The will to extend one's self for the purpose of nurturing one's own of another's spiritual growth.
မိမိကိုယ်ကို ပိုပြီးတော့ အသိဥာဏ်ကြီးမားလာအောင် တိုးတတ်အောင် လုပ်တာနဲ့၊ သူတစ်ပါး ကို လည်းပဲ ပိုပြီးတော့ အသိဥာဏ် ကြီးမားလာအောင် တိုးတတ်လာအောင် ဆောင်ရွက်ပေးတာ မေတ္တာပါ။
မေတ္တာဆိုတာ အကျိုးကိုလိုလားခြင်း ဆိုတာ သေသေချာချာစဉ်းစားမှနော်။ အကျိုးကိုလိုလားခြင်း ဆိုတာ ဘာလဲ။ ဘယ်လိုလဲဆိုတာ သိမှဖြစ်မယ်။ အဲဒီတော့ အကျိုးကိုလိုလားခြင်းဆိုတာဟာ အသိဥာဏ်ရှိမှ ဖြစ်နိုင် တာနော်။ ဘယ်ဟာကောင်းတယ်၊ ဘယ်ဟာ မကောင်းဘူး ဆိုတာ မသိဘဲနဲ့ အကျိုးကို လိုလားတယ်ဆိုတာ မဖြစ်နိုင်ဘူး။
အကျိုးလိုလားတယ်ဆိုတာမှာ ကျန်းမာရေး ၊ စီးပွားရေး၊ လူမှုရေး ၊ ပညာရေး အားလုံးပါတယ်နော်၊ ကျန်းမာစေချင်တယ်။ အသက်ရှည်စေချင်တယ်။ပညာတတ်စေချင်တယ်။ တရားအားထုတ်စေချင်တယ်။ စားဝတ်နေရေး အဆင်ပြေစေချင်တယ်။ အလိမ်အညာခံရတာ ကင်းစေချင်တယ်။ဒါတွေ အားလုံးဟာ အကျိုးကို လိုလားတာတွေချည်းပဲ။
The only true end of love is spiritual growth
မေတ္တာရဲ့တစ်ခုတည်းသော ဦးတည်ချက် မျှော်မှန်းချက်ဟာ အသိဥာဏ် နဲ့ စိတ်ဓါတ်ရင့်ကျက်မှု၊ တိုးတတ်မှု ၊ မြင့်မြတ်မှု ရှိအောင် အထောက်အကူပေးတာပဲ။ မေတ္တာရဲ့ အဆင့်မြင့်ဆုံး ရောက်တဲ့အခါ မေတ္တာဟာ ခံစားမှု မဟုတ်တော့ဘဲနဲ့ အသိဥာဏ်နဲ့ယှဉ်ပြီး အကောင်းဆုံး အသင့်တော်ဆုံး ..ဖြစ်အောင် ဆောင်ရွက်ပေး တာ ဖြစ်သွားပြီ။
သေသေချာချာ ပြန်စဉ်းစားကြည့်ရင် တစ်ယောက်ကို တစ်ယောက်ချစ်တယ်ဆိုတဲ့အခါမှာ ကိုယ့်ကိုယ် ကို ပြန်မေးကြည့်ပါ။ ငါဟာ သူ့အကျိုးကို တကယ်လိုလားတာမှ ဟုတ်ရဲ့လား။
မေတ္တာဆိုတာ ကိုယ့်ရဲ့ ချစ်တဲ့သူကို စိတ်ဓါတ်အားကောင်းလာအောင် လွတ်လပ်တဲ့သူ ဖြစ်လာအောင် လုပ်ပေးချင်တယ်။ ဒါ့အပြင် လိုအပ်ရင် ကိုယ့်ချစ်တဲ့သူရဲ့ ဘ၀ထဲကို နေရာအပြည့်ယူမထားဘဲ နောက်ဆုတ်ပေးတယ်။
မြတ်စွာဘုရား ဟာ သတ္တ၀ါတွေ အပေါ်ထားတဲ့ မေတ္တာဟာ ဘယ်လို မေတ္တာမျိုး ဖြစ်မယ်ထင်သလဲ???
သတ္တ၀ါအားလုံး တရားကိုသိပြီး လွတ်လပ်တဲ့သူ အေးချမ်းတဲ့သူဖြစ်သွားစေချင်တယ်။မြတ်စွာဘုရားက သူ့နေရာမှာ အစားထိုးမယ့်သူကို မထားခဲ့ဘူး၊ ပြောဟောခဲ့တဲ့ တရား ဓမ္မတွေကိုပဲ ဆရာအဖြစ်နဲ့ ထားခဲ့ပြီ တဲ့၊ တရားကိုပဲ အသိဥာဏ်နဲ့သိပြီး နေသွားစေချင်တယ်။ လွတ်လပ်မှု အပြည့်ပေးလိုက်တာပဲ၊ အင်မတန် အဆင့်မြင့်တဲ့ မေတ္တာဖြစ်သွားပြီနော်။
ကိုယ့်ကို မှီခိုနေအောင် အားကိုးနေအောင် အကူအညီပေးနေတာဟာမေတ္တာမဟုတ်ဘူး၊ မစဉ်းစားရဲအောင် မလုပ်ရဲအောင် ချူပ်ချယ်တာလည်း မေတ္တာမဟုတ်ဘူး ။ ကိုယ်က နေရာတကာ စဉ်းစားပေးတာ ၊ ဆုံးဖြတ်ပေး တာ မေတ္တာ မဟုတ်ဘူး။
တစ်ချို့ ကိုယ်ဝမ်းနည်းနေရင် သူများက လိုက်ပြီး ၀မ်းနည်းနေမှ ကြိုက်တယ်၊ ငါဝမ်းနည်းနေတာကို သူ ၀မ်းမနည်းရင် အဲ့ဒါငါ့ကို မချစ်လို့ဆိုပြီးတော့ စိတ်ဆိုးတတ်တယ်။ သူကတော့ နေနိုင်လိုက်တာ၊ စိမ်းကားလိုက် တာ အဲသလို ထင်တတ်တယ်။ တကယ်ချစ်တဲ့သူဟာ စိတ်ဆင်းရဲနေတယ် ။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ သူ စိတ် မဆင်းရဲ ပါစေနဲ့၊ ငါစိတ်ဆင်းရဲတာ သူ့ဆီ မကူးစက်ပါစေနဲ့ လို့ သဘောထားနိုင်တယ်။ ထို့အတူပဲ ကိုယ့်ချစ်တယ် ဆိုရင် သူစိတ်ဆင်းရဲတဲ့အခါမှာ ကိုယ်က စိတ်မဆင်းရဲအောင် နေနိုင်ဖို့ လိုတယ်နော် ။
အပြန်အလှန်ပဲ။
ငါ့ဟာငါ စိတ်ချမ်းသာအောင် ကြိုးစားပြီးတော့ နေပါ့မယ်။ နင်လည်းပဲ ကိုယ့်ဟာကိုယ် တရားနှလုံးသွင်း၊ ကိုယ့် စိတ်ကိုသိ ၊ ကိုယ့်စိတ်ကို ကြည့်ပြီးတော့ နားလည်ပြီတော့ ကိုယ့်ဟာကိုယ် စိတ်ချမ်းသာအောင်နေပါ။ အဲလိုဖြစ်သွားရင် ( psychologically independent) ဖြစ်နေပြီနော်။
ကိုယ်က စစ်မှန်တဲ့မေတ္တာနဲ့ ချစ်နိုင်ဖို့က ပေးနိုင်ဖို့က ကိုယ့်အတွက် အရေးကြီးဆုံး နဲ့ အကောင်းဆုံးပဲ။ အင်မတန် ရင့်ကျက်တဲ့ တည်ငြိမ်တဲ့ အေးချမ်းတဲ့ သဘောထားကြီးတဲ့ မေတ္တာစိတ်ဖြစ်လာမယ်။ အဲဒီစိတ်က အားရစရာ ကျေနပ်စရာ အကောင်းဆုံးပဲ။
( ဆရာတော် ဦးဇောတိက )
ပူပင်သောက ကင်းစင်ပ၍ မေတ္တာတရားဖြင့် ကြည်ရွှင်စေချင်သော စေတနာဖြင့် ကမ္ဘာသစ် စာဖတ်သူများအား မျှဝေလိုက်ပါတယ်
post by khaingsukyi
No comments:
Post a Comment