Beauty is serene and at the same time exhilararing; it increases one's sense of being alive.
အလှတရားဟာ ငြိမ်သက်အေးချမ်းမှုရှိတယ်။
တစ်ချိန်တည်းမှာပဲ စိတ်ကို ရွှင်လန်းစေတယ်။
ရွှင်မြူးစေတယ်။ ပြီးတော့ အသက်ရှင်နေထိုင်တယ်ဆိုတဲ့
ခံစားမှုကိုလည်း ပိုပြီးအားကောင်းစေတယ်။
အလှအပကို မမြင်ရ မခံစားရတဲ့နေ့ဟာ ခြောက်သွေ့တဲ့
နေ့ပဲဖြစ်တယ်။
လောကကြီးကို ကြည့်တဲ့အခါမှာ လွတ်လပ်တဲ့စိတ်နဲ့
ကြည့်တတ်ဖို အင်မတန်အရေးကြီးပါတယ်။
လှတဲ့စိတ်နဲ့ကြည့်မှ လှတာကို မြင်နိုင်မှာပါ။
လှပပြီးအေးချမ်းတဲ့နေရာမှာ လမ်းလျှောက်ရတာဟာ
ကျန်းမာရေးအတွက် အကောင်းဆုံးဆေးဖြစ်ပါတယ်။
ကျန်းမာမှုဟာ လှပမှုအတွက်အရေးပါဆုံးအချက်
လည်းဖြစ်ပါတယ်။
ဆောင်းမနက်စောစော ဆိုတော့နှင်းကလေးတွေ
ကျနေတဲ့ အချိန် ရေကန်လေးဆီကို လာတဲ့ စမ်းချောင်း
သေးသေးလေးရဲ့ အကွေ့အကောက်လေးတွေကို
ကျော်ပြီး စီးလာတဲ့ရေ သံရယ်၊ အိပ်တန်းက ထလို့
အစာရှာကြ တဲ့ငှက်ကလေးတွေရဲ့ ဘာသာဘာဝ
အော်သံကလေးတွေကို ကြားနေရ ပြီး တောတန်း
စိမ်းစိမ်းတောင်တန်းပြာပြာကြားကနေ နှင်းမှုန်ကလေးတွေ
ကိုဖြတ်ပြီး စထွက်လာတဲ့ အခါ နေရောင်ခြည်နုနုလေးရယ်၊
မြင်ယောင်ကြည့်လိုက်ပါ။ အဲဒါတွေဟာ တကယ့်လောကထဲ က
သက်ရှိပန်းချီကားလေးပါပဲ။
ဒီလို အလှတရားတွေကိုကြည့်တတ်ဖို့ဆိုတာကတော့
ချစ်တတ် တဲ့ မျက်စိနဲ့ ကြည့်တတ်ဖို့လိုပါလိမ့်မယ်။
အလုပ်လုပ်တဲ့အခါမှာ အလုပ်နဲ့ပတ်သက်တဲ့ သဘာဝ အလှကို
ခံစားမှုရှိမှသာ အဲဒီ အလုပ်ကို လုပ်ရတာပျော်ရွှင်နိုင်မှာပါ။
ဘယ်လိုအကြောင်းအရာကိုဖြစ်ပါစေ သူ့သဘာဝ နဲ့သူ့အလှကို
နက်နက်နဲနဲ ခံစားတတ်မှ သူ့အကြောင်းကို သိမယ်
သူနဲ့နေရတာပျော်မယ်။ အဲဒါဟာ ကိုယ့် ဘ၀ရဲ့
အဓိပ္ပါယ်ဖြစ်လာပါမယ်။ ချစ်တတ်တဲ့ စိတ်နဲ့ကြည့်မှသာ
အလှအပကိုမြင်နိုင်မှာပါ။
အလှအပကို မြင်နိုင်မှ အလှအပကို ဖန်တီးနိုင်မှာပါ။
အပြစ်ရှာချင်တဲ့သူဟာ အလှအပကိုမမြင်နိုင်ပါဘူး။
မလှတာကိုပဲမြင်နိုင်မှာပါ။ သူ့အတွက်တော့ ကြီးမားတဲ့
ဆုံးရှုံးမှုကြီးဖြစ်ပါတယ်။
အခုခေတ်မှာ ရုပ်ရည်လှပတာကို ပိုပြီး အလေးထား
လာကြတာကိုတွေ့ရပါတယ်။ စိတ်ထားနဲ့ အကျင့်
စာရိတ္တကို အလေးထားတာနည်းလာပါတယ်။
လူတစ်ယောက်ကိုမြင်ခါစမှာ ရုပ်ရည်ကို ပထမမြင်ရတယ်။
ဒါပေမယ့် ရေရှည် ဆက်ဆံလာတဲ့အခါမှစိတ်ထားကိုမြင်လာတယ်။
ငယ်တယ်ချောတယ် ဆိုတာက ကလေးဆန်တဲ့အလှနုနယ်တဲ့
အလှဖြစ်ပါတယ်။
အသက် နည်းနည်း ကြီးသွားတဲ့အခါ ပိုပြီး ကျက်သရေ
ရှိလာတာရှိပါတယ်။ပိုပြီးခန့်ညားလာတယ်။
တည်ငြိမ်အေးချမ်းတဲ့ မျက်နှာဖြစ်လာတယ်။ ဥာဏ်ပညာ
ရင့်ကျက်လာလို့ ပိုပြီးခိုင်မာတဲ့ ရင့်ကျက်တဲ့
ရုပ်ရည်ဖြစ် လာတယ်။ အားလုံးကိုနားလည်လက်ခံနိုင်တဲ့
နူးညံ့တဲ့ စိတ်ထား ရှိလာလို့ နူးညံ့တဲ့ မျက်နှာနဲ့
အမူအရာဖြစ်လာ ပါတယ်။ ဘ၀အတွေ့အကြုံ များလာလို့
သတိနဲ့နေတတ်လို့ ကိုယ့်စိတ်ကို ကိုယ်ကော်ငးကောင်း
သိနိုင်တဲ့ စိတ်နေသဘောထား ရင့်ကျက်လေးနက်လာတဲ့
အခါမှာစိတ်ရဲ့ရင့်ကျက်မှု လေးနက်မှု သဘောထားပြည့်ဝမှုဟာ
မျက်နှာမှာ ပေါ်လွင်လာပါတယ်။
ဒါကြောင့် အသက်ကြီးလေ အသိဥာဏ် ရင့်ကျက်လေဖြစ်အောင်
သတိနဲ့နေတဲ့အလေ့ အကျင့် လုပ်တဲ့သူဟာ အသက်ကြီးလေ
ကျက်သရေရှိလေ ခန့်ညားလေဖြစ်လာနိုင်ပါတယ်။ ရင့်ကျက်တဲ့
အလှဟာပိုပြီးတော့ ကျက်သရေ ရှိပါတယ်။ ဒါကြောင့်
အသက်ကြီးသွားရင် ရုပ်ရည်မလှမပဖြစ်သွားမှာ
သိပ်စိုးရိမ်စရာ မလိုတော့ ပါဘူး။ စိတ်လှလာရင်
စိတ်ရဲ့ရောင်ပြန်ဟပ်မှုကြောင့် ရုပ်ရည်လည်း
လေးလေး နက်နက် ကျက်သရေ ရှိလာ ပါမယ်။
လှပခန့်ညားလာပါမယ်။
အိုမှာကြောက်တာကတော့လူတိုင်းနီးပါးဖြစ်ပါတယ်။
အခုခေတ်မှာ အိုတာ ကို ဖုံးတဲ့ နည်းတွေ
တော်တော်များများ ရှိပါတယ်။ ဒါပေမယ့် ရေရှည်မှာတော့
ဘယ်လောက်ဖုံးဖုံး မရနိုင်တဲ့ အဆင့်ကို
ရောက်လာမှာပါပဲ။
ရုပ်ကို သိပ်တွယ်တာတဲ့သူအားကိုးတဲ့သူဟာ ရုပ်ကြောင့်
စိတ်ဆင်းရဲမှာပဲ၊ဒါကြောင့် အသက်ကြီးလေ
စိတ်ကိုပိုပြီး ဦးစားပေးလေဖြစ်မှ စိတ်ချမ်းသာမယ်
အသက်ဘယ်လောက်ကြီးကြီး စိတ်အို
မသွားအောင်နေ တတ်ရင် အသက်ကြီးလာလေ ဘ၀ဟာ
ပိုပြီးလေးနက်လေ ကျေနပ်စရာ ကောင်းလေဖြစ်လာမယ်။
သတိနဲ့၊ နေတဲ့စိတ်ဟာ ဘယ်တော့မှမအိုပါဘူး၊
တဖြေးဖြေး ပိုရင့်ကျက်လာတာပဲ၊ရင့်ကျက်တာနဲ့ အိုတာ
မတူပါဘူး။ တည်ငြိမ်အေးချမ်းပြီးတော့ ကြည်လင်နေတယ်၊
စိတ်ထားက နူးညံ့ပြီး ခိုင်ခန့်နေတယ်၊ စိတ်ဓါတ်က
လွတ်လပ်နေတယ်၊မျက်နှာမှာ မေတ္တာ၊
ကရုဏာပေါ်နေတယ်၊ အဲဒါမှ အင်မတန်လေးနက်တဲ့
လှပတဲ့ သဘောတစ်မျိုးပါပဲ၊
တည်ငြိမ်အေးချမ်းတဲ့မျက်နှာကို မြင်ရရင် စိတ်ချမ်းသာတယ်
၊ရိုးသားဖြူစင်တဲ့ မျက်နှာကို မြင်ရရင် စိတ်ချမ်းသာတယ်၊
စိတ်ချမ်းသာမှု ကိုပေးနိုင်လို့လှတယ်။ များသောအားဖြင့်
လူတွေကကိုယ့်အလုပ်နဲ့ ကိုယ် ရှုပ်နေတတ်ကြတာလေ။
ပတ်ဝန်းကျင်ကို သေသေချာချာသတိမထားမိကြဘူး။
ကြည့်သာ ကြည့်တယ် သေသေချာချာ မမြင်ကြဘူးလေ။
မမြင်တော့ လောကကြီးဘယ်လောက်လှပတယ်
အံ့သြစရာကောင်းတယ် ဆိုတာကိုမခံစားတတ်ဘူးပေါ့။
မနက်စောစောနိုးတိုင်းနိုးတိုင်း လောကကြီးဟာ အင်မတန်
အံ့သြစရာ ကောင်းပါလားဆေိုတာခဏလေးဖြစ်ဖြစ်
ခံစားကြည့်ရင် သိပ်ကောင်းမှာပဲ။ အရာရာတိုင်းဟာ
သိပ်အံ့သြစရာကောင်းပါတယ်။ အံ့သြတတ်တဲ့စိတ်
ပျောက်သွားရင် ဘ၀တစ်ခုလုံး ဟာခြောက်ခမ်း သွားပြီး
ဘာမှစိတ်ဝင်စားစရာမရှိတော့ပါဘူး။
ပိုက်ဆံကိုပဲ စိတ်ဝင်စားတဲ့ သူရဲ့ဘ၀ ဟာ တော်တော်ကို
တန်ဖိုး နိမ့်ပါတယ်။
သဘာဝကိုမချစ်တတ်တဲ့သူ၊တန်ဖိုးမထားတတ်တဲ့သူ၊
သဘာဝအလှတရားကို မခံစားတတ်တဲ့
သူတွေ များလာရင် လောကကြီးပျက်စီးသွားမယ်လေ။
သဘာဝအလှတရားဟာ ကြည့်လို့မ၀အောင်
လှပါတယ်။ အဲဒါတွေကို မြင်တတ်၊ခံစားတတ်ရပါမယ်။
ဒီလိုခံစားတတ်မှ လူရဲ့စိတ်ဟာ အသက်ဝင်နေမှာပါ။
ဒီလိုသဘာဝအလှကို ခံစားတတ်မှ သူ့ကို တန်ဖိုးထားမယ် ၊
ထိန်းသိမ်းမယ်လေ။
အခုခေတ် လူတွေဟာ သဘာဝရေမြေ၊
သစ်ပင်တောတောင်တွေကို တန်ဖိုးထားရမှန်း
မသိကြလို့ ဖျက်ဆီးနေကြတာတွေ့နေရ ပါတယ်။
သဘာဝလောကကြီးပျက်စီးသွားရင်ဘယ်မှာ
သွားနေကြမလဲ။
အလှအပကို မသိနိုင်မခံစားနိုင်လို့ရှိရင် ဒီလောကကြီးကို
ညစ်ပတ်အောင်လုပ်မယ်၊ ဒီလောကကြီး ပျက်ဆီးစေမယ့်
အပြုအမူမျိုးလုပ်မယ်၊ ၀တ်တာ၊စားတာ၊ပြောတာ၊ဆိုတာကအစ
ဆုတ်ယုတ် သွားမယ်၊ ပျက်စီးသွားလိမ့်မယ်နော။အဲဒီတော့
လောကကြီးကို တိုးတက်စေချင်ရင် လူတွေကို သေသေ
သပ်သပ် လှလှပပနေတတ်၊ ထိုင်တတ်၊ပြောတတ်ဆိုတတ်အောင်
သင်ပေးဖို့ လိုတယ်။သာမန်လူတွေဟာ အပေါ်ယံအလှတရားတွေကို
ခံစားရတဲ့ အရသာကိုများသောအားဖြင့် ကြိုက်ကြပါတယ်။
ဥာဏ် အဆင့်မြင့် သူ ၊ စိတ်နေသဘောထားတည်ငြိမ်
သူတွေကတော့ ဥာဏ်နဲ့ လေးလေးနက်နက်သိတဲ့အရသာကို
ပိုပြီးနှစ်သက်ကြပါတယ်။
I am here to contribute beautiful to the world.
ဒီလောကကြီးမှာ ငါ လူဖြစ်နေတာ လောကကို
လှပတာတွေပေးဖို့ပါတဲ့။
May your world always be as beautiful as
you make it for others.
သူတစ်ပါးအတွက် လောကကို လှပအောင် လုပ်ပေးနိုင်သလောက်
သင့်လောကလည်း အစဉ်အမြဲလှပပါစေ။
ဆရာတော်ဦးဇောတိက
No comments:
Post a Comment