2 3 4 5 6 7 8 9 10

Tuesday, February 26, 2013

ဘယ်လိုခံစားရပါသလဲ


 လူတစ်ယောက်ဖြစ်လာပြီးနောက်ဟိုကိစ္စပြောချင်၊ဒီကိစ္စပါချင်သောလူဖြစ်ရသည်မှာ မကောင်း။အေးအေးနေ တာကောင်းပါလျက် ဟိုစပ်စပ်ဒီစပ်စပ်ပြောချင်တာ မကောင်းမှန်း သိပါလျက် ပြောလိုက်ရပါဦးမည်။
  စာကို တစ်နေ့လုံး သို့မဟုတ် အကြာကြီးမဖတ်နိုင်။ သည်တော့အပြောင်းအလဲဖြစ်ရန် တီဗွီကြည့် ရပြန်သည်။ မြန်မာ့ရုပ်သံ ကလည်း တော်တော်ကျေးဇူး တင်စရာ ကောင်းပါသည်။
  ကျွန်တော်တို့ကို ပြန် ကြားရန်၊ ပညာပေးရန်၊ ဖျော်ဖြေ ရန် ထုတ်လွှင့်ရပါသည်တဲ့။ ပညာ ပေးရန်ဆိုတော့ နည်းနည်းအပေါ်စီးဆန်သလိုဖြစ်နေသည်ဟုတွေးလိုက်မိပါသည်။အေးလေကျုပ်တို့က အသိပညာ မရှိသူတွေပဲ ဟု ဖြေ လိုက်ရပါသည်။

  ဖျော်ဖြေရန်ဆိုသည့်အတိုင်း မြန်မာ့ရုပ်သံမှာဖျော်ဖြေရေးအခန်းတွေ တော်တော်များပါသည်။ ကောင်းပါ၏။ ဘဝအမောတွေ ပြေ ရတာပေါ့။ ထိုအစီအစဉ် များထဲက ဆိုကြမယ်၊ ပျော်ကြမယ် အခန်းကဏ္ဍကို အမြဲလို ကြည့်ပါ သည်။ ကိုညောင်ညောင်နှင့် အစီ အစဉ်မှူးမိန်းကလေးတို့၏ ပြောဆို ပုံက ကြိုက်နှစ်သက်စရာပင်။ ပြီး တော့ လူငယ်၊ လူသစ် အဆိုရှင် ကလေးတို့၏ ဆိုပုံ ဆိုလက် ကို လည်း နားဆင်ရသည်မှာ ကျေနပ် စရာပင်။
  အဲဒီ ဆိုကြမယ် ပျော် ကြမယ်ပွဲမှာ ဘာများ ကျွန်တော့် အတွက် ခိုးလိုးခုလု ဖြစ်ရပါသလဲ ဆိုလျှင် စင်ပေါ်မှာ ဆိုသူကလေး တစ်ဦး က ဆိုပြီးသွား အစီအစဉ်မှူး မိန်းကလေးက ဘယ်ကလာဆိုတာ လဲ၊ ဒီသီချင်းကို ဘာကြောင့် ဆိုတာလဲ မေး။ ပြီးတော့ အကောင်း ဆုံး ဆုရရှိပါစေလို့ ဆုတောင်းပါတယ် ဟုပြော။
  ဤတွင် အဆိုပြိုင်သူက ပေးတဲ့ဆုနဲ့ ပြည့်ပါရစေရှင်၊ ဗျာဟု ပြန် ပြော။ အဆိုပြိုင်သူတိုင်းကိုပင် အကောင်းဆုံးဆု ရရှိပါစေလို့ ဆု တောင်းပေးပါတယ်ပြော။ အဆိုရှင် ကလေးများကလည်း ပေးတဲ့ဆုနဲ့ ပြည့်ပါရစေပြော။
နားကလောစရာ ဖြစ်ရ ပါဘိ။
  အကောင်းဆုံးဆုကြီး ရရှိပါစေဆိုတာ ဆုတောင်းပေး တာပါ။ ဆုပေးတာ မဟုတ်ပါ။ ပေး တဲ့ဆုနဲ့ ပြည့်ပါစေ ဆိုတော့ တခြား စီ ဖြစ်နေပါသည်။ ဆီလျော်မှု မရှိ ပါ။ သို့သော် အမြဲတမ်း သည်လို ပြောပုံဆိုပုံက ပုံစံကြီး ဖြစ်နေပါ တော့သည်။ စိတ်ပျက်စရာပါပဲ။
ဤတွင် နည်းနည်းတော့ ပြောလိုပါ၏။ မြန်မာမှုအစဉ်အ လာမှာ ဆုပေးတာ ဆုတောင်းတာ မရှိပါ။ အဲဒါက တခြားသော ဘာ သာ တစ်ခု၏ အစဉ်အလာပါ။ မြန် မာယဉ်ကျေးမှုမှာက မေတ္တာပို့တာ သာ ရှိပါသည်။ ထားပါတော့။
အကောင်းဆုံးဆုကြီး ရရှိပါစေလို့ ဆုတောင်းပေးပါတယ် ဆိုလျှင် ကျေးဇူးတင်ပါတယ် ပြော လို့လည်း ရပါသည်။ ဘာမှ ပြန်မ ပြော ဘဲနေလည်း ဖြစ်ပါသည်။
  ယခုအခါမှာတော့ ပုံစံ ခွက်စကားလုံးများသည် အပြောင်း အလဲမရှိ။ အမှားအယွင်းဖြင့် နား ကလောစရာ ဖြစ်ရပါသည်။ အပြစ် ကြီးတော့ မဟုတ်ပါ။ အမြင် မတော် အကြားမတော်လို့ပါ ခင် ဗျား။
 နောက်တစ်ခုပြောချင်တာကတော့ကျွန်တော်များရဲ့မျိုးရိုးမီဒီယာသတင်းသမားအမျိုးသမီးကလေးများ အကြောင်း ပါခင်ဗျား။ အားလုံးတော့မဟုတ်ပါ။ သို့သော်မီဒီယာ သူငယ်မလေး များ၏ တစ်သံတည်းသော မေးခွန်း ပါ။
''ဘယ်လိုခံစားရပါသလဲ ရှင်'' ပါပဲ။
  ကျွန်တော်တို့ ဆရာသတင်းစာဆရာကြီး ဦးဝင်းတင် ထောင်ကလွတ်လာတော့ ထောင်ဘူးဝမှာ မီဒီယာ အမျိုးသမီးက လေးတစ်ဦး က ''အဘ ခုလို လွတ် မြောက်လာတော့ ဘယ်လိုခံစားရ ပါသလဲရှင်''
  ''ဟာ သိပ်ဝမ်းသာတာပေါ့။ အဘကလွတ်ချင်တာကြာပြီ။ သက်ဆိုင်ရာပုဂ္ဂိုလ်ကြီးတွေကို သိပ်ကျေးဇူးတင်တာပဲ'' ဟု ဖြေမ လား ဟု သတင်းထောက်မလေး မျှော်လင့်နေပုံ ရပါသည်။
  ဟံသာဝတီ ဦးဝင်းတင်လို ထောင်အရေထူနေသော ပုဂ္ဂိုလ်ကြီးက ဘယ်ပြောနိုင်မှာလဲဗျာ။ ဘယ်တော့မှ လက်မမြှောက် သူ ခေါင်းမငုံ့သူကို သည်လို မမေး ရပါ။



  တကယ်ဆို မေးရမှာ၊ ပြောရမှာက ''သမီးကတော့ မ မေးတတ်ဘူး။ အဘပြောသင့်တာ ပြောပါ။ ဘာဆက်လုပ်မယ်ဆိုတာ ပေါ့'' စသည်ဖြင့် ဖြစ်သင့်ပါ၏။ သတင်းထောက်သည် ''ကျွန်တော် ဘာမှ မသိလို့ပါ'' ဟု ခြေဆင်း လိုက်လျှင် အမေးခံရသူ ကျေနပ် မြဲဖြစ်သည်။
  တစ်ဆက်တည်းပင် ပြောပါရစေဦး။ ၈၈ ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင် လွတ် တုန်းကလည်း ဖခင် ပန်းချီဆရာ ကြီး ဦးသက်ညွန့်အား 'အဘ ဘယ်လိုခံစားရပါသလဲ' မေးခွန်း မေးပြန်သည်။
  ကျွန်တော်နှင့်တွေ့တော့ ဆရာဦးသက်ညွန့်က ကိုမြတ်ဆွေ ရာ ကျုပ်က ဘယ်လိုခံစားရမှာလဲ၊ သားလွတ်တော့ ဖအေက ဝမ်းသာ တာပေါ့ဗျာ။
  တခြား မေးခွန်းမေးစရာ ပြောစရာဆိုစရာ မရှိကြတာ သနားစရာပါပဲ။ ပြောရတာလဲ မ ကောင်းပါဘူးဗျာဟု ဆရာကြီးကကရုဏာဒေါသောပြောရှာပါ၏။ အဲဒီ နောက်တစ်ခါမှာ တော့ တော်တော်ကြည့်ကောင်း သောပွဲ ဖြစ်သည်။ ဆရာကြီးသခင် ကိုယ်တော်မှိုင်းအုတ်ဂူ ထိန်းသိမ်း ရေးကော်မတီက ပြုလုပ်သော အခမ်းအနားတစ်ခုမှာ ရှေ့မီ နောက်မီ နိုင်ငံရေးသမားကြီးများ ဝါရင့် စာရေးဆရာကြီးများ တက် ရောက်ကြသည်။ သည်အထဲမှာ ဆရာမောင်သာနိုးလည်း ပါဝင် သည်။
  ဆရာမောင်သာနိုးကား ရေးစရာရှိလျှင် မှန်သည်ထင်လျှင် ပြတ်ပြတ်သားသား ရေးသူ၊ ပြောစ ရာရှိလျှင် တိတိကျကျ ပြောတတ် သူဖြစ်သည်။ အပိုမလုပ်၊ အပိုမ ပြော။ သည်လိုပုဂ္ဂိုလ်ကို ဆရာ မလေးတစ်ဦးက 'ဆရာကြီး ခုလို ငွေတစ်သိန်းလှူရတော့ ဘယ်လို ခံစားရပါသလဲ' တဲ့။ ဆရာမောင်သာနိုး ပြန် ပြောလိုက်ပုံက 'ဟ- လှူသင့်တဲ့ ပုဂ္ဂိုလ်မို့ လှူချင်လို့ လှူတာပေါ့ ဟ' ဟု ဟူ၍ ဖြစ် ပါသည်။ သည်အဓိပ္ပာယ်ပါပဲ။ ကျွန်တော် ရေးတာ စကားလုံး ကွဲ ချင်ကွဲမည်။ ဆရာမောင်သာနိုး စောင့်ကြည့်ဂျာနယ် မှာ ရေးသော စာကို ကိုးကားခြင်း ပြုပါသည်။ ကျွန်တော့်စာကိုဖတ်ပြီး 'ဘယ်လိုခံစားရပါသလဲ' ဟု မေး လိုက်ပါရစေခင်ဗျား။

မြတ်ဆွေ
zaygwet journal

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>