ညီသစ်ဆင်း
မင်းကရိုကျိုး ခပ်တိုးတိုးပင်
ဘိုး ဘေး နှစ်ပါး၊ ဦးထိပ်ထားလျက်
ဘုရား တည်ကြောင်း၊ ကောင်းမှု ပွင့်ဖူး
ထူးခြားသည်ကို၊ သိလိုသလော
မင်းပြော ပြော၏
မပြောချင်သလို၊ ပြောချင်သလိုနှင့်
မချို မချဉ်၊ ပြုံးရိပ်ဆင်သည်
ပြောချင်မှပြော မင့်သဘော။
စိတ်တိုရန်ကော၊ အစ်ကိုချောငဲ့
ယောနိသော စ၊ ကာယမနသိ
တရားရှိက
လပြည့် ဖွေးဖွေး၊ စိတ်ကြည်အေး၏
ညီထွေး စိတ်ကူး၊ ညီမှာ ထူးလည်း
မထူး သူ့ မှာ၊ ဖြစ်တတ်ရာ၏
သို့ ပါသောကြောင့်၊ အနှောင့် အသွား
လွတ်မလားဟု၊ စဉ်းစားတွေဝေ
နှုတ်ဆိတ်နေခဲ့
ဧရာ ကမ်းပါး၊ တည်ဆောက်ထားသား
ဘုရားဂူမော့
အကြော့အယဉ်၊ ကန်တော့ပလ္လင်ကို
ဝန်းကျင် ရပ်သား၊ အမြတ်ထား၍
စကားဆိုကြ၊ ကြားသမျှကို
ညီလှ မခြွင်း ပြောလိုရင်း။
ကန်တော့ပလ္လင်၊ မတည်ခင်က
ကြည်လင် ဧရာ၊ မြစ်ကမ်းသာ၌
ဟာလာ ဟင်းလင်း၊ ခပ်ရှင်းရှင်း တည့်
လေညင်း ရွှင်ရွှင်၊ နေအ၀င်ကို
နတ်ရှင် ဘုန်းလူ၊ လောင်းစည်သူသည်
တူရူ ရှုမျှော်၊ နောင်တ ပေါ်ခဲ့
ဘေးတော် နော်ရထာ၊ ဘိုးမှာ ကျန်စစ်သား
မင်းနှစ်ပါးကို၊ ပြစ်မှားခဲ့မိ
ထိုသတိကြောင့်
မချိညှိုးနွမ်း၊ စိတ်လက်ပန်းသည်
နန်းပြတင်းမှ မျှော်ရင်းပါ့ ။
ထိုသတိကား၊ အခြားမဟုတ်
သမုဒ် ရေခြား၊ လှည့်လည်သွား၍
များလှ ကျွန်းစု၊ မာလာယုတွင်
ရှုဖွယ် ဆန်းပြား၊ ရှုခင်းများကို
မျက်ဝါးထင်ထင်၊ မြင်ခဲ့ပြီးနောက်
နေပြည်ရောက်သော်၊ စိတ်မြောက် လူမြောက်
ဘုံဖျား ရောက်၍၊ မလောက် မလေး
ငါ့ဘေး ငါ့ဘိုး၊ ဘုန်းတန်ခိုးသည်
မိုးလောက် မြင်းမိုရ်၊ မြင့်သည် ဆိုလည်း
ငါ့ကို ပြိုင်လာ၊ မယှဉ်သာ ဟု
နှုတ် အာ ပြစ်မှား၊ စိတ် ပြစ်မှားခဲ့
ပြစ်မှား ချေချင်၊ သတိဝင်၍
သခင် နှစ်ပါး၊ မင်းနှစ်ပါးကို
ရွှေသား ရွှေရုပ်၊ ပုံသွန်းလုပ်၍
လက်အုပ် ချီကာ၊ ပလ္လင်ကြာ၌
တင်ကာ ကန်တော့၊ သူ မာန်လျှော့သည်
ကုန်းမော့ ကမ်းပါး ဧရာနား။
ဘေးတော် ဘိုးတော်၊ ရွှေရုပ်တော်ကို
နောင်သော် အပြီး၊ ရွှေဂူကြီး၌
သိမ်းဆည်းသိုထား ကမ္ဗည်းသား။
နောင်လာ နောက်သား သတိတရား။
သူ့ စိတ်ကိုပင်၊ သူပြန်မြင်၍
နတ်ရှင် ခံစား၊ သူ့ စိတ်ထား၌
ကြိုကြား စေ့င၊ သူ့ မာနကို
နောက်တ ကရှာ၊ တွေ့ ခဲ့ပါသည်
နောင်ခါ ၀န်ချ မာနကျ။
ဘေးတော် ဘိုးတော်၊ ရွှေရုပ်တော်ကို
သားတော် နရပတိ၊ ထည့်၍ ဌာပနာ
သဒ္ဓါ ထပ်ပွား၊ တည်ဆောက်ထားသား
ဘုရား မျက်မြင်၊ ကန်တော့ပလ္လင် ဟု
ဆိုလျှင် မမှား၊ ဆိုရငြားလည်း
ပြစ်မှား ၀န်ချ
မွေးဘခမည်း၊ စည်သူကြီး၏
ဖန်တီးစီရင်၊ ရွှေရုပ်စင်သည်
လမ်း မြင်အောင်ပါ့ ထွက်ပေါက်ပြ။
လမ်းကောင်း ပဓာန အုတ်မြစ်ချ ။ ။
ဇော်ဂျီ ( မေ ၁၉၈၅ )
No comments:
Post a Comment