နံနက်ခင်း ဖြစ်ပါသည်။
ကျောက်ခဲများ ခင်းထားသော လမ်းပေါ်ဝယ် လျှောက်ရင်း ငါကြွေးကြော်မိသည်။
“ကျွန်ုပ်အား ငှားရမ်းလှည့်ပါ”
လက်တွင် ဓားကိုစွဲလျက် ပြည့်ရှင်မင်းသည် ရထားဖြင့်ရောက်လာသည်။ သူသည် ငါ၏ လက်ကို ကိုင်စွဲ၍ သင့်အား ကျွန်ုပ်၏ အာဏာဖြင့် ငှားရမ်းမည်ဟု ဆိုလိုက်သည်။
သို့သော် သူ၏ အာဏာဆိုသည်မှာ ဘာမှ တန်ဖိုးရှိသည်ဟု ငါမထင်။ သူလည်း ရထားကို မောင်းနှင်၍ ထွက်ခွာသွားလေပြီ။
မွန်းတည့်ချိန်၏ ပူပြင်သောနေရောင်ဝယ် အိမ်များသည် တံခါးပိတ်လျက် ငြိမ်သက်စွာ တည်ရှိကြကုန်၏။
ငါသည် ကွေ့ကောက်သောလမ်းကလေးတစ်လျှောက် လှည့်လည်သွားလာနေမိသည်။ အိုမင်းသော လူတစ်ယောက်သည် ရွှေထုပ်တစ်ထုပ်ဖြင့် ထွက်လာသည်။ သူသည် တစ်ခဏမျှ စဉ်းစားပြီးနောက် သင့်အား ကျွန်ုပ် ငွေဖြင့် ငှားရမ်းမည်ဟု ဆိုလေသည်။
သူသည် ရွှေဒင်္ဂါးများကို တစ်ခုချင်း ဆ၍ဆ၍ ကြည့်နေသည်။ သို့သော် ငါကား လှည့်၍သာ ထွက်ခဲ့ပါ၏။
ညနေခင်းသည် လှပ၏။ ဥယျာဉ်၏ စည်းရိုးသည် ပန်းပွင့်များဖြင့် ဝေေ၀ဆာလေပြီ။ လှပသော မိန်းမပျိုတစ်ယောက်သည် ထွက်လာ၍ အပြုံးဖြင့် ငှားရမ်းပါမည်ဟု ဆိုလာသည်။
သူ၏အပြုံးသည် ဖျော့တော့လာရာမှ အရည်ပျော်ကာ မျက်ရည်အဖြစ်သို့ ကူးပြောင်းသွားလေသည်။
ထိုနောက် တစ်ယောက်တည်း မှောင်ထဲသို့ ပြန်ဝင်သွားလေတော့၏။
နေရောင်ခြည်သည် သဲမှုန်များပေါ်ဝယ် တောက်ပလျက်ရှိသည်။ ပင်လယ်ရေလှိုင်းတို့သည်လည်း စိတ်အလိုရှိတိုင်း လှိမ့်ကာ လှိမ့်ကာ တက်လာကြသည်။
နေရောင်ခြည်သည် သဲမှုန်များပေါ်ဝယ် တောက်ပလျက်ရှိသည်။ ပင်လယ်ရေလှိုင်းတို့သည်လည်း စိတ်အလိုရှိတိုင်း လှိမ့်ကာ လှိမ့်ကာ တက်လာကြသည်။
ကလေးငယ်တစ်ယောက်သည် ခရုခွံများဖြင့် ကစားလျက်ရှိသည်တကား။
သူသည် ဦးခေါင်းကို ထောင်၍ ငါ့အား သိသကဲ့သို့ကြည့်ကာ ဆို၏။
“သင့်အား ဘာနှင့်မျှ မဟုတ်ဘဲ ကျွန်ုပ် ငှားရမ်းပါ၏”
ဤတွင် ငါတို့နှစ်ဦး ဈေးတည့်သွားကြတော့၏။
ငါသည်လည်း ထိုအချိန်မှစ၍ ကလေးငယ်နှင့်အတူ ကစားကာ လွတ်လပ်သော သူငယ်တစ်ယောက် ဖြစ်ရပါတော့သတည်း။
ရာဘင်ဒြာနတ်တဂိုး
No comments:
Post a Comment