2 3 4 5 6 7 8 9 10

Tuesday, January 17, 2012

အမေရိကန် ပြည်ထောင်စုက စာကလေးတစ်စောင်



အမေရိကန် ပြည်ထောင်စုက စာကလေးတစ်စောင် 



             ဆောင်ပုဒ်ကလေးတစ်ခုဆိုတဲ့ ခေါင်းစဉ်နဲ့ရေးခဲ့တာ အမှတ်-၅ထိအောင် ရောက်သွားခဲ့တယ်။ တာဝန် ဆောင်နိုင်ခြင်းသည် စွမ်းရည်ဆိုတဲ့ နောက်ဆုံးဆောင်းပါးမှာ သမိန်ဗရမ်း အကြောင်းကို ရေးခဲ့တယ်။ နောက်ထပ်ပြီး ဘုရင့်နောင်အကြောင်းကိုရေးဖို့ သမိုင်းတွေ၊ အရေးတော်ပုံ ကျမ်းတွေကို ပြန်ပြီးဖတ်နေမိသေးတယ်။ အလွန့်ကို ကျယ်ဝန်းခမ်းနား လွန်းတာကြောင့် လက်တွန့်နေမိတယ်။ သမိန်ဗရမ်း တာဝန်ဆောင်နိုင်တာက လက်ရုံးရည်နဲ့ သတ္တိမဟုတ်လား။ ဘုရင့်နောင်ကတော့ လက်ရုံးရည်သာမက စစ်ရေး၊ နိုင်ငံရေး၊ ဘာသာရေး၊ အုပ်ချုပ်ရေး စသည်အားဖြင့် နယ်ပေါင်းစုံ ထက်မြက် ထူးချွန်ခဲ့တာကိုး။ ဒီတော့ ဒီလိုမျိုးဆောင်းပါးတိုကလေးနဲ့ ဘယ်လိုကိုင်တွယ်ရမှန်းမသိအောင် ဖြစ်သွားခဲ့တယ်။ ဒါ့ကြောင့်နောက်မှပဲ တစ်မျိုးတစ်ဖုံ ရေးတော့မယ်လေဆိုပြီး ကျော်လွှားလိုက်ရပါတယ်။ 
              ဒီတော့မှ လွန်ခဲ့တဲ့ တစ်လလောက်က ရောက်လာတဲ့ အမေရိကမှာ ပညာသင်နေတဲ့ သမီးငယ်လေး တစ်ယောက်ဆီက စာကိုပြန်လို့ သတိရမိတယ်။ ပြန်ပြီးဖတ်ကြည့်လိုက်တော့ ဆောင်ပုဒ်ကလေးတစ်ခု အကြောင်းဖြစ်နေတာကို တွေ့ရတယ်။ ဒါ့ကြောင့် သူ့စာလေးကိုပဲ ရေးမယ်လို့ ဆုံးဖြတ်လိုက်တယ်။
 
              ဖြစ်လာပုံက ဒီလိုပါ။ လွန်ခဲ့တဲ့ ဆယ့်လေးငါးနှစ်က ဆယ်တန်း ကျောင်းသားတစ်စုကို မြန်မာစာ သင်ပေးခဲ့ရတယ်။ ဝိုင်းကျူရှင်ဆိုပါတော့ကွယ်။ ဝိုင်းဖွဲ့ရာအိမ်က မိသားစုနဲ့ အလွန်ပဲ ရင်းနှီးသွားခဲ့ပါတယ်။ သူတို့ထဲက အစ်ကိုအကြီးဆုံးက ဝိုင်းခေါင်း ဆောင်ဖြစ်နေတာပေါ့လေ။ အဲဒီအချိန်မှာ သမီးလေးက သုံး၊လေးတန်း လောက်ထင်ပါရဲ့။ ဂါဝန်ကလေးနဲ့။ သူနဲ့လဲ စကားစမြည်လေး ပြောလိုက်၊ ဆိုလိုက်ရှိခဲ့ဖူးတယ်။ အမူအယာ အပြောအဆို အလွန်ရည်မွန် ချက်ချာတာကြောင့် ချစ်စရာကလေး ငယ်လို့ အောက်မေ့ခဲ့မိတယ်။
 
              ဒါနဲ့ အတော်ကြာ အဆက်ပြတ် နေရာက သူ့အစ်ကိုကြီးက ညီမလေးကို ခေါ်ပြီးငါ့ဆီကို ရောက်လာပြန်တယ်။ ဒီအခါမှာ သူက ကိုးတန်းရောက်နေပြီ။ အပျိုပေါက်ကလေးပေါ့။ အဲဒီနောက် အဆက်အသွယ် ပြတ်သွားပြန်ပါရော။ လွန်ခဲ့တဲ့တစ် လလောက်ကတော့ သူ့အစ်ကိုကြီး ရောက်လာပြန်တယ်။ ''ညီမလေးက ဆရာကြီးဆီ စာတစ်စောင်ရေးလိုက်တယ်''တဲ့။ ဒီတော့မှ ဒီကလေးမ အမေရိကမှာ ဘွဲ့လွန်သင်နေတယ် ဆိုတာကို သိရတော့တာပဲ။
              စာကိုဖတ်ကြည့်လိုက်တော့ မျိုးဆက်သစ်တိုးတက်ရစ်ဖို့ ကဏ္ဍအတွက် အလွန်ကို ဆီလျော်နေတာ တွေ့ရတယ်။ စာက အင်္ဂလိပ်လို ကွန်ပျူတာစာစီပြီးရေးထားတာပါ။ ကွန်ပျူတာကို သုံးတာများလာရင် လက်ရေးမှာ မသွက်တော့တာ ငါ့ကိုယ်တွေ့ပါပဲ။ ကွန်ပျူတာပဲ သုံးချင်နေတော့တာပဲ။ အင်္ဂလိပ်လိုရေးတာကတော့ သူတို့ဆီမှာ မြန်မာ အက္ခရာထည့်ဖို့ အခက်အခဲရှိမယ် ထင်တယ်။ ရှိပြန်ရင်လဲ မြန်မာလက် ကွက်နဲ့ရိုက်ရတာ အလွန်ကိုခက်တယ်။ ဒါကြောင့် အင်္ဂလိပ်လိုပဲရေး လိုက်တာ ဖြစ်ပါလိမ့်မယ်။
 
              ဒါနဲ့ သူ့စာကိုဖတ်ပြီးတော့ သူ့အစ်ကိုကြီးကို မြန်မာပြန်ပြီး သုံးချင်ကြောင်း ပြောလိုက်မိတယ်။ လေး၊ ငါးရက်ရှိတော့ သူ့အစ်ကိုကြီးဖြစ်တဲ့ ငါ့တပည့်က''ညီမလေးကပြောတယ်၊ သုံးချင်သုံးပါ။ ဒါပေမယ့် သူ့နာမည် တော့မဖော်ပြပါနဲ့''တဲ့။ အဲဒါကြောင့် နာမည်ကိုတော့ မဖော်ပြတော့ပါဘူး။ သမီးလေးရေးတာကို ဖတ်ကြည့်စမ်းပါ။ သူ့အာဘော်နဲ့လေသံ ပါနိုင်သမျှ ပါအောင် ကြိုးစားပြီး မြန်မာပြန်လိုက်ပါတယ်။
ရိုသေစွာ စာရေးလိုက်ပါတယ်
             ကျေးဇူးရှင်ဆရာကြီးရှင့်-
              ဒီစာကိုရလိုက်တော့ ဆရာကြီး အံ့အားသင့်သွားလိမ့်မယ်ထင်ပါတယ်။ တစ်ခါတုန်းက ဆရာကြီး စာသင်ပေးခဲ့ဖူးတဲ့ တပည့်တွေရဲ့ ညီမလေးတစ်ယောက်ဆီက ဒီလိုစာမျိုး ရလိမ့်မယ်လို့ ဆရာကြီးတွေးမိမယ် မထင်ဘူး။ ဒီစာကို ကောက်ကာငင်ကာ ရေးလိုက်ရတဲ့ရည်ရွယ်ချက်ကတော့ ဆရာကြီးရဲ့ ကျေးဇူးကို ဖော်ပြချင်တဲ့ဆန္ဒအပြင် ဆရာကြီးရဲ့ စာအုပ်တွေနဲ့ စကားတွေက သမီးကို ဖန်တီးသွန်းလောင်းလိုက်ပုံကို ဖော်ပြချင်လို့ပါပဲ။ သမီးဒီနေ့ ဒီပုံဖြစ်လာရတာ ဆရာကြီးကျေးဇူးပါ။ သမီး အမေရိကန်ပြည်ထောင်စုကို ပညာတော်သင်အဖြစ် ရောက်လာခဲ့နိုင်တာကြောင့် ကျေးဇူးတင်တာမဟုတ်ပါဘူး။ ဒီလိုပဲ ရိုးရိုးသားသားရော၊ မရိုးမသားရော၊ တရားဝင်ရော၊ တရားမဝင်ရော ရောက်လာကြတာတွေ တစ်ပုံကြီးပါပဲ။ ပြည်ပရောက်လာပြီး တဲ့နောက် သမီးရှက်မိတဲ့အကြောင်းတွေလဲ အများကြီးပါပဲ။
 
                 ဒါဖြင့်သမီးက ဆရာကြီးကို ဘာကြောင့် ကျေးဇူးတင်နေတာလဲဆိုရင် ဆရာကြီးနဲ့ ခဏတဖြုတ်ကလေး စကားပြောလိုက်ရတာရယ်၊ ဆရာကြီးရဲ့ စာအုပ်တွေနဲ့ အဆိုအမိန့် တွေရယ်ကြောင့်ပါပဲ။ သမီးမှတ်မိသလောက် ကိုးတန်းနှစ်မှာ သမီးတို့ အစ်ကိုကြီးနဲ့အတူ ဆရာကြီးဆီ ရောက်လာခဲ့ဖူးပါတယ်။ ဆရာကြီးက သမီးကိုမေးတယ်လေ ''သမီးမှာ ချစ် သူရှိနေပြီလား''တဲ့။ ဒီတော့သမီးက မရှိသေးပါဘူးလို့ပြောလိုက်တယ်။ ဒီတော့ ဆရာကြီးက အခုမရှိလဲ တစ်နေ့ရှိလာမှာပဲလို့ ဆက်ပြောပါတယ်။ ပြီးမှ ဆရာကြီးက ခပ်တိုးတိုးလေး ဆက်ပြောပါတယ်။ သမီးတစ်နေ့နေ့မှာ ကိုယ်နှစ်သက်တဲ့ ယောက်ျားလေး တစ်ယောက်ယောက်ကိုတွေ့ခဲ့ရင် သူဟာတာဝန်သိတတ်သလား။ တာဝန်ယူဝံ့တဲ့သတ္တိရှိသလား။ တာဝန်ဆောင် နိုင်တဲ့စွမ်းရည်ရှိသလား ဆိုတာကို သေချာလေ့လာပါသမီးတဲ့။ ဒီတုန်းကတော့ ဒီစကားတွေရဲ့ အတိမ်အနက် ကို သေသေချာချာ မသိခဲ့တာ အမှန်ပါပဲ။ ဒါပေမယ့် သမီးရေးပြီးမှတ် ထားလိုက်ပါတယ်။ ဒီနေ့တော့ဖြင့် ဒီစကားတွေဟာ သမီးရဲ့နားထဲမှာ အကြိမ်ကြိမ်အထပ်ထပ် ပဲ့တင်ခတ်နေပါပြီ။ ဆရာကြီးက တာဝန်လို့ ပြောစဉ်က အများသူငါ နားလည်ကြသလို (မိသားစုတာဝန်၊ ဆရာ၊ တပည့်တာဝန်)ဆိုတာမျိုး ခပ်ပေါ့ပေါ့သာ နားလည်ခဲ့မိကြောင်း ခုတော့ သမီးသဘောပေါက်လာခဲ့ပါပြီ။ တကယ်ဆိုတော့ ဆရာကြီးပြောတဲ့ တာဝန်ဆိုတာက လူအများ အမှတ် မထင်မေ့နေတတ်ကြတဲ့ သို့မဟုတ် မေ့ချင်ယောင်ဆောင်နေကြတဲ့ ပြည်သူ ပြည်သားကောင်းတို့ရဲ့ တာဝန်ဖြစ်ကြောင်း သမီးသိလာခဲ့ပါပြီ။ ဆရာကြီးက သတိပြုမိချင်မှ ပြုမိမှာဖြစ်ပေမယ့် သမီးရဲ့ ရင်ထဲမှာ တာဝန်သိစိတ်ကို စိုက်ပျိုးပေးလိုက်တဲ့ ဆရာကြီးကို ကျေးဇူးတင်လှပါတယ်။
 
                 အမေရိကမှာ ပညာသင်နေရင်း ပြည်ပမှာ ပညာသင်ရတဲ့အတွက် ဖြစ်ပေါ်လာတတ်တဲ့ ကောင်းကျိုးဆိုးကျိုး တွေကိုလဲ ခွဲခြားသိတတ်လာပါပြီ။ ကောင်းကျိုးတွေကို အလွယ်တကူမြင်သာပေမယ့် ဆိုးကျိုးတွေကိုတော့ ရုတ်တရက် သတိမပြုမိကြတာများပါတယ်။ များသောအားဖြင့် ကျောင်းသားတွေဟာ အမေရိကမှာ ရုပ်ဝတ္ထုပစ္စည်းတွေရဲ့ သားကောင် ဖြစ်သွားကြတာများပါတယ်။ သမီးတို့အရွယ်ဟာ ပြည်ပကို ထွက်ဖို့အတွက် ငယ်နုလွန်းသေးတယ်လို့ထင်ပါတယ်။ ဒါကြောင့် အနောက်တိုင်းယဉ်ကျေးမှုထဲမှာ အလွယ်တကူ နစ်မွန်းသွားတတ်ကြပါတယ်။ သမီးကို ခေတ်နောက်ပြန်တယ်၊ ခေတ်ဆန်လွန်းတယ် စသည်ဖြင့် မထင်စေချင်ပါဘူး။ သမီးကမယုတ်မလွန် ကျင့်သုံးချင်တဲ့သူပါ။ အခုရှေ့ဆက် ပြီးပြောမှာတွေက ဆရာ့အတွက် ကြားရခက်တဲ့ သတင်းဆိုးတွေ ဖြစ်ချင်ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် ဆရာရော၊ သမီးအတွက်ရော၊ သမီးတို့လို လူငယ်တွေအားလုံး အတွက်ရော ကိုယ်ချစ်တဲ့ကိုယ့်တိုင်းပြည်အတွက် လုပ်ဆောင်ဖို့ သိသင့်တဲ့ အချက်တွေပါ။
 
                နိုင်ငံခြားမှာ ပညာသင်ဖို့ဆိုတဲ့ မဟာအခွင့်အရေးကြီးအတွက် တစ်ဦးချင်းကရော၊ တစ်မျိုးသားလုံးကပါ ပေးလိုက်ရတာတွေက မနည်းပါလားဆရာကြီးရယ်။ သမီးသိသလောက် ကျောင်းသားတွေဟာ ကိုယ့်ကောလိပ်ကလေးတစ်ခုမှာ ခေါင်းမဖော်နိုင်အောင် ကြိုးစားနေရတယ်ဆိုတဲ့ ဆင်ခြေနဲ့ ကိုယ့်တိုင်းကိုယ့်ပြည်ကိုမေ့ပြီး ကိုယ်နဲ့မဆိုင်တော့သလို သဘောထားနေကြတယ်။
                 တကယ်ဆိုတော့ သမီးတို့က ဦးဆောင်ဦးရွက်ပြုသူတွေရဲ့ ချွတ်ချော်ချက်တွေကိုသာ ပုံကြီးချဲ့ ပြောနေကြပြီး နောက်လိုက်တွေရဲ့ ချွတ်ယွင်းချက်တွေကို ပြောဖို့တော့ မေ့နေကြတယ်။ ရိုးရိုးရှင်းရှင်းလေး စဉ်းစားကြည့်လိုက်ရင် သမီးတို့ပြည် သူတွေရဲ့ ပညာရေးကိုမြှင့်ဖို့ လိုအပ်နေပြီ။ သိပ္ပံပညာတို့၊ သက်မွေးဝမ်း ကျောင်းပညာတို့ကို ဆိုလိုတာမဟုတ်ပါဘူး။ အမျိုးသား အရည်အသွေး၊ အမျိုးသားသတ္တိ၊ အမျိုးသားတာဝန် သိစိတ်တွေကို ဆိုလိုတာပါ ဆရာ ကြီး။
 
                 သူတို့က မြန်မာပြည်မှာ ဘာမှ လုပ်စရာမရှိဘူး ဆိုတာမျိုး ပြော တတ်ကြတယ်။ တကယ်ဆိုတော့ လုပ်စရာတွေ အများကြီးရှိနေပါလျက် သူတို့လုပ်ချင်တာကို ရှာမတွေ့တာ ရယ်၊ လုပ်ချင်စိတ် မရှိတာရယ် ကြောင့်ပါ။
 
                ဆရာကြီးက သမီးတို့ မျိုးဆက်သစ်တွေကို အနာဂတ်ရဲ့ ခေါင်းဆောင်တွေလို့ အမြဲတမ်းယုံကြည် အားထားတယ်နော်။ သမီးရဲ့ အတွေ့အကြုံတွေအရ သိသမျှကို ပြောလိုက်ရတာပါ။ ပြည်သူပြည်သားကောင်းရဲ့ အရည်အသွေးနဲ့ တာဝန် သိတတ်မှုဆိုတာတွေကို ဆရာကြီးရဲ့ စကားတွေကြောင့် သမီးသိလာခဲ့ရ တာပါ။
               ဒီစာကိုဖတ်ပြီး သမီးလေးတစ်ယောက်ရဲ့ ရင်ထဲကို ပြည်သူ့သမီးကောင်းစိတ်ဓာတ် သွင်းပေးနိုင်ခဲ့ပါကလားလို့ ဆရာကြီး ဝမ်းမြောက်အားတက်စေချင်ပါတယ်။ အားရှိစေချင်တယ်။ ဘာကြောင့်လဲဆိုတော့ သမီးလိုပဲ အခြားသော မျိုးဆက်သစ် တွေကို စိတ်ဓာတ်အမွေပေးဖို့ ဆရာကြီးမှာ ခွန်အားလိုအပ်တယ်မဟုတ်လား။ ဆရာကြီးမှာ တစ်ကိုယ်တော် ဖြစ်မနေစေရပါဘူး။ တိုင်းတစ်ပါးက ပညာယူလာပြီး ဆရာကြီးနဲ့အတူ ကိုယ့်တိုင်း ကိုယ့်ပြည်ကို သမီးလဲ အလုပ်အကျွေးပြုမှာပါ။ စိတ်ချပါဆရာကြီး။ ဆရာကြီးတစ်ကိုယ်တော် မဟုတ်ပါဘူး။ တိုင်းပြည်တာဝန်ကို တတ်စွမ်းသမျှ ထမ်းဆောင်နေကြတဲ့ လူငယ်တွေလဲ (နည်းစေဦးတော့) ရှိနေကြတယ်။ ပြည်ပက ပညာယူပြီး ပြန်လာကြမယ့် လူငယ်၊ ပြည်တွင်းမှာပဲ ကျရာနေရာက အမှုတော် ထမ်းနေကြတဲ့ လူငယ်တွေလဲ ရှိနေကြပါသေးတယ်။
 
              သမီးအတွက် အကြီးမြတ်ဆုံး ဆရာဖြစ်တဲ့ ဆရာကြီးကို မိုင်ပေါင်းထောင်ချီပြီးဝေးတဲ့နေရာက လှမ်းပြီး ရိုသေစွာ ကန်တော့လိုက်ပါတယ်။
 
               မေတ္တာခွန်အားတို့ဖြင့်-
               သမီး
               အဲဒါပါပဲမောင်တို့ရာ။
              မျိုးဆက်သစ်တိုးတက်ရစ်ဖို့ကို စပြီးရေးကတည်းက အများကြီး မျှော်မှန်းမထားခဲ့ပါဘူး။ တစ်ယောက်ရလဲအမြတ်၊ နှစ်ယောက်ရလဲအမြတ်လို့သာ သဘောထားခဲ့ပါတယ်။ ခုတော့ဖြင့် သမီးလေး အားပေးလိုက် တာကြောင့် ဆရာကြီးလဲ အားတက် သွားရပြန်ပါတယ်။ 
 

အောင်သင်း


Facebook Page 

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>