2 3 4 5 6 7 8 9 10

Monday, May 13, 2013

လေလှိုင်းထဲက တူတူရေ၀ါး ( မောင်သာချို )



    တောင်လေကလေးတိုက်၍ မိုးကလေး တစ်ဖြိုက်နှစ်ဖြိုက် ရွာချလိုက်ပြီးသည့်သကာလ မြေသင်းရနံ့ သင်းပျံ့ပျံ့ ချိန်ခါ၌ ဤဤထိုထို မဟာပထ၀ီမြေပေါ်၌ ရှည်ရှည်တိုတို မိုးဦးကျမှုတို့ ထွက်ပြူ၍ လာကြသည်ကို သပ္ပူရိသ အနွယ်ဝင် စာဖတ်သူ သူတော်စင်တို့ တွေ့မြင်ဖူးကြအံ့လတ္တံဟု ကျွန်ုပ် ထင်မြင်ယူဆမိပါ၏။
    ယခုပစ္စက္ခမျက်မှောက် အခြေအနေသည်ကား ၎င်းမိုးဦးကျ မှိုတို့ ထွက်ပြူလာသည့် အတိုင်းပင်လျှင် ဖြစ်ပါ၏။ Media တဲ့။ ဟုတ်ပါ၏။ မီဒီယာ။ လူထုဆက်သွယ်ရေး လုပ်ငန်းကြီးတို့ ထွက်ပြူလာလိုက်ကြသည်မှာ ၎င်းမိုးဦးမှိုပွင့်များနှယ် ။ ဟိုတစ်ပွင့် သည်တစ်ပွင့် စွင့်စွင့်မြူးမြူး ဖူးဖူးဝေေ၀ သာပင် ဖြစ်တော့ချေသည် တမုံ့။
    မဂ္ဂဇင်းဂျာနယ် ဘုတ်အုပ်တွေ ပလူပျံသလို ထွက်လာကြကုန်၏။ ရုပ်မြင်သံကြားလိုင်းတွေ လိုင်းတွေ တစ်ခုပြီး တစ်ခု၊ ၎င်းအပြင် FM တဲ့။ ဟိုကလည်း FM ၊ သည်ကလည်း FM ၊ ကောင်းပါ၏။ FM တို့ များလေလေ နားသောတ ဆင်စရာတွေ များလေလေပဲပေါ့။ ဖိလစ်ပိုင်လို နိုင်ငံမျိုးမှာပင်လျှင် FM လိုင်း ၈၀၀ ကျော်ရှိသည်ဟု ဆိုချေသည် မဟုတ်တုံသလော။
    အနို့ကလို မီဒီယာတို့ ဖွံ့ထွားလာသောအခါ လုပ်ငန်းကိုင်ငန်း အသစ်ကလေးတွေကလည်း ဖွံ့ထွားဝေလွင်၍ လာဘိပြန်ပါ၏။ ရပိုတာ ( Reporter ) ဟူ၏။ အနောင်ဇာ ( Announcer ) ဟူ၏။ ပရီဇင်တာ ( Persenter ) ဟူ၏။ အင်တာဗျူးဝါ ( Interviewer ) ဟူ၏။ ကောင်းလေစွတကား။


    သို့ဖြင့် အဆိုအနှီပါ ကောင်းလေစွတကားကြီးသည် ကျွန်ုပ်ဆရာကြီး ဂျက်ကွမ်းခြံကုန်း၏ မွေးရပ်မြေ သပွတ်အူ ကျေးရွာသို့ပါ လာရောက် ရိုက်ခတ်၏။ ကျွန်ုပ်၏ စာပေအနုသုခုမပိုင်းဆိုင်ရာ မိတ်ဆွေဟောင်းကြီး ဖြစ်သော ရွှေပွတ်စိုးမြင့် က သူ၏သမီး ဧကရီစိုးမြင့်ကို FM ရေဒီယိုလိုင်း တစ်ခု၌ အလုပ်သွင်းပေးရန် အလို့ငှာ ကြိုးစားလာခြင်းပါတည်း။
    ဟုတ်ကဲ့။ ရန်ကုန်မှာ အလုပ်လျှောက်လွှာ တင်ခဲ့ပါလေသတဲ့။ သူ့သမီး ဧကရီစိုးမြင့် လူတွေ့ အင်တာဗျူး၌ အဆင်ပြေ ချောမွေ့စေရန် ကူညီမှိုင်းမ လမ်းညွှန်ပြသစေလိုပါကြောင်း ရွှေပွတ်စိုးမြင့်က ကျွန်ုပ် ဂျက်ကွမ်းခြံကုန်းထံ အကူအညီ တောင်းဆိုလာခဲ့ပါကြောင်း ဟူလို။
    အံ့သြဖွယ်ကောင်းလေစွ။
    ရန်ကုန်မြို့သို့ သွားရောက်ပြီးသည့် သကာလ လူတွေ့ အင်တာဗျူး သွားရောက်ဖြေဆိုခဲ့သော ဧကရီစိုးမြင့်သည် တစ်ခါတည်း တိုက်ရိုက်ဆိုသလို အလုပ်ရသွားလေသတည်း။ သူမ၏ အသံထွက်ခေါ် ဘားမိစ် ပရိုနောင်စယေးရှင်းကို လွန်စွာသဘောကျသွားသည် ဟူသတတ်။
    ကျွန်ုပ်ကူညီရကျိုးနပ်လေပြီ။
    ဧကရီစိုးမြင့်ကို အင်တာဗျူးလုပ်သူက သမီးဟု ခေါ်ကာ သုံးကြိမ်ထူးခိုင်း၏။

 “သမီး” …. “ရှန်”
“သမီး” …. “ရှန်”
“သမီး” …. “ရှန်”

ဝက်သား၊ အမဲသား၊ ကြက်သားတို့ကို ရွတ်ဆိုခိုင်း၏။

“၀က်တား၊ အမဲတား၊ ကြက်တား”  ဟု ရွတ်ပြလိုက်၏။ “သိတယ် မဟုတ်လား” ကို ရွတ်ဆိုခိုင်း၏။ “တိဒယ်မလား” ဟု ရွတ်ပြလိုက်၏။ “ကစားမလား နားမလား” ကို ရွတ်ဆိုခိုင်း၏။ “စကားမလား နားမလား” ဟု ရွတ်ပြ လိုက်၏။ “တွံတေး” ကို ရွတ်ဆိုခိုင်း၏။ “သွံသေး” ဟု ရွတ်ဆို ပြလိုက်၏။
ဤ၌ တစ်ခါတည်း ရွေးချယ်လိုက်တော့သည် ဟူသတတ်။


    အနို့နှင့် အရပ်က ကျွန်ုပ်အား မေးခွန်းတစ်ခု မေးပါ၏။ ဧကရီ စိုးမြင့်၏ ပရိုနောင်ဇယေးရှင်းခေါ် အသံထွက် ဘဲရီးဂွတ် ဖြစ်သွားအောင် ဘယ့်နှာသို့ လေ့ကျင့်ပေးလိုက်ပါသနည်းဟူသော မေးခွန်းဖြစ်ပါ၏။ ကျွန်ုပ်၏ သုံးနှစ်သား အရွယ် တူကလေးကို လက်ညှိုးညွှန်ပြကာ သူနှင့် စကားပြောလေ့ကျင့်တာပ ဟု ၀န်ခံရချေပါ၏။
    “အန်တီ ဧကရီချိုးညင့်က တားတားနဲ့ ဂျဂါကြော ရာရာပီး လေ့ကျင့်ဒါ”
    ကလေးက အန်တီဧကရီစိုးမြင့် သားသားနှင့် စကားပြောလာလာပြီး လေ့ကျင့်ကြောင်း ၀န်ခံချေ၏။ မပီကလာ သူ့ စကား တူတူရေ၀ါးဟု ဆိုဘိသကဲ့သို့ လေလှိုင်းထဲမှာ တူတူရေးဝါးတို့ နေရာရခဲ့ချေပြီတကား။

မောင်သာချို

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>