ကောသလမင်းသည် သူဆင်းရဲများနှင့် ခိုကိုးရာမဲ့များကို အဆွေခင်ပွန်းသဖွယ် ကူညီစောင့်ရှောက်သူအဖြစ် ဝေးနီးအနှံ့ ထင်ရှား ကျော်စောလေသည်။
ဤသတင်းကို ကြားရသောအခါ ကာသိမင်းသည် လွန်မင်းစွာ မနာလိုဝန်တိုခြင်း ဖြစ်မိ၏။
“ငါ၏ ပြည်သူတို့သည် ကောသလမင်းက ငါ့ထက် တန်ခိုးကြီးမြင့်သည် ဟူ၍ မှတ်ထင်နေကြသည်၊ ကောသလမင်းသည် အလှူဒါန ပြုဟန်ဆောင်လျက် ပြည်သူတို့ကို သူ့ဘက်ပါလေအောင် ကြံဆောင်ဘိ၏ ၊ ရှက်ဖွယ်အပြုအမူသာတကား၊ အို စစ်သည်တို့.. စစ်ပြုရန် ပြင်ကြလော့၊ မည်သူက ပို၍ တန်ခိုးကြီးမြင့်ကြောင်းကို ဓားလှံလက်နက်ဖြင့် စစ်ဆေးပြပါအံ့”..။
ဤသို့ သူသည် ကြုံးဝါးပြီးလျှင် ကောသမင်းကို စစ်ပြုလေသည်။ မကြာမီ စစ်ပွဲသည် ပြီးဆုံးသွားလေသည်၊ ကောသလမင်းသည် စစ်ရှုံးသဖြင့် တောတွင်းသို့ ပြေးဝင် ပုန်းအောင်နေရလေသည်။ ဤတွင် ကာသိမင်းက “အလှူဒါနသည် မအောင်မြင်နိုင်၊ လက်နက်အင်အား ခိုင်မာတောင့်တင်းပြီးသူသာလျှင် အောင်နိုင်လေပြီတကား” ဟူ၍ ကျူးရင့်လေသည်။
သို့သော် ပြည်သူတို့က မချမ်းမြေ့ကြ။
“တရားကို နတ်မစောင့်တော့ပြီ အမှန်တရားသည် ဆိတ်သုဉ်းနေပြီ၊ မကြာမီ ဤကမ္ဘာသည် ပျက်စီးခြင်း သို့ ရောက်ရပေတော့မည်” ဟူ၍ သူတို့သည် ဆိုမြည်ကြလေသည်။
ထိုအခါ ကာသိမင်းသည် ပြင်းစွာ အမျက်ထွက်ပြန်လေသည်။
“အဘယ်ကြောင့် သူတို့သည် ရန်သူ့အတွက် စိတ်မချမ်းမြေ့ခြင်း ဖြစ်နေရပါသနည်း၊ အဘယ်ကြောင့် ငါ့ကို အချည်းနှီးတည်းဟု ယူမှတ်နေကြပါသနည်း၊ ရန်သူ၏ ကြံစည်မှုပင် ဖြစ်တန်ရာ၏ ၊ ရန်သူသည် အရေးနှိမ့်လျက်မှပင် ငါ့အား အောင်နိုင်ရန်ကြံဘိ၏ ၊ အို .. စေတမန်တို့ .. ကောသလမင်း၏ ဦးခေါင်းကိုဖြတ်လျက် ငါ့ထံယူဆောင်လာနိုင်သူအား ဆုတော် ရွှေစင်တစ်ရာ ပေးသနားမည့်အကြောင်း ပြည်လုံးအနှံ့ ကြေညာချေလော့..”
ဘုရင့်အမိန့်ကို နာခံလျက် စေတမန်တို့သည် ပြည်လုံးအနှံ့ လိုက်လံကြေညာကြလေသည်။ ပြည်သူတို့ကား နားတို့ကို ဆို့ပိတ်လျက် စေတမာန်တို့နှင့် ဝေးရာသို့ ရှောင်ရှားသွားကြလေသည်။
ကောသလမင်းသည် တောတွင်း၌ သူတော်စင်တရားကို ကျင့်လျက် တစ်ကိုယ်တည်း လှည့်လည်နေထိုင်နေရလေသည်။
တစ်နေ့တွင် ခရီးသည်တစ်ဦးသည် ကောသလမင်းကိုတွေ့ ရှိသည်တွင် မင်း ဟူ၍မသိပဲ သူတော်စင်အမှတ်ဖြင့်ပင် ဤသို့မေးမြန်းလေသည်။
“အို..သူမြတ်၊ ကောသလနိုင်ငံသို့သွားရာ ခရီးလမ်းကို ကျွန်ုပ်အား ညွှန်ပါလော့”
“ခရီးသည်၊ အဘယ်ကိစ္စအလို့ငှာ ကောသလနိုင်ငံကို သွာလိုပါသနည်း”
“သူမြတ်..ကျွန်ုပ်သည် ကုန်သည်တစ်ဦး ဖြစ်ပါသည်၊ ကျွန်ုပ်၏ ကုန်သင်္ဘောမှာ မုန်တိုင်းဒဏ်ကို ခံရပါသဖြင့် ကျွန်ုပ်၏ ပစ္စည်းဥစ္စာဟူသမျှ ဆုံးရှုံးခဲ့ပါသည်၊ ကောသလမင်းသည် ခိုကိုးရာမဲ့တို့ကို ကူညီသူ ဖြစ်ပါသည်၊ ကျွန်ုပ်၏ ဒုက္ခကို ကြားသိရပါက မုချကူညီမည်သာ” ဟု ဆိုလေသည်။
သူတော်စင်သည် မျက်ရည်တို့ကို ဖုံးကွယ်လိုသဖြင့် ပြုံးရယ်လိုက်လေသည်။ သူသည် ခေတ္တစဉ်းစားပြီးနောက် သက်ပြင်းချလျက် ဤသို့ ဆိုလိုက်လေသည်။
“ခရီးသည်.. ငါ့နောက်သို့လိုက်ခဲ့ပါလော့၊ သင်၏ ဆန္ဒကို ဖြည့်စွမ်းနိုင်သူအထံသို့ ယခု သင့်ကို ငါ ခေါ်ဆောင်သွားပါအံ့”
သူတော်စင်သည် နန်းတော်သို့ဝင်ပြီးလျှင် ကာသိမင်းကို ဦးညွှတ်လျက် ဤသို့ဆို၏။
“အို.. ကာသိမင်း၊ ကျွန်ုပ်ကား ကောသလမင်းပေတည်း၊ သင်သည် ကျွန်ုပ်အား ဖမ်းဆီးဆက်သနိုင်သူကို ဆုတော်ရွှေစင်တစ်ရာ ပေးသနားမည် ဟူ၍ ကြေညာခဲ့သည် မဟုတ်ပါလော၊ ယခု ကွန်ုပ်သည် သင့်လက်သို့ရောက်ပြီ၊ ကတိအတိုင်း ဆုတော်ကို ကျွန်ုပ်၏ အဖော်အားပေးပါလော့”
မှုးမတ်တို့သည် အံ့အားသင့်လျက် ငြိမ်သက်နေကြသည်။ စစ်သည်တော်တို့သည် သူတို့၏ လှုပ်ရှားလျက်ရှိသော စိတ်ကို ထိန်းချုပ်ထားကြသည်။
ဘုရင်သည် သူတော်စင်ကို အတန်ကြာမျှ စူးစိုက်ကြည့်နေမိသည်။ ထိုနောက် သူသည် နေရာမှထလျက် ရယ်မော လိုက်လေသည်။
“အို.. ကောသလမင်း၊ သင်သည် သေခြင်းတရားကို ရင်ဆိုင်လျက် ကျွန်ုပ်အား အောင်နိုင်ရန် ကြံဆောင်သည် မဟုတ်ပါလော၊ သင်၏ မျှော်လင့်ချက်တို့ကို ကျွန်ုပ်ချေဖျက်ပါအံ့၊ ကျွန်ုပ်သည် ယနေ့အောင်နိုင်သူ ဖြစ်လေပြီ၊ ယခုပင် ကောသလနိုင်ငံကို အသင် ပြန်လည်သိမ်းပိုက်ပါချေလော့”
ဤသို့ဆိုပြီးလျှင် သူသည် သူတော်စင်အား လက်ကိုဆွဲလျက် ရာဇပလ္လင်ပေါ်တွင် ထိုင်စေသည်။ ထို့နောက် ကျောက်မျက် ရတနာ တို့ဖြင့် အတိပြီးသော သရဖူကို မြူမှုန်အလိမ်းလိမ်းကပ်နေသော သူတော်စင်၏ ဦးခေါင်းထက်သို့ တင်ဆောင်ပေးလိုက်လေ၏။
ရာဘင်ဒြာနတ်တဂိုး
No comments:
Post a Comment