2 3 4 5 6 7 8 9 10

Tuesday, March 12, 2013

စောင့်လေမျိုးနွယ် လူတိုင်းဝယ်


ထေရ၀ါဒဗုဒ္ဓဘာသာနှင့် မကိုက်ညီသော ကျင့်ထုံးများကို ကျင့်သုံး၍နေမိပါက မိမိသည် ပင်လျှင် သာသနာကွယ်ပျောက်အောင် ဖန်တီးနေသူ တစ်ယောက် ဖြစ်မှန်းမသိ ဖြစ်နေ တတ်ပါသည်။
အရှင်ဇ၀န (မေတ္တာရှင်)

မြတ်စွာဘုရားရှင် ဟောကြားခဲ့သောတရား ဒေသနာတော်များကို ပြုပြင်ခြင်း၊ ပြောင်းလဲခြင်း၊ ဖြည့်စွက်ခြင်း၊ ထုတ်နှုတ်ခြင်း မရှိဘဲ မူရင်းအတိုင်း အဆင့်ဆင့် ထိန်းသိမ်းကာ စောင့်ရှောက်ခဲ့သော အဆုံးအမ တရားဓမ္မများကို ဗုဒ္ဓ၏ သာသနာတော်လို့ ခေါ်ပါတယ်။ ထိုတရားဓမ္မတွေအတိုင်း လိုက်နာ ကျင့်ကြံနေထိုင်သော သူတွေကို ဗုဒ္ဓဘာသာဝင်လို့ ခေါ်ဆိုထိုက်ပါတယ်။ တနည်းအားဖြင့် ဗုဒ္ဓဘာသာဝင်လို့ ခံယူထားကြတဲ့ လူတွေအားလုံး ဗုဒ္ဓရဲ့ အဆုံးအမ အတိုင်း လိုက်နာ နေထိုင်ရပါတယ်။


ကိလေသာ အများအပြားရှိနေကြတဲ့ ပုထုဇဉ်တွေ အနေနဲ့ ဘုရားရှင် ဟောကြားခဲ့သော တရားဓမ္မများ အတိုင်း အလုံးစုံ လိုက်နာ မကျင့်ဆောင်နိုင်တာကို ကြီးမားတဲ့ အပြစ်လို့ မဆိုသာပါ။ ဒါပေမယ့် မိမိအတွက်ကြောင့် အမျိုး၊ ဘာသာ၊ သာသနာကို နှိမ့်ကျစေမယ့် အဖြစ်မျိုးတွေ မလုပ်မိဖို့တော့ လူတိုင်းသိစေချင်ပါတယ်။ သတ္တ၀ါတွေဟာ မိမိတို့ ကံအတိုင်း လျောက်လှမ်းနေကြရတာ ဖြစ်တဲ့အတွက် ဘယ်သူကိုမှ အပြစ်တင်စရာ အကြောင်းမရှိပါ။ ဘာသာ သာသနာကို ထိခိုက် မှေးမှိန်စေမယ့် လုပ်ဆောင်ချက်တွေနဲ့ နောင်လူငယ်များအတွက် ရှေ့ဆောင်လမ်းပြမှု အမှားတွေ မဖြစ်ရလေအောင် နေထိုင်လိုက်နာရမှာသည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုး တိုင်း သိထားရမယ့် အချက်ဖြစ်ပါတယ်။

ကျနော်တို့တွေသည် မိဘတိုင်းက မွေးဖွားလိုက်တဲ့ သားသမီးတွေ ဖြစ်ပါတယ်။ မိဘမရှိတဲ့ သားသမီးလို့ မရှိပါဘူး။ သားသမီး မရှိတဲ့ မိဘတွေပဲ ရှိတာပါ။ သားသမီးတွေ ဖြစ်တဲ့ အတွက် ကြောင့် သားသမီး ကျင့်ဝတ်တွေ အတိုင်းလိုက်နာ သင့်ပါတယ်။ ဘယ်လိုတွေ လိုက်နာကျင့်ကြံ ရမယ်ဆိုတာကို မြတ်စွာဘုရားရှင်က ဟောကြား ဆုံးမခဲ့ပြီးသားပါ။ ဘုရားရှင်ဟောခဲ့တဲ့ တရားတွေကို နောင်လူတွေ မှတ်မိလွယ်အောင် သင်္ဂဇာ ဆရာတော်ကြီးက အောက်ပါ အတိုင်း ရေးစပ်ခဲ့ပါတယ်။

ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊
မွေခံထိုက်စေ၊ လှူမျှဝေ၍၊
စောင့်လေမျိုးနွယ်၊ ၀တ်ငါးသွယ်၊
ကျင့်ဖွယ်သားတို့တာ။

အထက်က လင်္ကာလေးကို ကျနော်တို့ ငယ်ငယ်ကတည်းက ကျက်မှတ်ခဲ့ကြပါတယ်။ ငယ်စဉ်ကတော့ စာသိနဲ့ပဲ သိလာခဲ့ရတာပါ။ တကယ်တမ်း လေးလေးနက်နက် တွေးကြည့်လိုက်တဲ့ အခါမှာ ကိုယ်တိုင် လိုက်နာရတော့မှာဆိုတဲ့ အသိလေး ရခဲ့ပါတယ်။ ဒီအချိန်မှာ စောင့်လေမျိုးနွယ် ဆိုတဲ့ အချက်ကို အဓိက ရည်ရွယ်ပြီး ပြောလိုပါတယ်။

ကျွေးမွေးမပျက် ဆိုတာက အသက်အရွယ် ကြီးရင့်သွားသော မိဘတို့အား သား၊ သမီးတို့က တုံ့လှည့်တစ်ဖန်ကျွေးမွေး၊ စောင့်ရှောက်ရမယ်လို့  ဆိုလိုပါတယ်။

ဆောင်ရွက်စီမံ ဆိုတာက အသက်အရွယ်ကြီးသွားသော မိဘနှစ်ပါးတို့ရဲ့ ကိုယ်စား စီးပွားရေး၊ လူမှု့ရေး၊ သာသနာရေး စသော ကိစ္စကြီးငယ်အသွယ်သွယ် တို့ကို သားသမီးတို့က စီမံဆောင်ရွက် တာဝန်ယူရမယ်လို့ ဆိုလိုပါတယ်။

မွေခံထိုက်စေ ဆိုတာက မိဘတို့ရဲ့ ကောင်းမွန်သော အမွေအနှစ်တို့ကို ဆက်လက် ခံယူနိုင်အောင် အရည်အချင်းနှင့် ပြည့်စုံရမယ်လို့ ဆိုလိုပါတယ်။

လှူမျှဝေ၍ ဆိုတာက တမလွန်ဘ၀ကို ကွယ်လွန်ပြောင်းရွှေ့သွားကြတဲ့ မိဘတို့ကို ရည်စူးပြီး ကုသိုလ်ကောင်းမှု ပြုလုပ်ကာ သတိတရ အမျှအတန်းပေးဝေရ မယ်လို့  ဆိုလိုပါတယ်။

စောင့်လေမျိုးနွယ် ဆိုတာက မိမိတို့၏ မျိုးရိုးစဉ်လာတို့ကို ထိန်းသိမ်း စောင့်ရှောက်ရမယ်လို့  ဆိုလိုပါတယ်။ ထိုထက်ပိုပြီး စောင့်လေမျိုးနွယ်ဆိုရာမှာ မိမိတို့ ဆွေမျိုးသားချင်း အစဉ်အလာ၊ မျိုးရိုးဂုဏ်ထက် ဗုဒ္ဓဘာသာဝင် ဆိုတဲ့ မျိုးရိုးဂုဏ်ကို စောင့်ထိန်းရပါမယ်။

ယနေ့ အချိန်အခါမှာ ဒီအချက်ကို မေ့လျော့နေပြီး ထင်ရာစိုင်း နေကြတဲ့ ဖြစ်စဉ်တွေ၊ လုပ်ရပ်တွေကို ကြားသိနေရပါတယ်။ ဒါတွေသည် ဘာသာနဲ့ လူမျိုးအတွက် စိုးရိမ်ရပါတယ်။

“လူမှာအမျိုး ကြက်မှာအရိုး” ဆိုတဲ့ ဆိုရိုးစကားအတိုင်း လူတိုင်းမှာ အမျိုးအနွယ်က အရေးကြီးပါတယ်။ ဘာသာရေးအရဆိုရင် မိမိတို့ ဗုဒ္ဓဘာသာဝင်မျိုးရိုးကို စောင့်ထိန်းရပါမယ်။ ဗုဒ္ဓဘာသာဝင် မျိုးရိုးကို ချစ်မြတ်နိုးတတ်၊ တန်ဖိုးထားတတ်ရပါမယ်။


“မြေမြိုသော် လူမျိုးမကုန်၊ လူလူချင်း မျိုပါမှ လူမျိုးတုန်း လိမ့်မည်” ဆိုတဲ့ စကားအရ မြန်မာအမျိုးသား၊ အမျိုးသမီးများအနေဖြင့် အိမ်ထောင်ဘက်ရွေးရာတွင် ဘာသာတူ ဖြစ်သော ဗုဒ္ဓဘာသာ ၀င်မျိုးရိုးကို ရွေးချယ်သင့်ပါတယ်။ ဒီအချက်သည် အလွန်အရေး ကြီးပါတယ်။ တချို့လူငယ်တွေက အချစ်သည်သာ ပဓာနဆိုတဲ့စကားကို အားကျအဟုတ်ထင်ပြီး အိမ်ထောင်ဖက် ရွေးချယ်မှား တတ်ကြတယ်။ အိမ်ထောင် ဖက်ရွေးချယ်ရာမှာ ယောက်ျားလေးထက် မိန်းကလေးက ပိုပြီး အရေးကြီးပါတယ်။ ဘာသာခြားနဲ့ အိမ်ထောင်ပြုမိရင် သားစဉ်မြေးဆက် ရင်သွေးတွေပါ ဘာသာခြား ဖြစ်သွားတက်ပါတယ်။ ဒီတော့ စောင့်လေမျိုးနွယ် ဆိုတဲ့ တာဝန်ကိုလည်း ဖျက်စီးလိုက်ရာ ရောက်ပါတယ်။ အချို့ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တွေ ဘာသာရေးခံယူချက်နဲ့ လူမျိုးရေးစိတ်ဓာတ် ပျော့ညံ့တဲ့ အတွက်ကြောင့် ဘာသာခြားနဲ့ အိမ်ထောင်ပြုလို့ ဘာသာရောလူမျိုးပါ ဆုံးရှုံးနစ်နာ ရပါတယ်။ မိမိတို့အမျိုးဂုဏ်ကို မိမိကိုယ်တိုင် ထိန်းသိမ်းရမယ်ဆိုတဲ့ လူမျိုးရေး၊ ဘာသာရေး အသိကို လူတိုင်းမှာ ရှိစေချင်ပါတယ်။


တကယ့် စစ်မှန်မှုတွေကို ဖုံးကွယ်ဝါးမြိုသွားနိုင်မယ့် အချက်တွေကို ဖော်ပြရေးသားရခြင်းဟာ ဘာသာ၊ သာသနာကို လူတိုင်းသိစေချင်တဲ့ အတွက်  အသိပေးခြင်းပါ။ ဒါ့အပြင် လောက အလုပ်တွေ လုပ်နေရပေမယ့် ဓမ္မအလုပ်ကိုလည်း ကြိုးစားလုပ်ကိုင်ရင်း သံသရာ အတွက် ရိက္ခာထုပ် ပြင်ကြဖို့ နှိုးဆော်အပ်ပါတယ်။

အနှစ်ချုပ် ဆိုရရင်… ထေရ၀ါဒ မြန်မာလူမျိုးများ အနေနဲ့ သစ္စာတရားများ၊ စစ်မှန်သော တရားဓမ္မများကို နာယူကျင့်ကြံနိုင်ဖို့ အတွက် အရင်ဆုံး မိမိတို့ကိုယ်တိုင် ဘာသာရေးအသိ၊ လူမျိုးရေး အသိတွေပါ ရရှိစေချင်ပါတယ်။ ကိုယ်တိုင် ဘာသာခြားလူမျိုးတယောက်နဲ့ နေထိုင်ပြီးတော့ တကယ့်တရားစစ်ကို ကျင့်ကြံနိုင်ဖို့ ဆိုတာ ခက်ခဲပါလိမ့်မယ်။ လောကနည်းအရ ကြည့်ရင်လည်း ဘယ်လိုမှ လက်ခံမရသော လုပ်ဆောင်ချက်မျိုး ဖြစ်ပါလိမ့်မယ်။

ခဏတာ နေရတဲ့ အချိန်လေးမှာ မိမိရဲ့ မျိုးရိုးဂုဏ်ကို စောင့်ထိန်းနိုင်သော၊ ဗုဒ္ဓဘာသာဝင် မျိုးရိုးကိုပါ စောင့်ထိန်းနိုင်ကြသော သူတော်ကောင်းများ ဖြစ်အောင် ကြိုးစားကျင့်ကြံ နေနိုင်ကြပါစေ။

“သူတော်ကောင်းဓာတ် တရားမြတ် လွှမ်းပတ်ကမ္ဘာ တည်စေသော်”

အောင်ဦး

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>