2 3 4 5 6 7 8 9 10

Tuesday, May 14, 2013

ဒီမိုကရေစီ၏ သွင်ပြင်လက္ခဏာများ



     ဒီမိုကရေစီနိုင်ငံ သို့မဟုတ် ဒီမိုကရေစီအစိုးရတစ်ရပ် ဖြစ်ရန်အတွက် မည်သည့်အချက်များနှင့် ကိုက်ညီရန် လိုအပ်သနည်း ဟူသည်ကို နိုင်ငံတကာရှိ ပြည်သူများ စဉ်းစားကြ၊ ထုတ်ဖော်တင်ပြကြ၊ အတည်ပြု သတ်မှတ် ကြသည်။ အချို့က သည်အချက်တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေထဲ သို့မဟုတ် အခွင့်အရေးဆိုင်ရာ ဥပဒေ ပြဋ္ဌာန်း ချက် များထဲမှာပင် တစ်ပါတည်း ထည့်သွင်းကြသည်။
    တိုင်းပြည် တစ်ပြည်နှင့်တစ်ပြည် ပကတိအခြေအနေနှင့် ဖြတ်သန်းခဲ့သော ရာဇ၀င်တို့ မတူညီသည့်အလျောက် ဒီမိုကရေစီဟု ဆိုကြသည့် နိုင်ငံချင်း အတူတူမှာပင် ဦးစားပေးအလေးထားမှုများ မတူညီကြသော်လည်း မည်သည့် အရာများသည်ကား ဒီမိုကရေးစီအတွက် ရှိသင့်ရှိအပ်သော အခြေခံမူများ ဖြစ်သည်ဟု မှတ်ယူကြရာ၌ကား ကွဲလွဲမှု မရှိကြပေ။

( ၁ ) နိုင်ငံသားတို့ ပါဝင်ဆောင်ရွက်မှု ( citizen participation )
    ဒီမိုကရေစီ နိုင်ငံဖြစ်ကြောင်းဖော်ပြသည့် သိသာထင်ရှားသော လက္ခဏာ တစ်ခုကား နိုင်ငံရေး စီမံခန့်ခွဲမှု တွင် နိုင်ငံသားတို့ ပါဝင်ကြခြင်း ဖြစ်၏။ နိုင်ငံရေးရာ၌ ပါဝင်ဆောင်ရွက်ခြင်းသည် နိုင်ငံသားတို့အတွက် ရပိုင်ခွင့် သာမဟုတ်။ တာဝန်လည်း ဖြစ်၏။ နိုင်ငံသားပါဝင်မှုဆိုင်ရာ၌ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခြင်း ၊ ရွေးကောက် ပွဲတွင် မဲပေးခြင်း၊ နိုင်ငံရေးရာများကို သိရှိအောင်လေ့လာမှတ်သားခြင်း၊ ပြဿနာ များကို ဆွေးနွေးဝေဖန်ခြင်း ၊ ရပ်ရွာပြည်သူ့စည်းဝေးပွဲများ သို့ တက်ရောက်ခြင်း၊ အသင်းအဖွဲ့များတွင် ပါဝင်ဆောင်ရွက် ခြင်း၊ အကောက်ခွန်များပေးဆောင်ခြင်း၊ လိုအပ်သည့်အခါ မိမိသဘောဆန္ဒကို တင်ပြတောင်းဆို ခြင်း စသည့် အသွင်သဏ္ဌာန်မျိုးစံတို့ အကျုံးဝင်သည်။


( ၂ ) တန်းတူညီမျှမှု ( equality )
    ဒီမိုကရေစီ လူ့အဖွဲ့အစည်းများသည် လူအားလုံး တန်းတူညီမျှကြသည်ဟူသော အခြေခံမူကို အလေးအနက် ပြုကြသည်။ တန်းတူညီမျှခြင်းဟူသည် လူအသီးသီးတို့အား ညီမျှစွာတန်ဖိုးထားခြင်း၊ တူညီသော အခွင့်အရေးရရှိစေခြင်း၊ လူမျိုး၊ ဘာသာ၊ မျိုးနွယ်စု၊ လိင် စသည်တို့ကွဲပြားမှုကြောင့် အတန်းအစားခွဲခြားမှု မရှိစေခြင်း စသည်တို့ကို ဆိုလိုသည်။ ဒီမိုကရေးစီတစ်ခုတွင် တစ်ဦးချင်းသောသူများနှင့် လူအုပ်စုများသည် အများနှင့်မတူသော မိမိတို့၏ ယဉ်ကျေးမှု၊ ဘာသာစကား၊ ယုံကြည်မှုနှင့် စရိုက်လက္ခဏာများကို ထိန်းသိမ်းထားပိုင်ခွင့် ရှိပေသည်။

( ၃ ) နိုင်ငံရေးအရ သည်းခံမှု ( political tolerance )
    ဒီမိုကရေစီ လူ့အဖွဲ့အစည်းများ၌ နိုင်ငံရေး သည်းခံမှုရှိသည်။ တိုင်းပြည်တွင် အများစုကို ကိုယ်စားပြုသူတို့ အုပ်စိုး နေသော်လည်း အနည်းစု၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်မှု ပြုသည်။ အာဏာလက်ရှိမဟုတ်သူတို့မှာ လည်း စည်းရုံးခွင့်၊ မိမိအယူအဆကို ဖော်ထုတ်ပြောဆိုခွင့်များ ရှိသည်။ အများစုနှင့် အယူအဆကွဲလွဲသည့် ထို လူနည်းစု များကို အတိုက်အခံ ဟူသော အသုံးအနှုန်းဖြင့်လည်း သိမှတ်လက်ခံတတ်ကြသည်။
    အုပ်စိုးသူတို့သည် သည်းခံမှုရှိသလို တစ်ဦးချင်းသော ပြည်သူအချင်းချင်းလည်း တစ်ဖက်လူ၌ မိမိနှင့်မတူညီသော အယူအဆရှိခြင်းကို သည်းခံနိုင်ရသည်။
    တိုင်းပြည်များတွင် လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှုနှင့်မျိုးနွယ်စု အများအပြားတို့ ရောနှောစုဝေး နေထိုင်ကြသည် ဖြစ်ရာ ၎င်းကဏ္ဍရပ်အသီးသီးမှာပင် လူများစုနှင့်လူနည်းစုဟူ၍ ရှိနေကြပြီး အဲသည် လူနှစ်စု၏အယူအဆများ ကွဲပြားနေကြလိမ့်မည်။ သို့သော် ဒီမိုကရေစီလူ့အဖွဲ့အစည်းတစ်ရပ်သည် ထိုကွဲပြားမှုများ အတူတကွတည်ရှိနိုင်အောင် ထိန်းသိမ်းခြင်းဖြင့်ပင် ကြွယ်ဝပြည့်စုံမှု ရကြသည်။ အများစုက အနည်းစု၏ အခွင့်အရေးကိုငြင်းပယ်သည်။ မတူသော အစုများကို ဖျက်ဆီးချေမှုန်းရန် အားထုတ်မည်ဆိုက ဒီမိုကရေစီကိုပါ ပျက်သုဉ်းစေမည် ဖြစ်သည်။
    ဒီမိုကရေစီ၏ ရည်မှန်းချက်တစ်ခုမှာ လူ့အဖွဲ့အစည်းအတွက် ဖြစ်နိုင်သမျှ အကောင်းဆုံး ဆုံးဖြတ်လုပ်ကိုင်ဖို့ရာ သည်အတွက် လူအားလုံးတို့ကိုလည်းကောင်း၊ ၎င်းတို့၏ အယူအဆများကို လည်းကောင်း၊ လေးစားမှုရှိဖို့လိုသည်။ နိုင်ငံရေး ဆုံးဖြတ်ချက်များနှင့် စပ်လျဉ်း၍ နိုင်ငံသားတိုင်း၌ ဆွေးနွေးခွင့်၊ ငြင်းခုံခွင့်၊ စစ်ကြောဝေဖန်ခွင့်များ ရှိမည်ဆိုက မိမိ ဆန့်ကျင်သော အယူအဆ ဖြစ်စေ၊ အများသဘောအရ ဆုံးဖြတ်ချက် ချခြင်း ဖြစ်က လက်ခံနိုင်ကြမည်သာ ဖြစ်သည်။



( ၄ ) တာဝန်ယူမှု၊ ရှင်းလင်းတင်ပြပြောဆိုမှု ( accountability )
    ဒီမိုကရေစီနိုင်ငံတွင် ရွေးကောက်တင်မြှောက်ခံရသူများ၊ နိုင်ငံရေး ရာထူးများ၌ ခန့်အပ်ခံရသူများအနေနှင့် မိမိ လုပ်ဆောင်ချက်များအတွက် တာဝန်ယူခြင်း၊ ယင်းတို့နှင့် ပတ်သက်၍ ပြည်သူများအား ရှင်းလင်းတင်ပြခြင်းများ ပြုလုပ် ရ၏။ တာဝန်ရှိ ပုဂ္ဂိုလ်များအနေနှင့် ဆုံးဖြတ်ချက်များ ချမှတ်ခြင်း၊ လုပ်ငန်းတာဝန်များ အကောင်အထည် ဖော်ခြင်းများ ပြုလုပ်ရာ၌ မိမိတို့ အကျိုးအတွက် မဟုတ်ဘဲ ပြည်သူတို့၏ အလိုဆန္ဒနှင့် အညီသာ လုပ်ဆောင်ဖြစ်အောင် သည်တာဝန် က ထိန်းကျောင်းမှု ပြုပေသည်။

( ၅ ) ရှင်းလင်းမြင်သာမှု ( transparency )
    တာဝန်ယူမရှိသော အစိုးရတို့သည် တိုင်းပြည်၌ ဖြစ်ပျက်နေသည်များကို ပြည်သူတို့ သိရှိရန်အတွက် လူအများ တက်ရောက်နိုင်သည့် စည်းဝေးပွဲကြီးများ ပြုလုပ်ကာ မိမိတို့ဆောင်ရွက်ချက်များကို အခါအားလျော်စွာ အစီရင်ခံ တင်ပြ ခြင်းဖြင့် ရှင်းလင်းမြင်သာသော အစိုးရအဖြစ် သိမှတ်ခံရ၏။
    ဒီမိုကရေစီနိုင်ငံတွင် နိုင်ငံရေးရာ ကိစ္စရပ်များနှင့် စပ်လျင်း၍ မည်သည့် ဆုံးဖြတ်ချက်များကို မည်သူတို့က မည်သည့်အကြောင်း၊ မည်သည့်ရည်ရွယ်ချက်များဖြင့် ချမှတ်ကြောင်းကို စာနယ်ဇင်းသမားများရော ပြည်သူများပါ သိခွင့်ရကြ၏။

( ၆ ) လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ပုံမှန်ကျင်းပခြင်း
    နိုင်ငံရေးရာနှင့် စပ်လျဉ်းသည် မိမိသဘောဆန္ဒကို အများပြည်သူတို့ ပြသနိုင်သည့် နည်းလမ်းတစ်ခုက အစိုးရ ပိုင်းတွင် ဆောင်ရွက်ရန်အတွက် မိမိတို့ ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ခြင်း ဖြစ်၏။ ဒီမိုကရေစီ နိုင်ငံတွင် ၎င်းကိုယ်စားလှယ်အား ရွေးချယ်ခြင်း၊ ဖယ်ရှားခြင်းတို့ကို လွတ်လပ်၍ တရားမျှတသော နည်းလမ်းများအားဖြင့် ပြုလုပ် ကြ၏။ ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲကာလအတွင်း မဲဆန္ဒရှင်တို့အား ခြိမ်းခြောက်ခြင်း၊ လာဘ်ပေးခြင်း စသည်တို့သည် ဒီမိုကရေစီ မူဝါဒများနှင့် ဆန့်ကျင်၏။ ဒီမိုကရေစီနိုင်ငံများတွင် ရွေးကောက်ပွဲများကို သတ်မှတ်ထားသော နှစ်ကာလများအတွင်း မှန်မှန်ကျင်းပ ပြုလုပ် ရ၏။ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်သည် နိုင်ငံသားတို့၏ ဓန ဥစ္စာ ပေါ် တွင် အခြေမတည်ရ။ ဆင်းရဲ ချမ်းသာမရွေး အရွယ်ရောက်သူမှန်လျှင် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရှိရ၏။ ထို့ပြင် မဲဆန္ဒရှင်များ မှာလည်း မဲပေးရာ၌ အနှောင့်အယှက် အဟန့်အတားများ မရှိဖို့ လို၏။ သို့မှသာ လွတ်လပ်၍ တရား မျှတသော ရွေးကောက်ပွဲ ဖြစ်နိုင်ပေသည်။

( ၇ ) စီးပွားရေးလွတ်လပ်မှု ( economic freedom )
    ဒီမိုကရေစီနိုင်ငံတွင် ပြည်သူတို့သည် စီးပွားရေးအရ လွတ်လပ်ခွင့် ရှိရ၏။ ယင်းအထဲတွင် ဥစ္စာပစ္စည်း ပိုင်ဆိုင်ခွင့် နှင့် လုပ်ငန်းများ ထူထောင်လုပ်ကိုင်ခွင့်တို့ ပါဝင်သကဲ့သို့ မိမိအလုပ်ကို မိမိဘာသာ ရွေးချယ်ခွင့်နှင့် လုပ်အား အသင်းအဖွဲ့ များတွင် ပါဝင်ပိုင်ခွင့်တို့သည် အကျုံးဝင်၏။ တိုင်းပြည်စီးပွားရေးတွင် အစိုးရတို့ ၀င်ရောက် ခန့်ခွဲမှုနှင့် စပ်လျဉ်း၍ အယူအဆ အမျိုးမျိုး ရှိကြသော်လည်း ယေဘုယျအားဖြင့် လွတ်လပ်သော ဈေးကွက်စနစ် တည်ရှိရေးနှင့် အစိုးရက ကြီးကြီးမားမား ၀င်ရောက်ထိန်းချုပ်မှု မပြုရေးကို လက်ခံကြ၏။ ( အချို့ကမူ တိုင်းပြည်၌ ယခင်က ရှိခဲ့သည့် မမျှတသော စနစ်များ၊ အခွင့် အရေးမတူမှု၊ ခွဲခြားမှုများကြောင့် ဆင်းရဲချမ်းသာကွာဟမှု များပြားေ နခဲ့မည်ဟုဆိုက ယင်းအနေအထား လျော့ပါးစေရန် အတွက် အစိုးရတို့က စီးပွားရေးပိုင်းတွင် များများ စားစားပါဝင် ဆောင်ရွက်သင့်သည်ဟု ယူဆကြ၏ )

( ၈ ) အာဏာအလွဲသုံးမှုများကို ထိန်းချုပ်ခြင်း
    ဒီမိုကရေစီနိုင်ငံများတွင် ရွေးကောက်ခံ ပုဂ္ဂိုလ်များကသော်လည်းကောင်း၊ အချို့သော လူအုပ်စုများကသော် လည်းကောင်း မိမိတို့လက်ဝယ်ရှိ အာဏာကို အလွဲသုံးမှု မပြုနိုင်အောင် တားဆီးကာကွယ်လေ့ ရှိကြ၏။ အလွဲ သုံးမှုများ ထဲတွင် အများပြည်သူဘဏ္ဍာကို မိမိအကျိုးအတွက် အသုံးပြုခြင်း၊ မိမိလုပ်ကိုင်ခွင့်ကို ကျော်လွန်၍ အာဏာ သုံးစွဲခြင်း စသည်တို့ ပါဝင်၏။
    ယင်းသို့ အလွဲသုံးမှုများ မဖြစ်ပေါ်စေရန်အတွက် အစိုးရအဖွဲ့အစည်း၏ အစိတ်အပိုင်း အသီးသီးတို့အား လုပ်ပိုင်ခွင့် အာဏာများကို ခွဲခြားသတ်မှတ်ကာ အပြန်အလှန် ထိန်းချုပ်မှုများ ပြုလုပ်နိုင်အောင် စီစဉ်ထားရ၏။ တရားရုံး များ သီးခြားလွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့် ရှိရသည့်အပြင် ရွေးကောက်ခံပုဂ္ဂိုလ်များ၊ အစိုးရ ဌာန ဆိုင်ရာများနှင့် ရဲတပ်ဖွဲ့ စသည်တို့ ဥပဒေနှင့် မညီသော လုပ်ကိုင်မှုများရှိခဲ့သော် ထိန်းချုပ်နိုင်မည့် အဖွဲ့အစည်း များလည်း ရှိရ၏။

( ၉ ) ရပိုင်ခွင့်ဥပဒေများ ( bill of rights )
    ဒီမိုကရေစီနိုင်ငံအများအပြားမှာပင် ပြည်သူတို့အား အာဏာအလွဲသုံးမဥများမှ အကာအကွယ်ပြုရန်အတွက် ရပိုင်ခွင့် ဥပဒေများ ဟူသည်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေထဲတွင် ထည့်သွင်းပြဋ္ဌာန်းလေ့ ရှိ၏။ ၎င်းဥပဒေများသည် ပြည်သူ တို့၏ ရပိုင်ခွင့်များနှင့် လွတ်လပ်ခွင့်များကို အာမခံချက် ပေးထားလေ့ ရှိ၏။ ဖွဲ့စည်းပုံထဲတွင် ပါဝင်သဖြင့် ၎င်းတို့အား တရားရုံး၏ အာဏာဖြင့် အကာအကွယ်ပေးနိုင်၏။ ရပိုင်ခွင့်ဥပဒေများသည် အစိုးရတို့အား အာဏာ အလွန်အကျွံ မသုံးစွဲနိုင်အောင် ကန့်သတ်ဟန့်တားသော သဘောလည်း ရှိပေသည်။


( ၁၀ ) ပါတီစုံစနစ် ကျင့်သုံးမှု ( multi–party system )
    တိုင်းပြည်ကို စီမံအုပ်ချုပ်မည့် အစိုးရတစ်ရပ် ပေါ်ပေါက်ရန်အတွက် ရွေးကောက်ပွဲများ ကျင်းပရွေးချယ်ရာတွင် ၀င်ရောက်ယှဉ်ပြိုင်သော ပါတီတစ်ခုထက်မက ရှိဖို့ လို၏။ ပါတီစုံ စနစ်ရှိသောအခါ ရွေးကောက်ပွဲတွင် အနိုင် ရသော ပါတီက တိုင်းပြည်ကို စီမံအုပ်ချုပ်မည့် အစိုးရအဖွဲ့ ဖွဲ့စည်းဆောင်ရွက်စဉ် တစ်ဖက်၌လည်း ယင်းနှင့်အပြိုင် အတိုက်အခံဟု ခေါ်သော အဖွဲ့အစည်းများ ရှိနေမည်ဖြစ်၏။ ၎င်းတို့က အစိုးရ၏ လုပ်ရပ်များကို ဝေဖန်ထောက်ပြ ခြင်း၊ တိုင်းပြည်၏ အထွေထွေ ပြဿနာများနှင့် စပ်လျဉ်း၍ အစိုးရအဖွဲ့နှင့် မတူသော အခြားအမြင်များကို ပြည်သူ များရော အစိုးရကပါ သိအောင် တင်ပြခြင်းများ ပြုလုပ်နိုင်ကြရာ တိုင်းပြည် ကို တစ်ဖက်တစ်လမ်းက ကူညီ ထိန်းကျောင်းပေးသော သဘောဖြစ်သည်။

( ၁၁ ) ဥပဒေအာဏာပိုင်စိုးမှု ( the rule of law )
    ဒီမိုကရေစီနိုင်ငံတွင် ဘုရင်နှင့် ရွေးကောက်ခံသမ္မတတို့ အပါအ၀င် မည်သူမျှ တရားဥပဒေ၏ အထက်၌ မရှိနိုင် ကြပေ။ ဤသည်ကို ဥပဒေ အာဏာပိုင်စိုးမှု ဟု ခေါ်၏။ လူတိုင်းသည် တရားဥပဒေကို လေးစားလိုက်နာရသည်။ အကယ်၍ ချိုးဖောက်ခဲ့သည်ရှိသော် တာဝန်ယူဖြေရှင်းကြရမည် ဖြစ်၏။ တစ်ဖက်တွင် တရားဥပဒေအရ အရေးယူ ဆောင်ရွက်မှုများသည် အားလုံးအတွက် တန်းတူညီမျှ ဖြစ်ရ၏။ ထို့ပြင် တရားရုံးသည် အစိုးရ၏ အခြား အဖွဲ့အစည်းများ သြဇာလွှမ်းမိုးမှု မရှိသည့် လွတ်လပ်သော တရားရုံး ဖြစ်ရ၏။ အမှုစစ်ဆေးရာသို့ အများပြည်သူ လာရောက်ကြည့်ရှုနိုင်ပြီး တရားရုံး လုပ်ငန်းအစီအစဉ်အတိုင်း နှောင့်နှေးမှု မရှိ ဆောင်ရွက်ရ၏။
***





ဤသည်ကား ဒီမိုကရေစီနိုင်ငံများတွင် တွေ့ရှိရသည့် တူညီသော လက္ခဏာရပ်များအနက် အရေးပါသော အချက်အချို့ကို စုစည်းဖော်ပြ ထားခြင်းဖြစ်၍ တိုင်းပြည်အသီးသီးတို့၌ ဒီမိုကရေစီ မည်ရွေ့မည်မျှ ရှိမရှိ သိလိုသော် အဆိုပါ အချက်များနှင့် ချိန်ထိုးတွက်ဆနိုင်ကြပါသည်။

ဖေမြင့်
ရနံ့သစ်၊ အောက်တိုဘာ၊ ၂၀၁၀

                                                           ကမ္ဘာသစ် မြန်မာ Fan Page

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>