နှစ်သစ်ကူးသည့်
တန်ခူးချိန်ခါ၊ ရောက်လေပါသော်
ရွှေဝါရောင်လျှံ၊ မြန်မာဆန်သည့်
သင်္ကြန်ပန်းများ ပွင့်လေပြီ..။
ပိတောက်လက်ဆောင်၊ ငုလက်ဆောင်ကြောင့်
မောင်နှင့်မယ်တို့၊ တုံ့လှယ်ချစ်ခွန်း
ကျွမ်းဝင်ကြရာ၊ မင်္ဂလာတည်း..။
မြတ်မေတ္တာဖြင့်
နံ့သာတစ်စက်၊ ပိတောက်ခက်နှင့်
မွှေးပျံ့ရေစက်၊ သပြေခက်နှင့်
ကိုယ်ထက်ပက်ဖျန်း၊ ကျောရင်ချမ်း၍
လန်းဆန်းမှုပို၊ အရွယ်အိုပင်
နုပျိုစိတ်သစ် ၀င်ပေလိမ့်..။
ဘုရားသွားကြ၊ ကျောင်းတက်ကြနှင့်
ဒါနအလှူ၊ ကုသိုလ်ယူကြ
ဇမ္ဗူတစ်လွှား၊ မြန်မာများကို
တိုင်းခြား မီနိုင်ပါ့မလားလေ..။
အလှ အက၊ ဆိုတီးကြသည်
မြန်မာ့ရွှေရိုး၊ ဘယ်မရိုးနိုင်
နိုးကြားတက်ကြွ၊ ကြည်နူးစွတည့်..။
မြန်မာတို့ဂုဏ်၊ ရွှေတိဂုံတည့်..။
မြန်မာတို့မြေ၊ ပုဂံပြေ ( ပြည် ) တည့်..။
ကျွန်းသစ် စပါး၊ ကျောက်သံများတို့
ပေါများလှပေ၊ မြန်မာပြေ ( ပြည် ) ဟု
စာပေဘုံနန်း၊ ချီးကျူးးခန်းလျှင်
ကုန်ခန်းမသွား၊ သို့စေငြားလည်း
ရွှေသားရောင်ဝင်း၊ ပိတောက်မင်းနှင့်
သင်္ကြန်အတာ၊ သည်ချိန်ခါကို
လင်္ကာစာသွား၊ မေ့ချန်ထားက
တို့ကားမြန်မာ၊ အနှစ်သာနှင့်
ကင်းကွာနေသူ ဖြစ်လိမ့်တည်း…။
မိုးနောင်
No comments:
Post a Comment