မွန်မြတ်သန့်စင်
ရိုးသားသော လူငယ်ဘ၀တွင် အမျိုးသားနိုင်ငံရေး လှုပ်ရှားမှု၌သာ ပါဝင်သင့်၍
ပါတီနိုင်ငံရေး လှုပ်ရှားမှုတွင်ကား အရိုးရင့်၍ အရွယ်ရောက်လာသည့်အခါတွင်မှသာ
ဝါသနာပြင်းပြ ခဲ့သော် ပါဝင်လှုပ်ရှား ဆောင်ရွက်သင့်ပေသည်။
နိုင်ငံရေးဟူသည်
…နိုင်ငံရေး (Politics) ဟူသော စကားလုံးသည် နိုင်ငံတစ်ခုလုံး၏ အရေးအရာ ကိစ္စအဖြာဖြာကို ရည်ညွှန်းသောကြောင့် ကျယ်လည်း ကျယ်ပြန့်၍ နက်လည်း နက်နဲပေသည်။ ဂရိဒဿနိကပညာရှင် ပလေတိုးကမူ “လူတိုင်းသည် သဘာဝအားဖြင့် နိုင်ငံရေး သတ္တ၀ါများ ဖြစ်ကြကုန်၏” ဟု ဖွင့်ဆိုခဲ့သည်။ သို့သော် နိုင်ငံရေးဆိုသော ဝေါဟာရကို အဓိပ္ပါယ်ဖော်ရာတွင်မူ ပုဂ္ဂိုလ်တို့၏ ရပ်တည်ချက်အပေါ် မူတည်၍ အကောင်းမြင်ရှိသလို အဆိုးမြင်လည်း ရှိပေသည်။
…မက်ဟင်နရီဟောင်း (Mc.Henry Howe) ကမူ “သင်သည် နိုင်ငံရေးကို အသက်မွေးဝမ်းကျောင်းမှု အဖြစ် ရွေးချယ်ခဲ့ပါက ရိုးသားသူ ဖြစ်ရန် မလွယ်ကူတော့ပေ” ဟု ဆိုခဲ့၏။
သီအိုဒိုရုစဘဲ့ (Theodore Roosevelt) က “အအောင်မြင်ဆုံးသော နိုင်ငံရေးသမားဆိုသည်မှာ အခြားသူများ တွေးတောစဉ်းစား နေသည့် အကြောင်း ရပ်များကို အကျယ်လောင်ဆုံးနှင့် အကြိမ်အများဆုံး ထုတ်ဖော်ပြောဆိုသူ ဖြစ်သည်” ဟု ဆိုခဲ့၏။ ခွသမား စာရေးဆရာကြီး ဘားနတ်ရှော
(Bernard Shaw)ကမူ “ဘာတစ်ခုမှ မသိပါဘဲနှင့် အရာရာတိုင်းကို သိသည်ဟု ထင်မြင်ယူဆနေသူကား နိုင်ငံရေးသမားပင်တည်း” ဟု ရေးသားခဲ့သည်။ အာရ်၊ အယ်၊ စတီဗင်ဆန် (R.L.Stevenson)ကမူ “မည်သည့်ပြင်ဆင်မှုမျိုးမှ မလိုဟု ထင်မြင်ယူဆခြင်းခံရသည့် တစ်ခုတည်းသော အလုပ်အကိုင်မှာ နိုင်ငံရေးသမား အလုပ်ပင် ဖြစ်သည်” ဟု ရေးခဲ့၏။
…၀က်ဘစတား (Webster’s New World Dictionary)၏ ကမ္ဘာသစ်အဘိဓာန်ကမူ “နိုင်ငံရေး ဆိုသည်မှာ နိုင်ငံအုပ်ချုပ်သည့်အရေးနှင့် ပတ်သက်သော ၀ိဇ္ဇာနှင့် သိပ္ပံပညာပင် ဖြစ်သည်” ဟု ကျယ်ပြန့်စွာ အဓိပ္ပာယ် ဖွင့်ဆိုခဲ့၏။ ဤတွင် နိုင်ငံရေးပညာနှင့် နိုင်ငံရေးလှုပ်ရှားမှုတို့ကို ခွဲခြားနားလည် သင့်ပေသည်။ နိုင်ငံရေးပညာဟူသော ဝေါဟာရကို မြန်မာ့စွယ်စုံကျမ်း (အတွဲ-၆)တွင် “နိုင်ငံရေးပညာ ဆိုသည်မှာ နိုင်ငံ၏ အကြောင်းအရာများကို လေ့လာသော သိပ္ပံပညာရပ် ဖြစ်သည်” ဟု အဓိပ္ပာယ် ဖွင့်ဆိုထား၏။
နိုင်ငံရေးလှုပ်ရှားမှုမှာကား နိုင်ငံတော်နှင့် ပတ်သက်သည့်အရေးကိစ္စတို့၌ နိုင်ငံသားများက ပူးပေါင်း ပါဝင်လှုပ်ရှားခြင်း ဖြစ်သည်။ ဤသို့ လှုပ်ရှားရာတွင်လည်း နိုင်ငံသားအားလုံး ပါဝင်လှုပ်ရှားသော အမျိုးသား နိုင်ငံရေး (National Politics)နှင့် နိုင်ငံသားအချို့တို့ အုပ်စု အသင်း အပင်းဖွဲ့ကာ ပါဝင် လှုပ်ရှားသော ပါတီ နိုင်ငံရေး (Party Politics)ဟူ၍ နှစ်မျိုးခွဲခြားနိုင်ပေသည်။ ကျွန်ုပ်တို့ မြန်မာနိုင်ငံသည် အင်္ဂလိပ် လက်အောက် တွင် သူ့ကျွန်အဖြစ် နွံနစ်နေစဉ်အခါက လွတ်လပ်ရေးအတွက်တစ်မျိုးသားလုံး လှုပ်ရှားခဲ့ခြင်းသည် အမျိုးသား နိုင်ငံရေးဖြစ်၏။ ထိုစဉ်က ဆရာစံ ဦးဆောင်သည့် တောင်သူလယ်သမား အများစု ပါဝင်သော တော်လှန်ပုန်ကန်မှု၊ ကျောင်းသူကျောင်းသား အများစု ပါဝင်သော တက္ကသိုလ်အက်ဥပဒေ သပိတ်မှောက်မှု၊ အလုပ်သမားအများစု ပါဝင်သော ရေနံမြေ သပိတ်မှောက်မှု စသည်တို့ကား လူတန်းစား အမျိုးမျိုး ပါဝင်၍ ပါတီအဖွဲ့အစည်း အမျိုးမျိုးတို့က ဦးဆောင်မှုပေးနေစေကာမူ တစ်ခုတည်းသော ရည်မှန်းချက်ကြီးမှာ ကျွန် ဘ၀ မှ လွတ်မြောက်ရေး ဖြစ်သောကြောင့် အမျိုးသားနိုင်ငံရေးပင်ဖြစ်ပေ၏။
…ထို့အတူပင် ရဲဘော်သုံးကျိပ်က ဦးဆောင်၍ ပြည်သူလူထု တစ်ခဲနက်ပါဝင်မှုဖြင့် နယ်ချဲ့အင်္ဂလိပ်ကို အမိမြေမှ မောင်းထုတ် ခဲ့ခြင်း ၊ ပြည်သူ တို့နှင့်အတူ ဗမာ့တပ်မတော်က ဖက်စစ်ဂျပန်ကို တော်လှန်ခဲ့ခြင်းနှင့် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ပြည်သူလူထုကြီးက တစည်းတလုံးတည်း လွတ်လပ်ရေးတိုက်ပွဲ ၀င်ခဲ့ခြင်း တို့ကား အမျိုးသားနိုင်ငံရေး၏ သရုပ်သကန်ကို အဟုတ်အမှန် ဖော်ပြလျက်ရှိပေ၏။
…သို့ရာတွင် လွတ်လပ်ပြီးသည့်အခါတွင်ကား အာဏာကို လိုချင်သောကြောင့် ပါတီအမျိုးမျိုး ထောင် ခဲ့ကြ သည်။ ပါတီအချင်းချင်း ဆဲခဲ့ကြ သလို ပါတီအတွင်းတွင်လည်း ကွဲခဲ့ကြပေသည်။ ဤကား ပါတီ နိုင်ငံရေး၏ သဘောသဘာဝဖြစ်၏။ ပါတီနိုင်ငံရေးဟူသည် အမျိုးသား လုပ်ငန်းများနှင့် မဆိုင်ဘဲ မိမိပါတီ တန်ခိုး ထွားရေး၊ အာဏာရရေးကိုသာ အဓိက ရည်မှန်းချက်ထားတတ်၏။ ထို့ကြောင့် ပါတီခေါင်းဆောင် တို့၏ အတွေးအခေါ် အယူအဆပေါ်မူတည်၍ လုပ်ပုံကိုင်ပုံလည်း အမျိုးမျိုး ကွဲပြား တတ်၏။ ဟစ်တလာ(Hitler) ကဲ့သို့သော ခေါင်းဆောင်က သူ၏ (Mien Kampt)ဟူသော စာအုပ်တွင် “သင်သည် လူထု၏ စာနာ ထောက်ထား မှုကို လိုလားခဲ့သော် အမိုက်မဲဆုံးနှင့် အကြမ်းတမ်း ဆုံးသော အကြောင်းအရာတို့ကို ပြောပါ” ဟု ရေးသားခဲ့သည်။ ပါတီနိုင်ငံရေးဟူသည် ဘယ်သူသေသေ၊ ငတေပါတီ မာရင်ပြီးရော သဘောထား တတ်ကြရာ မဟုတ်မမှန် လုပ်ကြံပြောဆိုဖို့လည်း ၀န်မလေး တတ်ကြပေ။ ထို့ကြောင့် အချို့ပါတီများသည် မိမိတို့ ၀ါဒဖြန့် သော မုသာဝါဒများကို မိမိတို့ မျိုမိသဖြင့် သေကျေပျက်စီး တတ်ကြသည်” ဟု ဒေါက်တာ အာဘုသနော့ (Dr.Arbuthnot)က ရေးခဲ့၏။
…ပါတီနိုင်ငံရေးနှင့် ပတ်သက်၍ ချီးမွမ်း ခြေကျောက်သဘောမျိုးနှင့် ရေးသားထားခြင်းလည်း ရှိသေး၏။ ဟင်နရီဂျော့(Hennry George)က “ကျွန်ုပ်တို့သည် နိုင်ငံရေးကို နိုင်ငံရေးသမားများ လက်ထဲသို့ ပုံမအပ်နိုင်သကဲ့သို့ နိုင်ငံ၏ စီးပွားရေးရာ ကိစ္စများကိုလည်း ကောလိပ်၊ ပါမောက္ခများ လက်ထဲသို့ စိတ်ချလက်ချ အပ်နှံခြင်း မပြုနိုင်ပါ” ဟု ရေးခဲ့၏။ အာရ်၊ ဘီ၊ ဟေး(R.B.Haye)က “နိုင်ငံတော်ကို အကောင်းဆုံး အလုပ် အကျွေးပြုခြင်းသည် ပါတီကို အကောင်းဆုံး အလုပ်အကျွေး ပြုခြင်း မည်၏” ဟု မိန့်ဆိုခဲ့ပေသည်။
ဆောင်းပါးရှင် သုခိအောင်က “ကျောင်းသားနှင့် နိုင်ငံရေး” ဟု ခေါင်းစဉ်တပ်ကာ ဤသို့ ရေးခဲ့၏။
“ထိုကဲ့သို့ တစ်မျိုးသားလုံး ကောင်းစားရေး၊ တစ်မျိုးသားလုံး လွတ်လပ်ရေး အတွက် ကြိုးပမ်း လှုပ်ရှား မှုကြီးတွင် မျိုးချစ်သခင် အဖွဲ့အစည်းများ၊ တောင်သူလယ်သမား အဖွဲ့အစည်းများ၊ ကျောင်းသားသမဂ္ဂများ၊ တပ်မတော်သားများ ၊ ပြည်သူ့ ရဲတပ်ဖွဲ့ဝင်များ၊ ကုန်သည်ပွဲစား များ၊ သံဃာတော်များ၊ အစိုးရ၀န်ထမ်း များကအစ တိုင်းရင်းသားလူမျိုးအားလုံး ပါဝင်ဆင်နွှဲခဲ့ကြခြင်းကို အမျိုးသားလှုပ်ရှားမှုကြီး (၀ါ) အမျိုးသား နိုင်ငံရေး လှုပ်ရှားမှုကြီးဟု ခေါ်ပါသည်။ ထို့ကြောင့် အမျိုးသား နိုင်ငံရေး အတွက် (၀ါ) တိုင်းပြည်ကောင်းစားရေး အတွက် ကျောင်းသားများ အပါအ၀င် တိုင်းပြည် တစ်ပြည်လုံး စည်းလုံး လှုပ်ရှားနိုင်ပါသည်။ လှုပ်ရှားသင့် ပါသည်။ နိုင်ငံရေးပါတီတစ်ခု အာဏာရရှိရေး အတွက် စည်းရုံးလှုပ်ရှားမည်ဆိုသော် ယင်းပါတီကသာ စည်းရုံးလှုပ်ရှားရမည် ဖြစ်ပါသည်။ ယခုအခါ မိမိတို့ နိုင်ငံရေးပါတီ အနိုင်ရရေးအတွက် လူတစ်စု အာဏာရရေးအတွက် နိုင်ငံရေးပါတီများ ဖွဲ့ပြီး ရွေးကောက်ပွဲ ၀င်ရန် တာ စူနေကြ သည်မှာ ပါတီနိုင်ငံရေး ဖြစ်ပါသည်။ အမျိုးသား နိုင်ငံရေး မဟုတ်ပါ”။
…ယင်းကဲ့သို့ အမျိုးသားနိုင်ငံရေးနှင့် ပါတီနိုင်ငံရေးဟူ၍ နှစ်မျိုးကွဲခဲ့ရာ အမျိုးသားနိုင်ငံရေးဟူသည် တစ်မျိုးသားလုံးအရေးဖြစ်၍ မွန်မြတ် သန့်စင်၏။ ပါတီနိုင်ငံရေးမှာကား သက်ဆိုင်ရာပါတီတစ်ခု၏ အရေး ဖြစ်သောကြောင့် (မူဝါဒနှင့် ရည်မှန်းချက်များ ကောင်းစေကာမူ) အခြားပါတီတို့နှင့် ယှဉ်ပြိုင်ရေးတွင် အောင်မြင်မှု (၀ါ) မိမိပါတီ အာဏာရမှုကို ဦးထိပ်ထားသည်ဖြစ်၍ အတ္တဆန်သော သဘော ရှိပေ၏။ သို့ဖြစ်ခြင်းကြောင့် ကျွန်ုပ်တို့အားလုံးသည် မွန်မြတ်သန့်စင် ရိုးသားသော လူငယ်ဘ၀တွင် အမျိုးသား နိုင်ငံရေး လှုပ်ရှားမှု၌သာ ပါဝင်သင့်၍ ပါတီနိုင်ငံရေး လှုပ်ရှားမှုတွင်ကား အရိုးရင့်၍ အရွယ်ရောက်လာသည့် အခါ တွင်မှသာ ၀ါသနာ ပြင်းပြခဲ့သော် ပါဝင်လှုပ်ရှား ဆောင်ရွက်သင့်ပေသတည်း။
လူမှုရေးနှင့် ပရဟိတ လုပ်ငန်းများ…
…လူငယ်ဘ၀တွင် ပါတီနိုင်ငံရေးကို ရှောင်ရှား၍ အမျိုးသားနိုင်ငံရေးကိုသာ လုပ်ဆောင်ကြရန် အထက်က လမ်းညွှန်ခဲ့ပြီ။ သို့သော် အမျိုးသားနိုင်ငံရေး မည်သို့လုပ်ရမည်နည်း။ တစ်မျိုးသားလုံးနှင့် ဆိုင်သော လူမှုရေးနှင့် ပရဟိတလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင် လုပ်အားပေးခြင်းပင်လျှင် အမျိုးသားနိုင်ငံရေး လုပ်သည်မည်ပေ၏။
…နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို တိုင်းတစ်ပါးသားတို့က ခြိမ်းခြောက်လာ သော အခါ ယင်းအန္တရာယ်ကို ရင်ဆိုင် တွန်းလှန်ရမည်မှာ တစ်မျိုးသားလုံး၏ တာဝန်သာဖြစ်သည်။ အကယ်၍ ရန်သူက ပုန်းလျှိုးကွယ်လျှိုး လုပ်နေပါက ကမ္ဘာကသိအောင် ကုလသမဂ္ဂမှတစ်ဆင့် လှုံ့ဆော်ရမည်။ ရန်သူ ကို အင်အားကြီးတစ်နိုင်ငံက အထောက်အကူပြုနေပါကလည်း ယင်းအထောက်အကူပြု သည့် နိုင်ငံကြီး အား မကျေနပ်ကြောင်း ပြည်လုံးကျွတ် တစ်ခဲနက် ဆန္ဒပြရန်မှာ တစ်မျိုးသားလုံး၏ တာဝန်ဖြစ်သည်။ နောက်ဆုံးတွင် ရန်သူက လက်နက်ကိုင်၍ ကျူးကျော်ရန်စလာပါကလည်း လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာ ပိုင်စိုးရေးကို ကာကွယ်ဖို့ အတွက် တရားသောစစ်ပွဲ ဆင်နွှဲရန်မှာ တစ်မျိုးသားလုံး၏ တာဝန်သာ ဖြစ်ပေသည်။
…ထို့အပြင် အချိန်ကာလနှင့် နေရာဒေသအပေါ် မူတည်၍ တစ်ပြည်လုံးတွင် အခါအားလျော်စွာ ကျရောက်ဖြစ်ပေါ် တတ်သော ရေဘေး ၊ လေဘေး၊ မီးဘေး အန္တရာယ်တို့နှင့် ရင်ဆိုင်ရသည့်အခါ တွင် လည်း ယင်းအန္တရာယ်မှ လွတ်မြောက်ရေးအတွက် ကြိုးပမ်းကြရမည်မှာ အမျိုးသားနိုင်ငံရေး၏ လုပ်ငန်း တာဝန် တစ်ရပ် ဖြစ်ပေသည်။ လေဘေး၊ ရေဘေး၊ မီးဘေး ဒုက္ခသည်များမှာ မိမိတို့ အမျိုးသားများပင် ဖြစ်၏ ။ ထိုသူတို့သည် မိမိတို့နှင့် တစ်ပြည်တည်းနေ တစ်ရေတည်းသောက်ကြသော ရပ်ဆွေရပ်မျိုးများပင် ဖြစ်၏။ ၀ံသာနု ရက္ခိတ အမျိုး ကို စောင့်ရှောက်သည့်တရား လက်ကိုင်ထား၍ ၄င်းတို့အား ကူညီရန်မှာ အားလုံးနှင့် ဆိုင်သော တာဝန်ဖြစ်သည်။ ထို့ကြောင့် လူငယ် တို့သည် ကြက်ခြေနီအသွင်၊ မီးသတ်တပ်ဖွဲ့ဝင် အသွင် တို့ဖြင့် ပါဝင်ကူညီနိုင်သကဲ့သို့ ကျောင်းသားအုပ်စုဝင်များ အဖြစ်လည်း ကျရာအခန်းကဏ္ဍမှ ပါဝင် အကျိုးဆောင် နိုင်ပေသည်။
…တိုင်းအလိုက်၊ မြို့နယ်အလိုက်၊ ရပ်ကွက်အလိုက် လုပ်ဆောင်ရမည့် လူမှုရေးနှင့် ပရဟိတလုပ်ငန်း များတွင် ပါဝင် ဆောင်ရွက်နေခြင်း သည်လည်း အမျိုးသားနိုင်ငံရေးကို ဆောင်ရွက်ခြင်းဖြစ်၏။ ကျေးလက် ဒေသ တွင် မိုးမကျမီ ဆင်းရဲနွမ်းပါးသူ၊ အားကိုးအားထား မရှိသူ၊ သားထောက်သမီးခံ မရှိသူတို့၏အိမ်ကို တစ်ရွာလုံးက ၀ိုင်းဝန်းကူညီ၍ ခေါင်မိုးမိုးပေးခြင်း၊ မုဆိုးမ၏ လယ်၊ အမယ်အို၏ ယာတို့ကို တစ်ရွာလုံး က ၀ိုင်းဝန်းထွန်ယက်ပေးခြင်း၊ ရိတ်သိမ်းချိန်တွင်လည်း ကူညီ ရိတ်သိမ်း ပေးခြင်းသည် ချစ်စရာ မြန်မာ့ဓလေ့ အမျိုးသားနိုင်ငံရေး၏ အခြေခံ သရုပ်ပြများပင် ဖြစ်ပေသည်။
…သို့သော် လူမှုရေးနှင့် ပရဟိတလုပ်ငန်းတို့ကို ဆောင်ရွက်ရာတွင် ဦးဆောင်မှုပေးသူသည် စေတနာ သန့်ရှင်းဖို့ လို၏။ မိမိ၏ ကိုယ်ရည် ကိုယ်သွေး တောက်ပြောင်ရေးအတွက် ခေါင်းဆောင်နေရာယူကာ ပရဟိတလုပ်ငန်း လုပ်သူများ၊ ပါတီတစ်ခု၏ အလံအောက်မှနေ၍ လူမှုရေးလုပ်ငန်း ဆောင်ရွက်သူများ ကိုမူ အထူးဂရုထား ရှောင်ရှားရမည်ဖြစ်၏။ ထိုသူများသည် ရိုးသားသူများ မဟုတ်ကြ။ အမျိုးသားရေး ရှေ့တန်း မတင်ဘဲ ပုဂ္ဂိုလ်ရေး၊ ပါတီရေးကို ရှေ့တန်းတင်သူများသာ ဖြစ်ကြ၏။ ထိုသူများ၏ လူမှုရေးနှင့် ပရဟိတ လုပ်ငန်းဆောင်ရွက်မှုမှာ အပေါ်ယံ ဟန်ပြသာဖြစ်၍ အနှစ်သာရအားဖြင့်မူ ပါတီနိုင်ငံရေးကို အသွင်တစ်မျိုးဖြင့် ဆောင်ရွက်နေခြင်း သာ ဖြစ်ပေ၏။
…လူငယ်သည် ခွန်အားပြည့်ဝ၏။ တက်တက်ကြွကြွနှင့် လုပ်ချင်ကိုင်ချင်စိတ်လည်း ရှိ၏။ ယင်းခွန်အား၊ ယင်းတက်ကြွမှုများကို တိုင်းပြည် အတွက် အသုံးပြုတတ်ကြစေရန် လမ်းညွှန်ဦးဆောင်မှု ပေးရန်မှာ လူကြီး များ ၏ တာဝန်ဖြစ်၏။ တစ်ချိန်တစ်ခါက လူငယ်လုပ်အားပေး လှုပ်ရှားမှုများကြောင့် ဆည်မြောင်းများ၊ လမ်းများ၊ တံတားများသည် လုပ်အားခ အကုန်အကျ သက်သာစွာ ပြီးစီးခဲ့သည်။ ထို့နည်းတူပင် ပညာတတ် လူငယ်များ၏ ပူးပေါင်းပါဝင်လှုပ်ရှားမှုဖြင့် စာတတ်မြောက်ရေးလုပ်ငန်းကို ပြည်လုံးကျွတ် အုန်းအုန်း ကျက်ကျက် ဆောင်ရွက် ခဲ့ရာ ကမ္ဘာကျော် ပါလဗီဆုကိုပင် ဆွတ်ခူးရရှိသည် အထိ အောင်မြင်ခဲ့ပေသည်။ လူငယ်များအတွက်လည်း စိတ်မလေဘဲ အချိန်ကို အကျိုး ရှိစွာ အသုံးပြုရာ ရောက်သကဲ့သို့ နိုင်ငံတော် အတွက်လည်း လုပ်ငန်းကိုင်ငန်းကြီးများကို အချိန်နှင့်ငွေ အကုန်အကျ သက်သာစွာ ပြီးစီးခဲ့ပေသည်။ ဤကား အမျိုးသားနိုင်ငံရေးတွင် လူငယ်များ ပါဝင် ဆောင်ရွက်ခဲ့သည့် သာဓကအချို့ပင် ဖြစ်၏။
ပါတီနိုင်ငံရေး၏ အန္တရာယ်…
…လူငယ်ဘ၀တွင် ပါတီနိုင်ငံရေးကို ရှောင်၍ အမျိုးသားနိုင်ငံရေးကို ဆောင်ရန် တဖွဖွ နှိုးဆော်နေ ရခြင်းမှာ ပါတီနိုင်ငံရေး၏ အန္တရာယ်ကြောင့်ဖြစ်၏။ အမျိုးသားနိုင်ငံရေးမှာ အများစုကောင်းစားရေး နှင့်သာ သက်ဆိုင်သောကြောင့် ကန့်ကွက် ဖျက်ဆီးသူ ပေါ်ပေါက် ရန်သော်လည်းကောင်း၊ နိုင်ငံတော်က ချမှတ်ထားသော တရားဥပဒေများနှင့် ငြိစွန်းရန်သော်လည်းကောင်း အကြောင်းမရှိပေ။ ပါတီနိုင်ငံရေးမှာကား အမှတ်(၁)ပါတီက ဦးကကြီး အနိုင်ရရေး၊ အမှတ်(၂)ပါတီက ဦးခခွေး အနိုင်ရရေး စသည်ဖြင့် ပါတီတွေများလျှင် များသလောက် ရင်ဆိုင် ယှဉ်ပြိုင် အနိုင်ကြဲမှုများ ရှိနိုင် ပေသည်။ ထိုအခါတွင် ရိုးသားစွာ ကြိုးစားသော ပါတီများရှိသကဲ့သို့ ညစ်ပတ်စွာ ဖြတ်လမ်းကို ရှာတတ်သော ပါတီများလည်း ရှိနိုင် ပေသည်။ ယင်းအခြေအနေမျိုးတွင် ပါတီထိပ်ပိုင်းမှ ခေါင်းဆောင် လူကြီးအချို့သည် မိမိတို့အာဏာ ရရှိရေး အတွက် အောက်ခြေမှ လူငယ်များကို အသုံးချတတ်သည်။ တရားဥပဒေ၊ စည်းမျဉ်းစည်းကမ်း ၊ ဘောင် အတွင်း မှာ အသုံးချပါက မထောင်းတာလှသော်လည်း ဥပဒေကို ကျောခိုင်း၍ စည်းလွတ် ဘောင်ကျော် အောင် လုပ်ဆောင်စေသော အခါတွင်မူ လူငယ်များသာ ဘေးအန္တရာယ်နှင့် ရင်ဆိုင်ရတတ်ပေသည်။
…လူငယ်ဟူသည် ရဲရင့်တက်ကြွ မဟုတ်မခံစိတ်ဓာတ်ရှိသူဖြစ်၏။ မြှောက်ပေးလျှင် သွေးကြွတတ်၏။ လူငယ်တို့၏ သဘော အထွေထွေ ကို နောကျေအောင်သိသော လူကြီးတို့သည် ကျောသပ်တန် သပ်၏။ မြှောက်သင့်က မြှောက်၏။ ခြောက်သင့်က ခြောက်၏။ လူကြီးများ က ကျောသပ်၍ ချီးမွမ်းလိုက်သော အခါ လူငယ်တို့သည် မိမိကိုယ်မိမိ အဟုတ်ကြီး ထင်တတ်၏။ လူကြီးများက မြှောက်ပေးတတ်၏။ ပင်ကိုယ်က ဟနုမာန်ကို ရာမမင်း ကျောသပ်သလို ချီးကျူးခံရမှုကြောင့် မြောက်နေသော လူငယ်တို့၏ ဘ၀င်သည် မိုးမမြင် လေမမြင်ဖြစ်ကာ အသက်ပင်သေသေ၊ သွေးမြေပင်ကျကျဟု စွန့်စား ပြတော့၏။ ယင်းအသက်စွန့်မှု၊ သွေးမြေကျမှု၊ ဘ၀ပျက်မှု တို့မှ အမြတ်ရလိုက်သူတို့ကား ပါတီခေါင်းဆောင် ဆိုသော လူကြီးများပင် ဖြစ်၏။ မြှောက်၍ ဟန်ပုံမရသည့်အခါ ခြောက်တတ် လှန့်တတ်ပေသည်။ “မင်းတို့ လုပ်ပုံကြောင့် ဖမ်းတော့ ဆီးတော့ မယ်” ဟု ခြောက်လုံး လှန့်လုံး သုံးလိုက်သည်နှင့် တစ်ပြိုက်နက် ယုံလွယ် တတ်သော လူငယ်တို့မှာ ဂမူးရှူးတိုးဖြင့် ပြည်ပြေးဘ၀၊ တောခိုဘ၀၊ သူပုန် ဘ၀သို့ ရောက်သွားတတ်ကြပေ၏။
…ပါတီနိုင်ငံရေးတွင် ခေါင်းဆောင်ပိုင်းမှ လူကြီးများလည်လျှင် လည်သလို အောက်ပိုင်းမှ လူငယ်များက ခံရတတ်၏။ အချို့ခေါင်းဆောင် က ငွေမက်၏။ ပြည်တွင်းမှ တစ်မျိုး၊ သံရုံးနှင့်ဆက်၍ ပြည်ပမှတစ်ဖုံ နည်းမျိုးစုံဖြင့် ရန်ပုံငွေရှာ၏။ လူငယ်တွေကို လက်ညှိုး ထိုးပြ ၍ မျောက်ပြ ဆန်တောင်း လုပ်၏။ သို့သော် ပါတီရန်ပုံငွေနှင့် ပတ်သက်၍ စာရင်းမရှိ၊ အင်းမရှိ၊ သူတို့က အဆီကိုစား၍ အသားကို မျိုကာ လူငယ်များမှာ အရိုးအရင်းကိုသာ ၀ါးရရှာ၏။ သို့သော် “နိုင်ငံရေးလုပ်တယ်ဆိုတာ အငတ်အပြတ် ခံနိုင်ရတယ်ကွ” ဟု ငေါက်သလိုလိုနှင့် မြှောက်လိုက်သောအခါတွင်မူ လူငယ်တို့ လက်ခံတတ်ကြကုန်၏။ အချို့ခေါင်းဆောင်များကမူ စိန်ရွှေမက်၏။ ပါတီရန်ပုံငွေအတွက်ဟုဆိုကာ အလှုခံ၊ အတင်းယူ စုဆောင်း ထားသော ရတနာထုပ်သည် နောက်ဆုံး ဇနီးမယားထံ အရောက် တွင် ခြေရာလည်းပျောက် ရေလည်း နောက် ဖြစ်သွားတော့၏။ အချို့ခေါင်းဆောင်တို့ကမူ စီးကရက်လေး တဖွာဖွာ၊ ၀ီစကီလေး တမြမြ၊ ဖဲချပ် ကလေး များကို တရွရွ စမ်းသပ်နေလိုကြ၏။ အချို့ခေါင်းဆောင်များ ကမူ ပျိုမြစ်နုနယ် ချစ်စဖွယ် အတွင်းရေးမှူး ကလေးများနှင့် သီးသီးသန့်သန့် အလုပ်လုပ်လိုကြ၏။ မည်သို့ပင်ဖြစ်စေ မကောင်းမှု ၀ါသနာ အစုံစုံ ပါကြကုန်သော ခေါင်းဆောင်များကြောင့် စရိတ္တရော ဘ၀ပါ ပျက်စီး၍ အသက်နှင့်ခန္ဓာ အိုးစားကွဲ သွား ရသည်အထိ ခံကြရသူများကား လူငယ်များပင် ဖြစ်ကြသည်။
…ပါတီနိုင်ငံရေးဟူသည် အန္တရာယ်ကြီးလှသောကြောင့် အရွယ်မရောက်မီ၊ ပညာမစုံမီ၊ အတွေ့အကြုံ မပြည့်စုံ မရင့်ကျက်မီ လူကြီးပြော သမျှ ယုံလွယ်တတ်သည့်အချိန်တွင် လူငယ်များအား ပါတီနိုင်ငံရေး မလုပ်မိကြစေရန် လိုသည်။ ပညာစုံ အရွယ်ရောက်၍ မိမိတွင် နိုင်ငံရေးပိုး ပါသောကြောင့် ပါတီနိုင်ငံရေးကိုမှ လုပ်လိုလျှင် လုပ်သင့်၏။ လူလတ်ပိုင်းရောက်ပြီဖြစ်၍ ကိုယ့်လမ်းကိုယ်ရွေးရန် လူ့အခွင့်အရေး အပြည့်အ၀ ရှိပါသည်။ သို့ရာတွင် နိုင်ငံရေးသမားကောင်း ဖြစ်အောင်ကား ကြိုးစားသင့်သည်ဟု ဆိုလိုက်ချင်ပါသတည်း။
နိုင်ငံရေးသမားကောင်းဖြစ်နည်း နိဿရည်း…
…လူငယ်တို့သည် လူငယ်ဘ၀ အသက် ၂၅ မကျော်မီ၊ ၁၀ တန်း မအောင် (သို့မဟုတ်) ဘွဲ့ဒီဂရီ မရမီတွင် အမျိုးသားနိုင်ငံရေး လုပ်ခြင်းဖြင့် နိုင်ငံရေးလှုပ်ရှားမှု၏ သဘောသဘာဝကို နားလည်နိုင်၏။ ထိုမှတစ်ဆင့်တက်၍ “တစ်နေ့တွင် ငါသည် ပါတီနိုင်ငံရေးဖြင့် မိမိတိုင်းပြည် ကြီးပွားတိုးတက်အောင် လုပ်ဆောင်နိုင်သည့် ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ရမည်” ဟု ဘ၀ရည်မှန်းချက် ထားခဲ့သော် နိုင်ငံရေးသမားကောင်းတစ်ယောက်ဖြစ်ရန် လိုအပ်သည့် အရည်အချင်းများကို ယခုကပင် ကြိုတင် သိထားသင့်ပေသည်။
…မြန်မာ့စွယ်စုံကျမ်း (အတွဲ-၆)တွင် နိုင်ငံရေးသမားကောင်းတို့ တတ်အပ်သော နိုင်ငံရေးပညာ အကြောင်းကို ဤသို့ တင်ပြထား၏။
“နိုင်ငံရေးပညာရပ်သည်-
(၁) နိုင်ငံတော်က ပြဋ္ဌာန်းအတည်ပြုလိုက်သော ဥပဒေသများအလိုက် နိုင်ငံသားတို့ တစ်ဦးနှင့်တစ်ဦး မည်သို့ဆက်ဆံ ကူးလူးနေကြပုံ ၊
(၂) နိုင်ငံတော်သားသည် နိုင်ငံတော်နှင့် တစ်ဦးချင်းအနေဖြင့်သော်လည်းကောင်း၊ နိုင်ငံတော်သား တစ်စုအနေဖြင့်သော်လည်းကောင်း၊ မည်သို့ဆက်သွယ်နေပုံ ၊
(၃) နိုင်ငံတစ်နိုင်ငံသည် အခြားနိုင်ငံတစ်နိုင်ငံနှင့် မည်သို့ဆက်သွယ်နေပုံတို့ကို လေ့လာသော ပညာရပ်ဖြစ်၏။ တစ်နည်းအားဖြင့်ဆိုသော် နိုင်ငံရေးပညာသည် နိုင်ငံတော်အကြောင်း၊ ဥပဒေ အကြောင်းနှင့် လူမှုကိစ္စအကြောင်းတို့ကို လေ့လာသော ပညာရပ်တစ်ခု ဖြစ်ပေသည်။”
…ဆက်လက်၍ “နိုင်ငံရေးပညာသည် နိုင်ငံတော်နှင့် သက်ဆိုင်သည့် ကိစ္စအ၀၀တို့ကို လေ့လာသော ပညာရပ်ဖြစ်ရကား နိုင်ငံဆိုသည်ကိုလည်း ယေဘုယျ သိထားရန် လိုအပ်ကြောင်း နိဒါန်းသွယ်ကာ နိုင်ငံတစ်နိုင်ငံဟု သတ်မှတ်ရန်-
(၁) လူဦးရေ
(၂) သတ်မှတ်ထားသော နယ်မြေ
(၃) အစိုးရနှင့်
(၄) အချုပ်အခြာအာဏာဟူသော အင်္ဂါရပ်လေးခုနှင့် ပြည့်စုံရမည်” ဟုဖော်ပြခဲ့၏။
ဤတွင်-
(၁) လူဦးရေ အတော်အသင့်ရှိမှသာ နိုင်ငံတစ်နိုင်ငံကို ကောင်းစွာတည်ထောင်နိုင်ကြောင်း ၊
(၂) နယ်မြေတိကျစွာ မသတ်မှတ်ထားပါက နိုင်ငံဟု မခေါ်ဆိုနိုင်ကြောင်း ၊
(၃) အစိုးရဆိုသည်မှာ တိုင်းသူပြည်သားတို့က မိမိတို့အား အုပ်ချုပ်စီမံရန်၊ အချုပ်အခြာအာဏာကို လွှဲအပ်ပေးထားခြင်းခံရသော လူတစ်ယောက်ကိုသော်လည်းကောင်း၊ လူတစ်စုကိုသော်လည်းကောင်း ဆိုနိုင်ကြောင်းနှင့် ယခုခေတ်တွင်မူ နိုင်ငံတစ်နိုင်ငံဟု ခေါ်ဆိုနိုင်ရန် သမ္မတအစိုးရသော်လည်းကောင်း၊ ကက်ဗိနက်အစိုးရသော်လည်းကောင်း ရှိရမည်ဖြစ်ကြောင်းနှင့်
(၄) အချုပ်အခြာအာဏာကို နိုင်ငံတော်တွင်းရှိ မည်သည့်အသင်းအပင်း အဖွဲ့အစည်းကမျှ ပိုင်ဆိုင်ခွင့်မရှိဘဲ အစိုးရက သာလျှင် နိုင်ငံတော် အုပ်ချုပ်ရေးအတွက် ပိုင်ဆိုင်ကြောင်းနှင့် အချုပ်အခြာ အာဏာမရှိသော နိုင်ငံကို နိုင်ငံဟု မခေါ်နိုင်ကြောင်း” အကျယ်တ၀င့် ရှင်းလင်း ဖော်ပြထားပေသည်။
…ထို့အပြင် ယင်းစွယ်စုံကျမ်း၌ပင် “နိုင်ငံတစ်နိုင်ငံ၏ အုပ်ချုပ်ရေးသည် အယူအဆ အမျိုးမျိုး အပေါ်တွင် အခြေခံ၍ကွဲပြားခြားနားကြောင်း .. နှင့်ထင်ရှား စွာ ကွဲပြားနေသော အယူဝါဒသုံးမျိုးမှာ
(၁) မင်းမဲ့ဝါဒ (၂) ပုဂ္ဂလိက၀ါဒ (၃) ဆိုရှယ်လစ်ဝါဒတို့ ဖြစ်ကြောင်း၊ မင်းမဲ့ဝါဒ ဆိုသည်မှာ နိုင်ငံတော် တည်ရှိမှုကို လက်မခံ ဘဲ နိုင်ငံတော်နေရာ တွင် စီးပွားရေးရာ အသင်းအဖွဲ့များဖြင့် အစားထိုးမည် ဟူသော အယူအဆဖြစ်ကြောင်း၊ ပုဂ္ဂလိက၀ါဒဆိုသည်မှာ ပုဂ္ဂလိကတစ်ဦးချင်း လွတ်လပ်စွာ စီးပွားကုန်သွယ်ခွင့်၊ လွတ်လပ်စွာ နေထိုင်စားသောက်ခွင့်တို့ကို နိုင်ငံတော်ကသော်လည်းကောင်း၊ အစိုးရကသော်လည်းကောင်း အာဏာဖြင့် ၀င်ရောက်မစွက်ဖက်ရန် လိုလားသောဝါဒဖြစ်၍ နိုင်ငံတော်၏ လုပ်ငန်းအ၀၀ကို ပုဂ္ဂလိကများ၏ အကျိုးစီးပွားအား မည်မျှမြှင့်တင်ပေးသနည်း ဟူသော အချက်နှင့် ပိုင်းဖြတ်သည့် အယူအဆဖြစ်ကြောင်း၊ ဆိုရှယ်လစ်ဝါဒဆိုသည်မှာ လယ်ယာ၊ သစ်တော သတ္တုတွင်း၊ စက်ကိရိယာ၊ စက်ရုံကြီးများ စသည့် အများနှင့် သက်ဆိုင်သော လုပ်ငန်းရပ်ကြီးများကို အစုအဖွဲ့ ကသော်လည်းကောင်း၊ တစ်ဦးတစ်ယောက်ကသော်လည်းကောင်း ပိုင်ဆိုင်ခွင့်မရှိစေဘဲ နိုင်ငံတော်ပိုင်ပြု၍ (၀ါ) အများပိုင်ပြု၍ လူနေမှု အဆင့်အတန်း မြှင့်တင်ရေးအတွက် စီမံကိန်း ရေးဆွဲကာ ဆောင်ရွက်ရမည်ဟူသော ၀ါဒပင်ဖြစ်ကြောင်းနှင့် နိုင်ငံတော်ကို အုပ်ချုပ်ရာတွင် အယူဝါဒအလိုက် စနစ်အမျိုးမျိုး ကွဲပြားခြားနားနေသည်ကို နိုင်ငံရေးပညာ လေ့လာဆည်းပူးသူတိုင်း မျက်ခြည်မပြတ် ဂရုမူသင့်ကြောင်း” အကျယ်တ၀င့် ရှင်းလင်း တင်ပြထားပေသည်။
နေ့စဉ် သတင်းစာတွင်ပါသော သုခိအောင်“နိုင်ငံရေး ခေါင်းဆောင်ဟူသည်” ခေါင်းစီးပါ
ဆောင်းပါး သည်လည်း နိုင်ငံရေးလုပ်လိုသူ လူငယ်များ ဖတ်ရှု လေ့လာ သင့် ၏။ “ခေါင်းဆောင်တစ်ဦးသည် ခေါင်းဆောင်မဖြစ်ခင်ကတည်းက မိမိနိုင်ငံတော်က ချမှတ်ထားသော တရားဥပဒေတို့ကို အချိန်ယူပြီး လေ့လာကာ အရေးကြီးသည့် ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း များ နှင့် စည်းမျဉ်းစည်းကမ်းများကို မှတ်သားထားပြီး ကိုယ်တိုင် အလေးအနက် လိုက်နာရုံမက မိမိဦးဆောင် နေ သော အဖွဲ့အစည်းဝင်များကိုပါ လိုက်နာစေရန် ဆော်သြသင့်ကြောင်း၊ သတ္တိရှိပြီး မှန်မှန်ကန်ကန် ဆုံးဖြတ် နိုင်၍ ဆုံးဖြတ်သည့်အတိုင်း ဖြစ်မြောက်အောင် ဦးဆောင် အကောင်အထည် ဖော်နိုင်စွမ်းသူ ဖြစ်သင့် ကြောင်း၊ အုပ်ချုပ်ရေး စွမ်းရည်သာမကဘဲ စည်းရုံးရေး စွမ်းရည်ပါ ထက်မြက်နေရန် လိုကြောင်း၊ မိမိနိုင်ငံနှင့် ပတ်သက် ၍လည်းကောင်း၊ နိုင်ငံတကာနှင့် ပတ်သက်၍လည်းကောင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် အထွေထွေဗဟုသုတ ရှိရမည်ဖြစ်ကြောင်း” တိတိကျကျ ရှင်းလင်းဖော်ပြထားပေသည်။
…နိုင်ငံရေးသမားဟူသည် မိမိပါတီ အာဏာမရရှိမီ မှိန်း၍နေသော်လည်း မိမိပါတီအာဏာရရှိ လာသည်နှင့် တစ်ပြိုင်နက် အောင်ဆုပန် ထီလက်မှတ် အိတ်ထဲထည့်ထားသူကဲ့သို့ ရာထူးရရှိရေးကို မျှော်တော့၏။ အချို့လည်း သာမန်လွတ်တော်အမတ်အဖြစ်သာ တင်းတိမ်ကြ ရ၏ ။ အချို့မှာမူ တရားစီရင်ရေးဘက်၊ ဥပဒေရေးရာဘက်တို့တွင် ရာထူးကြီးများ ရကြ၏။ အချို့ကား ၀န်ကြီးများ ဖြစ်ကြကုန်၏။ ဤကဲ့သို့ တစ်နေ့နေ့တွင် အမတ်၊ ၀န်ကြီး၊ တရားရေးနှင့် ဥပဒေရေးဆိုင်ရာ အာဏာပိုင်များ ဖြစ်ကြလိမ့်မည်ဟု မျှော်မှန်းချက်များ ထားခဲ့ပါက လူငယ်ဘ၀ကပင် မှူးကြီးမတ်ကြီးနှင့် အာဏာပိုင်အကြီးအကဲများ၌ ရှိရမည့်ဂုဏ်သတ္တိနှင့် လိုက်နာကျင့်သုံးရမည့် တာဝန်ဝတ္တရားများကို သိထားသင့်ပေသည်။ ဤခေတ်တွင်မူ ဘုရင်စနစ်မရှိသောကြောင့် “မင်း” ဟူသည်မှာ တိုင်းပြည်အုပ်ချုပ်သူ အစိုးရနှင့် အစိုးရအဖွဲ့ဝင်အားလုံးကို ရည်ညွှန်းသည်ဟု မှတ်ယူသင့် ပေသည်။
ခေါင်းဆောင်ပိုင်း တာဝန်ရှိ ပုဂ္ဂိုလ် အကြီးအကဲတို့နှင့် ပတ်သက်၍ ဗုဒ္ဓဘာသာကို အခြေခံသော မြန်မာစာပေနှင့် ယဉ်ကျေးမှုနယ်ပယ် တွင် သိမှတ်ဖွယ်ရာတို့ ပဒေသာသဖွယ် ရှိပေသည်။ ရှေးဦးစွာ ပါတီ၌ဖြစ်စေ၊
အစိုးရအဖွဲ့ အဆင့်ဆင့်၌ဖြစ်စေ ဦးစီးဦးဆောင်ပြုသော အကြီးအကဲတို့တွင် ရှိရမည့် နာယကဂုဏ်ခြောက်ပါးကို သိထားသင့်၏။ ယင်းတို့ကား-
(၁) ခမာ- မြေကြီးကဲ့သို့ သည်းခံခြင်း ၊
(၂) ဇာဂရိယ- နိုးကြားခြင်း၊ အသွားအလာ အနေအထိုင်တို့၌ သတိရှိခြင်း ၊
(၃) ဥဌာန- ငယ်သားတို့ထက် ထကြွလုံ့လရှိခြင်း ၊
(၄) သံဝိဘာဂ- ဝေဖန်ခွဲခြားနိုင်ခြင်း ၊
(၅) ဒယာ- သနားချစ်ခင်ကြင်နာခြင်း ၊
(၆) ဣက္ခဏာ- ပညာရှိတို့ကို ဆွေးနွေးမေးမြန်းခြင်း ဟူ၍ ဖြစ်ပေသည်။
…ထို့အပြင် တရားစီရင် ဆုံးဖြတ်ရသူ၊ အုပ်ချုပ်စီမံ ခန့်ခွဲရသူ လူကြီးတို့သည် အဂတိတရားလေးပါး မလိုက်စားဘဲ တော်တည့်ဖြောင့်မှန်စွာ တရားစီရင်ခြင်း၊ ကျောသားရင်သား မခွဲခြားဘဲ အုပ်ချုပ်ခြင်းတို့ ပြုရမည်ဟု ဆို၏။
ယင်းအဂတိတရားလေးပါးကား-
(၁) ဆန္ဒဂတိ- ချစ်သဖြင့် တစ်ဘက်သတ် စီရင်ခြင်း၊
(၂) ဒေါသာဂတိ- အမျက်ဒေါသကြောင့် တစ်ဘက်သတ် စီရင်ခြင်း၊
(၃) ဘယာဂတိ- ကြောက်ရွံ့သဖြင့် တစ်ဘက်သတ် စီရင်ခြင်း၊
(၄) မောဟာဂတိ- တွေဝေ၍ တစ်ဘက်သတ် စီရင်ခြင်း ဟူ၍ ဖြစ်ပေသည်။
…အမတ်ကြီးတို့ ပြည့်စုံရမည့် ဂုဏ်အင်္ဂါရှစ်ပါးမှာလည်း စိတ်ဝင်စားဖွယ် ကောင်းလှ၏။ နိုင်ငံရေး လုပ်ရင်း အမတ်ဘ၀၊ ၀န်ကြီးဘ၀တို့သို့ ကူးပြောင်းရန် ရည်မှန်းသူ လူငယ်တိုင်း သိထားသင့်ရုံမက မိမိတို့တွင် ယင်းဂုဏ်အင်္ဂါတို့ ပြည့်စုံစေရန် ယခု ငယ်ရွယ်စဉ်ကာလကပင် ကြိုးစားစုဆောင်းထား သင့်ပေသည်။ ယင်းတို့မှာ-
(၁) ဗဟုသုတော- အမြင်အကြားများခြင်း၊
(၂) သီလ၀န္တော- သီတင်းသီလရှိခြင်း၊
(၃) သူရော- ရဲစွမ်းသတ္တိရှိရခြင်း၊
(၄) မဟုသဟော- လုံ့လ ထကြွရှိရခြင်း၊
(၅) အက္ခရိဓော- မှုခင်းကိစ္စ ပြီးမြောက်ရေးကို စစ်ဆေးလေ့လာရခြင်း၊
(၆) ဗလဓရီရော- ကိုယ်အား ဥာဏ်အား ဗလနှစ်ပါးရှိရခြင်း၊
(၇) မီတိမာ- အဂတိတရားလေးပါး မလိုက်စားရ၊ မမှားရခြင်း၊
(၈) ၀ဎုဝိလာသော- ခန့်ညားရိုသေဖွယ်သော ရုပ်ဆင်းအင်္ဂါရှိခြင်း ဟူ၍ ဖြစ်ပေသည်။
“မင်းတို့ ကျင့်ရာသော သင်္ဂဟတရားလေးပါးနှင့် ပတ်သက်၍ လက္ခဏသုတ် အဋ္ဌကထာတို့ကို ကိုးကားသော ဆရာတော် အရှင်သြဘာသာဘိဝံသက ဤသို့ ဖော်ပြခဲ့၏။
(၁) သဿမေဓ…တိုင်းပြည်နိုင်ငံပေါ်၌ ကျရောက်ဖြစ်ထွန်းသမျှသော စီးပွားချမ်းသာတို့မှ မှူးမတ်ပြည်သူတို့ ညှိနှိုင်းတိုင်ပင် စည်းဝေးကြပြီးလျှင် မည်ရွေ့မည်မျှ ကောက်ခံတောင်းယူရမည် ဟူသော ပြဋ္ဌာန်းချက် ဥပဒေအတိုင်း အပိုအမိုမရှိ၊ မနာကြည်း မထိခိုက်ရအောင် ကောက်ခံခွဲယူသော လယ်ခွန်တော်နှင့် အခြားအခွန်တော်များ၊
(၂) ပုရိသမေဓ…မင်း၊ မှူးမတ်၊ ရဲမက်၊ လက်နက်ကိုင်စစ်သားစသည့် နိုင်ငံကို စောင့်ရှောက် ထိန်းသိမ်းသော သူတို့ကို ကြီးစဉ်ငယ်လိုက် အထိုက်အလျောက် ကောက်ခံ၍ ရသော အခွန်တော်ငွေကို စားသုံးလောက်အောင် လခ၊ ရိက္ခာ စားနပ်တော်များ ပေးကမ်းချီးမြှင့်ရခြင်း၊
(၃) သမ္မာပါသ…ကုန်သည်လယ်လုပ်တို့ကို အပိတ်အပင် အတားအဆီး အချုပ်အခြယ်မရှိ ဖွင့်ပေးရခြင်း၊ စောင်မ သင့်သမျှ စောင်မ ကြည့်ရှုခြင်း၊ ထိုထက်အလွန်လည်း ကြီးကျယ်ဖွံ့ဖြိုး နိုင်စေရန် အတိုးအပွား မရှိ၊ အရင်းအနှီး အမတော်ငွေကို ပေးကမ်း မ-စ ရခြင်း၊
(၄) ၀ါစာပေယျ…ပြုံးရွှင်ခြင်းလျှင် ရှေ့သွားရှိသော ချစ်ဖွယ်ချိုမြသောစကားတို့ကို သာယာချေငံစွာ ပြောဆိုခြင်း” ဟူ၍ ဖြစ်ပေသည်။
…တိုင်းပြည်ခေါင်းဆောင် နိုင်ငံအကြီးအကဲ လုပ်လိုသူတို့သည် စည်းစိမ်ချမ်းသာ မဆုတ်ယုတ် တိုးတက်ပွားများကြောင်းတရား ခုနှစ်ပါးဟု ဆိုအပ်သော အပရိဟာနိယတရား ခုနှစ်ပါးကိုလည်း သိထားသင့်၏။
ဘုရားရှင်သည် ဤတရားခုနှစ်ပါးကို ဟောကြားရာ၌ သာမန်လူတို့အတွက် တစ်မျိုးနှင့် တိုင်းပြည်အုပ်ချုပ် မင်းလုပ်လိုသူတို့အတွက် တစ်မျိုးဟူ၍ နှစ်မျိုးခွဲခြား ဟောကြားတော်မူခဲ့၏။ “သာမန်လူတို့အတွက်ကား-
(၁) သတ္တုဂါရ၀တာ- ဘုရား၌ ရိုသေခြင်း ၊
(၂) ဓမ္မဂါရ၀တာ- တရားတော်၌ ရိုသေခြင်း ၊
(၃) သံဃဂါရ၀တာ- သံဃာတော်၌ ရိုသေခြင်း ၊
(၄) သိက္ခာဂါရ၀တာ- ကိုယ်ကျင့်သိက္ခာ၌ ရိုသေခြင်း၊ ကျင့်သုံးခြင်း ၊
(၅) သမာဓိဂါရ၀တာ- တည်ကြည်ခြင်း၊ သမာဓိကို ရိုသေခြင်း ၊
(၆) ကလျာဏမိတ္တတာ- ကောင်းသောမိတ်ဆွေရှိခြင်း ၊
(၇) သောဝစသတာ- ပညာရှိသူတော်ကောင်းတို့ ဆိုဆုံးမသော စကားကို နာယူလွယ်ခြင်းဟူ၍ ဖြစ်ပေသည်။
…တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူတို့ ကျင့်ရမည့် အပရိဟာနိယတရားခုနှစ်ပါးသော်ကား-
(၁) ညီညွတ်စွာ မပြတ်စည်းဝေး တိုင်ပင်ခြင်း ၊
(၂) အစည်းအဝေးသို့ တစုတရုံးတည်းအညီ တက်ရောက်၍ မင်းတို့ပြုဖွယ်ကိစ္စကို အညီပြုကုန်လျက် တစုတရုံးတည်း ညီညွတ်စွာ ထပြန်တတ်ခြင်း ၊
(၃) ရှေးရှေးမင်းတို့၏ ပညတ်ချက်ဓမ္မတို့ကို အစဉ်လိုက်နာခြင်း၊ မဖျက်ဆီးခြင်း ၊
(၄) အသက်ကြီးကုန်သော မင်းတို့ကို ရိုသေလေးမြတ်စွာ ပူဇော်ခြင်း၊ ၄င်းတို့၏ ဆိုဆုံးမချက်တို့ကို နာယူခြင်း ၊
(၅) အမျိုးသမီး ကြီးငယ်တို့ကို နိုင်ထက်ကလူ ဆွဲယူ၍ အိမ်ထောင်မပြုခြင်း ၊
(၆) မြို့တွင်းမြို့ပြင်ရှိ ရှေးမင်းတို့ အရိုအသေပြု ပူဇော်ကြကုန်သော နတ်ကွန်း၊ စေတီတို့ကို ရှေးထုံးနည်းအတိုင်း ဗလိနတ်စာပေးခြင်း ၊
(၇) မိမိတိုင်းပြည်သို့ မလာကုန်သေးသော ရဟန္တာတို့ ကြွလာစေခြင်းငှာ၊ ကြွလာပြီးသော ရဟန္တာတို့ ချမ်းသာစွာနေခြင်းငှာ ရဟန္တာတို့အား တရားနှင့်လျော်စွာ စောင့်ရှောက်ပြုစု လုံခြုံစေခြင်း” ဟူ၍ ဖြစ်ပေသည်။
…ယခုခေတ်ကား ပဒေသရာဇ်၊ ဧကရာဇ်၊ မင်းခေတ်၊ ဘုရင်ခေတ် မဟုတ်တော့ဟု ဆိုနိုင်သော်လည်း ရှေးအခါက တိုင်းပြည်အကြီးအကဲ တို့ ထားရှိခဲ့သော အကျင့်သိက္ခာတို့ကို ယခုခေတ်အခေါ် သမ္မတ၊ ၀န်ကြီးချုပ်စသည့် နိုင်ငံခေါင်းဆောင်များ သိရှိနားလည် ထားထိုက်ရုံမက ခေတ်မီနေသေးသော အပြုအမူအချို့ကိုလည်း အတုယူ လိုက်နာကျင့်သုံးသင့်လှပေသည်။
တိုင်းနိုင်ငံကို အုပ်ချုပ်၍ မင်းလုပ်မည့်သူတို့ရှိထားရမည့် ဗလငါးပါးကား-
(၁) ဗာဟုဗလ- လက်ရုံးလက်နက် စစ်သည်အင်အား ၊
(၂) ဘောဂဗလ- စားနပ်ရိက္ခာ ရွှေငွေရတနာ ဆင်မြင်း ဥစ္စာအား ၊
(၃) အမစ္စဗလ- အမတ် အင်အား ၊
(၄) အဘိဇစ္စဗလ- အမျိုးမြတ် သန့်ရှင်းခြင်းအား ၊
(၅) ပညာဗလ- ဥာဏ်ပညာရှိခြင်း အင်အား ဟူ၍ ဖြစ်ပေသည်။
…တိုင်းပြည်၏ ရတနာကိုးပါးကို မနှိပ်စက် မညှဉ်းပန်းရာဟု ကာမဏ္ဍကီကျမ်းတွင် ဆိုထားရာ ယင်းကိုးပါးမှာ-
(၁) ပြည့်ဦးကင်း- တိုင်းရေးပြည်မှုကို ဆောင်ရွက်စီမံပေးနိုင်သော မှူးကြီးမတ်ရာများ ၊
(၂) ပြည့်တံခွန်- သီလ၀န္တ၊ ပညာဝန္တ၊ ရဟန်းတော်များ ၊
(၃) ပြည့်မျက်စိ- လိမ္မာကျွမ်းကျင်ကုန်သော ဆေးဆရာ၊ ဟူးရားဗေဒင်ဆရာ၊ စက်ယန္တရားဆရာများ ၊
(၄) ပြည်၏နား- သစ္စာရှိသောသူလျှိုများ ၊
(၅) ပြည့်အစွယ်- သူရသတ္တိရှိကြသည့် မင်းညီမင်းသား မင်းဆွေမျိုးများ ၊
(၆) ပြည်ကြီးမျက်နှာ- ရုပ်ရည်ချောသည့် အမျိုးကောင်းသမီးများ ၊
(၇) ပြည်၏ ၀မ်းဗိုက်- စားနပ်ရိက္ခာနှင့် ဥစ္စာပေါများသော သူဌေးသူကြွယ်များ ၊
(၈) ပြည်၏ခြေ- စစ်သည်ဗိုလ်ပါအပေါင်းနှင့် ယာဉ်မျိုးစုံ ၊
(၉) ပြည်၏လက်- ခဲယမ်းမီးကျောက် အမြောက်သေနတ်စသော လက်နက်စုံ ဟူ၍ ဖြစ်ပေသည်။
…မင်းကျင့်တရားနှင့် ပတ်သက်၍မူ ရှစ်ပါး၊ ဆယ်ပါးဟူ၍ နှစ်မျိုးရှိရာ ရှစ်ပါးမှာ-
(၁) မယ်တော် ခမည်းတော်တို့၌ ကောင်းစွာ ကျင့်ခြင်း ၊
(၂) သားတော် သမီးတော်တို့၌ ကောင်းစွာ ကျင့်ခြင်း ၊
(၃) ဆွေတော်၊ မျိုးတော်၊ မှူးမတ် စသည်တို့၌ ကောင်းစွာ ကျင့်ခြင်း ၊
(၄) ဆင်၊ မြင်း၊ ရဲမက် ဗိုလ်ပါတို့၌ ကောင်းစွာ ကျင့်ခြင်း ၊
(၅) ရွာငယ်၊ ရွာကြီးတို့၌ ကောင်းစွာ ကျင့်ခြင်း ၊
(၆) တိုင်း၊ နိုင်ငံ၊ ဇနပုဒ်တို့၌ ကောင်းစွာ ကျင့်ခြင်း ၊
(၇) ရဟန်း၊ ပုဏ္ဏားတို့၌ ကောင်းစွာ ကျင့်ခြင်း ၊
(၈) သားငှက်တို့၌ ကောင်းစွာ ကျင့်ခြင်း ဟူ၍ ဖြစ်ပေသည်။
…လူအများပင် တွေ့မြင်ဖတ်ရှုဖူးကြသော မင်းကျင့်တရား ဆယ်ပါးမှာ-
(၁) ဒါန- အလှူပေးခြင်း ၊
(၂) သီလ- ငါးပါးသီလ၊ ဆယ်ပါးသီလ ဆောက်တည်ခြင်း ၊
(၃) ပရိစာဂ- ပေးကမ်းချီးမြှင့် စွန့်ကြဲရခြင်း ၊
(၄) မုဒုက- ကိုယ်နှုတ် နူးညံ့ သိမ်မွေ့ရခြင်း ၊
(၅) ဥပေါသထ- အဋ္ဌင်္ဂသီလ စောင့်သုံးရခြင်း ၊
(၆) အကောဓ- အမျက်မထွက်ရခြင်း ၊
(၇) အ၀ိရောဓ- ရဟန်းရှင်လူ ပြည်သူတို့နှင့် မဆန့်ကျင်ရခြင်း ၊
(၈) အ၀ိဟိံသန- ပြည်သူလူထုကို အခွန်အတုတ် အမျိုးမျိုးတို့ဖြင့် မညှင်းဆဲရခြင်း ၊
(၉) ခန္တီ- သည်းခံခြင်း ၊
(၁၀) သမ္မာပဋိပန္န- ဖြောင့်မတ် မှန်ကန်စွာ ကျင့်ရခြင်း ဟူ၍ ဖြစ်ပေသတည်း…..။
ဆရာကြီး
ဒေါက်တာကျော်စိန်၏ “လူငယ်လမ်းညွှန်” မှ ဖော်ပြပါသည်
Nanda
( New World )
No comments:
Post a Comment