2 3 4 5 6 7 8 9 10

Thursday, December 17, 2015

ဒီကျချိန်



ဗျိုင်းညီနောင်၊ အတောင်ကဖြူဖွေး။
ကမ်းစပ်မှာငိုင်
သူ့လည်တိုင် စွေတစောင်းနဲ့
ရေတံငါ အစာချောင်းပြန်ပေါ့၊ ဒီ ညောင်းပြီလေး။

ကနန်းမ ရွှံစိုစို၊ တကိုယ်လုံး နီထွေး။
လက်မ တထောင်ထောင်နဲ့
တွင်းဘောင်မှာ မင်းယောင် ခင်းပြန်ပေါ့၊ ဒီ ဆင်းပြီလေး။

ပုစဉ်းကောင်၊ အတောင်က ငွေမှေး။
ကျူရုံမှာ သူလှုံခပြန်ပေါ့၊ ဒီ ကျပြီလေး။

ဒီကျချိန်တန်၊ စုန်ပြန်ပေါ့ ဗေဒါပန်း။
ကျူရိုးရှင် ကျူပင်ရွက်နဲ့၊ ခွန်းဆက်လို့လွမ်း။

( ဇော်ဂျီ )

ကမ္ဘာသစ် 

Sunday, December 6, 2015

အမျိုးသားအောင်ပွဲနေ့ ★



★အမျိုးသားအောင်ပွဲနေ့★

ဘွေကောင်းကင်ယံ၊ နိတုံစံသို့၊ ဖန်ဝါရောင်ဝင်း၊ မိုက်မှောင်ခွင်းသည့်၊ 
နေမင်းတရထည်၊ ဆွေအကြည်လျှင်၊ ကျင့်ရည်ပြည့်စုံ၊ သွယ်သွယ်ဂုဏ်နှင့်၊ 
လောက်လုံအ၀၊ မင်းသမ္မတ၏၊ ၀ံသနွယ်လာ၊ ဘိရာဇာမှ၊ ရေကာတွက်စီ၊ 
နှစ်ရာချီ၍၊ သုံးလီဒသ၊ မင်းသတ္တတို့၊ တည်စ ( တကောင်း )၊ မြန့်သောင်း 
( ခေတ္တယံ )၊ မြို့ ( ပုဂံ ) တည့်၊ ဌာနံ ( မြင်စိုင်း )၊ ( စစ်ကိုင်း ) ( ပင်းယ )၊ 
( အင်းဝ ) သာစည်၊ ( တောင်ငူ ) ( ပြည် ) နှင့်၊ ဇာနည်ဘုန်းတန်း၊ ( ကုန်းဘောင် ) 
နန်းကို၊ သိမ်းမြန်းဆက်ခံ၊ မတ်ပေါင်းရံလျက်၊ ကဒဏ်ရွှေချူ၊ ထီးပစ္စူဖြင့်၊ 
ရိပ်ဖြူဆောင်းကာ၊ စိုးအုပ်လာသည်။ မြန်မာတို့သွေး ထောက်ချင့်တွေး။
နေဒေါင်းတောင်ပံ၊ သကုဏံတည့်၊ ၀ဲပျံလူးခတ်၊ ၀ဠာရပ်မှ၊ နံဓာတ်ပျက်ကြွေ၊ 

ဂြိုဟ်ဆိုးမွှေလျက်၊ ရဝေဦးကင်၊ ကြငှန်းစဉ်နှင့်၊ ပလ္လင်တိမ်ပျောက်၊ 
ဗြိတန်အောက်သို့၊ ကံလျှောက်ကြမ္မာ၊ ကျခဲ့ရှာ၍၊ ကောဇာသက္ကရာဇ်၊ 
တွက်ဖွဲ့စစ်သော်၊ ထောင်နှစ်ရှစ်ဆယ်၊ နှစ်နှစ်ကယ်၌၊ ချိန်ဝယ်သရဒ၊ 
ဆောင်မုန်းလ၏၊ ပက္ခဆုတ်ကျော်၊ ဆယ်ရက်မော်တွင်၊ ကျောင်းတော်သိပ္ပံ၊ 
နေဗိမာန်မှ၊ နည်းစံထုံးတမ်း၊ ဥပဒေကြမ်းကို၊ နှစ်ဝမ်းမကြည်၊ နောင်အရှည်ဖို့၊ 
မျှော်ရည်စိတ်ထား၊ ကျောင်းတော်သားတို့၊ စိတ်အားမာန်တက်၊ ဖယ်ကြဉ်ထွက်ခဲ့၊ 
ဘ၀ဂ်အာကာ၊ သိမ့်သိမ့်ငြာသည်။ ၀ံသာဘို့ရေး ပျောက်လွင့်အေး။
ရွှေမောင်းရောင်လျှံ၊ ဓာတ်မွေဆံတို့၊ ပျော်စံဝပ်ကိန်း၊ မျက်စံလိန်းလျက်၊ 

တစ်သိန်းလောကဓာတ်၊ သုံးလူနတ်လျှင်၊ တွားညွတ်လက်စုံ၊ ရှိဦးလှုံရာ၊ 
တိဂုံယင်္ဂဏ၊ စေတီယ၌၊ မောရ၀ံသံ၊ ဇာတိမာန်နှင့်၊ ဟိတ်ခံတန်ခိုး၊ 
မနွမ်းညှိုးအောင်၊ ငြိမ်းထိုးသဖွယ်၊ နေရှင်နယ်ဟု၊ တိမ်ကွယ်မမေ့၊ 
ဤချိန်စေ့က၊ ဤနေ့မင်္ဂလာ၊ ဤအခါတွင်၊ ရွှင်သာနှစ်ထောင်း၊ 
ခြိမ့်ခြိမ့်ညောင်းလျက်၊ ပန်းပေါင်းအမွန်၊ အောင်တံခွန်နှင့်၊ ပန်တင်သီးသီး၊ 
သင်းချပ်တီးသို့၊ မြန့်ထီးတစ်ခွင်၊ လွတ်လပ်ယာဉ်၌၊ လျင်လျင်ဆောစွာ 
ဆောင်ပို့ရာသည်။ စံရာတို့ကျေး မြှောက်ပင့်ပေး။

ဇော်ဂျီ ( ၁၉၂၄ )



ဝါးတစ်လုံးနှင့် လူဆယ်ယောက် ( မောင်ထင် )


      ရှေးလွန်လေပြီးသောအခါ မြန်တိုင်းဗာမာဏသီပြည်တွင် အဘိုးအိုတစ်ဦးသည် သားတစ်ကျိပ်နှင့်အတူ ရွာသာယာ၌ နေထိုင်၏။ သူ၏ သားများကား မောင်ရွှေရိုး၊ မောင်ညစ်၊ မောင်ပုပ်၊ မောင်ကတ်၊ မောင်ကျယ်၊ မောင်လည်၊ မောင်ကောက်၊ မောင်ပျင်း၊ မောင်ဖျင်း၊ မောင်သစ္စာ ဟူ၍တွင်၏။
            သားအထွေး ပြေးလွှားတတ်သောအရွယ်တွင် အဘိုးအို၏ မယားသည် ကွယ်လွန်၏။ အဘိုးအိုလည်း သားတစ်ကျိပ်ကို ခြေမွေးမီးမလောင် လက်မွေးမီးမလောင် နေနိုင်လေအောင် ကျွေးမွေးသုတ်သင်သည်။ ဤသို့လျှင် သားတို့သည် လူလားမြောက်လာကြသော ဟူ၏။ သားအကြီးကား မောင်ပဉ္စင်း အရွယ်ရှိသည်။ သားထွေးကား ကိုရင်ဝတ်လျှင် သင်္ကန်းနိုင်သောအရွယ် ရောက်လေပြီ။.
            အဘိုးအိုသည် နောင်ရေးကို မျှော်တွေးထောက်ရှု၍ ပစ္စည်းဥစ္စာတို့ကို ကြိုတင်သိုမှီးပြီးလျှင် သားတစ်ကျိပ်တွက် ပဗ္ဗဇိတမင်္ဂလာကို အထိုက်အလျောက် ဆင်ယင်ကျင်းပနိုင်ရန် ပြင်ဆင်လေသည်။ အဘိုးအို၏ သဘာဝကား အဖတို့၌ ရှိသော ချစ်ခြင်းမေတ္တာဖြင့် ၀တ်ကြီးဝတ်ငယ်မှန်သမျှကို သားတို့မပင်ပန်းရလေအောင် မိမိကချည်း ထမ်းဆောင်သော သဘာဝဖြစ်သည်။ သို့သော် ယခုအခါ မိမိသည် အသက်အရွယ် ကြီးရင့်ပြီဖြစ်၍ မိမိကိုယ်တိုင် အရာရာကို ထမ်းဆောင်ခြင်း မပြုနိုင်သောကြောင့် သားတို့ကို တောက်တိုမယ်ရကိစ္စတို့၌ စေခိုင်းရလေသည်။

Thursday, December 3, 2015

ကောင်လေး နဲ့ ခွေးလေး




စတိုးဆိုင်ပိုင်ရှင်က ဆိုင်တံခါးဝမှာ ဆိုင်းဘုတ်အသစ်တစ်ခု
ထပ်ချိတ်သည်။
“ခွေးပေါက်ကလေးများ ရောင်းရန်ရှိသည်” တဲ့။
သည်ကြော်ငြာမျိုးကို ကလေးတွေအလွန် စိတ်ဝင်စားသည်။
သူတို့က ခွေးချစ်တတ်သူများ မဟုတ်လား။ ခဏအကြာမှာပင်
ကလေးတစ်ယောက် ဆိုင်ပေါက်ဝသို့ ရောက်လာသည်။
“ခွေးလေးတစ်ကောင်ဘယ်လောက်ရောင်းသလဲခင်ဗျ”
သူက မေးသည်။

 “ဒေါ်လာ ၃၀ က ၅၀ အထိ ဈေးအစားစားရှိတယ်”
ဆိုင်ရှင်က ဖြေသည်။
ကောင်လေး က သူ့ အိတ်ထဲမှာ ရှိသည့် ပိုက်ဆံအကြွေတွေ နှိုက်ထုတ်သည်။
 “ကျွန်တော် မှာ ၂ဒေါ်လာ နဲ့ ၃၇ဆင့် ရှိပါတယ်။ ခွေးလေးတွေ
 ကျွန်တော်ကြည့်လို့ရမလားခင်ဗျ”
ဆိုင်ရှင်ကပြုံးသည်။
ထို့နောက် ခွေးအိမ်ထဲမှာရှိနေသည့် ခွေးမကြီးကို
 လေချွန်ပြီး ခေါ်လိုက်သည်။
 ခွေးမကြီး ဆိုင်ခန်းထဲပြေးဝင်လာတော့ သူ့နောက်က
 ခွေးပေါက်ကလေး ငါးကောင်တန်းစီ၍ လိုက်ပါလာသည်။
ပိစိကွေးလေးတွေ ၊ အမွေးက သိတ်ရှည်တော့ တစ်ကိုယ်လုံး
အမွေးတွေဖုံးကာ လုံးနေသည်။ အဲသည်အထဲမှ တစ်ကောင်က
 ဟိုးနောက်မှာပြတ်ကျန်ခဲ့သည်။
သူက ထော့တီး ထော့နဲ့ နှင့် လမ်းမလျှောက်တတ်သလို။
ကောင်လေးကသည်ဟာလေး မြင်တော့
ချက်ချင်းစိတ်ဝင်စားသွားသည်။
“ဒီခွေးလေးက ဘာဖြစ်တာလဲဟင်”
ခွေးလေးမှာ မွေးကတည်းကတင်ပါးဆုံ အရိုးခွက်ပါမလာသဖြင့်
တစ်သက်လုံး ခြေထော့နဲ့ ဖြစ်နေမည်ဟု တိရစ္ဆာန်ဆေးကု ဆရာဝန်က
 ပြောဆိုသည့်အကြောင်း ဆိုင်ရှင်ကြီးကရှင်းပြသည်။
ကောင်လေးက ပို၍ စိတ်ဝင်စားသွားသည်။
“ဒီခွေးလေး ကျွန်တော် ၀ယ်ချင်တယ်ဗျာ” သူကဆိုသည်။
“ဟာ…မ၀ယ်ပါနဲ့ကွ ၊ မင်း တကယ်လိုချင်ရင် ငါပေးပါ့မယ်”
သည်စကားကြားတော့ ကောင်လေး မျက်နှာပျက်သွားသည်။
သူက မကျေနပ်သည့် အမူအရာမျိုး နှင့် ဆိုင်ရှင်ကြီးကို
မော့ကြည့်ပြီး ပြန်ပြောသည်။
“အလားကားပေးတာကျွန်တော်မလိုချင်ဘူး ခင်ဗျ ၊
ဒီခွေးလေးလည်းကျန်တဲ့ခွေးတွေနဲ့ တန်းတူ တန်ဖိုးရှိတာပဲ ၊
တစ်ပြားသားမှ မလျော့ပါဘူး ၊ ကျွန်တော် တန်ဖိုးအပြည့်ပဲ ပေးမယ် ၊
ဒါပေမယ့် ကျွန်တော်မှာ လောလောဆယ် ၂ဒေါ်လာနဲ့ ၃၇ဆင့်ပဲ ပါတယ် ၊
အခု အဲဒါ ယူထားပါ ၊ နောက်ကို တစ်လ ဆင့်ငါးဆယ်စီ ကျေတဲ့အထိ
 ကျွန်တော် ဆက်ပေးပါ့မယ်”
သို့သော် စတိုးဆိုင်ရှင်က အလျှော့မပေး။
“မ၀ယ်ပါနဲ့ ကလေးရ ၊ နောက်ကျတော့ မင်းစိတ်ပျက်သွားလိမ့်မယ် ၊
ဒီခွေးလေးက ပြေးနိုင်လွှားနိုင်မှာ မဟုတ်ဘူး ၊ မင်း နဲ့
ခုန်ပေါက်ကစားနိုင်မှာမဟုတ်ဘူး”
သည်အခါကျတော့မှ ကောင်လေးက ဆိုင်ရှင်ကြီးကို မော့ကြည့်ကာ
သူ့ဘောင်းဘီအောက်နားစကို လှန်၍ ပြရင်း လေသံတိုးတိုး နှင့် ပြောသည်။
“ကျွန်တော်လဲ ကောင်းကောင်းမပြေးနိုင်ပါဘူးဗျာ ၊ ပါပီလေးခမြာမှာ သူ့ကို
ကိုယ်ချင်းစာမယ့် လူတစ်ယောက်တော့ ရှိဖို့ လိုမှာပေါ့” တဲ့။

ကောင်လေး ၏ ဘယ်ခြေထောက်ကလေးက အတော်ဆိုးဆိုးဝါးဝါးပင်
သိမ်နေကောက် နေကာ လမ်းလျှောက်နိုင်ရန်အတွက် သတ္တုချုပ်တံများဖြင့်
အားဖြင့်ပေးထားရလေသည်။
..................................
Trs: ဖေမြင့်  

ဒီဇင်ဘာလ ၃ ရက်နေ့ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့  အတွက်

Tuesday, December 1, 2015

တစ်ကြိမ်တစ်ခါ




ကျွန်တော့်အသက် သုံးဆယ်ပါ။ ကလေးတစ်ယောက်အဖေပါ။
ကျွန်တော့်မှာ H.I.V ရောဂါ စွဲကပ်နေပြီဆိုတာကို ဘန်ကောက်မှာ
အလုပ်လုပ်နေတုန်းသိခဲ့ရပါတယ်။
 ဓာတ်လိုက်ရာက ခွဲစိတ်ကုသမှု ခံယူတော့ ဆရာဝန်က ကျွန်တော့်ကို
 သွေးအမျိုးအစားသိဖို့ သွေးယူပါတယ်။
ကျွန်တော့်မှာ H.I.V ပိုးရှိနေတယ်ဆိုတာ သိသွားပါတယ်။ ဒါပေမယ့် သူက
ကျွန်တော့်ကို ဖွင့်မပြောပါဘူး ဆေးရုံမှာ တစ်လလောက်နေရပါတယ်။
ဆရာဝန်က ကျွန်တော့်ရဲ့  မိသားစုမှတ်တမ်းကို မေးပါတယ်။
ကျွန်တော်က နေ့စားအလုပ်သမား။ တစ်နေ့ ဘတ်လေးရာ ရတယ်။
ဇနီးရှိတယ်။လက်ထပ်ခဲ့တာ သုံးနှစ်ရှိပြီ၊ သားသမီးတော့ မရသေးဘူး..
စသဖြင့် ရှင်းပြပါတယ်။ ဒီတော့မှ ဆရာဝန်က ကျွန်တော့်မှာ H.I.V ပိုး
စွဲကပ်နေပြီလို့ ဖွင့်ပြောပါတော့တယ်။

ကျွန်တော် ဘယ့်နှယ်လုပ်ရပါ့မလဲ..။ ကျွန်တော်ငိုတယ် ။
ဆရာဝန်ကတော့  ဇနီးကိုဖွင့်ပြောဖို့၊ ကလေးမယူဖို့ ပြောပါတယ်။
ဒါပေမယ့် ကျွန်တော် မပြောရက်ဘူး။
မပြောချင်ဘူး။ ဒီလိုနဲ့ ဆေးရုံကဆင်းတော့ လက်ရှိ လုပ်ငန်းမှာပဲ ခြောက်လ
ဆက်လုပ်ပါတယ်။ နောက် လုပ်ငန်းသစ်မှာ သုံးလ လုပ်တယ်..
အဲဒီမှာ ကျွန်တော်မဖြစ်စေချင်တဲ့အရာ ဖြစ်လာပါတော့တယ်။
ကျွန်တော့်ဇနီးက သူ့မှာ ကိုယ်ဝန်နှစ်လ ရှိနေပြီလို့ ဖွင့်ပြောပါတော့တယ်။
ကျွန်တော်က ပထမတော့ ပျော်သွားတာပေါ့လေ။ ဒါပေမယ့် ချက်ချင်းပဲ
စိတ်ညစ်သွားရပါတယ်။ ဟုတ်တယ်လေ ကျွန်တော့်မှာက ရောဂါဆိုးကြီး
စွဲကပ်နေပြီပဲ။ ကျွန်တော့်ဇနီးကို ဘယ်ပုံဘယ်နည်း ဖွင့်ပြောရမလဲ။
 ဖွင့်ပြောလိုက်ရင် သူ ကျွန်တော့်ကို စွန့်ခွာသွားတော့မယ်လို့
ထင်တယ်။ ဒါနဲ့ ကျွန်တော်က “မင်း သားဖွား ဆေးခန်း ပြမလား..
မပြဘူးလား..” မေးရတာပေါ့။ သူက.. “လောလောဆယ် ကိုယ်ဝန်ဆောင်လက
 နုသေးလို့ မပြသေးပါဘူး.. သေချာအောင် တစ်လ စောင့်ကြည့်ဦးမယ်” လို့
ရိုးရိုးပဲ ပြောရှာပါတယ်။ ကျွန်တော်က “ကလေးမယူချင်သေးဘူးကွယ် ..
ဖျက်ချလိုက်ပါလား..” လို့ ပြောတော့
သူက.. “ဘာဖြစ်လို့လဲ” လို့ မေးပါတယ်။ ကျွန်တော် မဖြေခဲ့ပါဘူး။
သုံးလကြာတော့ သူက ဆေးခန်းပြဖို့ ပြောပါရော။
အဲဒီညက ကျွန်တော်သူ့ကို မေးပါတယ်။
“ငါ့မှာ AIDS ဖြစ်နေတယ်ဆိုရင်ဘယ်လိုလုပ်မလဲ..” လို့..။
            သူက အားရပါးရ ရယ်ပါတယ်။ ဘာမတော့ မပြောပါဘူး။
ဒါကြောင့် ကျွန်တော့်အဖြစ်ကို ပြောပြဖို့ ဆုံးဖြတ်ရပါတော့တယ်။
ကျွန်တော် မလိမ်ချင်တော့ဘူးလေ။ ကျွန်တော်လည်း ဖွင့်ပြောလိုက်ရော
သူဟာ အသံတိတ်သွားပါတော့တယ်။ ကျွန်တော်ပြောတာကို ယုံပြီး ဘာမှ
မမေးဘူး။ ပြီးတော့တဖြည်းဖြည်းချင်း စပြီး ငိုလိုက်တာ တစ်ညလုံး
မတိတ်တော့ပါဘူးဗျာ။ သနားမိပါတယ်။
နောက်နေ့မနက်မှာပဲ ကျွန်တော်သူ့ကို ဆေးခန်းခေါ်သွားပါတယ်။
ဆရာဝန်ကတော့ ကျွန်တော့်ဇနီးမှာ H.I.V မစွဲကပ်လောက်ပါဘူးလို့
ဖြေသိမ့်ပါတယ်။
ပြီးတော့ ကလေးဖျက်ချဖို့ ဆိုတာကလည်း ဒီအချိန်မှာ
သိပ်အန္တရာယ်များသွားပြီလို့ ပြောပြပါတယ်။ နောက်တော့ ဆရာဝန်က
မိခင်လောင်းအတွက် လိုအပ်တဲ့ ကိစ္စတွေလုပ်ပေးပါတယ်။
သွေးစစ် တာလည်း ပါတာပေါ့လေ။
ဒီတော့မှ ဇနီးသည်က ဖွင့်မေးရှာပါတယ်။
“ရှင် ဘယ်လိုလုပ်ပြီး H.I.V ရတာလဲ..” တဲ့။
“မင်းနဲ့ လက်မထပ်ခင် ယိုးဒယားတောင်ပိုင်းမှာ အလုပ်လုပ်နေတုန်းက
မိန်းမပျက်တစ်ယောက်နဲ့ ဆက်ဆံဖူးတယ်။
ဒါပေမယ့် အဲဒီ တစ်ခါပဲပါကွယ်..” လို့..။ တကယ်လည်း
ကျွန်တော်ဟာ အဲဒီတစ်ကြိမ်တည်း မိုက်မှားမိတာပါဗျာ..။
အလုပ်ပြီးတော့ ဘန်ကောက်ကို ပြန်လာခဲ့ပါတယ်။
            နောက်ဆုံးတော့ ကျွန်တော့်ဇနီးသည်ရဲ့ သွေးအဖြေကို
 တထိတ်ထိတ်နဲ့ နားထောင်ရတော့မယ့်နေ့ကို ရောက်လာခဲ့ပါပြီ။
ကျွန်တော်တို့မှာ အကြီးအကျယ်စိတ်လှုပ်ရှားရပါတယ်။
 ကြောက်လိုက်တာလည်း လွန်ပါရော။
     
           
ဒါပေမယ့် ကျွန်တော် မျှော်လင့်ထားသလို
ကျွန်တော့်ဇနီးသည်မှာH.I.V ပိုး မတွေ့ရပါဘူး။
ကျွန်တော်ပျော်လိုက်တာလေ။ ကိုယ့်ဘ၀ကိုတောင် မေ့သွားတယ်။
ကံကောင်းလိုက်တဲ့ မိန်းမ။ ဒါကြောင့် သူ့ကို ကျွန်တော်ပြောရတယ်။
“ရှေ့လျှောက် မင်းကို ပိုချစ်မယ်။ မင်းနဲ့တို့ရဲ့  ကလေးကို ပိုပြီး
ဂရုစိုက် စောင့်ရှောက်မယ်၊
ငါ့ဘ၀မှာ အကောင်းဆုံးတွေ ဖြစ်အောင် နေထိုင်တော့မယ်၊
ငါတတ်နိုင်တာတွေ အကုန်လုပ်မယ်..” လို့ ။
ကျွန်တော့် ချစ်ဇနီးက ကျွန်တော့်အတွက် သားလေးတစ်ယောက်
မွေးဖွားပေးပါတယ်။ သားယောက်ျားလေး..
ဒါဟာ ကျွန်တော့်ဘ၀အတွက် ခွန်အားသစ်တွေ မဟုတ်လား။
                                                                            Trs:သုမောင်                                                   
Japan International Cooperation Agency မှ ထုတ်ဝေသော 
ထိုင်းနိုင်ငံ AIDS ဝေဒနာသည်များ၏ ကိုယ်တိုင်ရေးအတွေ့အကြုံများ 
စုပေါင်းထားသော စာအုပ်မှ "တစ်ကြိမ်တစ်ခါ " ခေါင်းစဉ်ဖြင့်   
ဆရာသုမောင် ဘာသာပြန်ထားသော ဖစ်ရပ်မှန် စာစုတစ်ပုဒ်ကို 
ကမ္ဘာသစ် စာဖတ် ပရိသတ်များ အတွက် ပြန်လည်မျှဝေဖော်ပြပါသည်။
                                                                                                                        


Monday, November 30, 2015

စိတ်




လူ့ပြည် နတ်ပြည် ဗြဟ္မာ့ပြည်

ကျင်လည်စိတ်ကြောင့်သာ..။

အပါယ်လေးပါးသွားသူများ

မှတ်သားစိတ်ကြောင့်သာ..။

နိဗ္ဗာန်သာခေါင် ဘေးမဲ့သောင်

စိတ်ဆောင်ရောက်မည်သာ..။

 တောင်တန်းသာသနာပြုဆရာတော်ဘုရားကြီး ဦးဥတ္တမသာရ 



Friday, November 13, 2015

ရှင်သန်ခြင်း ဘ၀သစ်ပင်

 

လူအမျိုးမျိုး စိတ်အထွေထွေ 
ကိုယ်ရပ်တည်ရာ အပင်တွေရဲ့ 
လောင်းရိပ်တွေအောက်ကနေ ကြည့်ကြ 
တချို့ကျတော့လည်း အပေါ်ကိုမမြင် 
မာန်မာန အမိုးအောက် ပိတ်မိနေကြရင်း 
သူကတော့ ဘာအပင် ငါကတော့ ဘာအပင်
လူအချင်းချင်းကြည့်ရင်း အချိန်တွေကုန်ကြ 
အတ္တတွေနဲ့ မော 
မောဟတောမှာ ဒေါသတွေဖက်
လောကရေစက်တွေ ခန်းကုန်ပြီလား

မြက်ခင်းစိမ်းစိမ်း ပန်းယိမ်းယိမ်း
လွင်ပြင်ကျယ်တစ်ခုကို လာကြည့်ပါလား
နေညိုချိန်လေပြည်ညင်းက
တောင်တန်းပြာတွေပေါ် တိမ်ပန်းချီဆွဲတဲ့အခါ
မေတ္တာတရားဆွတ်ဖျန်းထားတဲ့
လောကရဲ့သစ်တစ်ပင်ဟာ
ကျွန်တော်တို့ကို ပြောပြလိမ့်မယ်
ကမ္ဘာမြေဟာ ပျော်စရာကောင်းတဲ့အကြောင်း..။
 

Thursday, November 5, 2015

ညီမလေး


ညီမလေးရေ..
နှင်းတွေတအားကျနေတဲ့အခါ
ကိုယ်တို့ရဲ့နံနက်ခင်းလေးကို
မေ့မပြစ်လိုက်ပါနဲ့...။

ညီမလေးရေ..
ကျောင်းစာအုပ်ကြားမှာ
ကိုယ်ရေးပေးဖူးတဲ့ကဗျာလေးလို
ညနေကျောင်းဆင်းချိန်လေးက
ငိုတော့မယ်..။

ညီမလေးရော..
သံယောဇဉ်တွေပိုက်ထွေး
ဟိုး...အဝေးကလမ်းကလေးကို
ငေးနေတုန်းပဲလား...။

ညီမလေးရေ..
အိပ်မက်တွေကို
ဖျက်မပြစ်လိုက်ပါနဲ့
ကိုယ်တို့ရဲ့ကျောင်းလွယ်အိတ်လေး
သံယောဇဉ်တွေအေးကုန်လိုက်မယ်။


ဆူးငယ်သစ်(တောင်ကြီး) 

Posted by suengethit on May 23, 2010 at 4:33pm 

Tuesday, November 3, 2015

အလှတရား ( ဆရာတော် ဦးဇောတိက )



Beauty is serene and at the same time exhilararing; it increases one's sense of being alive.

အလှတရားဟာ ငြိမ်သက်အေးချမ်းမှုရှိတယ်။
တစ်ချိန်တည်းမှာပဲ စိတ်ကို ရွှင်လန်းစေတယ်။
ရွှင်မြူးစေတယ်။ ပြီးတော့ အသက်ရှင်နေထိုင်တယ်ဆိုတဲ့
ခံစားမှုကိုလည်း ပိုပြီးအားကောင်းစေတယ်။
အလှအပကို မမြင်ရ မခံစားရတဲ့နေ့ဟာ ခြောက်သွေ့တဲ့
နေ့ပဲဖြစ်တယ်။
လောကကြီးကို ကြည့်တဲ့အခါမှာ လွတ်လပ်တဲ့စိတ်နဲ့
ကြည့်တတ်ဖို အင်မတန်အရေးကြီးပါတယ်။
လှတဲ့စိတ်နဲ့ကြည့်မှ လှတာကို မြင်နိုင်မှာပါ။
လှပပြီးအေးချမ်းတဲ့နေရာမှာ လမ်းလျှောက်ရတာဟာ
ကျန်းမာရေးအတွက် အကောင်းဆုံးဆေးဖြစ်ပါတယ်။
ကျန်းမာမှုဟာ လှပမှုအတွက်အရေးပါဆုံးအချက်
လည်းဖြစ်ပါတယ်။

ဆောင်းမနက်စောစော ဆိုတော့နှင်းကလေးတွေ
ကျနေတဲ့ အချိန် ရေကန်လေးဆီကို လာတဲ့ စမ်းချောင်း
သေးသေးလေးရဲ့ အကွေ့အကောက်လေးတွေကို
ကျော်ပြီး စီးလာတဲ့ရေ သံရယ်၊ အိပ်တန်းက ထလို့
အစာရှာကြ တဲ့ငှက်ကလေးတွေရဲ့ ဘာသာဘာဝ
အော်သံကလေးတွေကို ကြားနေရ ပြီး တောတန်း
စိမ်းစိမ်းတောင်တန်းပြာပြာကြားကနေ နှင်းမှုန်ကလေးတွေ
ကိုဖြတ်ပြီး စထွက်လာတဲ့ အခါ နေရောင်ခြည်နုနုလေးရယ်၊
မြင်ယောင်ကြည့်လိုက်ပါ။ အဲဒါတွေဟာ တကယ့်လောကထဲ က
သက်ရှိပန်းချီကားလေးပါပဲ။
ဒီလို အလှတရားတွေကိုကြည့်တတ်ဖို့ဆိုတာကတော့
ချစ်တတ် တဲ့ မျက်စိနဲ့ ကြည့်တတ်ဖို့လိုပါလိမ့်မယ်။
အလုပ်လုပ်တဲ့အခါမှာ အလုပ်နဲ့ပတ်သက်တဲ့ သဘာဝ အလှကို
ခံစားမှုရှိမှသာ အဲဒီ အလုပ်ကို လုပ်ရတာပျော်ရွှင်နိုင်မှာပါ။
ဘယ်လိုအကြောင်းအရာကိုဖြစ်ပါစေ သူ့သဘာဝ နဲ့သူ့အလှကို
နက်နက်နဲနဲ ခံစားတတ်မှ သူ့အကြောင်းကို သိမယ်
သူနဲ့နေရတာပျော်မယ်။ အဲဒါဟာ ကိုယ့် ဘ၀ရဲ့
အဓိပ္ပါယ်ဖြစ်လာပါမယ်။ ချစ်တတ်တဲ့ စိတ်နဲ့ကြည့်မှသာ
အလှအပကိုမြင်နိုင်မှာပါ။
အလှအပကို မြင်နိုင်မှ အလှအပကို ဖန်တီးနိုင်မှာပါ။
အပြစ်ရှာချင်တဲ့သူဟာ အလှအပကိုမမြင်နိုင်ပါဘူး။
မလှတာကိုပဲမြင်နိုင်မှာပါ။ သူ့အတွက်တော့ ကြီးမားတဲ့
ဆုံးရှုံးမှုကြီးဖြစ်ပါတယ်။
အခုခေတ်မှာ ရုပ်ရည်လှပတာကို ပိုပြီး အလေးထား
လာကြတာကိုတွေ့ရပါတယ်။ စိတ်ထားနဲ့ အကျင့်
စာရိတ္တကို အလေးထားတာနည်းလာပါတယ်။
လူတစ်ယောက်ကိုမြင်ခါစမှာ ရုပ်ရည်ကို ပထမမြင်ရတယ်။
ဒါပေမယ့် ရေရှည် ဆက်ဆံလာတဲ့အခါမှစိတ်ထားကိုမြင်လာတယ်။
ငယ်တယ်ချောတယ် ဆိုတာက ကလေးဆန်တဲ့အလှနုနယ်တဲ့
အလှဖြစ်ပါတယ်။
အသက် နည်းနည်း ကြီးသွားတဲ့အခါ ပိုပြီး ကျက်သရေ
ရှိလာတာရှိပါတယ်။ပိုပြီးခန့်ညားလာတယ်။
တည်ငြိမ်အေးချမ်းတဲ့ မျက်နှာဖြစ်လာတယ်။ ဥာဏ်ပညာ
ရင့်ကျက်လာလို့ ပိုပြီးခိုင်မာတဲ့ ရင့်ကျက်တဲ့
ရုပ်ရည်ဖြစ် လာတယ်။ အားလုံးကိုနားလည်လက်ခံနိုင်တဲ့
နူးညံ့တဲ့ စိတ်ထား ရှိလာလို့ နူးညံ့တဲ့ မျက်နှာနဲ့
အမူအရာဖြစ်လာ ပါတယ်။ ဘ၀အတွေ့အကြုံ များလာလို့
သတိနဲ့နေတတ်လို့ ကိုယ့်စိတ်ကို ကိုယ်ကော်ငးကောင်း
သိနိုင်တဲ့ စိတ်နေသဘောထား ရင့်ကျက်လေးနက်လာတဲ့
အခါမှာစိတ်ရဲ့ရင့်ကျက်မှု လေးနက်မှု သဘောထားပြည့်ဝမှုဟာ
မျက်နှာမှာ ပေါ်လွင်လာပါတယ်။




       ဒါကြောင့် အသက်ကြီးလေ အသိဥာဏ် ရင့်ကျက်လေဖြစ်အောင်
သတိနဲ့နေတဲ့အလေ့ အကျင့် လုပ်တဲ့သူဟာ အသက်ကြီးလေ
ကျက်သရေရှိလေ ခန့်ညားလေဖြစ်လာနိုင်ပါတယ်။ ရင့်ကျက်တဲ့
အလှဟာပိုပြီးတော့ ကျက်သရေ ရှိပါတယ်။ ဒါကြောင့်
အသက်ကြီးသွားရင် ရုပ်ရည်မလှမပဖြစ်သွားမှာ
သိပ်စိုးရိမ်စရာ မလိုတော့ ပါဘူး။ စိတ်လှလာရင်
စိတ်ရဲ့ရောင်ပြန်ဟပ်မှုကြောင့် ရုပ်ရည်လည်း
လေးလေး နက်နက် ကျက်သရေ ရှိလာ ပါမယ်။
လှပခန့်ညားလာပါမယ်။
အိုမှာကြောက်တာကတော့လူတိုင်းနီးပါးဖြစ်ပါတယ်။
အခုခေတ်မှာ အိုတာ ကို ဖုံးတဲ့ နည်းတွေ
တော်တော်များများ ရှိပါတယ်။ ဒါပေမယ့် ရေရှည်မှာတော့
ဘယ်လောက်ဖုံးဖုံး မရနိုင်တဲ့ အဆင့်ကို
ရောက်လာမှာပါပဲ။

ရုပ်ကို သိပ်တွယ်တာတဲ့သူအားကိုးတဲ့သူဟာ ရုပ်ကြောင့်
စိတ်ဆင်းရဲမှာပဲ၊ဒါကြောင့် အသက်ကြီးလေ
စိတ်ကိုပိုပြီး ဦးစားပေးလေဖြစ်မှ စိတ်ချမ်းသာမယ်
အသက်ဘယ်လောက်ကြီးကြီး စိတ်အို
မသွားအောင်နေ တတ်ရင် အသက်ကြီးလာလေ ဘ၀ဟာ
ပိုပြီးလေးနက်လေ ကျေနပ်စရာ ကောင်းလေဖြစ်လာမယ်။
သတိနဲ့၊ နေတဲ့စိတ်ဟာ ဘယ်တော့မှမအိုပါဘူး၊
တဖြေးဖြေး ပိုရင့်ကျက်လာတာပဲ၊ရင့်ကျက်တာနဲ့ အိုတာ
မတူပါဘူး။ တည်ငြိမ်အေးချမ်းပြီးတော့ ကြည်လင်နေတယ်၊
စိတ်ထားက နူးညံ့ပြီး ခိုင်ခန့်နေတယ်၊ စိတ်ဓါတ်က
လွတ်လပ်နေတယ်၊မျက်နှာမှာ မေတ္တာ၊
ကရုဏာပေါ်နေတယ်၊ အဲဒါမှ အင်မတန်လေးနက်တဲ့
လှပတဲ့ သဘောတစ်မျိုးပါပဲ၊
တည်ငြိမ်အေးချမ်းတဲ့မျက်နှာကို မြင်ရရင် စိတ်ချမ်းသာတယ်
၊ရိုးသားဖြူစင်တဲ့ မျက်နှာကို မြင်ရရင် စိတ်ချမ်းသာတယ်၊
စိတ်ချမ်းသာမှု ကိုပေးနိုင်လို့လှတယ်။ များသောအားဖြင့်
လူတွေကကိုယ့်အလုပ်နဲ့ ကိုယ် ရှုပ်နေတတ်ကြတာလေ။
ပတ်ဝန်းကျင်ကို သေသေချာချာသတိမထားမိကြဘူး။
ကြည့်သာ ကြည့်တယ် သေသေချာချာ မမြင်ကြဘူးလေ။
မမြင်တော့ လောကကြီးဘယ်လောက်လှပတယ်
အံ့သြစရာကောင်းတယ် ဆိုတာကိုမခံစားတတ်ဘူးပေါ့။
မနက်စောစောနိုးတိုင်းနိုးတိုင်း လောကကြီးဟာ အင်မတန်
အံ့သြစရာ ကောင်းပါလားဆေိုတာခဏလေးဖြစ်ဖြစ်
ခံစားကြည့်ရင် သိပ်ကောင်းမှာပဲ။ အရာရာတိုင်းဟာ
သိပ်အံ့သြစရာကောင်းပါတယ်။ အံ့သြတတ်တဲ့စိတ်
ပျောက်သွားရင် ဘ၀တစ်ခုလုံး ဟာခြောက်ခမ်း သွားပြီး
ဘာမှစိတ်ဝင်စားစရာမရှိတော့ပါဘူး။
ပိုက်ဆံကိုပဲ စိတ်ဝင်စားတဲ့ သူရဲ့ဘ၀ ဟာ တော်တော်ကို
တန်ဖိုး နိမ့်ပါတယ်။

သဘာဝကိုမချစ်တတ်တဲ့သူ၊တန်ဖိုးမထားတတ်တဲ့သူ၊
သဘာဝအလှတရားကို မခံစားတတ်တဲ့
သူတွေ များလာရင် လောကကြီးပျက်စီးသွားမယ်လေ။
သဘာဝအလှတရားဟာ ကြည့်လို့မ၀အောင်
လှပါတယ်။ အဲဒါတွေကို မြင်တတ်၊ခံစားတတ်ရပါမယ်။
ဒီလိုခံစားတတ်မှ လူရဲ့စိတ်ဟာ အသက်ဝင်နေမှာပါ။
ဒီလိုသဘာဝအလှကို ခံစားတတ်မှ သူ့ကို တန်ဖိုးထားမယ် ၊
ထိန်းသိမ်းမယ်လေ။
အခုခေတ် လူတွေဟာ သဘာဝရေမြေ၊
သစ်ပင်တောတောင်တွေကို တန်ဖိုးထားရမှန်း
မသိကြလို့ ဖျက်ဆီးနေကြတာတွေ့နေရ ပါတယ်။
သဘာဝလောကကြီးပျက်စီးသွားရင်ဘယ်မှာ
သွားနေကြမလဲ။
အလှအပကို မသိနိုင်မခံစားနိုင်လို့ရှိရင် ဒီလောကကြီးကို
ညစ်ပတ်အောင်လုပ်မယ်၊ ဒီလောကကြီး ပျက်ဆီးစေမယ့်
အပြုအမူမျိုးလုပ်မယ်၊ ၀တ်တာ၊စားတာ၊ပြောတာ၊ဆိုတာကအစ
ဆုတ်ယုတ် သွားမယ်၊ ပျက်စီးသွားလိမ့်မယ်နော။အဲဒီတော့
လောကကြီးကို တိုးတက်စေချင်ရင် လူတွေကို သေသေ
သပ်သပ် လှလှပပနေတတ်၊ ထိုင်တတ်၊ပြောတတ်ဆိုတတ်အောင်
သင်ပေးဖို့ လိုတယ်။သာမန်လူတွေဟာ အပေါ်ယံအလှတရားတွေကို
ခံစားရတဲ့ အရသာကိုများသောအားဖြင့် ကြိုက်ကြပါတယ်။
ဥာဏ် အဆင့်မြင့် သူ ၊ စိတ်နေသဘောထားတည်ငြိမ်
သူတွေကတော့ ဥာဏ်နဲ့ လေးလေးနက်နက်သိတဲ့အရသာကို
ပိုပြီးနှစ်သက်ကြပါတယ်။

I am here to contribute beautiful to the world.
ဒီလောကကြီးမှာ ငါ လူဖြစ်နေတာ လောကကို
လှပတာတွေပေးဖို့ပါတဲ့။

May your world always be as beautiful as
you make it for others.
သူတစ်ပါးအတွက် လောကကို လှပအောင် လုပ်ပေးနိုင်သလောက်
သင့်လောကလည်း အစဉ်အမြဲလှပပါစေ။

ဆရာတော်ဦးဇောတိက


Sunday, November 1, 2015

ဘ၀ထဲက အလှစေတနာ



စေတနာဖြင့်
ပြည်ရွာအကျိုး၊ လူ့အကျိုးအတွက်
တင့်ဖြိုးစေသော၊ သာစေသော ဟု
သဘောပြည့်ဝ၊ စိတ်ဆန္ဒနှင့်
ဘ၀အလှ၊ ဆင်ယင်သခဲ့
ဘ၀ထဲက စေတနာရှင်..။
တစ်ဦးသူလျှင်
စင်ဖြူမေတ္တာ၊ စေတနာကို
ရင်မှာခံစား၊ သိမှတ်မှားလျက်
စိတ်ထားငြိုငြင်၊ အပြစ်မြင်စေ
အသင် လုပ်ရပ်၊ တစ်ခန်းဇာတ်၏
မှတ်တမ်းချေဖျက် မရချေ..။
နှုတ်အာစနှင့်
ဖွင့်ဟထုတ်ဖော်၊ ခေါင်းလည်မော်၍
ကြွေးကြော်ဟန်ပြင်၊ မပြုချင်နဲ့..။
လူ့သမိုင်းဝယ်
ဂုဏ်လှိုင်းပြည့်ဝ၊ သင့်စွမ်းစဖြင့်
အလှနေခြည်၊ ပွင့်သစ်စည်စေ
ပြည်သူလူထု၊ သြဘာပြု၍
ချီးပပြောဆို၊ လက်ကမ်းကြိုလျက်
ထိုထိုကြောင်းအင်၊ ကမ္ဗည်းတင်လိမ့်
အမြင်တရား ပွားပါလေ..။
ဘ၀အလှ၊ ဆင်ယင်သပေါ့
ဘ၀ထဲက အလှ စေတနာ..။

Thursday, October 22, 2015

အမေ့အိမ်



အမေမရှိလျှင်၊ ရွှေအတိဆင်စေဦးတော့၊
အမြင်သာအသွင်ဆန်းပေလိမ့်
နန်းတော်ကြီးအရုပ်အိမ်။
အမေရှိလျှင်ပေါ့ ရွှေမရှိချင်နေပါစေဦးတော့
အဆင်းဗလာမွဲနုတ်သေးသော်လည်း
တဲကုတ်ကလေးအေးရိပ်ငြိမ်။
ခွဲမလွှတ်နိုင်ဘူး၊စွဲညွှတ်ခဲ့အမေ့အိမ်
သားအမိအိမ်
ပတ္တမြားမရှိစိန်မစီသော်လည်း...
မမှိန်ပြီမေတ္တာတန်ခိုးကြောင့်....
ရိုးလို့မသွား........။
                                                   (ကိုရိုး)


Saturday, October 17, 2015

နေရောင်ခြည်သည် အဆစ်အမျက်ရောင်ရမ်းနာအား လျော့ကျစေနိုင်





            နေရောင်ခြည်များများရရှိသော ရာသီဥတုမျိုးတွင် နေထိုင်ကြသူများသည် အဆစ်အမျက်ရောင်ရမ်းကိုက်ခဲသည့် ဝေဒနာခံစားရမှုကို လျော့နည်းစေသည်ဟု အမေရိကန်သုတေသနပညာရှင်များက ပြောကြားခဲ့သည်။ သုတေသီများသည် နေရောင်ခြည်ရရှိမှုနှင့် အဆစ်အမျက်ရောင် ရောဂါတိုးလာစေမှု အန္တရာယ်တို့အကြား ဆက်နွှယ်မှုရှိသည်ဟု အကြံပြု ဆွေးနွေးကြပြီးနောက် အမျိုးသမီးနှစ်သိန်းကျော်တို့အား စမ်းသပ်မှုများပြုလုပ်ကာ လေ့လာခဲ့ကြသည်။
            သုတေသီများသည် နေရောင်ခြည်မှရသော ဗီတာမင်ဒီက လူ့ခန္ဓာကိုယ်အား ကာကွယ်မှုပေးနိုင်သည်ဟု တွေးဆ သုံးသပ်ခဲ့ကြသည်။ သို့သော်တစ်နေကုန် နေပူထဲတွင် မနေသင့်ဟု သတိပေးတားမြစ်ထားသည်။
            အဆစ်အမျက်ရောင် ရောဂါဆိုသည်မှာ လူ့ခန္ဓာကိုယ်တွင်းရှိ ကိုယ်ခံအား ဖွဲ့စည်းပုံစနစ်က အဆစ်အမျက်များကို တိုက်ခိုက်ခြင်းအားဖြင့် ဖြစ်လာရခြင်း ဖြစ်သည်။ ထိုရောဂါသည် နာကျင်မှုဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားရစေသည်။ အမျိုးသမီးများတွင် အဖြစ်များလေ့ရှိသည်။ သို့သော် ဝေဒနာရှင်များ၏ ကိုယ်ခံအားစနစ်ဖြင့် မည်သို့မည်ပုံ ပတ်သတ်သည် ကိုမူ မသိရသေးဟု ဆိုထားသည်။


            ဟားဗတ်ဆေးကျောင်းမှ သုတေသနပညာရှင်များသည် အမျိုးသမီးတစ်သိန်းကျော်ခန့် ပါဝင်သော အုပ်စုနှစ်စုကို လေ့လာ သုတေသနပြုခဲ့ကြသည်။ အဆိုပါ အမျိုးသမီးများ၏ နေထိုင်ရာဒေသကိုအခြေခံကာ ခရမ်းလွန်ရောင်ခြည် မည်မျှ ထိတွေ့မှု ရှိသည်ကို ခန့်မှန်းကာ နှိုင်းယှဉ်လေ့လာမှုများ ပြုလုပ်ခဲ့ကြသည်။ ပထမအုပ်စုတွင် အမေရိကန်နိုင်ငံ၏ ခရမ်းလွန်ရောင်ခြည်အများဆုံး ရရှိရာ ဒေသတွင် နေထိုင်သူ အမျိုးသမီးများမှာ ခရမ်းလွန်ရောင်ခြည် အနည်းငယ် ရရှိသော ဒေသတွင် နေထိုင်သူ အမျိုးသမီးများထက် အဆစ်အမျက်ရောင်ရောဂါ ၂၁ % လျော့နည်းသည်ကို တွေ့ရှိရသည်။ သို့သော် ဒုတိယအုပ်စုတွင်မူ ခရမ်းလွန်ရောင်ခြည်ရရှိမှု အဆင့်သည် အဆစ်အမျက်ရောင်ရောဂါအား အကျိုးသက်ရောက်မှု မပေးနိုင်သည်ကို လေ့လာတွေ့ရှိခဲ့ရပြန်သည်။ ထို့ကြောင့် ယင်းသုတေသီများသည် ခရမ်းလွန်ရောင်ခြည်သည် အဆစ်အမျက်ရောင်ရမ်းဝေဒနာ လျော့ကျစေနိုင်မှု ရှိ၊ မရှိကိုပါ ဆက်လက် သုတေသနပြု လေ့လာခဲ့ကြသည်။

            “ အဆစ်အမျက်ရောင်ရောဂါကို ကာကွယ်နိုင်ဖို့ နေရောင်အောက်မှာ တစ်နေ့လုံးထိုင်နေဖို့ ကျွန်တော် အကြံမပြုချင် ပါဘူး.. ဘာကြောင့်လည်းဆိုတော့ ခရမ်းလွန်ရောင်ခြည်ဟာ အသားအရေတွေကို နေလောင်စေရုံသာမက အရေပြားကင်ဆာကိုပါ ဖြစ်နိုင်ခြေတိုးပွားစေလို့ပါ” ဟု သုတေသီများက ပြောကြားခဲ့သည်။

            အဆစ်အမျက်ရောင်ရမ်းနာ သုတေသနပညာရှင် ပါမောက္ခတစ်ဦးကကမူ “လေ့လာမှုတွေ ပြုလုပ်ခဲ့ရာမှာ ဗီတာမင်ဒီဟာ အဆစ်အမျက်ရောင်ရောဂါအတွက် အသုံးဝင်တဲ့ ကုသမှုတစ်ခု ဖြစ်တယ်ဆိုတာတော့ သက်သေမပြရသေးပါဘူး.. ဒါပေမယ့် အဆစ်အမျက်ရောင်ရောဂါရှိနေတဲ့ ဝေဒနာရှင်တွေမှာ ဗီတာမင်ဒီ ချို့တဲ့နေတာကို တွေ့ရပါတယ်။ ဗီတာမင်ဒီဟာ အဲဒီ အဆစ်အမျက်ရောင် ရောဂါ မဖြစ်အောင် တားဆီးပေးနိုင်သလား၊ ဒါမှမဟုတ် နာကျင်မှုဝေဒနာကို လျော့နည်းသွားအောင် လုပ်ပေးနိုင်သလား ဆိုတာကို သိဖို့ သုတေသနပြု လေ့လာနေဆဲ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

            နွေရာသီတွင် နေရောင်ထဲသို့ ၁၅ မိနစ်ခန့် ထွက်ပေးသင့်ကြောင်း မျက်နှာလက်မောင်းတို့ကို ဗီတာမင်ဒီ ပြည့်ပြည့်၀၀ ရရှိအောင် နေရောင်ခြည်နှင့် ထိတွေ့မှုပေးသင့်ကြောင်းကိုပါ အကြံပြု ပြောဆိုခဲ့သည်။

မြတ်မွန်ထွေး / Myanma Alinn Daily

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>