နွေဦး ငှက်ငယ်ကလေးသည် ငါ၏ ပြတင်းပေါက်သို့ လာရောက်နားကာ တေးသီကြ၏။ ပြီးလျှင်လိုရာသို့ ပျံသန်းထွက်ခွာကြတော့၏။
ဆောင်းဦးရွက်ဝါများသည် တေးသီချင်းကား လုံးဝ မသီကြ။
သို့သော် ငါ့ထံပါးသို့ ၀ဲပျံ ကြွေကျလာခဲ့သည်တကား…။
နေမင်းကြီးနှင့် လွဲရသည့်အတွက် အဆွေ မျက်ရည်ကျနေပါက ကြယ်တာရာများနှင့်လည်း အဆွေ လွဲရပေဦးတော့မည်။
“လှုပ်ရှားလူးလွန့်နေသော ငါတို့ သစ်ရွက်များသည် လေပြင်းမုန်တိုင်းအား တုံ့ပြန်အဖြေပေးလျက်ရှိ၏၊ စကားမပြောပဲ တုံဏှိဘာဝေ ဆိတ်ဆိတ်နေသူကား မည်သူနည်း”
“ပန်းပွင့်ကလေး ဖြစ်ပါသည် ခင်ဗျာ”
ငှက်စင်ရော်နှင့် လှိုင်းများကဲ့သို့ပင် မင်းနဲ့ငါ တွေ့ဆုံနီးစပ်ကြသည်။ ငှက်စင်ရော်သည် လိုရာသို့ ပြန်သွား၍ ငွေလှိုင်းများသည်လည်း ဆက်၍လိမ့်သွားသည်။ ထို့အတူ မင်းနှင့်ငါလည်း ခွဲရပြန်ချေပြီ..။
ဥဒေါင်း၏လှပသော အမွေးအတောင်တို့ကို စာကလေးများက ၀န်ထုပ်ဝန်ပိုးဖြစ်ချေသည်တကားဟု ၀မ်းနည်းကြသတတ်..။
“ဟေ့.. ငွေကြယ်လေးတွေရဲ့ အလင်းရောင်ဟာ တစ်နေ့နေ့မှာ မှေးမှိန်ပျောက်ကွယ်သွားမယ်လို့ ပညာရှင်တွေက ပြောကြပါကလား” ပိုးစုန်းကြူးက မေး၏။
သို့သော် ကြယ်ကလေးများက အဖြေမပေးကြပေ။
လမင်းသည် ကောင်းကင်တစ်ခွင်အား ထိန်လင်းစေသည်ကား မှန်၏။ သူကိုယ်တိုင်မှာကား အမည်း စက်များ ရှိနေသည်သာပင်။
ရာဘင်ဒြာနတ်တဂိုး
No comments:
Post a Comment