2 3 4 5 6 7 8 9 10

Friday, November 14, 2014

မြန်မာကို မြန်မာသိစေဖို့ ( လူထုစိန်ဝင်း )

 မဖွံ့ဖြိုးသေးတဲ့ ကျေးလက်ဒေသကျန်းမာရေးဆိုင်ရာ အခြေခံ လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုမှာ အလုပ်လုပ်နေသူ တပည့်ကျောင်းသူ တစ်ယောက်က သတင်းကောင်း တစ်ခု ပေးလာပါတယ်။
 သူတို့အဖွဲ့က တောင်ကြီးဒေသရုံးစိုက် ရှမ်းပြည်တောင်ပိုင်း ကျန်းမာရေးစောင့်ရှောက်မှု စီမံချက်အတွက် ဆရာဝန် ၃ ဦး လိုအပ်နေတယ် ဆိုတဲ့ အကြောင်း သတင်းကောင်း ဖြစ်ပါတယ်။

  
“ဆရာ့တပည့်တွေထဲက လျှောက်ချင်သူရှိရင် ပြောလိုက်ပါရှင့်” တဲ့။ ကျောင်းဆရာဆိုတာ တစ်ခါတလေ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ အလုပ်လည်း လုပ်ရပါသေးတယ်။ တစ်ခါတလေကျတော့လည်း အတိုင်ပင်ခံ အကြံပေး ဖြစ်လိုက်၊ ကလေးထိန်း ဖြစ်လိုက်၊ လူငယ်ထိန်းသိမ်းရေးမှူး ဖြစ်လိုက် ကိုယ်ပွားမိဘ ( Surrogate parents ) ဖြစ်လိုက်နဲ့ ဇာတ်ထဲက သေတ္တာမှောက်လို ဖြစ်နေပါတော့တယ်။
    အလုပ်လိုချင်တဲ့ ဆရာဝန်လေးတွေလည်း ကျောင်းမှာ အတော်များများရှိနေလို့ အားလုံးကို အသိပေးလိုက် ပါတယ်။ ဒါပေမယ့် တစ်ယောက်မှ အလုပ်ရဖို့ဆိုတာထား။ လျှောက်လွှာတောင် မတင်လိုက်ရပါဘူး။ ဘာကြောင့်လည်း ဆိုတော့ အလုပ်ရှင်ရဲ့  လိုအပ်ချက်နဲ့ ကိုက်ညီသူ တစ်ယောက်မှ မရှိလို့ပါ။


    အလုပ်သဘာဝလိုအပ်ချက်က ဒေသခံဖြစ်ရမယ်လို့ ဆိုထားပါတယ်။ ဒါက ပြဿနာ မဖြစ်ပါဘူး။ တောင်ပိုင်း ရှမ်းကလေးတွေ ရှိနေပါတယ်။ ဒုတိယ လိုအပ်ချက်ကတော့ အကြီးအကျယ် ပြဿနာဖြစ်ပါတော့တယ်။ သူတို့က ဒေသခံ တိုင်းရင်းသား ဘာသာစကား တစ်မျိုးမျိုး ရှမ်း၊ ပအိုဝ့်၊ ၀ တစ်ခုခု တက်ကျွမ်းရမယ်လို့ ဆိုထားပါတယ်။ ကျောင်းမှာ “၀” ကလွဲရင်၊ ရှမ်း၊ ပအိုဝ့် ဆရာဝန်လေးတွေ ရှိပါတယ်။ “၀” ထဲက ကျောင်းသား ရှိပါတယ်။ ကိုရင်နဲ့ ဦးပဉ္ဇင်းငယ်လေးတွေ ရှိပါတယ်။ ဒါပေမယ့် ဆရာဝန်တို့ အင်ဂျင်နီယာတို့တော့ မရှိသေးပါဘူး။ ၀ တို့ လားဟူးတို့က ဖွံ့ဖြိုးမှု နောက်ကျတယ်လေ။ အခုတော့ ကောလိပ်ကျောင်းသူ ကျောင်းသားတွေ တော်တော်များများ ရှိနေပါပြီ။ စိုင်းဆိုင်ရှဲန်တို့ နာရှီးခါးတို့ဆိုတဲ့ အဆိုတော် တပည့်လေးတွေဆိုရင် အခါ တိုင်းရင်းသားတွေပေါ့။
    ရှမ်းတို့ ပအိုဝ့်တို့ ကချင်တို့ ချင်းတို့လို တိုင်းရင်းသားပညာတတ်လေးတွေ အများကြီး ဒီခေတ်မှာ ရှိကြပါတယ်။ ဒါပေမယ့်လို့ ၀ လေးတွေကလွဲရင် ကျန်တဲ့သူတွေက သူတို့ တိုင်းရင်းသားဘာသာစကား မတတ်ကြတာများပါတယ်။ ခပ်ငယ်ငယ်ကလေးဘ၀က တတ်ပေမယ့် ကြီးလာတာနဲ့အမျှ ကျောင်းစာတွေ၊ ကျူရှင်စာတွေက များသထက် များလာ ကြတာ ဖြစ်လေတော့ အိမ်မှာနေရချိန် သိပ်မရှိ၊ အိမ်သားတွေနဲ့ မျက်နှာချင်းဆိုင်ရချိန် အလွန်နည်းပါးလာကြရှာပါတယ်။
    အဲဒါကြောင့် ကျောင်းမှာရှိတဲ့ ဆရာဝန်လေးတွေ အလုပ်မလျှောက်ဖြစ်ကြပါဘူး။ အဲဒီကိစ္စက ဆက်နွယ်ပြီး အတွေးမျှင် တန်းနေမိပါတယ်။ ဒီနေ့ ရန်ုကုန်မြို့က လူငယ်လုံမငယ်လေးတွေဟာ ပညာရေးမှာ သူမတူအောင်ကို လုံးပမ်း အားထုတ်နေကြတာ တွေ့ရပါတယ်။ အင်္ဂလိပ်စကား၊ ဂျပန်စကား၊ ပြင်သစ်စကား၊ ကိုရီးယာစကား၊ ယိုးဒယားစကား၊ တရုတ်စကား စတဲ့ ဘာသာစကားသင်တန်းကျောင်းမျိုးစုံမှာ အခါမလပ ကျောင်းသားတွေ စည်ကားနေကြပါတယ်။ သံရုံး အသီးသီးက ဖွင့်လှစ်ထားတဲ့ ဘာသာစကား သင်တန်းများမှာလည်း ကြိတ်ကြိတ်တိုးနေကြတာပါပဲ။
    နောက်ပြီးတော့ ပညာတတ်လူငယ်လေးတွေရဲ့  စကားဝိုင်းကို နားထောင်ကြည့်ပါ။ ဆူနာမီကိစ္စ၊ မြောက်ကိုရီးယား ကိစ္စ၊ အီရတ် ကိစ္စ၊ ပါလက်စတိုင်း ခေါင်းဆောင်သစ် အရည်အချင်းကိစ္စ စတဲ့စတဲ့ ကမ္ဘာ့အရေးအခင်းကိစ္စ မှန်သမျှ စိတ်ဝင်တစား ဆွေးနွေးပြောဆိုနေကြတာများ ကြားရပါလိမ့်မယ်။
    တစ်ခါက မိတ်ဆွေဟောင်း အမေရိကန်လူမျိုး ပါမောက္ခတစ်ဦးရဲ့  ပြောစကားကို အမှတ်ရမိပါတယ်။ သူက သွားလေရာ အရပ်မှာ မြန်မာလူမျိုးတွေနဲ့ စကားလက်ဆုံကျအောင် ကြိုးစားပြီး မြန်မာလူမျိုးများကို လေ့လာ လေ့ရှိ ပါတယ်။ သူပြန်ခါနီးကျ လာနှုတ်ဆက်ရင်း နောက်နှစ်ကျောင်းအားရက်မှာလည်း မြန်မာပြည်ကို လာဦးမယ်လို့ ပြောပါ တယ်။ မြန်မာလူမျိုးများဟာ မယုံနိုင်လောက်အောင်ကို အံ့သြစရာတွေ ပြည့်နှက်နေတဲ့ လူမျိုး ဖြစ်တယ်။ လက်ဖက်ရည်ဆိုင်မှာ တွေ့တဲ့လူ ၀င်မိတ်ဖွဲ့၊ မိတ်ဖြစ်ဆွေဖြစ် အင်္ဂလိပ်စကားတော့ ပြောနိုင်ကြသူချည်း ဖြစ်တယ်။ ဂျပန်တို့၊ ယိုးဒယားတို့ကို သူ ၀င်လာခဲ့တော့ ဒေသခံတွေ အင်္ဂလိပ်စကား မပြောတတ်လို့ တော်တော်အခက်တွေ့ရတယ်လို့ ပြောပြ ပါတယ်။ မြန်မာပြည်မှာတော့ ဆိုက်ကား မြင်းလှည်းစီးစီး၊ တက္ကစီပဲစီးစီး လက်ဖက်ရည်ဆိုင်ဝင်ဝင် ပြဿနာမရှိဘူး။ သူလိုချင်ရာ အားလုံး အဆင်ပြေတယ်လို့ ပြောပြပါတယ်။
    နိုင်ငံတကာ ဗဟုသုတအရာမှာလည်း ဒေးဗစ်ဘက်ခမ်းကို သိသလို အေရီယယ်ရှယ်ရွန်ကိုလည်း သိတယ်။ ရောဘတ်မူဂါဘေးကို သိသလို ကွန်ဒိုလီဇာရွက်စ်ကိုလည်း သိတယ်။ သူတို့နိုင်ငံကလူတွေဟာ ဒီလို ကမ္ဘာကြီးအကြောင်း သိပ်မသိကြဘူး။ သူတို့သမ္မတတောင် တစ်ခါက ပါကစ္စတန်နိုင်ငံရဲ့  သမ္မတနာမည်ကို မသိလို့ တော်တော်ကဲ့ရဲ့  ခံလိုက်ရ တယ်လို့ ပြောဖြစ်သေးတယ်။




    မိတ်ဆွေပါမောက္ခကြီးပြောတာ တကယ်လည် အမှန်ဖြစ်ပါတယ်။ မြန်မာပြည်က ဆိုက္ကားဆရာ၊ မြင်းလှည်း ဆရာတောင် “တိုးရစ်” တွေနဲ့ ပစ္စည်းအရောင်းအ၀ယ် စကားလောက်တော့ ပြောတတ်ပါတယ်။ ကမ္ဘာကြီး အကြောင်း လည်း ကောင်းကောင်း သိကြပါတယ်။ ဒါပေမယ့် ၀မ်းနည်းစရာကောင်းတာက ကမ္ဘာကြီး  အကြောင်း သိနေတာရဲ့  ထက်ဝက်မျှတောင် ကိုယ့်တိုင်းပြည်အကြောင်းကို မသိကြတာ ဖြစ်ပါတယ်။ တစ်ခါတုန်းက တပည့်လေး တစ်ယောက် အပြေးရောက်လာပြီး သူ “ပို့စတင်” ရပြီဖြစ်တဲ့အကြောင်း “ချီဖွေ” ဆိုတဲ့ နေရာမှရတာ ဘယ်နေရာ ဘယ်ဒေသမှန်း မသိလို့ ပြေးလာပြီး မေးရကြောင်း ပြောပြပါတယ်။ ချီဖွေကို မြေပုံထောက်ပြီး ရှာပြလိုက်ရပါတယ်။ အဲဒီတော့လည်း မြစ်ကြီးနားကို ဘာနဲ့သွားရမှာလဲလို့ မေးပြန်ပါတယ်။ ရန်ကုန်မှာမွေး ရန်ကုန်မှာကြီးပြီး ရန်ကုန်ဆေးတက္ကသိုလ်က ဆရာဝန်ဖြစ်လာတဲ့ လူငယ်လေးတစ်ယောက်က မြစ်ကြီးနားကို ဘယ်လိုသွားရမှန်းမသိတာ အံ့သြစရာ မကောင်းဘူးလား။ သူ ချီဖွေရောက်သွားပြီး ၁ နှစ်လောက်နေမိတော့ ရန်ကုန် ပြန်လာရတာ အသက်ရှူလို့ မ၀ဘူး။ မျက်စိလည်း နောက်တယ်။ ချီဖွေကို မြန်မြန် ပြန်ချင်ပြီလို့ ပြောလာပါတော့တယ်။
    တိုင်းချစ်ပြည်ချစ်စိတ်ဆိုတာ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအကြောင်း ကောင်းကောင်းသိမှ ဖြစ်ထွန်း လာနိုင် ပါတယ်။ ဒါကြောင့် လူငယ်လေးတွေ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ စကားနဲ့ ကိုယ့်နိုင်ငံအကြောင်း များများသိအောင် လုပ်ပေးဖို့ လိုအပ်ပါတယ်။ တိုင်းရင်းသား လူမျိုးများရဲ့  ဘာသာစကားသင်ကြားပေးတဲ့ ကျောင်းတွေ တည်ထောင်ပေး ကြဖို့ လိုအပ်ပါတယ်။ တက္ကသိုလ်အဆင့်မှာ တိုင်းရင်းသာဘာသာစကားများကို အပို ဘာသာရပ် တစ်ခုအဖြစ် သင်ကြာတဲ့ အဆင့် ရောက်အောင် ကြိုးပမ်းဆောင်ရွက်ကြဖို့လည်း လိုအပ်ကြောင်း နှိုးဆော် ချင်ပါတယ်။

လူထုစိန်ဝင်း




No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>