2 3 4 5 6 7 8 9 10

Thursday, April 9, 2015

ရင်ထဲမှာ တည်ဆောက်ထားရတဲ့ တန်ဖိုးများ


              
 ကျွန်တော် ကချင်ပြည်နယ် မိုးညှင်းမြို့သို့ရောက်စဉ်က  ကချင်တိုင်းရင်းသူကလေးတစ်ဦးနှင့်
စကားစမြည်ပြောဆိုခွင့်ရခဲ့ရာ ထိုတိုင်းရင်းသူကလေးမှာ ဂျပန် အတွေ့အကြုံ အနည်းငယ်ရှိသော 
တိုင်းရင်းသူ ကလေးဖြစ်ကြောင်း သိခွင့်ရလိုက်ပါသည်။ ထိုစဉ်က ဂျပန်-မြန်မာ ရင်းနှီးချစ်ကြည်ရေး
အတွက် မြန်မာကျောင်းသူ ကျောင်းသားကလေးများကို ဂျပန်သို့ခေါ်ဆောင်ကာ ဟိုအိမ်
သည်အိမ်များသို့ တစ်အိမ်တစ်ယောက်ကျ ပို့ဆောင်ပေးသည့် အစီအစဉ်ဖြင့် ထိုတိုင်းရင်းသူ
ကလေး ပါဝင်သွားခဲ့ရာ ဂျပန် မိသားစု များနှင့်အတူ  ရောနှောနေ ထိုင်ရသဖြင့် ချစ်ကြည်မှု
ရင်းနှီးမှုများအပြင် ဂျပန်ကို အနည်းငယ် တီးမိခေါက်မိ ရှိအောင်လုပ်ဆောင်သော အစီအစဉ်
ဟု နားလည်ရပါသည်။ ထိုအစီအစဉ်ကာလနှင့်ချီကာ အချိန်ကြာသော အစီအစဉ်လည်းဖြစ်ပါသည်။


          သို့ဖြင့် မြန်မာကျောင်းသူကျောင်းသားကလေးတို့ သက်ဆိုင်ရာ ဂျပန်အိမ်ကလေးများ၌
 တော်တော် ကလေး အသားကျ သွားသည့် တစ်နေ့တွင်ကျွန်တော့်တိုင်းရင်းသူကလေးက
သူနေထိုင်ရာ အိမ်ကလေး ၏ ရှေ့မြေကွက်တွင်စိုက်ထားသည့် နှင်းဆီပင်မှ နှင်းဆီပွင့်ကလေးကို 
သဘောကျသွားကာ ဇိုးခနဲ ဆတ်ခနဲ ဆို ခူးယူလိုက် ပါသည်။
          ဤတွင် ဂျပန်ဇနီးမောင်နှံကလှမ်းတွေ့ကာ မျက်နှာအနည်းငယ်ပျက်သွားပြီး ဘာကြောင့်
ခူး သလဲမေး ပါသည်။ တိုင်းရင်းသူ ကလေးကလည်း မြတ်နိုးလို့ဟု ဖြေပါသည်။ ထိုအခါ ဂျပန်
ဇနီးမောင်နှံ က မြတ်နိုးရင်မခူးရဘူးလေတဲ့။ ထို့နေ့က တိုင်းရင်းသူကလေး ကျွန်တော့်ကို 
ပြောပြနေပုံက ဂျပန် တို့၏ စိတ်ကို အတုယူခြင်းဖြင့် ပြန်လည်သုံးသပ်ကာ မိမိကိုယ်မိ မိ
 ဝေဖန်ရေးလုပ်နေပုံမျိုးဖြစ်ပါ သည်။ သူတို့ပြောသလို ကျွန်မ တို့မှာ မြတ်နိုးတတ်တဲ့
စိတ်ကလေး တွေများ အားနည်းနေသလားဆရာ...တဲ့။
 အော်...မြတ်နိုးတတ်တဲ့ စိတ်။
          ယခုနှစ် ၂၀၁၂ ဂျပန်တွင် ချယ်ရီတွေပွင့်တော့ ချယ်ရီပွင့်ချိန်ကို အစိုးရကပင်
 ကြေညာပေးပါသည်။ ဂျပန်မိုးလေ၀သနှင့် ဇလဗေဒအေဂျင်စီ က ချယ်ရီပန်းပွင့်ချိန်
 ရောက်ပြီဖြစ်ကြောင်း ကြေညာပေးလေ သတဲ့ ။ ၂၀၁၂ ခုနှစ် မတ်လ ၃၁ ရက်ကို ချယ်ရီပန်း
စပွင့်ချိန်အဖြစ် ကြေညာပေးလိုက်ရာ ဂျပန်ပြည်သူ သန်းပေါင်းများစွာတို့ ၀င်ရောက်ဆင်နွှဲကြလေသတဲ့။
 ပန်းနုရောင်ပင်လယ်ကြီးပမာ လွှတ်ပြီးပွင့်နေသည့် ချယ်ရီပင်များ၏ကြား၌ မျက်လုံးတွေရော
မျက်နှာတွေရော သွင်ပြင် အမူအရာ တွေရော ပြုံးပျော်ရွှင်လန်း လွတ်လပ်ပေါ့ပါးမြူးတူးနေသည့်
ဂျပန်ကလေး၊ ဂျပန်လူကြီးတို့ကို ရုပ်မြင်သံကြား ဖန်သားပြင်များပေါ် ၌ မြင်ရ ရုံနှင့်ပင် သူတို့၏
ချယ်ရီပန်း ကိုမြတ်နိုးတတ်သောစိတ်က ကိုယ့်ဆီကိုကူးစက်၍လာပါသည်။ ဂျပန်တို့က ပန်းကို
ဟန  ( HANA ) ဟုခေါ်ပြီး ပန်းကြည့်ပွဲများကို ဟနမိ ( HANAMI ) ဟုခေါ်ကြ ရာ နွေဦးရာသီ
ချယ်ရီပန်း ပွင့်ချိန်၌ ပန်းကြည့်ပွဲကို နိုင်ငံနှင့်ချီ၍လုပ်ကြမြဲဖြစ်ပါသည်။
            ကျွန်တော်တို့က ဆာကူရာဟု အသံထွက်နေကြသော စကုရ ( SAKURA ) ခေါ်
ချယ်ရီပန်းများ ပွင့်ကြပြီဆိုသည်နှင့် ဂျပန်တို့တ ခြားဘာကိုမှ သတိမရတော့ဘဲ
ချယ်ရီပင်များအောက်၌ မိသားစုများ၊ မိတ်ဆွေများ၊ လုပ်ဖော်ကိုင်ဖက်များ စုဆုံကာ ဆိုကြ
ကကြ အော်ကြ ဟစ်ကြ ငြင်းကြ ခုံကြ စားကြ သောက်ကြနဲ့တဲ့။ ချယ်ရီ ပန်းကလေးပွင့်တာနဲ့များဟု
သွားပြီး အမြင်မတိမ်လိုက်လေနဲ့။ သူတို့မြေ သူတို့ရေ သူတို့တော သူတို့တောင် သူတို့ချောင်း
သူတို့မြစ်ကို အချစ်ကြီးချစ်သူတို့၏ စိတ်ကို လှစ်ပြ လိုက်ခြင်း ဟု မြင်အောင် ကြည့်နိုင်ကြဖို့ဖြစ်ပါသည်။

            ဆရာကြီးဒေါက်တာသန်းထွန်းက ဂျပန်မှုတစ်ရာ ( A Hundred Things Japanese )  ကို
ဘာသာပြန်သောအခါ ဂျပန်တို့၏ ကိစ္စ၀ိစ္စတစ်ရာ၌ ထိုချယ်ရီကို မြတ်နိုးကြပုံများကိုလည်း
တစ်ရာထဲက တစ်ခုအဖြစ် ဖော်ပြထားခဲ့ပြီး ဒီနေ့ဂျပန်ဖြစ်လာအောင် လုပ်ပေးတဲ့ ဂျပန်တို့ရဲ့
ဇာတိရုပ်၊ စိတ်ဓာတ်၊ အသည်းနှလုံးအဖြစ် ကောက် ချက်ပေးထားခဲ့လေရာ သဘာဝ
ပတ်ဝန်းကျင်ကို အချစ်ကြီးချစ် အမြတ်နိုး ကြီးမြတ်နိုးတတ်သည့် စိတ်သည် နိုင်ငံသူ နိုင်ငံသားတို့၌
အရေးပါလှသောကြောင့် ကျွန်တော်ကောက်ချက် ချမိပါသည်။
            အော်...ဂျပန်ရောက် မိုးညှင်းသူကလေးကို နင်တို့က မ မြတ်နိုးတတ်ဘူးတဲ့။
 မြတ်နိုးရင် မခူးရဘူးတဲ့။
             မြန်မာတို့က တန်ဖိုးဟု လုံး ထွေးခြုံငုံကာသုံးသော စကားလုံးကို အင်္ဂလိပ်တို့က
ကွဲပြားခြားနား စွာသုံးပါသည်။
 Intrinsic Value,  Traditional Value,  Cultural Value,  Social Value,  Moral Value,
 Exchanged Value,  Sentimental Value စသည် စသည်ဖြင့်။ မိမိ ရပ်တည်သုံးသပ်ရာ
နယ်ပယ်၏ ရှုထောင့်အရ  Value ၏ ရှေ့၌ အလျဉ်းသင့်ရာ စကားလုံးကိုထည့်ပြီး Value
 နှင့်ပေါင်းကာ ဘာတန်ဖိုး ညာတန်ဖိုး လုပ်၍ရပါသည်။

     သို့သော် ကျွန်တော်ယခု ပြောလိုသည်က မြတ်နိုးခံစားတတ်သည့် တန်ဖိုး
အကြောင်း ဖြစ်ပါသည်။   Sentimental Value  ဟု ဆိုပါတော့။ ငွေစက္ကူများက တစ်ခုခု နှင့်
လဲလှယ်၍ရပါသည်။
ထိုက်တန်သော ငွေကိုသာပေးလိုက် ကျွန်တော်တို့  အလိုရှိရာကို ရပါ၏။ ဆန်၊ ဆီ၊ ဆား၊
ဖုန်း၊ ကား၊ အ၀တ်အစား၊ တိုက်တာ အိမ်ခြေ စသည် စသည်။ ထို့ကြောင့် ငွေစက္ကူ၌
ဖလှယ်သောတန်ဖိုး  ( Exchanged Value ) ရှိပါသည်။
 ရေကသောက်၍ ရသည်။ ကြက်ကြော်ကစား၍ရသည်။  ကားကစီး၍ရသည်။
 ဖုန်းကစကားပြော၍ရသည်။ နာရီက အချိန်ကြည့်၍ ရသည်။ ထို့ကြောင့် ၀တ္ထုပစ္စည်း များ၌ 
အသုံးချတန်ဖိုး( Used Value )  ရှိပါသည်။
             သို့သော်မြတ်နိုးခံစားမှုတန်ဖိုးက ဘာမှလုပ်၍မရပါ။ ကြော်၍မရ၊ ပြုတ်၍မရ၊ ဖုတ်၍မရ၊ ကင်၍မရ။ ဆိုကြပါစို့ ငပလီ ကမ်းခြေ။ ပြည်တွင်းဧည့်သည်များသာမက ပြည်ပဧည့်သည်များပါ
 ငွေကြေးများစွာ အကုန်အကျခံပြီး လာရောက် ခိုနားကြသောကမ်းခြေ။ ထိုကမ်းခြေကြီးကို 
လက်တွေ့မည်သို့အသုံးချ၍ ရသနည်း။ တယ်လီ ဖုန်းတစ်လုံးလောက်၊ မော်တော်ကား
တစ်စီးလောက်၊ ထမင်းတစ်ပွဲလောက် ၊ ထီးတစ်လက်၊ ဖိနပ် တစ်ရန်လောက်တောင်မှ
အသုံးမ၀င်ကြောင်း လူတိုင်းအသိ။ သို့ သော် ပြာနေတဲ့ ပင်လယ်၊ ဖွေးနေတဲ့ လှိုင်း ၊
ယိမ်းနွဲ့နေတဲ့အုန်းပင်၊ လက်လက်ထနေတဲ့သဲပြင်၊ ရှင်းသန့်နေတဲ့ လေညင်း၊ ရှင်းလင်းတဲ့ 
ရှုမျှော်ခင်း အကျယ်၊ နေရောင် လရောင် ကြယ်ရောင်တွေကို ကြည့်ကာ ဒါတို့ရဲ့သဘာဝ
တို့ရဲ့အလှဟု ဆိုကာ ဘာမှန်းမသိမြတ်နိုးခံစား တန်ဖိုးထားသောစိတ်က ထိုနေရာသို့
ကျွန်တော်တို့ကို တွန်းပို့ လိုက်ခြင်း ..ဖြစ်ပါသည်။
            ထို့အတူ တောင်တော်ရွှေပုပ္ပား။ ကြော်စားလို့ရလို့လား။ အင်းလေးကန်တော်မဟာ။
ချက်စားလို့ ရလို့လား။ မေခ မလိခတို့ ဆုံရာဒေသ။ ပြုတ်သောက်လို့ရလို့လား။ ဂန္ထ၀င်ပုဂံဒေသ။
ဖုတ်စားလို့ ရလို့လား ။ တောင်ခိုးဝေေ၀မြူခြေဆိုင်းဆိုင်း ရှမ်းရိုးမ။ ကင်စားလို့ရလို့လား။



     သို့သော် သည်တောသည် တောင်၊ သည်မြောင်သည်ချပ်၊ သည်ကမ်းစပ် သည်ပင်လယ်၊
 သည်လယ် သည်ကွင်း၊ သည်အင်း သည်အိုင်၊ သည်နိုင်ငံကိုချစ်မြတ်နိုး တန်ဖိုးထားသောစိတ်က
 ငွေစက္ကူတစ်ထပ်၊ ဖုန်းတစ်လုံး၊ ကားတစ်စီး၊ တိုက်တစ်လုံး၊ ခေါက်ဆွဲတစ်ထုပ်၊ ဒံပေါက်တစ်ပွဲ၊
အအေးတစ်ပုလင်းတို့ကို တန်ဖိုး ထားပုံ ထက်ပိုအရေးကြီးပါသည်။ Exchanged Value  (ပိုက်ဆံ)၊  UsedVaule  (၀တ္ထုပစ္စည်း)တို့ကို တန်ဖိုး ထားခြင်းထက် ထို   Sentimental Value  
(မြတ်နိုးခံစားမှုတန်ဖိုး)ကပို၍ အရေးကြီးပါသည်။
              ပုပ္ပားတောင်က ပြုတ်သောက်၍မရပါ။ ငပလီကမ်းခြေက ကင်စား၍မရပါ။
ထို့အတူ ချယ်ရီပန်း များ သည်လည်း ဘာမှလုပ်၍မရပါ။ သို့သော်ချယ်ရီပွင့်သည်နှင့်
သူ့မြေကပန်းကို မြတ်နိုး တန်ဖိုးထား မှုကြီး သူ ဂျပန်တို့ ချယ်ရီပင်အောက်သို့ အရောက်
ထွက်လာကုန်ကြပါလေပြီ။  ကျွန်တော်ကတော့  ကျွန်တော်တို့ ၏ ဖုတ်မရ ကင်မရ ချက်မရ
 ပြုတ်မရ လက်တွေ့အသုံးချ၍ မရသည့်အရာများကို တန်ဖိုး ထားလျက် ရှိပါသည်။
            မိုးရေတက်ရေတဖွေးဖွေးနဲ့ လယ်စောင့်တဲလေးလည်းပါမပေါ့။ ချောင်းပြင်မှာ စီတန်းနေတဲ့
 ဗေဒါပန်းလေးလည်း ပါမပေါ့။ ထနောင်းပင်ကလေးတွေ တမာပင် ကလေးတွေလည်း ပါမပေါ့။
ပုဂံက အာနန္ဒာ၊ ညောင်ဦးက ရွှေစည်းခုံ၊ ရန်ကုန်က မြတ်ဘုရားရွှေတိဂုံကြီးလည်း ပါမပေါ့။
ပိတောက်ပန်း ၀ါဝါတွေ ၊ ရခိုင်ရိုးမ ရှမ်းရိုးမ တောင်တန်းကြီးတွေ၊ ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်၊
 စစ်တောင်းမြစ် အကြောင်းကြောင်းတွေလည်း ပါမပေါ့။ သင်္ကန်းတော်ဝါ၀ါနဲ့ 
“ဆွမ်းတော်ဗျို့”  လို့ ဟစ်အော်သံ များလည်း ပါမပေါ့။
 အော်... ရင်ထဲမှာ တည်ဆောက်ထားရတဲ့ တန်ဖိုးများ။       ။
မောင်သာချို
ဂျက် ( ကွမ်းခြံကုန်း )

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>