ပျော်ရွှင်ချမ်းမြေ့မှုရဲ့ လျှို့ဝှက်ချက်ကို သိချင်ကြသလား
လွန်ခဲ့တဲ့ နှစ်အတန်ကြာတုန်းက တိုင်းသတင်းစာကြီးရဲ့ လူပျောက်ကြော်ငြာကဏ္ဍမှာ
အဲဒီမေးခွန်းကို မေးခဲ့ ပါတယ်။ သိချင်တယ်လို့ ပြန်ကြားတဲ့သူတိုင်းကို သတင်းစာတိုက်က
စာတစ်စောင်စီ ပြန်ပို့ပေးပါတယ်။ အဲဒီစာထဲမှာ သျှင်မက်သယူးရဲ့ ကထာနှစ်ပုဒ်ပါပါတယ်။
“တောင်းလော့၊ ထိုအရာကို ရအံ့။
ရှာလော့၊ ထိုအရာကို တွေ့အံ့။ ခေါက်လော့၊ တံခါးပွင့်အံ့။ တောင်းသောသူတိုင်းသည် ရကြကုန်၏။
ရှာသောသူတိုင်းသည် တွေ့ကြကုန်၏။
ခေါက်သောသူတိုင်းသည် တံခါးပွင့်ကြကုန်၏” လို့ရေးထားပါတယ်။
ချမ်းမြေ့ပျော်ရွှင်မှုရဲ့ သော့ချက်ဟာလည်း ဒီအတိုင်းပါပဲ။
ပန်ဒိုရာရဲ့ ကြုပ်အောက်ဆုံးမှာ မျှော်လင့်ချက်ရှိတယ်လို့ ရှေးလူကြီးတွေက ပြောခဲ့ကြတယ်။
အဲဒီမျှော်လင့်ချက်ကို မတွေ့ခင်တုန်းကတော့ မကောင်းဆိုးဝါးတွေ အများကြီးပေါ့။ နောက်ဆုံး
မကောင်းဆိုး ၀ါးတွေ ထွက်ပြေးကုန်ကြတော့မှ မျှော်လင့်ချက်ကိုတွေ့တာ မဟုတ်လား။
မိတ်ဆွေချစ်ကြည်မှုကို ရှာတဲ့သူဟာ မိတ်ဆွေကို တွေ့မှာပဲ။ အလားတူပဲ ပျော်ရွှင်မှုကို တကယ်
လိုလို ချင်ချင်ရှာရင် ပျော်ရွှင်မှု ကို တွေ့မှာပဲ။
ခပ်ငယ်ငယ်တုန်းကတော့ ကျွန်တော်တို့တစ်တွေဟာ ဖြေလို့မရတဲ့ မေးခွန်းတွေကို မေးခဲ့ကြတာပေါ့။ ငါ့အချစ်နဲ့ထိုက်တန်တဲ့ ပြည့်စုံတဲ့ သူတစ်ယောက်ကို ဘယ်မှာများ ရှာရပါ့မလဲ။ ငါ့ယုံကြည်မှုနဲ့
ထိုက်တန် တဲ့ မိတ်ဆွေတစ်ယောက်ကို ဘယ်မှာများ တွေ့နိုင်ပါ့မလဲ။ ငါ့တိုင်းပြည်ရဲ့ ငြိမ်းချမ်းမှုနဲ့
ပျော်ရွှင်မှု ကို ပေးနိုင် တဲ့ တရားဥပဒေတွေကို ဘယ်မှာများ တွေ့နိုင်ပါ့မလဲ။
ငါကိုယ်တိုင်ကော ငါ့ပျော်ရွှင်ချမ်းမြေ့မှုကို ဘယ်လိုများ ရှာလို့ရနိုင်ပါ့မလဲ။ ပြဿနာကို ဒီလို
လိုက်ရှာနေတဲ့သူအဖို့တော့ ဘယ်တော့မှ ရှာလို့တွေ့နိုင်မှာ မဟုတ်ပါဘူး။
ဒီပြဿနာရဲ့ မေးခွန်းတွေကို ဒီလိုမမေးလို့ ဘယ်လိုမေးရမလဲ။ ငါ့လို အားနည်းချက်ရှိတဲ့လူတွေကို
ဘယ်မှာများ ရှာလို့တွေ့နိုင်ပါ့မလဲ။ လူမျိုးတစ်မျိုးရဲ့ တည်ရှိမှုအတွက် ရှားပါးတဲ့ အရည်အချင်းတွေဟာ ဘာတွေများပါလိမ့်။ ငါ့ရဲ့ခွန်အားနဲ့ ငါ့ရဲ့အချိန်ကို ဘယ်အလုပ်မျိုးမှာ အသုံးချရပါလိမ့်။
ငါရနိုင်တဲ့ ပျော်ရွှင်မှုမျိုးဟာ ဘယ်လိုပျော်ရွှင်မှုမျိုးပါလိမ့်။ ဘယ်သူ့အချစ်နဲ့မှ ငါပျော်ရွှင်မှုရနိုင်ပါလိမ့်။
လူတွေရဲ့ အရေးကိစ္စတွေဟာ အမြဲတမ်း ဟန်ချက်ညီနေတာမဟုတ်ပါဘူး။ ယုံကြည်မှု၊
ဥာဏ်အမြှော်အမြင်၊ အနုပညာ စသည်တို့ကြောင့် တစ်ချိန်တစ်ခါမှာ ဟန်ချက်ညီမှုကို
ရနိုင်တာမှန်ပါရဲ့။ နောက်တော့ ပြင်ပ သြဇာတွေနဲ့ စိတ်အလိုဆန္ဒက အဲဒီ့ဟန်ချက်ညီမှုကို
ဖျက်ဆီး ပစ်လိုက်တော့တာပါပဲ။ အဲဒီအခါကျတော့ ကိုယ်ဟာ ကျောက်ဆောင်ကြီးကို နောက်တစ်ခါ
ပြန်တက်ရပြန်ရော။
တကယ်တော့ အဲဒီလို သတ်မှတ်ထားတဲ့ နေရာတစ်ခု (ဟန်ချက်ညီမှု)ရဲ့ ပတ်ပတ်လည်မှာ
ယိမ်းလိုက်၊ ယိုင်လိုက်၊ တည့်မတ်သွားလိုက်နဲ့ သွားနေတာကိုက ဘ၀ပါပဲ။
ဒီလိုနေရာတစ်ခုရှိတယ်လို့ သိထား တာကိုက ပျော်ရွှင်မှုပါပဲ။
အပြင်းထန်ဆုံးဆိုတဲ့ အချစ်မှာ မရေတွက်နိုင်တဲ့ သေးဖွဲတဲ့ ပဋိပက္ခကလေးတွေရှိပြီး
သစ္စာရှိခြင်းဆိုတဲ့ အရာက အဲဒီ ပဋိပက္ခကလေးတွေကို ဖြေရှင်းပေးသွားပါတယ်။
အလားတူပဲ၊ ပျော်ရွှင်မှု ဆိုတာဟာလည်း ရုန်းကန်မှုတွေ၊ အရှုံးတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး
မျှော်လင့်ချက် က ဆယ်ယူထားရတဲ့ အရာဖြစ်ပါတယ်။ ။
မြသန်းတင့် (ဘ၀နေနည်း အနုပညာ)
Andre Maurois(The Art Of Living)
Posted by Cho Mon Than
No comments:
Post a Comment