ယနေ့အခါ ပညာရေး ပြုပြင်ပြောင်းလဲမှုများ အကြောင်းကို ကျယ်ကျယ်လောင်လောင် ပြောနေသည်များကို ကြားရသည့်အခါ ကျွန်တော်သည် ငယ်စဉ်က ကျွန်တော်တို့၏ ဆရာတစ်ဦးကို သွားသတိရမိသည်။ ကျွန်တော်တို့ငယ်စဉ်က မူလတန်းတွင်ရော၊ အလယ်တန်းတွင်ပါ ကျွန်တော်တို့အား သမိုင်းဘာသာရပ်ကို သင်ပြပေးသူမှာ ဆရာဦးဖိုးရွှင်ဟူသော ဆရာဖြစ်သည်။ ဆရာဦးဖိုးရွှင် သည် ကျွန်တော် တတိယတန်းတုန်းက မူလတန်းဆရာ ဖြစ်သည်။ ကျွန်တော် စတုတ္ထတန်းရောက်သွားသောအခါ သူက အလယ် တန်း ဆရာဖြစ်သွားသည်။ ထို့ကြောင့် စတုတ္ထတန်းတွင် သူနှင့် မသင်ရတော့။ သို့ရာတွင် ပဉ္စမတန်းသို့ ရောက်သောအခါ ဆရာနှင့် ပြန်တွေ့ရသည်။ ဆရာဦးဖိုးရွှင်သည် ဆရာများတွင် အသက်အကြီးဆုံး ဆရာလည်း ဖြစ်သည်။ သူသည် ယခင်က မြေ တိုင်းဌာနတွင် မြေတိုင်းအင်စပက်တော်အဖြစ် လုပ်ခဲ့သည်။
ထိုဌာနမှ ပင်စင်ယူလာပြီး နောက်တွင်မှ ကျောင်းဆရာလုပ်သူ ဖြစ် သည်။ ဆရာက သမိုင်းကို သင်ရာတွင် ပုံပြောသလို သင်တတ်သည်။ သူက စားပွဲပေါ်တွင် တင်ပလွှဲထိုင်၍ စီကာပတ်ကုံး ပြော သည်ကို ကျောင်းသားများက သူ့ဘေးတွင် ဝန်းရံထိုင်ပြီး နားထောင်ကြရသည်။ ကျွန်တော်တို့ ကျောင်းသားများသည် သူ စိတ်ဆိုး သည့်အခါ နီးရာနှင့် ဆွဲရိုက်၊ ဆွဲပေါက် သည်မျိုးကို ကြောက်ရတာမျိုးမှအပ ဆရာဦးဖိုးရွှင်နှင့် သင်ယူရတာကို ပျော်ရွှင်ကြသည်။ ဆရာ့ကို ကျောင်းသားများ သဘောအကျဆုံးကား စားမေးပွဲ နီးသည့်အခါ သူမှတ်စုထုတ်ပေးပုံတည်း။ ဆရာက သင်ခန်းစာ တစ်ခု လုံးကို စကားပြေဖြင့် ရေး၍ မှတ်စုထုတ်ပေးခြင်းမျိုးကို မလုပ်။ 'မေး' ဟူသော စကားလုံးနောက်တွင် ပုဒ်မ နှစ်ခုချစေ၍ ပုဒ်မနှစ်ခု ဆုံးလျှင် မေးမည့်မေးခွန်းကို ဆက်ရေးပေးသည်။
ဥပမာ - မေး ။ ။ အနော်ရထာမင်း၏ စီးပွားရေး ဆောင်ရွက်ချက်များကို ဖော်ပြပါ။ ဟူသော ပုံစံမျိုး ဖြစ်ပါသည်။ ထို့နောက် အောက် တွင် 'ဖြေ' ဟူသော စကားလုံးနောက် တွင် ပုဒ်မနှစ်ခုချစေကာ ထိုမေးခွန်းအတွက် အဖြေများကို သူနှုတ်က ခေါ်ပေးသည့်အတိုင်း လိုက်ရေးစေသည်။ စာမေးပွဲစစ်သောအခါ လောက်လေတော့သည်။ ယနေ့ ပညာရေးစနစ်အကြောင်းကို တွေးမိသည့်အခါ ကျွန်တော်သည် ဆရာဦးဖိုးရွှင်၏ 'မေး-ဖြေ' ကို ပြန်လည်သတိရမိပြီး ဆရာ့ကိုလည်း အောက်မေ့ လွမ်းဆွတ်မိသလို ဖြစ်ရသည်။ ယနေ့ ပညာရေးစနစ်မှာ ကျွန်တော်တို့ ဆရာလို စားပွဲနံဘေးမှာ ကျောင်းသားတွေ စုရုံးစေပြီး 'နားထောင်ကြ၊ နားထောင်ကြ၊ ဆရာ ပြောပြမယ်' တောင် လုပ်မနေကြတော့ဘဲ 'မေး-ဖြေ' တွေမျှလောက် နှင့်သာပြီးနေတော့သည်ဟု တွေးမိပါသည်။ ယနေ့ ကာလ ကျောင်းသားများသည် မူလတန်းမှသည် အထက်တန်း (၁ဝတန်း) တိုင်အောင် (တက္ကသိုလ်မှာက အခြေခံ ပညာအဆင့် ထက် ပိုဆိုးပုံရ၍ ထည့်မပြောတော့ပါ) ဆရာ၊ ဆရာမ ပေးထားသော မှတ်စုများကို နှုတ်တက်အာဂုံဆောင် ကျက်မှတ် ဖြေဆိုလာ ကြရင်းဖြင့်ပင် ကိစ္စပြီးကြတော့သည်။
၁ဝ တန်းတွင် ခြောက်ဘာသာဂုဏ်ထူးရသူများမှာလည်း အမှတ်ပေးစည်းမျဉ်းနှင့် အညီ ရေးပေးထားသော မှတ်စုများကို ကျက်မှတ် လာရင်းဖြင့်သာ ဂုဏ်ထူးတွေ ရနေကြပေတော့သည်။ ယနေ့ကာလ မှတ်စုများ နှင့် ကျွန်တော်တို့ ဆရာ၊ ဆရာဦး ဖိုးရွှင် မှတ်စုတို့ ကွာခြားသည်မှာ ယနေ့မှတ်စုများတွင် 'မေး။ ။' 'ဖြေ ။ ။' ဟူ၍ ထည့်မရေးထားခြင်း လောက်သာ ဖြစ်ပေလိမ့်မည်။ သို့ရာတွင် ကျွန်တော်တို့ဆရာက သမိုင်းကို ပုံပြောသလို ပြောပြသေး ၏။ ယခုခေတ် ဆရာ၊ ဆရာမများကား (ကျွန်တော် တွေ့ဖူးသလောက် ဆိုရသော်) ပြောပြ သင်ကြားရမည့် ဘာသာရပ်များကို ကျောင်းသားများအား ဘာမျှပြောမနေတော့ဘဲ မှတ်စုရေး၍သာ သင်ကြားပေးနေ ကြလေတော့သည်။ ပညာသင်သည်ဆိုသည်မှာ လက်တွေ့ဘဝ တွင် တွေးတတ်ခေါ်တတ်၊ သင်ယူလာသော ကျွမ်းကျင်မှု ပညာရပ်များကို အသုံးချသွားတတ်ရန် ဖြစ်ပေသည်။ ဘာမျှလည်း တွေးနေစရာမလို၊ ဘာမျှလည်း ကိုယ့်ဘာသာ စူးစမ်းလေ့လာစရာမလို၊ သုတေသနတွေ ဘာတွေလည်းလုပ်မနေရသော ပညာရေးစနစ်ဖြင့် ဘွဲ့ရလာသူတွေ၏ ပညာနှင့်တိုင်းပြည် ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘယ်နေရာတွင် အသုံးချကြမည်နည်း။
ယခု ဤစာရေးနေချိန်တွင် နေပြည်တော်၌ ကျင်းပနေသော အရှေ့အာရှ ကမ္ဘာ့စီးပွားရေး ဖိုရမ်၌ မြန်မာနိုင်ငံ၌ အချမ်းသာ ဆုံး ဖြစ်နေသူတွေ ဘယ်ကဲ့သို့သော စီးပွားရေးမူဝါဒ သဘောတရားတွေ ဆွေးနွေးကြမည်ကို ကျွန်တော် နားစွင့်ကြည့်လိုသည်။ ကျွန်တော့်စိတ် အထင်တော့ စီးပွားရေး ပညာသင်ထားသူတို့ကလည်း စီးပွားရေးအတွေ့အကြုံမရှိ၊ ချမ်းသာနေသူတွေ အများစုက လည်း စီးပွားရေးပညာတွေ တတ်လှ၍ မဟုတ်ဘဲ နိုင်ငံ၏ သယံဇာတတွေ ရောင်းစား၊ ပါမစ်ရောင်းစား၊ အလကား ရသော မြေတွေ ရောင်းစားခြင်းမျိုးတွေဖြင့် သူဌေးဖြစ်နေကြသူတွေသာ ဖြစ်ကြဖွယ် ရှိပေသည်။
ကျွန်တော်တို့နိုင်ငံ ကံဆိုးသည်မှာ ပညာကို တန်ဖိုးမထားတတ်သော ခေါင်းဆောင်များက ရာစုနှစ်ဝက်လောက် နိုင်ငံ့အာဏာကို ရယူသွားနိုင်ကြခြင်းပေတည်း။ ပညာကို တန်ဖိုးထားတတ်ရမှန်း မသိ၍ ပညာရေးကို ဦးစားမပေး နိုင်ခဲ့ကြဘဲ တက္ကသိုလ်တွေသာ များ၊ (များသော်လည်း ခဏခဏ ပိတ်ထားရ၍ စာသင်ချိန် ကျတော့လည်း နည်းပြန်၏။) ဘွဲ့ရတွေသာ များလာပြီး ပညာတတ်တွေ များများစားစား မပေါ်ထွန်းနိုင်ခဲ့ခြင်း ပေတည်း။ ထိုအခါ အစိုးရ အဖွဲ့တွင်လည်း ကျွမ်းကျင်မှုအရည်အချင်း- Competence ရှိသူ ထက် သစ္စာရှိသူ- Loyality က ပို၍ အရေးကြီးသလို ဖြစ်ခဲ့ရလေသည်။ ယနေ့အခါ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို သမ္မတ ဦးသိန်းစိန်အစိုးရက အားသွန်ခွန်စိုက် ဆောင်ရွက်နေသည်များမှာ အားတက်ဖွယ် ဖြစ်ပါ၏။
ပညာရေး ပြုပြင်ပြောင်းလဲမှု မလုပ်နိုင်ဘဲ တကယ့်ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုမျိုးရောက်ဖို့ ခက်မည် ဖြစ်ရာ ပညာရေးကိုလည်း အလေးထား၍ ပြောင်းယူသွားကြရမည် ဖြစ်ပါသည်။ ကျွန်တော်ကလည်း ပညာရေး ပညာရှင်တစ်ဦး မဟုတ်၍ ပညာရေးကို ဘယ်သို့ဘယ်ပုံ ပြုပြင်ပြောင်းလဲပါဟုတော့လည်း အကြံမပေးတတ်ပါ။ သို့ရာတွင် ကလေးတွေကို 'မေး-ဖြေ' အဆင့်မှ 'တွေးစေ'သော အဆင့်မျိုးတော့ ပြောင်းပေးဖို့ လိုမည်မထင်ပါ၏။
ဦးတင်ဦး (ကျူရှင်)
No comments:
Post a Comment