2 3 4 5 6 7 8 9 10

Monday, February 25, 2013

အစားမတော် တစ်လုတ်


 “အသွားမတော် တစ်လှမ်း၊ အစားမတော် တစ်လုတ်” ဆိုတဲ့ စကားအတိုင်း အစားအသောက်ကြောင့် ဒုက္ခရောက်ရသူတွေ ဒုနဲ့ဒေး ရှိပါတယ်။ အစားအသောက်မှားလို့၊ အစာ အဆိပ်သင့်လို့ ဆေးရုံရောက် ကြသူလည်း မနည်းပါဘူး။ အခုဖော်ပြချင်တဲ့ အကြောင်းအရာကတော့ “အစာအဆိပ်သင့်ခြင်း” ဖြစ် ပါတယ်။
 အစာအဆိပ်သင့်ပြီဆိုရင် ပထမဆုံးတွေ့ရတဲ့ရောဂါ လက္ခဏာကတော့ ၀မ်းလျှောခြင်းပါပဲ။ နောက်ပြီး ဗိုက်အောင့်မယ်၊ အန်မယ်၊ ဗိုက်နာ တာတွေ ဖြစ်လာပါမယ်။ တချို့အစာအဆိပ်သင့်လို့ အန်တာ၊ ၀မ်းသွားရင် သွေး ပါ ပါလာတတ်ပါတယ်။ အစာအဆိပ်သင့်လို့ အန်တာ၊ ၀မ်းသွားတာတွေ များလာရင် ခန္ဓာကိုယ်ထဲမှာ ရေဓာတ် ခန်းခြောက်လာနိုင်ပါတယ်။ ရေဓာတ် ခန်းခြောက်တဲ့ လက္ခဏာတွေက အာခြောက်လာတာ၊ ခေါင်းနောက်လာတာ၊ ဆီးအရောင် မည်းညစ်လာတာတွေ ဖြစ်လာပါမယ်။ ကလေးနဲ့ အသက်ကြီးတဲ့ သူတွေဆိုရင် ရေဓာတ်ခန်းခြောက်လွယ်တာမို့လို့ ပိုလို့ ဂရုစိုက်ရပါမယ်။ ကိုယ်ဝန်ဆောင်ဆိုရင်တော့ ဆရာဝန်ကို ချက်ချင်းပြဖို့ လိုပါတယ်။


      အစာအဆိပ်သင့်ခြင်းဖြစ်ရတာက စားလိုက်တဲ့ အစားအသောက်ထဲမှာ ဗက်တီးရီးယား၊ ကပ်ပါးပိုး၊ ဗိုင်းရပ်စ် စတဲ့ အစာအဆိပ် သင့်စေ တဲ့ ဒုက္ခပေးပိုးတွေကြောင့် ဖြစ်ပါတယ်။ အဲဒီပိုးတွေကို အသားစိမ်း၊ ငါးစိမ်းနဲ့ ဥ အမျိုးမျိုးမှာ အများဆုံး တွေ့ရတတ်ပြီး အဲဒီပိုးတွေက ဘယ် အစားအစာမဆို ပေါက်ပွား ပျံ့နှံ့နိုင်ပါတယ်။ နောက်ပြီး အစားအသောက်ထားတဲ့ကောင်တာနဲ့ တခြားနေရာတွေမှာ ကပ်ငြိ နေနိုင်တဲ့အပြင် တာရှည်ခံအောင် ပြုလုပ် ထားတဲ့ အစားအသောက်တွေမှာပါ ရှိနေတတ်ပါတယ်။ တစ်ခါတစ်လေ အစာအဆိပ်သင့် ဖြစ်ပွားရတဲ့ အကြောင်း ရင်း ထဲမှာ အစာမစားခင် လက်ကို သန့်ရှင်းအောင် သေချာ မဆေးကြောလို့ပါပဲ။
       များသောအားဖြင့် အစာအဆိပ်သင့်တာဟာ အပျော့စားရောဂါပုံစံဖြစ်တတ်ပြီး နှစ်ရက် သုံးရက် လောက် နဲ့ ကောင်းသွားတတ်ပါတယ်။ ဆိုးရွားတဲ့ အခြေအနေဆိုရင်တော့ ဆေးရုံဆေးခန်းကို အမြန် သွားသင့်ပါတယ်။ အစာအဆိပ်သင့်တာဟာ အပျော့စားဆိုရင် အနားယူပြီး အရည်များများ သောက် ပေးရပါမယ်။ ဒါမှ ၀မ်းလျှောလို့ အရည်ဓာတ် ဆုံးရှုံးတာကနေ ကာကွယ်နိုင်ပါတယ်။ ၀မ်းများများ တစ်ကြိမ် သွားပြီးတိုင်း ရေတစ်ခွက်သောက်ပါ။ ဆိုဒါနဲ့ သစ်သီးအချိုရည်တွေက သကြားဓာတ် ပါဝင်မှု များပြားလွန်းတာမို့ ရေဓာတ်ပြန်လည် အားပြည့်ဖို့အတွက် ဆိုရင် မသောက်သင့်ပါဘူး။ အစား အသောက်ကိုလည်း ပုံမှန်အတိုင်းစားရပါမယ်။ မအန်ဘူးဆိုရင်တော့ အစား အသောက်မျိုးစုံကို စားပါ။ အဲ…စားတဲ့ အစားအသောက်တွေ သန့်ရှင်းလတ်ဆတ်ဖို့ကိုတော့ ဂရုစိုက်ပါ။ အဆီဓာတ်နဲ့ သကြား ဓာတ်များ တာတွေတော့ ရှောင်သင့်ပါတယ်။
 အစာအဆိပ်သင့်ရင် Antibotics ခေါ်တဲ့ ပိုးသတ်ဆေးတွေနဲ့ ကုသလေ့မရှိပါဘူး။ ၀မ်းပိတ်စေတဲ့၊ ၀မ်းသွားတာ ရပ်စေတဲ့ ဆေးတွေ ကသာ ပိုအလုပ်ဖြစ်ပါတယ်။ မွေးကင်းစနဲ့ ကလေးငယ်ဆိုရင်တော့ အဲဒီဆေးတွေ မသောက် သင့်ပါဘူး။ အဖျားကြီးပြီး ၀မ်းသွားတဲ့ အခါ သွေးပါနေရင် ၀မ်းပိတ်ဆေး မသောက်သင့်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ အဖျားပိုဆိုးစေနိုင်လို့ပါပဲ။ ပြင်ပအခြေအနေမှာ အီကိုလိုင်ပိုးလိုမျိုး ရောဂါပိုးတွေ ပြန့်နှံ့နေတဲ့အချိန် အစာအဆိပ်သင့်ဝေဒနာဖြစ်ရင် ဆေးရုံကို ချက်ချင်းသွားပြီး ဆေးကုသမှု ခံယူပါ။
 အစာအဆိပ်သင့်ဝေဒနာ မဖြစ်ပွားအောင် ကာကွယ်မယ်ဆိုရင် အချက်လေးချက် ရှိပါတယ်။
(၁) သန့်ရှင်းခြင်း- အစားအစာတွေ မကိုင်ခင် လက်ကို စင်ကြယ်အောင် ဆေးပါ။ မီးဖိုချောင်က ဓား၊ စဉ်းနီတုံး၊ စင်တွေကို သန့်အောင် ထားပါ။ ရေနဲ့သေချာဆေးပြီး လိုအပ်ရင် ပိုးသတ်ဆေးနဲ့ပါ ဆေး ပေးပါ။ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေ ၀ယ်လာပြီ ဆိုရင် ရေပြန်ဆေးပါ။
(၂) ခွဲခြားခြင်း- အသားစိမ်း၊ ငါးစိမ်းနဲ့ အသီးအနှံတွေကို ရောမထားပါနဲ့။ ဟင်းတစ်ခွက်ချက်ပြီးတိုင်း အဲဒီအိုးတို့၊ ဒယ်အိုးတို့ ကို သေချာဆေးပြီးမှ နောက်တစ်ခါ ပြန်ချက်ပါ။
(၃) ချက်ပြုတ်ခြင်း- အသားငါးနဲ့ ဥအမျိုးမျိုးတို့ကို ချက်ပြုတ်တဲ့အခါ ကျက်အောင် ချက်ပြုတ်ပါ။
(၄) အေးခဲခြင်း- မစားသောက်ရသေးတဲ့ အစားအသောက်တွေကို ရေခဲခဲထားပါ။ လှီးထားပြီးသား အစားအသောက်၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို အပြင်ဘက်မှာ အကြာကြီး မထားပါနဲ့။ တစ်ခုခု သံသယရှိလို့ မစားချင်တော့ရင် မနှမြောပါနဲ့။
 မိမိစားသောက်တဲ့ အစားအသောက်တွေဟာ အားဖြစ်စေနိုင်သလို တစ်ခါတစ်လေမှာ အဆိပ်ဖြစ်စေ နိုင်တဲ့ ပိုးမွှားတွေ ပါဝင်နေတတ် ပါတယ်။ ဒါကြောင့် စားသုံးမယ့် အစားအသောက်တိုင်း ကျန်းမာရေးနဲ့ ညီညွတ်ပြီး သန့်ရှင်းလတ်ဆတ်နေဖို့ တင်ဆက်လိုက်ပါတယ်။
မနွယ်ဦးဇော်

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>