2 3 4 5 6 7 8 9 10

Friday, January 18, 2013

လောကရဲ့ အမှန်ဆုံးဓမ္မတရား (လူထုစိန်ဝင်း)

 

လူတိုင်းလူတိုင်း စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာရှိပြီး ငြိမ်းချမ်းသာယာတဲ့  တိုင်းပြည်နိုင်ငံတစ်ခုဖြစ်ဖို့ ဘာအရေးကြီးဆုံးလဲဆိုတဲ့မေးခွန်းကို အခုတလော အမေးများကြတယ်။ အဖြေတွေလည်း အမျိုးမျိုး ပေးကြတယ်။ အားလုံးသဘောအကြိုက်ညီဆုံးအဖြေကတော့ အစိုးရကောင်းတစ်ခုရှိဖို့ပဲဆိုတာ ဖြစ်တယ်။

ကိုယ့်အတွက် အကောင်းဆုံးဖြစ်ဖို့ပဲ
 အစိုးရကောင်းဆိုတာနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ အများအပြား ရှိနိုင်တယ်။ အမေရိကန်ရဲ့ အစိုးရကောင်းဆိုတဲ့စံနှုန်းနဲ့ တရုတ်ပြည်ရဲ့ အစိုးရကောင်းဆိုတဲ့စံနှုန်း တူချင်မှ တူလိမ့်မယ်။ အလားတူပဲ အိန္ဒိယရဲ့စံနှုန်းနဲ့ ပါကစ္စတန်ရဲ့စံနှုန်းလည်း တူချင်မှတူမယ်။ တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်းဆိုသလို အမျိုးမျိုး ကွဲပြားခြားနားနေကြမှာပဲ။ ဒီလို ကွဲပြားခြားနားတာ တွေကို ကြည့်ပြီး စိတ်ပျက်စရာ မလိုသလို အငြင်းပွားနေစရာလည်း မလိုဘူး။ ကိုယ့်အခြေအနေနဲ့ ကိုယ့်လိုအပ်ချက်အရ ကိုယ့်အတွက် အကောင်းဆုံးဖြစ်တဲ့ အစိုးရမျိုးဖြစ်ဖို့ပဲ အရေးကြီးတယ်။ မြန်မာ လူမျိုးတစ်ယောက်အဖြစ် နှစ်ပေါင်း (၇၀) တိတိ နေထိုင်လာခဲ့တဲ့ အတွေ့အကြုံအရ ပြောရမယ် ဆိုရင်တော့ တရားဥပဒေကို တိတိကျကျ လေးစားလိုက်နာတဲ့ အစိုးရမျိုးဟာ အကောင်းဆုံးပဲလို့ ပြောရပါလိမ့်မယ်။


မကြုံဖူးလို့
 ဘာကြောင့်လဲဆိုတော့ အဲဒီအစိုးရမျိုး တစ်ကြိမ်တစ်ခါမျှ မကြုံဖူးခဲ့လို့ပဲ။ လွတ်လပ်ရေးရတဲ့အချိန်မှာ အသက်ရှစ်နှစ်သားပဲ ရှိသေးတာဆိုတော့ ကိုလိုနီခေတ်အကြောင်းတွေ ဘာတွေ သိပ်မသိပါဘူး။ လူကြီးသူမတွေ ပြောတာလောက်ပဲ ကြားဖူးခဲ့ရတယ်။ ဖဆပလခေတ် ပါလီမန်ဒီမိုကရေစီကိုတော့ ကောင်းကောင်းသိမီလိုက်တယ်။ အာဏာရပါတီက ဥပဒေကို လိုတစ်မျိုး၊ မလိုတစ်မျိုး၊ ကြိုက်သလို အသုံးချပြီး ထင်သလို လုပ်နေတာတွေလည်း မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရတယ်။ နာမည်ကြီး ဓားပြဗိုလ်က အာဏာရပါတီရဲ့ အမတ်ဖြစ်လာပြီး ရမ်းကားချင်တိုင်း ရမ်းကားတာတွေလည်း ကြုံတွေ့ ခဲ့ဖူးတယ်။

လိုလေသေးမရှိ
 အဲဒီနောက်ခေတ်တွေမှာလည်း တရားဥပဒေစိုးမိုးရေး ချည့်နဲ့အားနည်းခဲ့တာပဲ တွေ့ရ ကြုံရတယ်။ အုပ်ချုပ်သူ လူတန်းစားက သူ့အုပ်ချုပ်ရေး တည်မြဲဖို့အတွက် တရားဥပဒေကို လိုသလို အသုံးချသွား ကြတယ်။ ဘယ်လိုအစိုးရမျိုးမဆို ရှိနေတဲ့တရားဥပဒေတွေကို လေးစားလိုက်နာပြီး ဥပဒေအတိုင်း အုပ်ချုပ်သွားမယ်ဆိုရင် ဘာမှကို ပြောစရာမရှိအောင်  ကောင်းတဲ့ အစိုးရမျိုးဖြစ်မှာ သေချာတယ်။ မြန်မာနိုင်ငံမှာ ရှိနေတဲ့ တရားဥပဒေတွေဟာ အဘက်ဘက်က လိုလေသေးမရှိအောင် ပြည့်စုံတယ်လို့ ပြောနိုင်လောက်ပါတယ်။ အခုခေတ် ပြောဆိုနေကြတဲ့  လူ့အခွင့်အရေးတို့၊ စာနယ်ဇင်း လွတ်လပ်ခွင့် တို့ဆိုတာတွေအတွက်လည်း အပြည့်အ၀ အာမခံချက်ပေးထားတဲ့ ဥပဒေပြဋ္ဌာန်းချက်တွေ ရှိပြီးသားပါ။ နိုင်ငံသားတိုင်းရဲ့ အခြေခံရပိုင်ခွင့်တွေကို ပြဋ္ဌာန်းသတ်မှတ်ပေးထားတဲ့ ဥပဒေတွေလည်း ရှိပါတယ်။ ဘက်ပေါင်းစုံ လိုလေသေးမရှိလို့တောင် ဆိုနိုင်တယ်။

အုပ်စိုးသူများ အကျုံးမ၀င်
ဥပဒေတွေက ပြည့်စုံတယ်။ ရှိနေတဲ့ ဥပဒေတွေကို လူတွေက လေးစားလိုက်နာခြင်း မပြုလို့သာ ပြဿနာတွေ ဖြစ်နေရတာပါ။ ခေတ်အဆက်ဆက် အတွေ့အကြုံအရ ပြောရမယ်ဆိုရင် ခေတ်တိုင်း ခေတ်တိုင်းမှာ ဥပဒေဆိုတာ နိုင်ငံသူ နိုင်ငံသားများ လိုက်နာဖို့အတွက်သာဖြစ်ပြီး အုပ်စိုးသူ လူတန်းစားနဲ့ အကျုံးမ၀င်သလို သဘောထားကြတာပဲ တွေ့ရတယ်။
…ဥပဒေကိုသာ အတိအကျ အမှန်အကန် လိုက်နာကြမယ်ဆိုရင် အကျင့်ပျက်၊ ခြစားမှုတွေ၊ အာဏာ အလွဲသုံးစားပြုမှုတွေ များများစားစား ရှိမလာနိုင်ပါဘူး။ ဖွံ့ဖြိုးဆဲနိုင်ငံအများစုမှာ  အကျင့်ပျက် ခြစားမှု တွေများရတဲ့ အကြောင်းရင်းက တရားဥပဒေကို အုပ်စိုးသူ လူတန်းစားက လိုသလို ခြယ်လှယ် အသုံးချနေလို့ ဖြစ်ရတာပါ။

မီဒီယာဆိုတာ အစိုးရမိတ်ဆွေ
 အကျင့်ပျက် ခြစားမှုနဲ့ အာဏာအလွဲသုံးစားပြုမှုတွေ ပပျောက်ဖို့၊ တရားဥပဒေ စိုးမိုးရေး ခိုင်မာဖို့ အတွက် အကောင်းဆုံး အာမခံချက်ကတော့ သတင်းမီဒီယာတွေ လွတ်လပ်ခွင့်ရှိအောင် ဆောင်ရွက် ပေးဖို့ ဖြစ်တယ်။  သတင်းမီဒီယာဆိုတာ အစိုးရအတွက် အထူးအားထားရတဲ့ မိတ်ဆွေ ဖြစ်တယ်။ ပြည်သူတွေကြားမှာ ဖြစ်ပျက်နေတဲ့ အခြေအနေမှန်တွေကို နေ့စဉ်ဖော်ပြနေတာကြောင့် အစိုးရများ အတွက် အများကြီး အထောက်အကူ ရစေတယ်။ ရှေးခေတ်ရှေးအခါက မင်းကောင်း မင်းမြတ်များဟာ တိုင်းပြည်ရဲ့ အခြေအနေမှန်များကို သိဖို့အတွက် ရုပ်ဖျက်ပြီး စနည်းနာထွက်လေ့ ရှိကြတယ်။ ၀န်ကြီး၊ ၀န်ကလေးတွေရဲ့ လျှောက်တင်မှုတွေနဲ့တင် ရောင့်ရဲနေလေ့ မရှိကြဘူး။ မှူးကြီး မတ်ကြီးတွေ၊ ၀န်ကြီး ၀န်ကလေးတွေဆိုတာက ဘုရင်အကြိုက်ကိုသာ လိုက်ပြီး သံတော်ဦးတင်လေ့ ရှိကြတာ မဟုတ်လား။

သနပ်ခါးလိမ်း ပန်းပန်
 အခုခေတ်တော့ သတင်းမီဒီယာတွေက တိုင်းသူပြည်သားများရဲ့ အခြေအနေမှန်၊ အဖြစ်အပျက်မှန် တွေကို အမြဲတမ်း ရှာဖွေစူးစမ်းဖော်ပြနေတာဖြစ်လေတော့ အစိုးရများအနေနဲ့ ရုပ်ဖျက်စနည်းနာဖို့ မလိုတော့ပါဘူး။ အမှန်တွေကို သိနိုင်ပါတယ်။ သတင်းမီဒီယာတွေမှာ ဖော်ပြတဲ့ သတင်းတွေက ဌာနဆိုင်ရာက အစီရင်ခံစာတွေထက် စိတ်ချရပါတယ်။ ဌာနဆိုင်ရာ အစီရင်ခံစာဆိုတာက သနပ်ခါးလိမ်း ပန်းပန်ပြီးမှ တင်ပြကြတာ သဘာဝဖြစ်တယ်။ သတင်းမီဒီယာကတော့ သနပ်ခါးလိမ်း ထားတဲ့ သတင်းဖော်ပြလို့လည်း မျက်နှာကောင်းရစရာ အကြောင်းမရှိတော့ စိတ်မချစရာ မရှိဘူး။

အကျင့်ပျက်ခြစားမှုနဲ့ အာဏာအလွဲ သုံးစားပြုမှုတွေ ပပျောက်ဖို့၊
တရားဥပဒေ စိုးမိုးရေးခိုင်မာဖို့အတွက် အကောင်းဆုံး
အာမခံချက်ကတော့ သတင်းမီဒီယာတွေ လွတ်လပ်ခွင့်ရှိအောင်
ဆောင်ရွက်ပေးဖို့ ဖြစ်တယ်။

မီဒီယာကို ကူညီသင့်
 အဲဒါကြောင့် သတင်းမီဒီယာဆိုတာ အစိုးရများအတွက် မိတ်ကောင်းဆွေကောင်းလို့ ဆိုခဲ့တာ ဖြစ်တယ်။ ဒီအချက်ကို အစိုးရများ သဘောပေါက် နားလည်ပြီး သတင်းမီဒီယာများ ဖွံ့ဖြိုးသထက် ဖွံ့ဖြိုး တိုးတက်လာအောင် ကူညီသင့်ပါတယ်။ သတင်းမီဒီယာကို ကူညီခြင်းဟာ အစိုးရကောင်းတစ်ခုရဲ့ သင်္ကေတဖြစ်တယ်။ အစိုးရကောင်းရှိမှ သတင်းမီဒီယာကောင်း ရှိနိုင်သလို သတင်းမီဒီယာကောင်း ရှိမှလည်း အစိုးရကောင်းရှိနိုင်တယ်။ သတင်းမီဒီယာကောင်းက သန့်ရှင်းတဲ့ အုပ်ချုပ်ရေးယန္တရား ဖြစ်အောင်လည်း ကူညီဆောင်ရွက်ပေးနိုင်တယ်။

အမှန်ဆုံးဓမ္မတရား
 တိုင်းပြည်တစ်ပြည်ကို ဘယ်စနစ်နဲ့ အုပ်ချုပ်အုပ်ချုပ် တရားဥပဒေစိုးမိုးမှု မရှိရင် ဘယ်နည်းနဲ့မှ မအောင်မြင်နိုင်ပါဘူး။ လွတ်လပ်ရေးရပြီး နှစ်ပေါင်းခြောက်ဆယ်ကျော် ကြာခဲ့ပြီဖြစ်တာတောင် ငြိမ်းချမ်းမှုမရှိဘဲ ဆင်းရဲမှု ချောက်ကမ်းပါးကြီးထဲက မတက်နိုင်အောင် ဖြစ်နေရတာဟာ အမှန် စင်စစ်တော့ တရားဥပဒေကို မျက်ကွယ်ပြုခဲ့ကြလို့ပါ။ ကမ္ဘာပေါ်မှာ ဆိုရှယ်လစ်နိုင်ငံတွေနဲ့  ကွန်မြူနစ်နိုင်ငံတွေ ပြိုလဲသွားခဲ့ကြရတာလည်း မတ်ဝါဒက မကောင်းလို့ မဟုတ်ဘဲ အာဏာရှင်စနစ် ကျင့်သုံးပြီး တရားဥပဒေကို မျက်ကွယ်ပြုခဲ့ကြလို့ပဲဖြစ်တယ်။ တကယ်တော့ အာဏာရှင်စနစ်ဟာ မတ်ဝါဒ မဟုတ်သလို မတ်ဝါဒဟာလည်း အာဏာရှင်စနစ် မဟုတ်ပါဘူး။ တရားဥပဒေကို နင်းချေပစ်ပြီး ငါ တကောကောတဲ့ အာဏာရှင်တွေကြောင့် မတ်ဝါဒ နာမည်ပျက်ရတာဖြစ်တယ်။ တရားဥပဒေကို နင်းချေပစ်ရင် ဘယ်လိုအစိုးရမျိုးမဆို ကျဆုံးရမှာပဲဖြစ်တယ်။ ဒါဟာ လောကရဲ့ အမှန်ကန်ဆုံး ဓမ္မတရားဖြစ်တယ်။

လူထုစိန်ဝင်း

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>