2 3 4 5 6 7 8 9 10

Friday, May 29, 2015

ဗုဒ္ဓဘာသာနှင့် အမျိုးသမီးများ

   

        ဗုဒ္ဓဘာသာသည် အမျိုးသမီးထုကို အစဉ်အမြဲ အလေးပေးခဲ့၏။ အမေဖြစ်သည့် အမျိုးသမီး ကို ပြုစု လုပ်ကျွေးဖို့ လေးစားဖို့ တန်ဖိုးထားဖို့ ညွှန်ကြားတော်မူခဲ့၏..။
“အမရာ,ကိန္နရီ, မဒီ, သမ္ဘူလ..”တို့၏ အကြောင်းကိုဖော်ထုတ်ကာ အရည်အသွေးပြည့် သစ္စာမေတ္တာရှိသည့် စံနမူနာပြ အမျိုးသမီး များဖြစ်ကြောင်း ကို တခန်းတနား ပင် ပြန်လည်ဟောပြတော်မူ ခဲ့လေသည်။ အချို့နေရာ အချို့တရားတော်များ၌ အမျိုးသမီး မကောင်းကြောင်းဟောပြောခဲ့ရခြင်းမှာ အမျိုးသားဖြစ် သည့် ရဟန်းတော်များ၏ စိတ်ကို ပြောင်းလဲပေးခဲ့ခြင်းသာ ဖြစ်၏..။


         အမျိုးသမီးများ ဘုရားပေါ်မတက်ကောင်း..သိမ်ထဲမ၀င်ကောင်း…စသည့် လွဲမှားသည့် အယူအဆ တချို့..ဘယ်ကနေ ဘယ်သို့ပေါ်လာသည်ဟု မသိပါချေ..။ အမှန်တကယ်မှာ ဗုဒ္ဓမြတ်စွာဘုရားရှင် သက်တော် ထင်ရှား ရှိစဉ်ကပင် အမျိုးသမီးများ ဘုရားရှေ့တော်မှောက် သွားရောက် ဖူးမြော်ခွင့် ရခဲ့သည် သာ..။ အမျိုးသားများနှင့် တန်းတူ အမျိုးသမီးများကိုလဲ.. “ရဟန်းမ (ဘိက္ခုနီ)..”ပြုခွင့် ပေးတော်မူ ခဲ့၏ ၊
အမျိုးသားများနည်းတူ တန်းတူအခွင့်အရေးပေးတော်မူခဲ့ခြင်းပင် ဖြစ်၏..။တချိန်က “အရှင်အာနန္ဒာ” ကိုယ်တိုင် ဗုဒ္ဓမြတ်စွာဘုရားကို မေးလျှောက်ခဲ့ဖူး၏..။
“မြတ်စွာဘုရား..အမျိုးသမီးများလဲ တရားကျင့်ရင်“သောတာပန်,သကဒါဂါမ် ,အနာဂါမ်, ရဟန္တာ..”ဖြစ်နိုင်ပါ သလား ဘုရား…” လို့ လျှောက်ထားသောအခါ.. “ဗုဒ္ဓမြတ်စွာဘုရားမြတ်စွာဘုရား”..က..
“အာနန္ဒာ…သူတို့လဲ..(အမျိုးသမီးများလဲ) အမျိုးသားများနည်းတူတရားထူးတရားမြတ်များရနိင်ပါတယ်..”ဟု ပြန်လည် မိန့်ကြား ခဲ့လေသည်..။
ဤမိန့်ကြားချက်ကိုထောက်ဆ၍အမျိုးသမီးလည်း သူတို့၏ စိတ်ပိုင်းဆိုင်ရာ စင်ကြယ်မှုနှင့်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ဖို့အတွက် အမျိုးသားများနှင့် တန်းတူပင်ဖြစ်ကြောင်း နားလည် အပ်ပေသည်..။  အမျိုးသမီးများအရေး အလေးထားတော်မူသည့်အတွက် ဗုဒ္ဓမြတ်စွာဘုရား..က.. ရဟန်းတော်များကို ဆုံးမရာ၌ပင်ယောက္ခမအိမ်ကို ရောက်ကာစ အမျိုးသမီးစိတ်ဓာတ်မျိုးဖြင့်နေရမည်ဖြစ်ကြောင်း ဥပမာပြ ဆုံးမတောမူခဲ့လေသည်..။ [( အဓုနာဂတ ၀ဓုနာသမယေန စေတသာ ၀ိဟရိဿာမ)။ အံ၊၁၊၃၉၀၊]
          ဗုဒ္ဓမြတ်စွာဘုရား..က အမျိုးသမီးထုကို.. ယောက္ခမယောင်္ကျား/မိန်းမနှင့် လင်ယောင်္ကျား ၏ ဆွေမျိုး များ ကိုလဲလေးစားစွာ ဆက်ဆံသင့်ကြောင်း အကြံပေးတော်မူခဲ့သည်..။(အံ၊သံ၊ပါ) အမျိုးသမီးထုအပေါ်ထားရှိသည့် .မြတ်ဗုဒ္ဓ၏ မဟာ ကရုဏာတော်ပေတည်း။
“သင်္ဂါလောဝါဒသုတ္တန်..”တွင်
(၁)အိမ်မှုကိစ္စနိုင်နင်းရမည်..။
(၂) လင်ယောင်္ကျားရှာဖွေထားသည့် ပစ္စည်းများကို သိမ်းဆည်းတတ်ရမည်..။
(၃)မိမိယောင်္ကျားမှတပါး အခြားအမျိုးသားတို့နှင့် အိမ်ထောင်ရေး မဖောက်ပြန်ရ..။
(၄)နှစ်ဖက်ဆွေမျိုးတို့ကို မျှမျှတတ ပေးကမ်းရမည်..။
(၅) လုပ်ငန်းကိစ္စဆောင်ရွက်ရာတွင် ပျင်းရိခြင်းမရှိ ကျွမ်းကျင်မှုရှိရမည်..ဟု
အမျိုးသမီးများ၏ လင်ယောက်ျားအပေါ်ထားရှိရမည့် တာဝန်ဝတ္တရားများကိုလမ်းညွှန်မိန့်ဆိုတော်မူခဲ့သည်..။
သာယာသောအိမ်ထောင်ရေးသည်သာ လောကအတွင်းနေစဉ်နှင့်လောကမှလွတ်မြောက်ရာကျင့်စဉ်များကို ကျင့်ကြံရာတွင်ရာနှုန်းများစွာ အထောက်အကူပြုနိင်ကြောင်း မီးမောင်းထိုးပြခြင်း..ဟုလည်း နားလည်အပ်ပါသည်..။
နူးညံ့သိမ်မွေ့သည့် နှလုံးသားပိုင်ရှင် အမျိုးသမီးများ လိမ္မာရေးခြားရှိမှ..စာရိတ္တမဏ္ဍိုင်တည့်မတ်မှ..
လောကကြီး သာယာမည့် အရေးကို မြင်တော်မူ၍ ဗုဒ္ဓမြတ်စွာဘုရားက.. ဤလမ်းညွှန်ချက်များ ကို ဟော ကြားတော် မူခြင်း လည်း ဖြစ်သည်၊
“သံယုတ္တနိကာယ်”နှင့် “ကုဏ္ဍလကေသီဇာတ်တော်”တို့တွင်အမျိုးသမီးများ..သည် အမျိုးသားများ..ထက်
“တင်္ခဏုပ္ပတ္တိဥာဏ်” (ရုတ်တရက်အခြေအနေတွင် လျှပ်တပြက်သုံးသည့် ဥာဏ်) သာလွန်ကြောင်း ဟောပြတော်မူခဲ့သည်၊ ဗုဒ္ဓမြတ်စွာဘုရားသည်..တရားတော်ကိုဟောကြားသည့်အခါရဟန်းတော်များနှင့် အမျိုးသား ဒကာများ အတွက် ဟောကြားတော်မူသလိုအခါအခွင့်သင့်ရင်အမျိုးသမီးများအတွက်လဲဟောကြားတော်မူခဲ့သည်သာ ဖြစ်၏..။တခါတရံ အကြောင်းအကျိုးပြ၍..တခါတရံအပြစ်ပြ၍ဟောတော်မူခဲ့၏..။အမျိုးသားများကို ထူးချွန်သည့် (ဧတဒဂ္ဂ) ဘွဲ့များ အပ်နှင်းသလို အမျိုးသမီးများကိုလည်း ထူးချွန်သည့်ဘွဲ့များကို အမျိုးသားများနည်းတူ အပ်နှင်းတော် မူ ခဲ့သည်..။

        “ဂေါတမဗုဒ္ဓမြတ်စွာဘုရား..”..၏ သာသနာတော်ဝယ် အမျိုးသမီးထုများထဲမှ“ထူးချွန်သည့် အမျိုးသမီးများ”ကို “ထူးချွန်သည့် အကြောင်းအရာ”အလိုက်ဆုများအပ်နှင်း၍ အသိအမှတ်ပြုတော်မူခဲ့သည်..။
“အဦးဆုံး အရင်ဆုံး သရဏဂုံတည်သူ..”ဘွဲ့ ကို
“သုဇာတာသူဋ္ဌေးသမီး”
“သာသနာတော်အတွက် အလှူဒါန်းဆုံး..”ဘွဲ့ကို
“၀ိသာခါကျောင်းအမကြီး”
“အကြားအမြင်ဗဟုသုတများသူ..” ဘွဲ့ကို
“ခုဇ္ဇုတ္တရာကျွန်မ”
“ မေတ္တာဖြင့်နေလေ့ရှိသူ..”ဘွဲ့ကို
“သာမာဝတီ မိဖုရား”
“ဈာန်ဝင်စားပြီးနေလေ့ရှိသူ..”ဘွဲ့ကို
“ ဥတ္တရာ နန္ဒမာတာ”နှင့်
“ မွန်မွန်မြတ်မြတ်ပေးလှူဒါန်းသည့်နေရာတွင် အထူးချွန်ဆုံး အမျိုးသမီး”ဆုကို
“သုပ္ပ၀ါသာ အမျိုးသမီး..”တို့အား
အသီးသီး ဘွဲ့တံဆိပ်များ အပ်နှင်း၍ ထူးချွန်သည့်အမျိုးသမီးများဖြစ်ကြောင်း သံဃာ အလယ် ပရိသတ် အလယ်တွင်ဗုဒ္ဓမြတ်စွာဘုရားကိုယ်တိုင် အသိအမှတ်ပြု ကြေငြာတော်မူခဲ့သည်..။ ၎င်းအမျိုးသမီးများ၏နောက်ခံသမိုင်းကြောင်းနှင့်ဂေါတမဗုဒ္ဓမြတ်စွာဘုရားလက်ထက် အကြောင်းအရာ များမှာလည်း ရင်သပ်ရှုမောဖွယ်ကောင်းလှသည်..။
လေးစားထိုက်ပါပေစွ..။ ဂုဏ်ယူထိုက်ပါပေစွ..။လူမိုက်တသောင်းကဲ့ရဲ့ ခံရခြင်းထက် သူတော်ကောင်း တစ်ယောက် ကဲ့ရဲ့ခံရမှာကိုကြောက်ရမည်ဟုရှေးထုံးရှိခဲ့လေသည်..။
မှန်ပါ၏.. သူတော်ကောင်းတို့ကဲ့ရဲ့ခံရခြင်းသည် မိမိအတွက် အလွန်ရှက်ဖွယ်ပင် ဖြစ်လေသည်.. ။ငြိမ်းချမ်းဖြူစင်သည့် သူတော်ကောင်းတို့ နှလုံးသားမှထွက်ကျလာသည့် စကားလုံးများသည် အမှန်တရားဖြစ်၍ အလွန်ဂုဏ်ယူဖွယ်လည်းဖြစ်လေသည်..။
ဗုဒ္ဓမြတ်စွာဘုရား..က သူ၏ လက်ယာ လက်ဝဲ အလွန်အားထားရသည့်တပည့်ကြီးများဖြစ်ကြသည့်“အရှင်သာရိပုတ္တရာ”နှင့် “အရှင်မောဂ္ဂလာန်..”တို့ကိုပင်
….. “ချစ်သားတို့ !
‘သာရိပုတ္တရာ..”သည် သင်တို့ရဲ့ မွေးမိခင်နှင့်တူသည်၊
“အရှင်မောဂ္ဂလာန်”သည် သင်တို့ရဲ့ ကျွေးမိခင်နှင့်တူလှသည်..ဟု
အမျိုးသမီးဖြစ်သည့် မိခင်များကို အလေးထားကာ တပည့်ကြီးများအား ဂုဏ်ပြုတော်မူခဲ့သည်..။
[( သေယျထာပိ ဘိက္ခဝေ ဇနေတာ ဧ၀ံ သာရိပုတ္တော၊ သေယျထာပိ ဇာတဿ အာပါဒေတာ ဧ၀ံ မောဂ္ဂလာနော-သစ္စ၀ိဘင်္ဂသုတ္တ၊မ၊၃၊၂၉၃)၊]
[အရှင်တိက္ခဥာဏာလင်္ကာရ(ယော)အရှင်သူမြတ်အား..ဤစာဖြင့်ဦးခိုက်ကြည်ညိုပူဇော်ပါသည်.]
ချမ်းသာကြပါစေ၊အေးငြိမ်းကြပါစေ၊
သံသရာဝဋ်ဆင်းရဲမှ..
လွတ်မြောက်ကြပါစေ။
ဘ၀တုသဗ္ဗမင်္ဂလာ..
(ည.ည.တ)
ကမ-္ဘာသစ်-မြန်မာ-Fan-Page

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>