မနက်စောစော လမ်းလျှောက်ထွက်ပြီးပြန်လာတိုင်း ဒီကလေးတွေကို တွေ့ရတယ်။ ဝေလီဝေလင်းရဲ့ လတ်ဆတ်အေးမြ တဲ့ လေနုအေးကို ဝအောင်ရှူခဲ့ရပေမယ့် သူတို့တွေနဲ့တွေ့တိုင်း အသက်ရှူရတာ တင်းကျပ်နေသလို ခံစားရတယ်။ မိုးမလင်းခင်က တည်းက အမှိုက်ပုံ၊ အမှိုက်ပုံးတွေကြား ဒါမှမဟုတ် လမ်းကြိုလမ်း ကြားနဲ့ လမ်းမကြီးတွေရဲ့ ဘေးနား တွေမှာ တွေ့ရတတ်တယ်။ တစ်ခါတစ်ခါ လမ်းဘေးက ခွေးလေခွေးလွင့်များက သူတို့ရဲ့ နေရာကို နယ်ချဲ့လာလေသလား အတွေးနဲ့ သူတို့ကို ရန်လို ဟိန်းဟောက်တဲ့ အတွက် ခုခံကာကွယ်နေကြရတာကိုလည်း မကြာခဏ တွေ့ရတတ်တယ်။
နှစ်ယောက်၊ သုံးယောက် အစုအဖွဲ့နဲ့ အမှိုက်ပုံကို ဖွနေတဲ့ အချိန်ဆိုရင် အဲဒီခွေးအန္တရာယ်ကို ခြောက်လှန့်ကာကွယ်နိုင်ပေမယ့် အရွယ်အလွန်ငယ်သေးတဲ့ ခြောက်နှစ် ခုနစ်နှစ်ကလေးတွေအတွက်ကတော့ ကြောက်စရာ အလွန်ကောင်းပါတယ်။ အဲဒီလမ်းဘေး က ခွေးလေခွေးလွင့်တွေဟာ ပိုင်ရှင်မဲ့ မဟုတ်လား။ အကိုက်ခံရရင် မလွယ်ဘူး။ ဘယ်သူ့ကို အပြစ်တင်ရမလဲ။ အဲ-အတွေ့အကြုံ လည်းရှိ၊ ဘဝပေးသတ္တိတွေလည်း ရှိနေကြတဲ့ ဆယ့်နှစ်နှစ် ဆယ့်သုံးနှစ်အရွယ် ကလေးတွေကတော့ သူတို့ ကိုယ်သူတို့ တစ်စုံ တစ်ရာ ကာကွယ်နိုင်ကြတာမို့ တော်သေးတယ်။
ကြီးမားလေးလံတဲ့ မြွေ ရေခွံအိတ်ကြီး၊ ကြီးတာမှ လူတစ်ရပ်လောက် ရှိမယ်။ အဲဒီအိတ်ကြီးကို ပခုံးထမ်းရင်း လမ်းဘေးဝဲယာ မှာရှိ တဲ့ အိမ်တွေက အသုံးမလို စွန့်ပစ်ထားတဲ့ ဘူးခွံ၊ ခွက်ခွံ၊ စက္ကူ စုတ်၊ စက္ကူဘူးတွေနဲ့ တိုလီမိုလီမှန်သမျှကို သူတို့ ကောက်ယူကြလိမ့် မယ်။ ပြီးမှ အဲဒီပစ္စည်းမျိုးတွေကို ဝယ်တဲ့ဆိုင်တွေမှာ သွားရောင်းပြီး သူတို့ရဲ့ အစားတစ်လုတ်အတွက် ဖြေရှင်းကြလိမ့်မယ်။ တချို့အိမ်အတွက် စွန့်ပစ်လိုက်တဲ့ အဝတ်အစားအဟောင်းအနွမ်း အစုတ်အပဲ့တွေကတော့ သူတို့ရဲ့ ကိုယ်ခန္ဓာကို ဖုံးကွယ်ဖို့ အတွက် အသုံးဝင်လိမ့်မယ်။
ဘဝတူကလေးချင်း အဖော်ပြုပြီး နှစ်ဆယ့်လေးနာရီများကို ဖြတ်သန်းရင်း သူတို့တစ်တွေ ကြီးပြင်းလာကြရတယ်။ သဘာဝ ဘေး အန္တရာယ်ပဲဖြစ်ဖြစ်၊ လူတွေ ဖန်တီးလိုက်တဲ့ အန္တရာယ်တွေ ကြောင့်ပဲဖြစ်ဖြစ် သူတို့ဟာ မိဘ၊ ဆွေမျိုးသားချင်းများနဲ့ ကွဲကွာခဲ့ရ တယ်။ သူတို့တစ်တွေရဲ့ မွေးရပ် မြေနဲ့ ကွဲကွာခဲ့ရတယ်။ အစော ပိုင်းက ကယ်တင်ရှင်များရဲ့ ကောင်းမှုကြောင့် ဘေးဒုက္ခတွေက နေ ယာယီသက်သာခွင့် ရခဲ့ပေမယ့် ကာလတစ်ခုမျှသာ ဖြစ်တယ်။ နောက်တော့လည်း ဘဝနဲ့ မမျှအောင် ရုန်းကန်လှုပ်ရှားနေရတဲ့ လူသားပေါက်စလေးတွေ ဖြစ်သွားရပါလေရော။
ကြာခဲ့ပြီ။ ဆယ်စုနှစ် တစ်နှစ် ဒါမှမဟုတ် လျော့ရင်လည်း နည်းနည်းပဲ ဖြစ်လိမ့်မယ်။ သူတို့ဟာ သူတို့ဘဝရပ်တည်မှု အတွက် လမ်းပေါင်းစုံမှာ စွန့်ပစ် ပစ္စည်းတွေကောက်ရင်း အသက်ဆက်ခဲ့ရတယ်။ မသေရုံသာသာ စားပြီး ဖြစ်သလို ဘဝဆက်နေကြ ရ တယ်။ ကျောင်းနေတဲ့အရွယ် သူတို့လေးတွေဟာ ကျောင်းဆိုတာ မသိဘူး။ ကျောင်းစာကို မသိဘူး။ ပညာကပေးတဲ့ အသိ အလိမ္မာ နဲ့ ယဉ်ကျေးမှုဆိုတာ မသိဘူး။ လူ့ဘောင်ရဲ့ ထိန်းသိမ်းစောင့်ရှောက်ရမယ့် စာရိတ္တနဲ့ နီတိတရားတွေကို သူတို့လေးတွေ သိမယ်မထင်ဘူး။
နေထွက်ကနေဝင် အမှိုက်ကောက်နေရတဲ့ ကလေးတွေဟာ ရေရှည်မှာ ဘယ်အရပ်ကို သွားပြီး ဘယ်လိုဘဝ ရပ်တည်ကြမလဲ။ ဘဝတစ်ခုဆိုတာ စားရေး တစ်ခုတည်း မဟုတ်ဘူး။ အကျယ်အပြန့်ကိစ္စတွေ အများကြီးရှိတယ်။ သူတို့လေးတွေ သိမှသိပါ့ မလား။ ကျောင်းနေခွင့် မရခဲ့တဲ့၊ စာမတတ်တဲ့ အဲဒီကလေးမျိုးတွေ ဘယ်လောက်များနေပြီလဲ။
စာသင်ခွင့် မရခဲ့ကြတဲ့ မိဘအုပ်ထိန်းသူများနဲ့ ကင်းကွာနေရတဲ့ အဲဒီကလေးတွေရဲ့ နိုင်ငံကရော တောက်ပတဲ့ အနာဂတ်ဆီ ချီတက်နိုင်ပါ့မလား။ မျှော်တွေး ကြည့်တာနဲ့ ရင်မောစရာ၊ ထိတ်လန့်စရာဖြစ်နေလိမ့်မယ်။ တချို့ နိုင်ငံတွေမှာ အဲဒီလို လမ်းပေါ်က ကလေးတွေ ကြီးပြင်းလာကြတဲ့အခါ မမှန်မကန်တဲ့ ထွက်ပေါက်ကို ရောက်သွားကြတာမျိုးတွေကို တွေ့မြင်ကြားသိရတယ်။ အင် မတန် အန္တရာယ်ကြီးပါတယ်။ သူတို့အတွက်ရော၊ သူတို့နေထိုင်ရာ တိုင်း ပြည်နဲ့သူ့အဖွဲ့အစည်းတွေအတွက်ပါ အန္တရာယ် ကြီးပါ တယ်။ လွယ်လင့်တကူ လမ်းမှားကို ရောက်သွားကြလေတော့ မဖြစ်သင့်တာတွေ ကြီးကြီးမားမား ဖြစ်သွားတော့မယ်။
မြေအောက်လောကက ရာဇဝတ်ဂိုဏ်းအသီးသီးဆီကို သူတို့လေးတွေ ရောက်သွားကြလိမ့်မယ်။ အမှားအမှန်ကို မသိတဲ့ လူဆိုး လူမိုက်ကလေးတွေ ဖြစ်သွားကြလိမ့်မယ်။ ဒီကတစ်ဆင့် ကြိုးကိုင်သူများရဲ့ အလိုကျ စဉ်းစားဆင်ခြင်မှုမရှိ လုပ်ကြတော့မယ်။ ဘယ် သူသေသေ ငတေမာရင် ပြီးရောဆိုတဲ့ အတွေးဆိုးတွေ၊ လိုချင်တာရဖို့အတွက် ဘနဖူးသိုက်တူးကြမယ့် အတွေးမိုက်တွေ သူတို့ ခေါင်းထဲမှာ ကိန်းအောင်းကြီးထွားလာပြီး ကမ္ဘာကြီးကို ဖျက်ဆီးတဲ့အဆင့်အထိ ရောက်သွားမှာ သေချာတယ်။
လူမှုဝန်ထမ်းကိစ္စတွေကို သက်ဆိုင်ရာအစိုးရတွေအနေနဲ့ အားတိုက်အင်တိုက် လုပ်နိုင်ကြရဲ့လား။ လုပ်နိုင်ဖို့ အခြေအနေ အချက် အလက်တွေရော ရှိရဲ့လား။ မရှိသေးရင် ရှိအောင်လုပ်သင့်တယ်။ မပြည့်စုံသေးရင် ပြည့်စုံအောင် ဖန်တီးသင့်တယ်။ အာဖရိ ကနိုင်ငံ တချို့က ကလေးတွေရဲ့ အကြောင်းကို စာနယ်ဇင်းတွေ၊ ရုပ်ရှင်တွေမှာ အကြိမ်ကြိမ် တွေ့ဖူးတယ်။ ဆင်းရဲမှုကို ရှောင်လွှဲ မရ တဲ့ ဘေးဒုက္ခတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ အင်မတန် ကြောက်စရာကောင်းတဲ့ ရုပ်ကြမ်း၊ စရိုက်ကြမ်းနဲ့ ဘဝကြမ်းမှာ ရောက်သွား ကြပြီး လွဲမှားတဲ့ လုပ်ဆောင်မှုတွေကြားမှာ ပဲ ကြွေလင့်သွားရတဲ့ ကလေးငယ် တွေရဲ့ဘဝကို မသက်မသာ တွေ့ခဲ့ ရတယ်။
ကလေးတွေ စာတတ်အောင် သင်မပေးနိုင်ရင် ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းတစ်ခုကို မတည်ဆောက်နိုင်ဘူး။ ယဉ်ကျေးမှုမရှိတဲ့၊ စာရိတ္တမကောင်းတဲ့ လူ့အဖွဲ့အစည်းဟာလည်း အနိဋ္ဌာရုံ လူ့အဖွဲ့အစည်းပဲ ဖြစ်လိမ့်မယ်။ ကလေးတွေ အမှားနဲ့အမှန်၊ အ ကောင်းနဲ့ အဆိုးကို ခွဲခြားနိုင်မှု နည်းပါးလာတဲ့အခါ မလိုလားအပ်တဲ့ ကိစ္စတွေမှာ ပျော်ဝင်သွားတတ်တယ်။ ဒီတော့ အဲဒီတိုင်းပြည်ရဲ့ အနာဂတ်ဟာ စဉ်းစားရဲစရာ တောင် ရှိမယ်မထင်ဘူး။
လမ်းပေါ်မှာ မိဘမဲ့ကလေးတွေ အများကြီး ရှိပါတယ်။ နွေးထွေးတဲ့ အရိပ်မဲ့ကလေးတွေ အများကြီးရှိပါတယ်။ တရားခံကို လက်ညှိုး ထိုးရှာမနေဘဲ ကိုယ်နိုင်တဲ့ဝန်ကို ထမ်းတဲ့ သဘောနဲ့ ကူညီကြပါ။ အစိုးရရဲ့ကိစ္စလို့ သဘောထားတာထက် နိုင်ငံသားတစ် ဦးချင်းရဲ့ တာဝန်အဖြစ် မြင်သိခံစားပြီး ကိုယ်လုပ်နိုင်တာကို လုပ်ပေးကြမယ်ဆိုရင် အတိုင်းထက် အလွန် ဖြစ်လိမ့်မယ်။ ပန်းကလေး တွေ မွှေး ပါစေ ဆိုတာထက် ပန်းက လေးတွေ မနွမ်းအောင် ကာကွယ် ပေးနိုင်ကြရင် လူသားတာဝန် ကျေ ပြီမဟုတ်ပါလား။
ထက်ကျော်
No comments:
Post a Comment