2 3 4 5 6 7 8 9 10

Wednesday, July 12, 2017

ဘာသာတရား လိုက်နာကျင့်သုံးခြင်း၏ ရည်ရွယ်ချက် ( အပိုင်း ၁ )

( အရှင်နန္ဒမာလာဘိဝံသ ) 



            ကိုယ်ယုံကြည်ရာ ဘာသာတရားရဲ့  အဆုံးအမနဲ့ ကျင့်စဉ်များအတိုင်း ထိုဘာသာတရားကို သက်ဝင် ယုံကြည် ကိုးကွယ်ကြတဲ့ ပုဂ္ဂိုလ်တွေ လိုက်နာကျင့်သုံးလေ့ရှိကြတယ်။ လိုက်နာကျင့်သုံးတဲ့အခါ ရည်ရွယ်ချက် အမျိုးမျိုး ရှိကြမှာပဲ။ ဒီနေရာမှာ ဗုဒ္ဓဘာသာဝင်တွေ ထားရမယ့် ရည်ရွယ်ချက်ကို စာပေကျမ်းဂန်လာတဲ့အတိုင်း မှတ်သားသင့်တယ်။ မှန်ကန်တဲပ ရည်ရွယ်ချက်နဲ့ လိုက်နာကျင့်သုံးဖို့ လိုအပ်တယ်။
            လောကမှာ ဘာသာတရားအမျိုးမျိုးရှိတယ်။ ဒီကနေ့ခေတ်မှာ အများစုယုံကြည်ပြီး လိုက်နာ ကျင့်သုံးနေကြတဲ့ ဘာသာတရား အရေအတွက် သိပ်မများလှဘူး။ အထင်ရှားဆုံး ကမ္ဘာ့ ဘာသာတရားကြီးတွေ ကို လေ့လာကြည့်သင့်တယ်။ သေသေချာချာ လေ့လာ သုံးသပ်ကြည့်ရင် ဘာသာတရားအများစုဟာ အခြေခံ အားဖြင့် ကိုယ်ကျင့်သီလကို အတိုင်းအတာ တစ်ခုအရ ဆုံးမလမ်းညွှန်မှု ပြကြတယ်။ အခြေခံ ကိုယ်ကျင့် သီလကောင်းရေး ကို ဦးစာပေးတဲ့ ဘာသာတရားက များတယ်။ အဲဒီ အခြေခံ ကိုယ်ကျင့်သီလတောင်မှပဲ ကိုယ်ကျင့် သီလလို့ သတ်မှတ်ထားတဲ့ အရာတွေဟာ ( တချို့  ဘာသာ အဆိုကို ဗုဒ္ဓမြတ်စွာ ဟောကြားတဲ့ တရား ဓမ္မနဲ့ နှိုင်းယှဉ်ပြီး ကြည့်မယ်ဆိုရင် ကိုယ်ကျင့်သီလ မဟုတ်ဘူး ) ကိုယ်ကျင့်သီလ ပျက်ပြားမှုကို ကိုယ်ကျင့်သီလ တစ်ခုအနေနဲ့ သတ်မှတ်လိုက်နာ ကျင့်သုံးနေကြတာသာ ဖြစ်တယ်။


            သံသရာဝဋ်ကလွတ်ပြီး ဆင်းရဲဒုက္ခတွေအားလုံး ချုပ်ငြိမ်းတဲ့နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တဲ့ လမ်းစဉ်ကို ချမှတ် ပေးနိုင်တဲ့ ဘာသာ တရားဆိုတာ ဗုဒ္ဓမြတ်စွာဟောကြားတဲ့ ဘာသာတရားတစ်ခုပဲ ရှိတယ်။ ကျန်တဲ့ ဘာသာတရားများဟာ ဖန်ဆင်းရှင်ရဲ့  အလိုတော် ကျ လိုက်နာကြရတာသာ ဖြစ်တယ်။ လုပ်လုပ်သမျှ မကောင်းမှု အကုသိုလ်တွေ ဖန်ဆင်းရှင်ထံ ၀န်ချတောင်းပန်မှု confession လုပ်လိုက် တာနဲ့ ဘုရားသခင်က ခွင့်လွှတ်ရင် အားလုံး ဒီအကုသိုလ်တွေရဲ့  ပြစ်ဒဏ်တွေ မခံရဘူးလို့ လွယ်လွယ်နဲ့ ယုံကြည်တဲ့ ပုဂ္ဂိုလ်တွေက များတယ် ။ အဲဒီလို ခွင့်လွှတ်လို့ အရာခပ်သိမ်းဟာ ဖြစ်နိုင်သလား မဖြစ်နိုင်ဘူးလားလို့ ဆင်ခြင်စဉ်းစားတဲ့ ပုဂ္ဂိုလ်ဟာ အင်မတန် ရှားတယ်ပေါ့။
            Confession လုပ်ရုံနဲ့ မကောင်းမှု ဒုစရိုက်တွေ အကုသိုလ်တရားတွေနဲ့ အကျိုးပေးမှု ဒုက္ခရောက်မှုမှ လွတ်ကင်း တယ် ဆိုတာ တစ်ဘ၀အတွင်းမှာတော့ ဖြစ်ကောင်း ဖြစ်နိုင်လိမ့်မယ်။ လောကမှာ လူလုပ်ထားတဲ့ ဥပဒေဆိုရင် လွတ်ငြိမ်းချမ်းသာခွင့် ပေးလို့ ရနိုင်တယ်။ ပြစ်ဒဏ်ပေးတဲ့လူ မရှိလို့ အပြစ်ဒဏ်က လွတ်နေလင့် ကစား သူ့မှာ စိတ်ဖိစီးမှု ဆိုတဲ့ အပြစ်ဒဏ်၊ သဘာဝကပေးတဲ့ အပြစ်ဒဏ်ကတော့ ခံရမှာပဲ။
            ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့တဲ့ အကုသိုလ်ကံရဲ့  အပြစ်ဒဏ်ဆိုတာ လူကပေးတဲ့ အပြစ်ဒဏ် မဟုတ်ဘူး။ သဘာဝကပေးတဲ့ အပြစ်ဒဏ်သာ ဖြစ်တယ်။ သဘာဝကပေးတဲ့ အပြစ်ဒဏ်တွေကို မည်သူတစ်ဦး တစ်ယောက်မှ ၀င်ရောက်အာမခံပြီး ကွင်းလုံးကျွတ် လွှတ်ပေး ဖို့ဆိုတာ မဖြစ်နိုင်ဘူးပေ့။ အဲဒီ မဖြစ်နိုင်တာကို ဖြစ်နိုင်တယ်လို့ ယုံကြည်မယ်ဆို တကယ်အပြစ်ဒဏ်ခံရတဲ့အချိန်မှာ ကယ်တင် မယ့်သူ ရှိမှာမဟုတ်ဘူး။



            ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့တဲ့ “အတ္တာ ဟိ အတ္တနော နာထော - မိမိသည်သာလျှင် မိမိရဲ့  ကိုးကွယ်ရာ ဖြစ်သည်” ဆိုတဲ့ စကားအရ ကိုယ်ကောင်းရင် ခေါင်းဘယ်မှ မရွေ့ ဘူး။ ကိုယ် ကိုယ်တိုင် .. ကောင်းအောင် ကျင့်သုံးခြင်းသာ လက်တွေ့ကျတယ်။ လူတွေဟာ သံသရာ ကျင်လည်တဲ့အချိန်မှာ အမှားအယွင်း ဆိုတာတွေ လုပ်မိခဲ့ကြတယ်။ ကောင်းတာလည်း လုပ်မိမှာပဲ မကောင်းတာလည်း လုပ်မိ မှာပဲ။ အမှားတွေ လုပ်မိလို့ရှိရင် ထိုအမှားရဲ့  အပြစ်ဒဏ်ကို သဘာဝက ဒဏခတ်လို့ ခံရတယ်ဆိုတာ အင်မတန်မှ ထင်ရှားတယ်။
            လောကမှာ ဘယ်လောက်ကောင်းအောင် လုပ်လုပ် ဆိုးကျိုးခံစားရတဲ့ ပုဂ္ဂိုလ်တွေ ရှိတာပဲ။ သဘာဝက ခွင့်မလွှတ်သည့် အတွက် ဒီအပြစ်တွေ ခံစားရတယ်ဆိုတာ ထင်ရှားတယ်။ ဘယ်သူကမှ အပြစ်ဒဏ်ပေးတာ မဟုတ်ဘူး။ ကိုယ်သန္တာန်မှာ online ဖြစ်နေတဲ့ အကုသိုလ်ကံက ကိုယ့်ကို ထိခိုက်နစ်နာစေတာပဲ။ အဲဒါကို ပြင်ပ ပုဂ္ဂိုလ် တစ်ဦး တစ်ယောက်က လာပြီး ဒီအပြစ်တွေ အားလုံး လွတ်ငြိမ်း ချမ်းသာခွင့်ပြုတယ် ဆိုတာ ဖြစ်နိုင်ပါ့မလား။ မဖြစ်နိုင်ဘူး။
            Confession လုပ်လို့ အပြစ်ဒဏ်တွေက ခွင့်လွှတ်တယ်ဆိုတဲ့ ဘာသာကို ကိုးကွယ်ကြတဲ့ ပုဂ္ဂိုလ်တွေ ဒုက္ခရောက် နေကြတာတွေ လည်း အများကြီးပဲ။ ဘယ်လောက်ပဲ ဘုရား တရား ယုံကြည် ယုံကြည်၊ သဘာဝက ဒဏ်ခတ်တာကိုတော့ ဘယ်သူမှ မတွန်းလှန်နိုင်ကြ ဘူးပေါ့။ သဘာဝ ကံတရားရဲ့  အကျိုးကိုတော့ ဘယ်သူ မှ ရှောင်လွှဲလို့ မရဘူးဆိုတာ ဒီကနေ့ လက်တွေ့မျက်မြင်အားဖြင့် အလွန် ထင်ရှား တယ်။ သို့သော် လောကလူတွေက အလွန်ထင်ရှားတာကို လက်မခံပဲနဲ့ အပြော သက်သက်နဲ့ လက်ခံယုံကြည်ကြတာက များတယ်ပေါ့။
            ဘာဖြစ်လို့လဲဆိုရင် လူသားတွေမှာ စဉ်းစားဉာဏ်ဆိုတာ အင်မတန်မှ အားနည်းလို့ပဲ။ ဒါကြောင့်မို့ သမ္မာ ဒိဋ္ဌိ အမှန်မြင်ဖို့၊ အသိဉာဏ်ရှိဖို့ အရေးကြီးတယ်။ အသိဉာဏ်ဟာ အင်မတန်မှ အရေးကြီးတယ်လို့ မြတ်စွာ ဘုရား ဟောတာ ဖြစ်တယ်။ အမှန်တရားကိုသိဖို့ အမှန်မြင်ဖို့ဆိုရင် သမ္မာဒိဋ္ဌိ မရှိဘဲနဲ့ ဖြစ်နိုင်မှာ မဟုတ်ဘူး။ အမှန်မြင်ခြင်းကို မိမိသန္တာန်မှာ တည်ဆောက်နိုင်မှ မှားယွင်းချွတ်ချော်နေတဲ့ ကျိုးကြောင်းဆီလျော်မှု မရှိတဲ့ အရာတွေကို လက်မခံမိမှာ ဖြစ်တယ်။

 အရှင်နန္ဒမာလာဘိဝံသ
ပါမောက္ခချုပ်ဆရာတော်
အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်

 ဆရာတော်ဟောကြားတော်မူသော တရားခွေများမှ စာစုများကို ကမ္ဘာသစ် စာဖတ်သူ ဓမ္မမိတ်ဆွေများအတွက် ဓမ္မဒါနအဖြစ် ကုသိုလ်ပြု ရေးသားပူဇော် ဖြန့်ဝေပေးခြင်း ဖြစ်ပြီး တရားစာပုဒ်ရှည်ဖြစ်၍  အပိုင်းခွဲ၍ တင်ပေးပါမည်။ ဆက်လက်ဖတ်ရှုပါရန် .. 

  ဤနေရာတွင် အပိုင်း ( ၂ ) ကို ဆက်လက်ဖတ်ရှုရန်

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>