2 3 4 5 6 7 8 9 10

Wednesday, May 18, 2016

ဗုဒ္ဓ နှင့် ဗုဒ္ဓ၀ါဒ ( ရာဘင်ဒြာနတ်တဂိုးအမြင် )


   ကဆုန်လပြည့် ဗုဒ္ဓနေ့ ၀ိသာခါ အခါတော်ပွဲ ဆင်နွှဲရန် အကျွန်ုပ်လာရောက်ရာ၌ အကျွန်ုပ် ၏ နှလုံးသည်းပွတ် ထဲတွင် ဗုဒ္ဓရှင်တော်မြတ် ဘုရားအား ဤလောက၌ မွေးဖွားပြီးသော လူအပေါင်း တို့တွင် အကြီးဆုံး အမြတ်ဆုံးလူသား အဖြစ် မှတ်ယူ ကာ ဦးညွှတ်ဂါရ၀ပြုရန် ဖြစ်ပါသည်။ အကျွန်ုပ်က ဤသို့ ဂါရ၀ပြုခြင်းသည် သမားရိုးကျဝတ်ပြုသည့် သဘောမျှ မဟုတ်ပါ။ ထိုဗုဒ္ဓ မြတ်စွာဘုရားအား အကျွန်ုပ်၏ နှလုံးသည်းပွတ်တွင်းက ယုံကြည်ကိုးကွယ် ဆည်းကပ် ကြောင်းကို ထုတ်ဖော်ပြသရန်အတွက်လည်း ဖြစ်ပါသည်။

    တစ်ခါက အကျွန်ုပ်သည် ဗုဒ္ဓဂယာသို့ ရောက်ခဲ့ဖူးပါသည်။ ထိုစဉ်အခါ၌ အကျွန်ုပ်၏စိတ်တွင် ဗုဒ္ဓမြတ်စွာဘုရား သက်တော်ထင်ရှားပွင့်စဉ်အခါ မိမိမှာလူဖြစ်ပြီး မြတ်စွာဘုရား၏ တရားတော်များကို နှလုံးပြည့်ဝစွာဖြင့် တိုက်ရိုက်မနာကြား ခဲ့ရခြင်းအတွက် ရင်ထုမနာ ဖြစ်ခဲ့ရပါသည်။
     ဗုဒ္ဓဂယာတွင် ဝေးလံလှစွာ ပင်လယ်ရပ်ခြား ဂျပန်နိုင်ငံမှ သမုဒ္ဒရာကို ဖြတ်ကျော်ကာ ရောက်လာသော တံငါသည် သူဆင်းရဲ တစ်ဦးကို တွေ့ခဲ့ရပါသည်။ သူသည် မိမိပြုဖူးသော အကုသိုလ် ဒုစရိုက်များအတွက် နောင်တ ကြီးစွာရလျက် ဗုဒ္ဓဂယာသို့ ဘုရားကိုကြည်ညိုစိတ်ဖြင့် ရောက်လာခြင်းဖြစ်ကြောင်း ထင်ရှားပါသည်။ သူသည် ညနေခင်းမှစ၍ ညဥ့်နက် သန်းခေါင်ကျော်သည့်တိုင်အောင် တင်ပျဉ်ခွေထိုင်ကာ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” ဟူ၍ သရဏဂုံ ဆောက်တည်ကာ နှုတ်မှဖွဖွ ရွတ်ဆိုနေရှာပါသည်။



    လွန်လေပြီးသော အနှစ်နှစ်ထောင့်ငါးရာကျော်က သကျသာကီဝင် မင်းသားတစ်ပါးသည် ဤသို့ တိတ်ဆိတ် ငြိမ်သက်သောညဥ့်၌ နက်ရှိုင်းသော အခါသမယ၀ယ် သတ္တ၀ါတို့အား ဆင်းရဲခြင်းအပေါင်းမှ ကင်းဝေးရေးကို ရည်မျှော်ကာ တောထွက်ခဲ့ပါသည်။ ယခု ဤဂျပန်တံငါသည် လူဆင်းရဲသည် သူ၏ ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်ပါရခြင်း အကျိုးငှာ ဗုဒ္ဓထံတော်ပါး၌ ကိုးကွယ်ဆည်းကပ်နေသည်ကို အကျွန်ုပ်မြင်ရပေပြီ။
    ထိုအခါ သေခြင်းကင်းသော အမြိုက်နိဗ္ဗာန်ချမ်းသာကို ရှာဖွေတော်မူခဲ့သော ဗုဒ္ဓမြတ်စွာဘုရားသည် ထိုဂျပန် တံငါသည် သူဆင်းရဲ၏ ရှေ့မှောက်တွင် အသက်ထင်ရှားရှိဆဲကိုပါ အကျွန်ုပ်တွေ့မြင်ရပါပြီ။ အကုသိုလ် ဒုစရိုက် တို့၌ နစ်မွန်းသော သူတို့အား ဘ၀လွတ်မြောက်ရေးအတွက် ဗုဒ္ဓမြတ်စွာဘုရား ယခုတိုင် အသက် ထင်ရှားရှိနေဆဲ ပါပဲတကား။ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂတရားတို့ အခိုးအလျှံထသော နှလုံးသာရှိသည့် ထိုဂျပန်အမျိုးသားသည် လူသားတို့၏ အခေါင်ထွတ်ဖျား မြတ်စွာဘုရားကို ထင်ရှားမျက်မြင် တွေ့နေပြီပဲကို။

    အကယ်တန္တု ထိုမြတ်စွာဘုရားသည် သူ့ခေတ်သူ့အခါက အသက်ထင်ရှား ရှိခဲ့ကြကုန်သော လူသားတို့အဖို့ စကြ၀တေးမင်း ဖြစ်ခဲ့ငြားအံ့။ ထိုမင်းသည် ထိုခေတ်၊ ထိုအခါက လူသားတို့အဖို့မူ ကိုးကွယ်အားထားရာ အစစ်ကြီး ဖြစ်ခဲ့မည်ကား မုချပင်။ သို့ပင်ဖြစ်ငြား အချိန်(ကာလ) ဟူသော မေ့ပျောက်ခြင်း မာဒတရား၏ ပိတ်ဆို့တားဆီးမှုကြောင့် ယခုလောက်ဆိုလျှင် ထိုမင်းကို သတိရရှိမည့် လူသားရှိတော့အံ့မထင်ပါ။
    ယခုမူ ထိုဗုဒ္ဓ မြတ်စွာဘုရားသည် အချိန်ကာလဆိုသော တရားကိုလည်း လွန်မြောက်သွားပြီ။ ထိုမြတ်စွာဘုရား သည် ကာလကိုလွန်မြောက်သော မဟာပုရိသ၊ ဥတ္တမပုရိသအဖြစ်ဖြင့် ခေတ်အဆက်ဆက် အသက်ထင်ရှား ရှိသည့် လူသားတိုင်း၏ နှလုံးသားမြတ်ပုလ္လင်ပေါ်ဝယ် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူပြီ။ ယခုမူ အဖြစ် ဒုစရိုက် တရားတို့ကို ပြုမိမှား၍ ကြီးစွာသော နောင်တကို မျက်မှောက်ပြုသော ပုထုဇဉ်တို့၏ စိတ်ငြိမ်းချမ်းမှုကို ရှာဖွေရာ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” ဟု ယုံကြည်ကိုးကွယ် ဆည်းကပ်ရာအဖြစ်ဖြင့် ထိုမဟာယောဂီကြီးသည် တည်ရှိနေပေပြီ။
    ထိုဗုဒ္ဓမြတ်စွာဘုရားသည် အချိန်ကာလတိုင်းအတွက် သစ္စာတရား၏ ထွန်းပရာအဖြစ် တည်ရှိနေသော်လည်း ယခုကာလ လူသားအပေါင်းတို့မှာ ကိုယ်ကျိုး၊ အတ္တ၊ လောဘ၊ ဒေါသ၊ မာနတရားများဖြင့် တိမ်သလာဖုံးသကဲ့သို့ အမှန်တရား၏ တည်ရာသစ္စာရှင်ကြီးကိုပင် မမြင်နိုင် မတွေ့နိုင် အမိုက်ဖုံးလျက် ရှိကြတုန်းပင်။
    ဒုက္ကရစရိယကို ကာလအတန်ကြာ ကျင့်ပြီးနောက် ဗုဒ္ဓမြတ်စွာဘုရားသည် ဤလောက၌ ထင်ရှားပွင့်ခဲ့လေပြီ ထို မြတ်စွာဘုရား၏ ကိုယ်တော်မှလည်း သစ္စာတရားရောင်ခြည်တော်များ ဖြာထွက်ခဲ့လေသည်။ ထိုရောင်ခြည်တော်တို့သည် ကာလနိမိတ်ကိုသော်လည်းကောင်း၊ ဒေသ နိမိတ် ကိုသော် လည်းကောင်း ကျော်လွန်ကာ တစ်လောကလုံးသို့ ထွန်းပခဲ့လေပြီ။ ထိုရောင်ခြည်တို့သည် လူမျိုးဟူသော နိမိတ်၊ တိုင်းနိုင်ငံဟူသော နိမိတ်အားလုံးကိုလည်း ကျော်လွန်ကာ လူသားအပေါင်း၏ နှလုံးသားဝယ် တစ်သွေးတည်း တစ်သားတည်း စိတ်တူဓာတ်တူအောင်လည်း ပြုနိုင်ခဲ့ပေပြီ။


    အကျွန်ုပ်မြင်တတ်ပါပြီ။ ထိုသူ လူသားအပေါင်းတို့၏ နှလုံးသားဝယ် ခွဲခြားစိတ်မထင်၊ တစ်သွင် တစ်ပြင်တည်း ဖြစ်စေခဲ့သော ထိုမြတ်စွာဘုရားကို လူသားတို့က မေ့ပျောက်ခြင်းငှာ မတတ်သာ၍ အမှတ်ရခြင်း၊ အောက်မေ့ခြင်း ၏ တည်ရာအဖြစ်ဖြင့် စေတီပုထိုး ရုပ်ပွားတော်များစွာကိုလည်း မြေပြန့်၊ တောင်ထိပ်၊ သဲကန္တာရ မကျန် နေရာ အနှံ့မှာ တည်ထား ကိုးကွယ်ခဲ့ကြပါသည်။ ထိုကဲ့သို့ လူသားတို့၏ ကြည်ညိုသဒ္ဒါတရား ပွားများသောစိတ်ဖြင့် ပြုခဲ့သောကြောင့် လည်း ယခုအခါ ကမ္ဘာတစ်ဝှမ်းလုံးမှာ ဗုဒ္ဓအနုပညာလက်ရာများလည်း ပြန့်ပွား ကျယ်ဝန်း ရလေပြီ။ ထိုဗုဒ္ဓ မြတ်စွာဘုရား အား အကျွန်ုပ်သည် ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။
    ဂျာဝါးကျွန်းပေါ်တွင် တည်ထားသော ဘော်ရိုဘူဒို ပုထိုးတော်ကြီးမှ အနုပညာလက်ရာစုံကို အကျွန်ုပ် ဖူးတွေ့ခဲ့ ဖူးပြီ။ ရာပေါင်းများစွာသော ဗုဒ္ဓဆင်းတုတော်များဖြင့် ထိုပုထိုးတော်ကြီးကို အနုပညာပြောင်မြောက်စွာ တန်ဆာ ဆင်လျက် ၀န်းရံထားပါသည်။ ထိုလက်ရာများကို အကျွန်ုပ်စေ့စုံစွာ ကြည့်ရှုလေ့လာခဲ့ရာ ထိုအနုပညာရှင်များ၏ ကြီးမားသော သဒ္ဒါတရားနှင့်တကွ သူတို့၏ ပင်ပန်းကြီးစွာ အားထုတ်ခဲ့မှုများကိုလည်း ထင်ထင်ရှားရှား မြင်ခဲ့မိ ပါသည်။ ဤသည်ပင်လျှင် “တပသ” ခေါ် ခြိုးခြံစွာကျင့်ခြင်း၏ နိမတ်ဖြစ်နေသည်ကိုလည်း အကျွန်ုပ် သတိပြု မိခဲ့ပါ၏။
    အနုပညာရှင်အပေါင်းတို့သည် ဤတွင်ကြီးပွားလိုသောစိတ်၊ ဂုဏ်သတင်းကျော်စောခြင်း၊ အချီးအမွမ်း ခံလိုခြင်း စသော လောဘ၊ မာနတရားတို့ကို လောင်ကျွမ်းစေသော တပသအကျင့်ဖြင့် မြတ်စွာဘုရားအား စင်ကြယ်သော အနုပညာ ကို ပြုစုပူဇော်ထားကြသည်ကိုလည်း အကျွန်ုပ်မြင်မိခဲ့ပါသည်။
    ဗုဒ္ဓမြတ်စွာဘုရာ၏ ခြေတော်စုံကို ခိုလှုံကာ လောကသိအောင် မိမိ၏အကုသိုလ် ဒုစရိုက်မှု ပြုခဲ့သည်များကို ၀န်ချသောအားဖြင့် ကျောက်စာကဗ္ဗည်းရေးထိုးကာ ကြေညာခဲ့သော အသောကရာဇာ၏ ကောင်းမှုတော်များကို အကျွန်ုပ် မြင်ရသောအခါ၌ ထိုမင်း၏ မြတ်စွာဘုရားအား ယုံကြည်ကိုးကွယ်ဆည်းကပ်သော ဥပါသကာစိတ်ကို အကျွန်ုပ်ရင်မှာ ခံစားသိမြင်ခဲ့ရပါသည်။ သူနှင့်တူသော မင်းသည်လည်း ဤကမ္ဘာပေါ် တွင် နောက်ထပ်ပေါ်ပေါက် ပါဦးတော့မည်လား။
    အသားအရောင် ခွဲခြားခြင်း၊ အဆင့်အတန်းခွဲခြားခြင်း၊ အခွင့်အလမ်းခွဲခြားခြင်း၊ အယူဝါဒ ခွဲခြားခြင်းဆိုသော ယုတ်မာရက်စက်သော တရားများကြောင့် ဤလူ့မြေပြင်ဝယ် သွေးကွက်များစွာ စွန်းထင်းညစ်ပေခဲ့ရဖူးလေပြီ။ ဤကဲ့သို့ မုန်းတီးခြင်း၊ ခါးသီးခြင်း၊ တရားတို့ဖြင့် လူအချင်းချင်း အဆိပ်မွှန်စေတတ်သော ခေတ်၏ တွယ်ရာမဲ့ ဘ၀၀ယ် မေတ္တာ ကရုဏာတရားကို ဟောတော်မူသော အကြင်ဥတ္တမပုရိသ၏ မြတ်သောတရားစကားများသည် အကျွန်ုပ်တို့အဖို့ တမ်းတရာ တရားစစ် ဖြစ်ခဲ့ပါပြီ။
   
    ထိုသို့သော လူအချင်းချင်း အရိုအသေကင်းစေသော တရားမျိုးသည် ဘာသာရေးသဘောအရသာ ဆိုးကျိုး ကို ပေးနိုင်သည်မဟုတ်။ နိုင်ငံရေးအရ၊ လူမှုရေးအရလည်း အဆင့်အတန်းခွဲခြားမှုမျိုးကို ဖြစ်ပေါ်လာစေနိုင် ပါသည်။ မင်း၏ စည်းစိမ်၊ အဆင့်အတန်းကို သိဒ္ဓတ္ထမင်းသားဘ၀၌ပင် ဗုဒ္ဓမြတ်စွာဘုရားသည် စွန့်လွှတ်ခြင်းဖြင့် လူသားအပေါင်းအား ဆင်းရဲခြင်းမှ လွတ်မြောက်ရေးလမ်းကို ရှာဖွေရန် အားထုတ်ခဲ့လေသည်။
    ဗုဒ္ဓ၀ါဒမှာ လူတန်းစား ခွဲခြားသော သဘောထားမရှိ။ သူကား ဘာဘေးရီးယန်း ( အရိုင်း )၊ သူကား အာရိယန် ( လူ့ယဉ်ကျေး ) များဟူသော အခွဲအခြားမရှိ။ သူသည် အဆင့်အတန်းဟူသော လောကီ ပကာသနအားလုံးကို စွန့်ပယ် လျက် အရိုးသားဆုံး၊ အနိမ့်ဆုံးဘ၀ဖြင့် ခြိုးခြံသော တပသအကျင့်မြတ်ကို ကျင့်ကြံခဲ့လေသည်။ လူသားတိုင်းကို ဗုဒ္ဓ၀ါဒက အမြတ်ထားသည်။ အလှူခံပုဂ္ဂိုလ်ကိုပင်လှူဒါန်းသူက ရိုသေစွာ လှူရသောတရားမျိုး ဖြစ်သည်။ ထို တရားသည် လူလူချင်း ရန်သူဟု မြင်သော တရားဆိုးတို့၏ ချုပ်ရာကုန်ရာ တရားဖြစ်သည်။ အဘယ့်ကြောင့်လူကို လူချင်း “ရန်သူ” ဟူသော စကားဖြင့် သတ်မှတ်ကြကုန်သနည်း။ လူတို့အချင်းချင်း သင်္ကာမကင်းခြင်း၊ စိတ်မချခြင်း၊ မယုံကြည်ခြင်း ကြောင့်ပင် ဖြစ်သည်။
    ဗုဒ္ဓ၏ မေတ္တာဝါဒသည် ထိုကဲ့သို့ လူအချင်းချင်း မယုံသင်္ကာမှု ကင်းဝေးစေသော ကရုဏာတရားမျိုး ဖြစ်သည်။ ကရုဏာတရားဟူသော်ကား ကိုယ်ချင်းစာတရားမျိုးပင်တည်း။ မိမိကိုယ်ကို ပြုစေလိုသကဲ့သို့ သူတစ်ပါးအပေါ်၌ ပြူမူ ကျင့်ကြံသော တရားပင်တည်း။ ထိုတရားသည် လောကကို ငြိမ်းချမ်းစေသော တရား မဟုတ်ပါလော။

ဤလောက၌ သဒ္ဒါကြည်ညိုခြင်းဖြင့်သာ ပေးကမ်းခြင်းကို ပြုတတ်သော ထိုတရားကိုလည်း အကျွန်ုပ် အလွန် လေးစားမိပါ၏။ ကြောက်စိတ်ဖြင့် ကိုးကွယ်ရသော အကြင်ဘာသာ တရားမျိုးကား လူသား အချင်းချင်း ကိုလည်း တစ်ဦးအပေါ်တစ်ဦး အရိုအသေတန်စေသည်ဟု အကျွန်ုပ်ယူဆပါသည်။

ဆန်းလွင်
ဓမ္မရုပ်စုံ ၁၉၉၂၊ သြဂုတ်လ




No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>