တကယ်တမ်းကျတော့လည်း လူ့ဘ၀ကဆန်းကြယ်လှပါတယ်။ ကိုယ်လိုချင်တာလေး တခုရဖို့ရင်းလိုက်ရတာလည်း အများကြီး။ တခါတခါလည်း ဆန်းစစ်မိသေးတယ်။ ငါဘာလိုချင်တာလဲ။ ငါဘာဖြစ်ချင်တာလဲ။ငါဘာဖြစ်သင့်သလဲ စသည်ဖြင့်ပေါ့။
အဓိက အရေးကြီးဆုံးကတော့ ငါဘာကောင်လဲ ဆိုတာ သိဖို့အရေးကြီးဆုံးပါ။ ကိုယ့်ကိုယ်ကိုမှ မသိရင် ကိုယ့်ကိုယ်ကိုမှ မဆင်ခြင်နိုင်ရင် ကိုယ့်ရဲ့ရည်ရွယ်ချက်တွေလည်း ပျောက်ကွယ်သွားတတ်ပါတယ်။ ငါအဖြစ်ချင်ဆုံးကို ပြောဖို့မလွယ်ပါဘူး။ ငါအဖြစ်သင့်ဆုံးကိုဘဲ စဉ်းစားသင့်တာပါ။
ဆယ်တန်းကျောင်းသား တစ်ယောက်အတွက် ငါဆယ်တန်းကို အောင်မှဖြစ်မယ်ဆိုတာဘဲ တွေးသင့်ပါတယ်။ ဒါလေးက ဘာမှမဟုတ်တဲ့ကိစ္စလို့ မထင်စေချင်ဘူး။ ဆယ်တန်းထိကျောင်းထားလာတဲ့မိဘတွေရဲ့ကုန်ကျစရိတ်၊သူတို့တွေဖြစ်ချင်တဲ့ ပညာတတ်ဘ၀၊သူတို့မှာ သားသမီးတစ်ယောက်ထူးချွန်အောင် မပြည့်စုံလို့ မဖြည့်ဆည်းနိုင်ပေမဲ့ သာမန်ဘွဲ့ရ ပညာတတ် တစ်ယောက်တော့ ဖြစ်စေချင်ကြမှာဘဲ။ ဒီထက်ပြည့်စုံတဲ့ မိသားစုကပေါက်ဖွားလာရင် ဖြည့်ဆည်းမှုလည်းပေးနိုင်ရင် ရည်ရွယ်ချက်လည်း ပိုလို့ကြီးမားမှာ အမှန်ပါ။ ဒါကမိဘတွေရဲ့ အပိုင်း သူတို့က ပြည့်စုံအောင် ဘာမှလုပ်မပေးဘူး လို့ ထင်နေတဲ့ လူငယ်အများစုလည်း ရှိပါသေးတယ်။ ဒါက လုံးဝမှားယွင်းပါတယ်။ ဒီလို အတွေးမျိုးကို ရှိမနေသင့်ပါဘူး။ ဒီလို အတွေးတွေရဲ့ဆိုးကျိုးတွေကို ဆယ်တန်းကို ရောက်ပြီးမှ မအောင်မြင်လို့ အလုပ်ဝင်တဲ့အခါ ခြေတစ်လှမ်းနောက်ဆုတ်ပေးရဖို့ ပြင်ဆင်ထားရတော့မယ်လေ။
အလုပ်ခေါ်စာတွေမှာ ပညာအရည်အချင်း လုပ်ငန်းအတွေ့အကြုံ စတဲ့အလုပ်တွေအတွက် အရည်အချင်းတွေနဲ့ခေါ်လေ့ရှိပါတယ်။ လုပ်နိုင်ပါလျက် အလုပ်လဲ လိုချင်ပါလျက်နဲ့ စတင်ပြီး မဆိုင်သလိုနေကြရပြီ။ ကိုယ်နဲ့သက်တူရွယ်တူ တစ်ယောက်နဲ့ အလုပ်ခွင်ထဲမှာ တွေ့ကြပြီဆိုပါတော့။ ဒီလူက ဘွဲ့ရပညာတတ်ဖြစ်နေမယ် ကိုယ်ကဆယ်တန်းမအောင်ခဲ့ဘူးဆိုပါတော့ ဘာဘဲဖြစ်ဖြစ် ဒီလူကို မကြည်ညိုမလေးစားရင်တောင် ဆယ်တန်းကိုအောင်မြင်အောင်ဖြေခဲ့လို့ ပညာတတ်ဘွဲ့ရဖြစ်ခဲ့တာပါလားလို့ဘဲ တွေးသင့်တာပါ။ ။
လူတစ်ယောက်အတွက် အတွေးအခေါ်ဆိုတာ လိုအပ်ပါတယ်။ စံနမူနာလည်းလိုပါသေးတယ်။ အတွေးအခေါ်တွေက မှန်ကန်သလို ဆုံးဖြတ်ချက်တွေလည်း မှန်ကန်ဖို့လိုပါတယ်။
လူတစ်ယောက် တိုးတက်ဖို့အရေးကြီးဆုံးက အချိန်တွေကိုအသုံးချခြင်းပါဘဲ။ ဘ၀က မတိုးတက်ဘူး ဘာဖြစ်လို့လဲဆိုတာ စဉ်းစားဖို့လိုပါတယ်။ တက်ကြွစွာကြိုးစားရုန်းကန်ရမဲ့အချိန်မှာ ပျင်းရိစွာ အိပ်နေခဲ့တာတွေ လက်ဖက်ရည်ဆိုင်ထိုင်ပြီး အချိန်တွေဖြုန်းတီးခဲ့တာတွေ အလုပ်လုပ်နေရင်တောင် တာဝန်ကျေရုံဘဲ လုပ်ခဲ့တာတွေက ကိုယ့်ဘ၀ကိုကိုယ် ထိုးနစ်သလိုပါဘဲ။ ။
ဒါကြောင့် ငယ်ငယ်ကတဲက ကိုယ့်ကိုယ်ကို မောင်းပါ။ ကိုယ့်ကိုယ်ကို မောင်းရမှာ သနားရင် ကြီးလာရင်သူများမောင်းတာခံရမယ်။ အဲ့ဒီအချိန်ကျမှ နောင်တမရစေချင်ဘူး။ ကိုယ်တိုင်အားနာနေရင်တော့ သူ့တပါးကတော့ အားနာမှာမဟုတ်ဘူး။ အလုပ်ခွင်မှာ အဆင်ပြေအောင်မလုပ်နိုင်ရင် အဆင်ပြေတဲ့သူနဲ့ အစားထိုးခံရလိမ်မယ်ဆိုတာ နှလုံးသွင်းထားပါ။
အလုပ်ကြိုးစားလုပ်တယ် မတိုးတက်ဘူးဆိုရင် တခုခုတော့လိုအပ်နေတယ်ဆိုတာ စဉ်းစားသင့်ပါတယ်။ ပေါင်းသင်းဆက်ဆံရေးဘက်မှာလည်း အားနည်းလို့မရပြန်ဘူး။ အဓိကကတော့ ကိုယ်လိုချင်တာကို တဖက်သား နားလည်လက်ခံနိုင်အောင် လိုက်လျောနိုင်အောင် နားဝင်အောင်ပြောဖို့ စကားပြောတတ်အောင်လည်း လေ့လာမှုတွေလည်း လိုအပ်နေပါသေးတယ်။ ဘက်စုံထူးချွန်ဖို့ဆိုတာ မလွယ်ပေမဲ့ ကိုယ်က ဖြစ်အောင်ကြိုးစားဖို့က ကိုယ့်ရဲ့တာဝန်ပါ။ စာများများဖတ်တဲ့အခါ စကားလုံးတွေအတွက် ခွန်အားဖြစ်စေပါတယ်။ စာဖတ်ရင်လည်း သုတကော ရသကောဖတ်သင့်ပါတယ်။ သုတတွေပြည့်စုံပေမဲ့ တဖက်သားကိုနားလည်လက်ခံနိုင်အောင် တဖက်သားရဲ့စိတ်ကို ခံစားတတ်အောင် ရသစာပေတွေကလည်းအထောက်အကူပြုနိုင်ပါတယ်။
ဘာသာရေးဘက်မှာလည်း လေ့လာသင့်ပါတယ်။ဘာသာတရားကိုသိသူဟာ အကုသိုလ်ကိုကြောက်တယ်။ အကုသိုလ် ကို ကြောက်ရင် အမှားနည်းမယ် အမှားနည်းသူဟာ အပြစ်ကင်းနိုင်တာပေါ့။ ငယ်ရွယ်ချိန်မှာ သမထတွေကို စိတ်ရောကိုယ်ပါမလုပ်နိုင်ရင်လည်း စိတ်နဲ့တော့လုပ်ရပါမယ်။ စိတ်က အရာရာရဲ့ပဲ့ကိုင်ရှင်ပါ။ လူတစ်ယောက်အတွက် အဖြစ်ပျက်တွေကို တွေးတာ ဆင်ခြင်တာ တွန်းအားပေးတာ ကြောက်ရွံတာ အရာအားလုံးဟာ စိတ်ကြောင့်ဖြစ်ရတာချည်းပါဘဲ။ စိတ်ကိုသာ ပြုစုပျိုးထောင်ပါ။ စိတ်က ဆုံးဖြတ်ချက်တခုကို သံသယကင်းကင်း အမှားအယွင်းမရှိ ချမှတ်နိုင်ပြီဆိုရင် ဒီလူဟာ လူတော်တစ်ယောက် ဖြစ်လာပြီလို့ ယူဆလို့ရပါပြီ။
လူတိုင်း စိတ်ကိုလှပသော ရနံ့သင်းသော လန်းဆန်းသော ပန်းကဲ့သို့ ဖြစ်အောင် ပြုစုပျိုးထောင်နိုင်ပါစေ။ ။
လေးစားစွာဖြင့်
ကိုလင်း
1 comment:
this composed is very nice...
Post a Comment