငြီးငွေ့ဖွယ်ကောင်းလှသည်။ အထူးသဖြင့် အများတကာက ဟိုတယ်များ၊ ကပွဲ ခန်းမများနှင့် မိမိတို့ရိပ်သာများတွင် အစွမ်းကုန် အပျော်ကြူးနေကြချိန်တွင် သူတို့ဒီလိုနေရာ မျိုးတွင် တာဝန်ကျနေရခြင်း အတွက် စိတ်ထဲမှ ပို၍ မသက်မသာ ဖြစ်နေရသည်။
သူတို့နှစ်ယောက်သည် ဓာတ်အားပေးစက်ကို နှိုးပြီးနောက် ရေဒါစက်ခလုတ်ကို ဖွင့်လိုက်သည်။ လော့ကဒ် သည် ရေဒါဖန်သားပြင် ( Radar Scope ) ပေါ်သို့ စိုက်ကြည့်နေသည်။ စက်ဖွင့်ခါစဖြစ်ရာ အပူရှိန်မရသေးသဖြင့် ဖန်သားပြင်တွင် လျှပ်စစ်လှိုင်းတို့မှာ တုန်ခါနေသည်။ ထို့နောက် လော့ကဒ်သည် ဖန်သားပြင်တွင် ပေါ်လာသည့် တည်မြဲအမှတ်အသားများ ( မြေပြင်ရှိ တောင်ကုန်းတောင်တန်းတို့ ဖြစ်သည် ) ကို လိုက်လံမှတ်သားနေသည်။ လာမည့်အပတ်တွင် ပြုလုပ်မည့် စက်ကြံ့ခိုင်ရေးနေ့တွင် တင်ပြရန် ဖြစ်သည်။ မကြာခဏဆိုသလို အဲလွိုက် က ရေဒါဖန်သားပြင်တွင် ကြီးမားသော အစက်အပြောက်များ တွေ့မတွေ့ကို မေးသည်။ လော့ကဒ်က သူ့ကို ပြန်မဖြေအား။
“အစက်အပြောက်..ဘာအစက်အပြောက်တွေကို ပြောနေတာလဲ.”
[ ရေဒါစက်မှ ဖမ်းယူရရှိချက်အရ ဖန်သားပြင်တွင် ပေါ်လာသည့် အစက်အပြောက်များ ( Blips ) ဖြစ်သည်။ စစ်သုံး ဝေါဟာရ အရ ပစ်မှတ် ( Target ) ဖြစ်သည်။ ]
အဲလွိုက်၏ အမေးကို သူ စဉ်းစား၍မရ။ ယခုလို တနင်္ဂနွေနေ့မျိုးမှာ ဘယ်က လေယာဉ်ပျံတွေ ပျံတက်ဖို့ ရှိမှာတဲ့လဲ။ ဘာအစက်အပြောက်မှ တွေ့နိုင်စရာအကြောင်း ရှိမည်မဟုတ်။ သူ့စိတ်ထဲတွင် သည်အတိုင်း ထင်မိခဲ့သည်။
နေမင်း၏ ရောင်ခြည်ဦးသည် ကျရောက်နေသော နှင်းထုကို ဖောက်ထွင်းကာ ငြိမ်းချမ်းသော နံနက်ခင်းဝယ် ပန်းရနံ့တို့ဖြင့် သင်းပျံ့နေသည့် ဟာဝိုင်ယီကျွန်းစုပေါ်သို့ ထွန်းတောက်စ ပြုနေပြီ ဖြစ်သည်။
၀၆း၄၅ နာရီအချိန်။ လော့ကဒ်သည် ဖန်သားပြင်၏ ညာဘက်ထောင့်စွန် တစ်နေရာတွင် အလွန်မှေးမှိန်သော အစက်တစ်ခုကို ရုတ်တရက်တွေ့လိုက်ရသည်။ တိုင်းထွာကြည့်ရာ ဦးတည်လမ်းကြောင်းမှာ ၃၃၀ ဒီဂရီဖြစ်ကြောင်း တွေ့ရသည်။
၀၆း၅၀ နာရီအချိန်။ အဆိုပါစက်သည် ကွေ့ကောက်ကာ သွားနေပုံရသည်။ ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေသည်။ မြောက်ဘက်သို့ ဦးတည်ထွက်သွားသည်။ တစ်ချိန်တွင် ထင်ရှားစွာ အကြာကြီးပေါ်နေပြန်သည်။
အဲလွိုက်သည် စက်ခန်းအပြင်ရှိ ဓာတ်အားပေးစက်တွင် အလုပ်ရှုပ်နေသည်။ လော့ကဒ်သည် အဲလွိုက်ကို အသိမပေးတော့ဘဲ ကြီးကြပ်ရေးဌာနကို သာမန်ဆက်သွယ်ရေး တယ်လီဖုန်းလိုင်းမှ ခေါ်သည်။ ငါးမိနစ်ခန့် စောင့်နေပြီး နောက် တာဝန်ကျအရာရှိနှင့် တွေ့သည်။ တာဝန်ကျအရာရှိမှာ လော့ကဒ်၏ သတင်းပို့ချက်ကို အရေးတယူမပြုဘဲ ကိုယ့်အလုပ်ကိုယ်သာ ကိုယ်ဆက်လုပ်ရန် ပြတ်ပြတ်ပြောပြီးဖုန်းကိုချလိုက်သည်။
လော့ကဒ်မှာ တာဝန်ဝတ္တရားကို လေးစားသူတစ်ယောက် ဖြစ်သည်။ အဆိုပါပစ်မှတ်အား တွေ့ရှိချိန်နှင့် ဦးတည်လမ်းကြောင်းတို့ကို မှတ်တမ်းတက်ထားလိုက်သည်။
၀၆း၅၈ နာရီအချိန်။ အဆိုပါအစက်သည် မှေးမှိန်စွာပေါ်နေရာမှ လုံးဝပျောက်ကွယ်သွားခဲ့သည်။
၀၇း၀၀ နာရီအချိန်။ သတ်မှတ်ထားသည့် အချိန် ကုန်ဆုံးပြီ ဖြစ်သဖြင့် လော့ကဒ်သည် ရေဒါစက်ကို ပိတ်လိုက်ပြီး နောက်တွဲတံခါးကိုပါ သော့ပိတ်လိုက်သည်။ သူတို့နှစ်ယောက် နံနက်စာအမီ ရိပ်သာသို့ ပြန်ပို့ပေးမည့် ကားအလာကို ရပ်ကာ စောင့်နေကြသည်။ ထိုအချိန်တွင် အတွင်းက ဖုန်းသံမြည်လာသည်။ သူတို့ကို လာကြိုမည့်ကားမှာ ၇း၃၀ အချိန်မှ ရောက်နိုင်မည် ဖြစ်ကြောင်း အကြောင်းကြားခြင်း ဖြစ်သည်။
လော့ကဒ် စိတ်တိုလာသည်။ ဘာမှလုပ်စရာမရှိသဖြင့် ရေဒါစက်ခန်းကို ပြန်သွားကာ ခလုတ်ကို ဖွင့်လိုက်သည်။ အဲလွိုက်က လိုက်မလာတော့။ ထောင့်တစ်ခုတွင်ကပ်ကာ ဖိနပ်များကို အပြောင်တိုက်နေတော့သည်။
၀၇း၀၂ နာရီအချိန်။
“ဟေ့ .. ဂျော့၊ ဒီကို အမြန်လာကြည့်စမ်း”
အဲလွိုက် အပြေးရောက်သွားသည်။ အလွန်ထူးခြားသည့် ဖြစ်ရပ်ပင်။ ရေဒါစက်တွင် သူတို့ တာဝန်ထမ်းဆောင် ခဲ့သည့် သုံးလတာအတွင်း ယခုကဲ့သို့ ထင်ရှားသော အစက်အပြောက်မျိုး တစ်ကြိမ်တစ်ခါမျှ မဖမ်းမိခဲ့ကြသေးချေ။ ဖန်သား ပြင်တွင် ထင်ရှားလွန်းသဖြင့် အစိမ်းရောင်ပင် တောက်နေသည်။ တောင်ဘက်သို့ ဦးတည်ကာ လျင်မြန်စွာ ရွေ့လျားနေသည့် ပစ်မှတ်များ ဖြစ်သည်။ ဟာဝိုင်ယီကျွမ်းသို့ ဦးတည်လာနေပြီ။
“တွက်ကြည့်စမ်း”
အဲလွိုက်က ထောင့်မှန်ဇယားကွက်များ ချထားသည့် ရောင်ပြန်စက္ကူကို မြေပုံပေါ်တွင် ကပ်လိုက်သည်။ သူတို့ ရေဒါစခန်း တည်ရှိရာ အလယ်ဗဟိုတည့်တည့်တွင် ပင်အပ်ကို စိုက်လိုက်သည်။ တွေ့ရှိချက်များကို လိုက်လံမှတ်သားရန် အသင့် ရှိနေပေပြီ။
“အချိန် ၀၇း၀၂ နာရီ။ ဦးတည်လမ်းကြောင်း ၁၃၀ ဒီဂရီ၊ အဲဒါ ငါ သူတို့ကို စတွေ့တုန်းက ရှိနေတဲ့ ဦးတည် လမ်းကြောင်းပဲ”
ပင်လယ်ပြင်တွင် စစ်ရေးလေ့ကျင့်နေသည့် လေယာဉ်တင်သင်္ဘောတစ်စင်းမှ လေယာဉ်များ ဖြစ်မည်ဟု အဲလွိုက် က ထင်မိသည်။ တနင်္ဂနွေအားရက်တွင် မိသားစုများနှင့်တွေ့ဆုံရန်အတွက် ကမ်းခြေသို့ ပျံသန်း လာကြသည့် ရေတပ်မှ အရာရှိများ ဖြစ်နိုင်သည်။ သို့သော် အများအားဖြင့် သူတို့လာတတ်သည့် လမ်းကြောင်းမှာ ကျွန်း၏ တောင်ဘက်မှ ဖြစ်သည်။
“မှတ်လိုက်ဦး၊ ၀၇း၀၄ နာရီ၊ ၁၃၂ ဒီဂရီ”
အဲလွိုက်သည် အထူးပြုလုပ်ထားသည့် စလိုက်ရူးလ်ခေါ် မျဉ်းတန်းပေါ်တွင် အမြန်ထွက်ကြည့်လိုက်သည် ။ လေယာဉ်များသည် တစ်နာရီမိုင် ၂၅၀ နှုန်းဖြင့် သွားနေကြောင်း တွေ့ရသည်။ လော့ကဒ်က ဖန်သားပြင်ပေါ် တွင် ရွေ့လျားနေသော ထင်ရှားသည့် အစက်များကို စိုက်ကြည့်ရင်း စိတ်ထဲတွင် ဝေခွဲမရ ဖြစ်နေသည်။ ဒီတစ်ခါ ထပ်သတင်း ပို့ရင် သူ့ကို ပြန်လည် ကောလွှတ်ဦးမှာလား ဟူ၍ ဖြစ်သည်။ ထို့နောက် သူသည် အရေးပေါ် ကိစ္စ ရပ်များတွင် အသုံးပြုရန် သတ်မှတ်ထားသော ရှက်ဖိတာ စခန်းနှင့် တိုက်ရိုက်ဆက်သွယ်ထားသည့် အထူး ဆက်သွယ်ရေး တယ်လီဖုန်းကို ကောက်ကိုင်လိုက်သည်။ လက်လှည့်ခလုတ်ကို မိနစ်အနည်းငယ်ခန့် လှည့်လိုက် ပြီးနောက် တစ်ဖက်မှ ဖုန်းကို ကိုင်လိုက်သည်။ လော့ကဒ်က ထိုအသံကို မှတ်မိနေသည်။
“ ဟဲလို.. မက်ဒေါနယ် မဟုတ်လား”
“အေ..ဟုတ်တယ်”
“အိုပိုနာစခန်းကလေ..ဗဟိုကြီးကြပ်ရေးဌာနက တစ်ယောက်လောက်ကို ခေါ်ပေးစမ်းပါ.. ငါ အရေးတကြီး သတင်းပို့စရာ ရှိတယ်”
“ဒီမှာ ဘယ်သူမှ မရှိတော့ဘူး၊ ၇ နာရီမှာ ပိတ်တယ်လေ၊ မင်းမသိဘူးလား”
“အေးပါ.. ငါသိပါတယ်၊ ဒီမှာ မက်ဒေါနယ်.. နားထောင်စမ်းပါ၊ အရာရှိတစ်ယောက်ယောက်ကို ရှာပေးစမ်းပါ၊ ဘယ်သူ ဖြစ်ဖြစ်ရပါတယ်”
သုံးမိနစ်ကြာသွားသည်။ ထိုအချိန်တွင် အစက်များမှာ ကြီးမားသည်ထက် ကြီးမားလာပြီး စခန်းနှင့် နီးကပ်လာ သည် နှင့်အမျှ တစ်ခုစီ ခွဲထွက်သွားကြသည်ကို တွေ့နေရသည်။ နောက် တယ်လီဖုန်းထဲမှ အသံပြတ်ဖြင့် စကားပြောသံ ထွက်လာသည်။
“ဗိုလ်တိုင်လာပါ၊ တာဝန်ကျအရာရှိပါ”
“ကျွန်တော် လော့ကဒ်ပါ ဗိုလ်ကြီးခင်ဗျာ၊ အိုပိုနာရေဒါစခန်းကပါ.. ဟာဝိုင်ယီကျွန်းစုဆီကို ဦးတည် ပျံသန်းလာ နေတဲ့ လေယာဉ်အုပ်စုဖွဲ့တစ်ခုကို ရေဒါက ထောက်လှမ်းတွေ့ရှိထားပါတယ်။ အချိန် ၀၇း၀၀ နာရီ၊ အကွာအဝေး ၁၃၆ မိုင်၊ မိမိစခန်းမှ ဦးတည်ရပ် ၀ မှ ၁၀ ဒီဂရီအတွင်းမှာ ရှိနေပါတယ်”
“ဟမ်”
တာဝန်ကျအရာရှိ စိတ်ရှုပ်ထွေးသွားဟန်ရှိသည်။
“အိုကေ၊ ခင်ဗျား သတင်းပို့ချက်ကို ရတယ်..စိတ်မပူပါနဲ့ အိုကေသွားမှာပါ”
အရာရှိက ဖုန်းကို ချပစ်လိုက်သည်။
၀၇း၂၈ နာရီအချိန်။ စခန်းနှင့် နီးကပ်လာသည်နှင့်အမျှ ထင်ရှားစွာ ပေါ်နေသော အစက်များသည် ဖန်သားပြင်တွင် တည်မြဲပေါ်နေသည့် အမှတ်အသားများကြားတွင် ပျောက်ကွယ်သွားတော့သည်။ လေယာဉ်အုပ်ဖွဲ့သည် စခန်းမှ အကွာ အဝေး ၂၂ မိုင်တွင် ရောက်ရှိနေပြီ ဖြစ်သည်။
၀၇း၃၀ နာရီအချိန်။ လော့ကဒ်နှင့် အဲလွိုက်တို့သည် ၎င်းတို့ကို လာခေါ်သည့်ကား ရောက်လာသဖြင့် လိုက်ပါ သွားသည်။ သို့သော် သူတို့နှစ်ယောက်သည် ယနေ့အဖို့ နံနက်စာနှင့် ဝေးရတော့မည့် ကံကြမ္မာကိုတော့ မသိကြသေးချေ။
၀၇း၅၇ နာရီအချိန်။ ရေတပ်အခြေစိုက်စခန်းကို လှမ်းမြင်နေရသည်။ ဟစ်ခမ်လေယာဉ်ကွင်းရှိ လေကြောင်းထိန်း မျှော်စင်၏ ၀ရန်တာတွင် ဗိုလ်မှူးကြီး ဘတ်ဟော့ဖ်သည် မှန်ပြောင်း တစ်လက်ကို ကိုင်ကာ ရပ်နေသည်။ သူသည် ဆန်ဖရန် စစ္စကိုမြို့မှ ယနေ့နံနက်တွင် ရောက်လာကြမည့် လေကြောင်း ခံတပ်များဟု အမည်တွင်သည့် ဘီ ၁၇ ဗုံးကြဲလေယာဉ် အုပ် ကို လာရောက်စောင့်ကြိုနေခြင်း ဖြစ်သည်။ လေယာဉ်စုစုပေါင်းမှာ ၁၆ စင်းဖြစ်သည်။ ထိုစဉ် ဗိုလ်မှူးကြီးမှာ ရပ်နေရာမှ ထခုန်လိုက်သည်။ သူ၏ မှန်ပြောင်းတွင် ကျွန်းဆီသို့ ဦးတည်ပျံသန်းလာနေသည့် ရှည်လျားသော လေယာဉ်တန်းကြီးကို မြင်ရသောကြောင့် ဖြစ်သည်။ အားလုံး စုစုပေါင်းအရေအတွက် ၅၀ ခန့် ရှိပြီး စက်တစ်လုံးတပ် လေယာဉ်များ ဖြစ်သည်။
ဗိုလ်မှူးကြီးသည် လေကြောင်းထိန်းတာဝန်ခံဘက်သို့ လှည့်လိုက်ပြီး ရေတပ်ကလေယာဉ်တွေ ဖြစ်နိုင်မလားဟု မေးလိုက်သည်။ လေကြောင်းထိန်း တာဝန်ခံသူသည် ထိုင်နေရာမှ လှည့်၍ပင်မကြည့်ဘဲ ယခုလို တနင်္ဂနွေနေ့ နံနက်ခင်းလို အချိန်မျိုးတွင် လုံးဝမဖြစ်နိုင်ကြောင်း ပြန်ဖြေလိုက်သည်။
အချိန်အနည်းငယ်ခန့် အကြာတွင် အဆိုပါအုပ်ဖွဲ့ ပျံသန်းလာသော လေယာဉ်အုပ်စုကြီးမှ လေယာဉ်များသည် တစ်စင်းပြီး တစ်စင်း ခွဲထွက်လိုက်ကြပြီး ပုလဲဆိပ်ကမ်းဆီသို့ ဦးတည်ကာ ထိုးဆင်းလိုက်ကြသည်။ ထို့နောက် တစ်စင်းနှင့် တစ်စင်း နီးကပ်စွာ ဆိုက်ကပ်ထားသဖြင့် အတင်းပြွတ်ညပ်နေသော သင်္ဘောများ အကြားမှ ရေပန်းများ ဖွားခနဲ လက်ခနဲ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရတော့သည်။ ထိုလေယာဉ်များမှာ ဂျပန်တို့၏ လေယာဉ်များပင် ဖြစ်သည်။
***
၀၆း၀၀ နာရီအချိန်။ ပုလဲဆိပ်ကမ်းကို တိုက်ခိုက်ရန် တာဝန်ပေးအပ်ခြင်း ခံရသော ပထမလေကြောင်းအုပ်စုကြီး၏ တပ်မှူးဖြစ်သူ ရေကြောင်း ဒုတိယဗိုလ်ချုပ်ကြီး စီနာဂူမိုသည် လေယာဉ်တင်သင်္ဘော အကာဂီပေါ်ရှိ အလံတိုင်တွင် “ဇက်” အလံကို ကိုယ်တိုင်စိုက်ထူလိုက်သည်။ ထိုအလံမှာ ၁၉၀၅ ခုနှစ်က ( ရုရှ - ဂျပန်စစ်ပွဲတွင် ) ရေကြောင်းဗိုလ်ချုပ်ကြီး တိုဂို ကိုယ်တိုင် ဇူရှီးမား ( ရေလက်ကြား ) တိုက်ပွဲတွင် စိုက်ထူခဲ့သည့် အောင်ပွဲရအလံ ဖြစ်သည်။ ရွှေချထားသော ကျောက်ကာ သေတ္တာပေါ်တွင် စိုက်ထူလာခဲ့ခြင်း ဖြစ်သည်။
“ဇက် တိုက်ခိုက်ရေး”
ပေးအပ်လိုက်သောတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန်အတွက် နာဂူမို၏ ကွပ်ကဲမှုအောက်တွင် ဖျက်သင်္ဘော ကိုးစင်း၊ အကြီးစား ခရူဇာ သင်္ဘောကြီးနှစ်စင်းနှင့် တိုက်သင်္ဘောနှစ်စင်းတို့ ခြံရံထားသည့် လေယာဉ်တင် သင်္ဘော ခြောက်စင်း ပါရှိသည်။ လေကြောင်းအုပ်စု၏ အကြီးတန်းလေကြောင်းလမ်းပြ အရာရှိသည် လမ်းတစ်လျှောက် တွင် ရာသီဥတုဆိုးရွားသဖြင့် မိမိရောက်ရှိရာအရပ်ကို ခန့်မှန်းရန် အလွန်ခက်ခဲသည့် ကြားမှ ကြယ်များ၏ တည်နေရာကို တိုင်းထွား၍ တွက်ယူသောနည်းဖြင့် မိမိတို့သတ်မှတ်ထားသည့် ဆုံရပ်သို့ အချိန်ကိုက်ရောက်အောင် လမ်းပြနိုင်ခဲ့သည်။
ပထမအသုတ်တွင် ဗုံးကြဲလေယာဉ် ၉၀ နှင့် ထိုးစိုက်ဗုံးကြဲလေယာဉ် ၅၀ ပါဝင်ပြီး ဇီးရိုးတိုက်လေယာဉ် ၅၀ က လိုက်ပါစောင့်ရှောက်သည်။ ဗုံးကြဲလေယာဉ် ၉၀ အနက်မှ လေယာဉ် ၄၀ တွင် အောက်စီဂျင်ဓာတ်ငွေ့ဖြင့် မောင်းနှင်သော အထူးတော်ပီတိုများ တပ်ဆင်ထားသည်။ ကျန်လေယာဉ် ၅၀ တွင် ပေါင် ၁၀၀၀ ဗုံးများ တပ်ဆင်ထားသည်။ ထိုအုပ်စု၏ အဓိက ရည်မှန်းချက်မှာ အမေရိကန် ရေတပ်အုပ်စုကြီးကို တိုက်ခိုက်နှစ်မြှုပ်ပစ်ရန် ဖြစ်သည်။

ဒုတိယအသုတ်တွင် ဗုံးကြဲလေယာဉ် ၅၀၊ ထိုးစိုက် ဗုံးကြဲလေယာဉ် ၈၀ နှင့် ဇီးရိုးတိုက်လေယာဉ် ၅၀ ပါဝင်သည်။ အဓိကရည်မှန်းချက်မှာ ကျွန်းပေါ်ရှိ လေယာဉ်ကွင်းများကို ဖျက်ဆီးရန် ဖြစ်သည်။
၀၇း၅၆ နာရီတွင် အမေရိကန်ပြည်ထောင်စုနှင့် ဂျပန်တို့၏ စစ်ပွဲမှာ စတင်ခဲ့လေပြီ။


 Video
***
ဝှီးလားလေတပ်စခန်းရှိ အရာရှိများ ရိပ်သာတွင် ဖြစ်သည်။ ပိုကာဖဲကစားနေသော ဖဲဝိုင်းမျာ ပြီးခါစရှိသေးသည်။ ဒီဇင်ဘာလ ၆ ရက်၊ စနေနေ့ညနေက ရိပ်သာတွင် ကပွဲနှင့် ညစာစားပွဲ ပြုလုပ်ခဲ့သည်။ ဧည့်သည်များ ပြန်သွားကြပြီးနောက် နံနက် ၀၁း၀၀ နာရီတွင် ပိုကာဝိုင်းကို စတင် ကစားခဲ့ခြင်းဖြစ်သည်။ ရေတပ်မှ အရာရှိ သုံးယောက်နှင့် လေတပ်မှ အရာရှိ နှစ်ယောက်တို့ ဖြစ်သည်။ နံနက် ၀၆း၀၀ နာရီထိ ကစားနေကြဆဲပင်။ သို့သော် နာရီဝက်ခန့်အကြာတွင်မူ လေတပ်မှ အရာရှိ နှစ်ဦးမှာ ပါသမျှ ငွေစများ တက်တက်ပြောင်ခဲ့ရာ ဖဲဝိုင်းမှ ထွက်ခဲ့ကြပြီး လေကောင်းလေသန့် ရှူရှိုက်ရန်အတွက် ရိပ်သာ အပြင်သို့ လမ်းလျှောက်လာခဲ့ကြသည်။
ယခုကဲ့သို့ အားလပ်ရက်ဖြစ်သည့် တနင်္ဂနွေနေ့ နံနက်လင်းစအချိန်တွင် ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။ ထို့အပြင် အဆိုပါ အရာရှိနှစ်ဦးဖြစ်သည့် ဗိုလ်ဝဲလ်ခ်ျနှင့် ဗိုလ်တိုင်လာတို့မှာ ညကသောက်ထားသည့် အရက်နှင့် ဆေးလိပ်များ၏ အရှိန်ကြောင့် ခေါင်းထဲတွင် မကြည်မလင် ခံစားနေခဲ့ကြရသည်။ သို့ဖြစ်ရာ စိတ်ရောကိုယ်ပါ လန်းဆန်း သွားစေရန်အတွက် လေယာဉ်ကွင်းနံဘေးရှိ ပင်လယ်ကမ်းခြေသို့ ပြန်ကာ ရေကူးပြီး အနားယူကြရန် ဆုံးဖြတ်လိုက် ကြသည်။
ကားရပ်သည့်နေရာတွင် ၎င်းတို့၏ ကားတစ်စီးသာ ကျန်ရှိနေသည်။ သူတို့၏ အရှေ့တွင် ၀ှီးလား လေတပ်စခန်း၏ လေယာဉ်ကွင်း ရှိသည်။ လေယာဉ်ပြေးလမ်းများပေါ်တွင် ထိပ်ချင်းတိုက်၊ တောင်ပံချင်းထိကာ တန်းစီပြီး ရပ်ထားသည့် အသစ်ကျပ်ချွတ် P 40 အမျိုးအစား တိုက်လေယာဉ်များ ရှိနေသည်။ ထိုကဲ့သို့ လေယာဉ်များအား စုဝေးကာ တန်းစီရပ်ထား ခြင်းမျာ ဂျပန်သူလျှိုများ၏ ထိုးဖောက်တိုက်ခိုက်မည့် ရန်မှ ကာကွယ်ရန် ဖြစ်သည်။ လေယာဉ်များ၏ အရှေ့တွင် အစောင့် တာဝန်ကျ စစ်သားနှစ်ယောက်မှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေကြသည်။
တိုင်လာသည် သူ၏ လိမ္မော်ရင့်ရောင်သုတ်ထားသော တစ်ပတ်ရစ် ဖိုဒ့်ကား၏ တံခါးကို ပိတ်လိုက်ချိန်တွင် လေယာဉ်အုပ်ဖွဲ့တစ်ဖွဲ့သည် လေယာဉ်ရုံးများရှိရာသို့ တဟုတ်ထိုးဆင်းချလိုက်ပြီး ပါလာသော ဗုံးများကို ကြဲချလိုက်သည်။

 ဗုံးပေါက်ကွဲသံများမှာ နားကွဲမတက်ပင် ဖြစ်သည်။ ရုတ်တရက် ဖြစ်သည့်အတွက် သူတို့နှစ်ယောက်မှာ ကားထဲတွင် ကြက်သေသေကာ မလှုပ်မယှက် ထိုင်နေမိသည်။ သို့သော် သူတို့အနီး တက္ကရာလမ်းမပေါ်သို့ ကျည်ဆန်များ တစ်ပေါက်ပေါက် ကျလာသောအခါတွင် ပြန်သတိဝင်ကာ ချက်ချင်းလှုပ်ရှားကြတော့သည်။ အပေါ်ကို မော့ကြည့်လိုက်ရာ လေယာဉ်တစ်စီး၏ ဘဲဥပုံတောင်ပုံအောက်တွင် ဂျပန်တို့၏ နေတံဆိပ်အမှတ်အသားကို တွေ့လိုက်ရသည်။ လေယာဉ်မှာ ဘီးများ အသေချထားသည့် တောင်ပုံတစ်ထပ်တည်း ရှိသည့် အမျိုးအစားဖြစ်သည်။
“အလို ဘုရားရေ.. ဂျပန်တွေပါလား.. ဒါ ထိုးစိုက် ဗုံးကြဲလေယာဉ်တွေပဲ”
ဝဲလ်ခ်ျ သည် ကားကို အရာရှိရိပ်သာ၏ ဆင်ဝင်အောက်သို့ နောက်ဆုတ်ကာ ရပ်လိုက်သည်။ ကားပေါ်မှ ခုန်ထွက်ကာ ခန်းမဆောင်ထဲရှိ တယ်လီဖုန်းရှိရာသို့ ပြေးသွားသည်။ ကျည်ဆန်များသည် ရိပ်သာ၏ ခေါင်မိုးပေါ်သို့ တဖွဲဖွဲ ကျနေသည်။ အုတ်ကြွပ်အမိုးများမှာ ကျည်ဆန်များ ဒဏ်ကြောင့် ဖွာကြဲလန်ကုန်သည်။ ၀ဲ့လ်ခ်ျ သည် သူ၏ တပ်ဖွဲ့ဆီသို့ ဖုန်းခေါ်လိုက်သည်။
“ P 40 လေယာဉ်နှစ်စင်း အသင့်လုပ်ထားပေးပါ၊ ကျွန်တော်နဲ့တိုင်လာရဲ့  လေယာဉ်တွေပါ.. နောက် လက်နက် တွေပါ ကျည်ဖြည့်ထားပေးပါ.. ဒါ နောက်နေတာ မဟုတ်ဘူးနော်... ဒီမှာ ဂျပန်တွေ ရောက်ကုန်ပြီ.. အခုချက်ချင်း ဆက်လုပ်တော့”

သူ ဖုန်းကို ချလိုက်သည်။ ရိပ်သာရှိ ၀န်ထမ်းများမှာ ကြောက်လန့်တကြားဖြင့် ထိုင်ခုံများအောက်တွင် တိုးဝှေ့ ပုန်းအောင်နေကြသည်။ သူတို့ကြားမှ ဖြတ်ကျော်ကာ ကားဆီသို့ သူပြန်ခဲ့သည်။ နောက်ဆုံးတွင် ကြမ်းပြင်ဝယ် ပြားပြား ကပ်လျက် အလျားမှောက်နေသော အမှုထမ်းတစ်ဦးကို ခလုတ်တိုက်မိပြီး ကားထဲသို့ ခုန်ပြန်ကာ ၀င်လိုက်သည်။
ကားကို လီဗာမြှင့်ကာ ဆောင့်ထွက်လိုက်သည်။ သူ၏ ကားကို ယခုကဲ့သို့ ထင်ရှားသည့် အရောင်မျိုး သုတ်ထား မိခဲ့သည့်အတွက် စိတ်ထဲမျ မိမိကိုယ်ကို ကျိန်ဆဲနေမိသည်။ လမ်းမကြီးတစ်လျှောက်မှာ လူသူကင်းမဲ့နေသည်။ ၎င်းတို့ကား မှာ တစ်နာရီ မိုင် ၈၀ ထက်မလျော့။ လမ်းတွင်ရပ်ထားသော ကားအချို့ကို တွေ့ရသည်။ လူတွေကတော့ လမ်းဘေးရှိ ရေမြောင်းထဲတွင် ပြားပြားဝပ်ကုန်ကြပြီး တပ်ရဲများ စီးနင်းသည့် မော်တော်ဆိုင်ကယ်သုံးစီးမှာ လမ်းဘေးရှိ တယ်လီဖုန်း တိုင်တွင် စုပြုံထောင်ထားသည်ကို တွေ့ရသည်။
၉ မိုင်ကွာဝေးသည့် ခရီးကို ၁၀ မိနစ်ခန့်သာ မောင်းလိုက်ရသည်။ လမ်းခရီးတွင် ၎င်းတို့ကားကို ဂျပန်လေယာဉ် များက သုံးကြိမ်တိုင် လိုက်လံပစ်ခတ်သည်။ သို့သော် မထိမှန်ခဲ့ချေ။ လေယာဉ်ကွင်းသို့ ရောက်ပြီးနောက် ကားကို ကွင်းစပ် ရှိ မြက်ခင်းတွင် ရပ်ထားသည်။ ထို့နောက် ၎င်းတို့လေယာဉ်များ ရှိရာသို့ အပြေးသွားကြသည်။ စက်-လက် ရဲဘော်များက လေယာဉ်မောင်းခန်းမှ ဆင်းပေးလိုက်သည်။ ရဲဘော်တစ်ယောက်က ၎င်းတို့နှစ်ဦးအတွက် လေထီးများ လေယာဉ်မောင်း ဦးထုပ်များနှင့် လက်အိတ်စသည်တို့ကို မနိုင့်တနိုင်ဖြင့် သယ်လာပေးသည်။ လေယာဉ်များမှာ စက်နှိုးပြီးသား ဖြစ်နေပြီ။
မိနစ် ၂၀ ခန့်အကြတွင် P 40 လေယာဉ်နှစ်စင်းသည် တောင်ပံထိပ်ချင်းကပ်လျက် လေထဲသို့ ပြိုင်တူ တက်သွား သည်။ ထို့နောက် ပင်လယ်ပြင်မှ ရွေ့လျားလာနေသော မိုးတိမ်များအတွင်းသို့ ၀င်ရောက်ပျောက်ကွယ်သွားတော့သည်။
ဟာလေ၀ါလေယာဉ်ကွင်းမှာ ကျွန်း၏ မြောက်ဘက်စွန်တွင်ရှိသည်။ နံဘေးတွင် တောင်ကုန်းများ ကာရံလျက် ရှိပြီး ပင်လယ်ပြင်မှ တက်လာသော မိုးတိမ်များက ဖုံးအုပ်လျက် ရှိနေသဖြင့် ဂျပန်တို့၏ တိုက်ခိုက်ခြင်းမှ ကင်းဝေး နေခဲ့သည်။ ဂျပန်လေယာဉ်များသည် တောင်ဘက်ရှိ ပုလဲဆိပ်ကမ်းနှင့် ဟစ်ခမ်လေဆိပ်တို့ကိုသာ သဲကြီးမဲကြီး တိုက်ခိုက် နေကြသည်။ ဟာလေ၀ါ လေယာဉ်ကွင်းသည် စက်သေနတ်ပစ် လေ့ကျင့်သည့် လေယာဉ်ကွင်းငယ် တစ်ခုသာ ဖြစ်ကြောင်း ဂျပန်တို့ သတင်းရရှိထားသည်။ အမှတ် ၄၇ အုပ်သည် ပီ ၃၆ လေယာဉ် လေးစင်း၊ ပီ ၄၀ လေယာဉ် ၁၄ စင်းတို့နှင့်အတူ မကြာသေးမီကမှ အဆိုပါစခန်းသို့ လာရောက် ရပ်စွဲထားရှိခဲ့သည်ကို ဂျပန်တို့ သိရှိခဲ့ဟန် မတူချေ။
ထိုနေ့က စုစုပေါင်း လေယာဉ်ခုနစ်စင်း လေထဲသို့ ပျံတက်ကာ ဂျပန်လေယာဉ်များအား ခုခံကာကွယ်ခဲ့သည်။ မည်သူမျှ အမိန့်ပေး၍ မဟုတ်။ ၀ဲလ်ခ်ျနှင့် တိုင်လာတို့ကဲ့သို့ မိမိတို့၏ တာဝန်ဟူသော အသိတရားဖြင့် ပျံတက်ကာ တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။ သူတို့သည် ဂျပန်လေယာဉ် ၁၂ စင်းကို ပစ်ချနိုင်ခဲ့သည်။ ၀ဲလ်ခ်ျကိုယ်တိုင် ဂျပန်လေယာဉ် လေးစင်းကို ပစ်ချခဲ့သည်။ သူတို့သည် ဂျပန်တို့၏ ထိုးစက်ဗုံးကြဲလေယာဉ်များနှင့် တွေ့သည့်အခါများတွင် ယှဉ်ပြိုင်ကာ အနိုင်ကြဲနိုင်ခဲ့ကြသော်လည်း ဇီးရိုး တိုက်လေယာဉ်များနှင့် တွေ့ကြရာတွင် ယှဉ်ပြိုင်ရန် မလွယ်ကြောင်း တွေ့ရှိရသည်။ ဇီးရိုးလေယာဉ်မှာ P 40 လေယာဉ်ထက် စွမ်းပကားတွင် သာလွန်သည်။ သို့ဖြင့် လေတပ်မှ ဗိုလ်အဆင့်ရှိသူများ ဖြစ်ကြ သည့် ခရစ်တီယန်ဆင် ၀ှိုက်မင်း၊ ဘစ်ရှော့ပ်၊ ဂေါ်ဒွန်စတာလင်၊ ဒိန်းစ်နှင့် နောက်ဆုံး ၀ဲ့လ်ခ်ျ၏ သူငယ်ချင်း တိုင်လာတို့မှာ ဇီးရိုးတိုက်လေယာဉ်များ၏ ပစ်ချခြင်း ခံရကာ အသက်ဆုံးရှုံးခဲ့ကြရသည်။

ဝဲ့လ်ခ်ျသည် ဇီးရိုးတိုက်လေယာဉ်များ၏ ဘေးရန်မှ လွတ်မြောက်ခဲ့သည့် နောက်ဝယ် အမိန့်တစ်စုံတစ်ရာ မရရှိဘဲ ယခုကဲ့သို့ လေယာဉ်အား မောင်းနှင်ကာ တိုက်ပွဲဝင်ခဲ့မှုအတွက် စစ်ခုံရုံးသို့တင်၍ တရားစွဲဆိုတော့မည့် ဘေးရန်မှ သီသီလေး လွတ်မြောက်ခဲ့ရသည်။ ပုလဲဆိပ်ကမ်းရှိ လေကြောင်းဆိုင်ရာ တပ်ဖွဲ့မှူးက သူ၏ အမိန့်မရရှိဘဲ လေထဲသို့ ပျံတက်ကာ တိုက်ပွဲဝင်ခဲ့မှုအတွက် စစ်ခုံရုံးသို့တင်၍ စစ်ဆေးရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ၀ဲ့လ်ခ်ျသည် နောက် ရက်သတ္တနှစ်ပတ်ခန့် အကြာတွင် DSC ခေါ် အမှုထမ်းကောင်း ဘွဲ့တံဆိပ်ကို ချီးမြှင့်ခြင်း ခံခဲ့ရသည်။ သူသည် လေထဲသို့ သုံးကြိမ်ထက် မနည်းပျံတက်ခဲ့ပြီး ဂျပန်လေယာဉ်များအား တိုက်ခိုက်ခဲ့သည်။ နောက်ဆုံးအကြိမ်တွင် လေယာဉ်ရှိ စက်သေနတ် လေးလက်အနက် နှစ်လက်သာ ပစ်၍ရတော့သည်။ သူ၏ လေယာဉ်မှာ ရန်သူ့ကျည်များ ထိမှန်ခဲ့ရာ ဆက်၍ မနေနိုင်တော့သဖြင့် အချိန်မီ လေယာဉ်မှ ခုန်ထွက်နိုင်ခဲ့သဖြင့် အသက်မသေခဲ့ခြင်း ဖြစ်သည်။
ဒီဇင်ဘာလ ၇ ရက်နေ့ ၁၀း၁၅ နာရီအချိန်တွင် တိုက်ပွဲမှာ အဆုံးသတ်ခဲ့သည်။ ပုလဲဆိပ်ကမ်းရှိ စစ်သင်္ဘောကြီး ရှစ်စင်းမှာ ငါးစင်း နစ်မြှုပ်ခဲ့ပြီး သုံးစင်းမှာ သုံးမရအောင် ပျက်စီးသွားသည်။ ကနီတိုး ရေတပ်ဆိုင်ရာ လေတပ်စခန်းတွင် ကက်တလီနာ လေယာဉ်ပျံကြီး ၃၆ စင်းအနက် ၂၇ စင်း ပျက်စီးဆုံးရှုံးခဲ့သည်။ အီဝါရေတပ်ဆိုင်ရာ လေတပ်စခန်းတွင် တိုက်လေယာဉ် ၉  စင်း၊ ကင်းထောက်လေယာဉ် ၁၈ စင်းနှင့် DC 3 သယ်ယူပို့ဆောင်ရေး လေယာဉ် ၆ စင်း တို့ ဖျက်ဆီးခြင်း ခံလိုက်ရသည်။ ဇီးရိုးတိုက်လေယာဉ် ၁၅ စင်းက စက်သေနတ်ဖြင့် လာရောက်ပစ်ခတ်သွားခြင်း ဖြစ်သည်။ ပစ်ခတ်ချိန်မှာ လေးမိနစ်သာ ကြာသည်။
ကြည်းတပ်ဆိုင်ာ လေတပ်ဖွဲ့ ( ထိုစဉ်က လေတပ်ဟူ၍ သီးခြားတပ်ဖွဲ့ မရှိသေးပါ ) တွင် ၀၇း၀၀ နာရီအချိန်၌ လေယာဉ် စုစုပေါင်း ၂၂၁ စင်းရှိသည်။ ထိုမှ သုံးနာရီအကြာတွင် ဗုံးကြဲလေယာဉ်များဖြစ်သည့် ဘီ ၁၇ လေယာဉ် ၈ စင်း၊ ဘီ ၁၈ လေယာဉ် ၂၂ စင်းနှင့် အေ ၂၀ လေယာဉ် ခုနစ်စင်းတို့ ဆုံးရှုံးခဲ့ပြီး တိုက်လေယာဉ်မှန်သမျှ အားလုံးနီးပါး ပျက်စီး ဆုံးရှုံးခဲ့ခြင်းပင် ဖြစ်သည်။
ဂျပန်တို့သည် ပထမအသုတ်တွင် လေယာဉ်ကိုးစင်း ဆုံးရှုံးခဲ့ပြီး ဒုတိယအသုတ်တွင် ၂၁ စင်း ဆုံးရှုံးခဲ့သည်။ စုစုပေါင်း လေယာဉ် အစင်း ၃၀ ဆုံးရှုံးခဲ့သည်။ အမေရိကန်တို့ကမူ ပစိဖိတ်သမုဒ္ဒရာရှိ ရေတပ်နှင့်ကြည်းတပ်ဆိုင်ရာ လေတပ်ဖွဲရှိ စုစုပေါင်းအင်အား ၇၅ ရာခိုင်နှုန်း ဆုံးရှုံးခဲ့ရသည်။
ပုလဲဆိပ်ကမ်းမှ သင်ခန်းစာဟု ဆိုရပါမည်။
ကံမြင့် ( ရေဒါ )



[ စာကြွင်းအားဖြင့် -  အမေရိကန်တပ်တွင် ထားရှိအသုံးပြုသော ရေဒါကိရိယာသည် စတင်ပေါ်ကာစဖြစ်၍ ရေဒါ အချက် အလက်ကို စိတ်ဝင်တစား အလေးအနက်ထားမှု မရှိခြင်း၊ တပ်သားတစ်ဦးမှ သတိနှင့်ပြည့်စုံစွာ သတင်းပေးပို့သော်လည်း တာဝန်ကျအရာရှိ၏ ပေါ့လျော့မှုကြောင့် အသက်ပေါင်းများစွာနှင့် စစ်လက်နက် လေယာဉ် သင်္ဘောများစွာ ပေးဆပ် စတေးလိုက်ရ သော ပုလဲဆိပ်ကမ်း အလစ်အငိုက်ဖမ်းကာ တိုက်ခိုက်ခံခဲ့ရသည် သမိုင်းဝင် တိုက်ပွဲကြီး တစ်ပွဲ ပေါ်ပေါက်ခဲ့ကာ ထိုသို့ ဂျပန်တို့၏ ကျုးကျော်တိုက်ပွဲ ကြောင့်ပင် အမေရိကန်သည် ဒုတိယကမ္ဘာ စစ်အတွင်းသို့ ၀င်ရောက်ခဲ့ရလေသည်။ ]



Video

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>