2 3 4 5 6 7 8 9 10

Tuesday, May 19, 2015

ရေသံသရာ


မိုးသံလေသံကြားတော့ စိတ်က အိမ်ကိုရောက်သွားမိတယ်။
အိမ်မှာ ရှေးရေဒီယို အဟောင်းကြီးတစ်လုံးရှိတယ်။
အသံလှိုင်းမိပြီး ငြိမ်နေပြီဆိုရင် အနားနားကို လူကိုယ်တိုင် ထိုင်ပြောနေသလား ထင်ရတယ်။
 နှစ်ပေါင်းကြတော့ ၀ါယာတွေပျက်တာပျက်၊ ခလုတ်တွေချောင်နဲ့ ခုတော့ မကောင်းတော့ပါဘူး။ 
ကလေးဘ၀တုန်းကတော့ နားထောင်စရာ ဒါပဲရှိတာဆိုတော့ ဟိုလှည့်သည်လှည့်နဲ့ ဖွင့်နားထောင်ခဲ့ဖူးတယ်။
တေးလက်ဆောင်ကဏ္ဍတို့ စတာတွေလာရင် ခုလို မိုးဦးကျ၊ မိုးတွင်းတွေဆို တိမ်တမန် သီချင်းလာတတ်တယ်။
 အဖေက အညာသားမို့လားမသိ။ မိုးရွာတာမြင်ရင် စိတ်ပျော်တယ်ထင်တယ်။ 
“ရွာပါစေ ဒါမှ လယ်သမားတွေ စိတ်ချမ်းသာကြမှာ.. ဆန်ရေစပါးပေါများမှာ..” လို့ ပြောတတ်တယ်။ 
ကျွန်တော်တို့နယ်ဘက်က လယ်ယာစိုက်ပျိုးရေး ဖြစ်ထွန်းတော့ အများစုက စိုက်ပျိုးရေးအတွက် မိုးကိုမျှော်ရတယ်။
စာဖွဲ့ကြတာတော့ အသူရာနဲ့သိကြားစစ်ခင်းတယ်တဲ့။ ဂျိုးတဂျိမ့်ဂျိမ့် အသံကြားရင် မိုးသက်လေရနံ့က 
လူကို လန်းဆန်းစေတာတော့ အမှန်ပါ။ ဘုရားရှင်တို့
အာနုဘော်ကြောင့်ရွာတဲ့ စိုစွတ်စေလိုသူကို စိုစေပြီး၊ မစိုစွတ်လိုသူတွေကို မိုးရေမစိုတဲ့
ပေါက္ခရ၀ဿ မိုးဆိုတာလည်း ကြားဖူးသေးတယ်။ ဒီဘ၀တော့ ကြုံရမှာလည်း မဟုတ်ပါဘူး။
မိုးမိလိုက်တာနဲ့ ကြွက်စုတ်ဖြစ်တာချည်းပါပဲ။သဘာဝနဲ့လောကသရုပ်ကို မြင်မြင်ထင်ထင် 
အတွေ့အရအများဆုံးဟာ မိုးအခါပဲ။ ရာသီသဘာဝကိုက မိုးရွာပြီဆိုရင် အသံပါတယ်၊
 အေးတဲ့အထိအတွေ့ပါတယ်၊ လေမှာ မိုးနံ့ ရေခိုးရေနံ့လည်းပါတယ်၊ အသံဗလံကတော့ အစုံပဲ။
ပြီးတော့ ဆက်စပ်ပြီး ပန်းတွေပွင့်တော့မယ် အပင်တွေ အညွှန့်အဖူးတွေ
လှိုင်တော့မယ် ဆိုတဲ့ စိတ်အသိကလည်း ပါတယ်။ ညကျရင်လည်း ဖားတွေ အော်ပါလိမ့်မယ်။



ဖားဆိုလို့ မိုးနဲ့ပတ်သတ်ပြီး ဆရာနေ၀င်းမြင့် ၀တ္ထုထဲက တစ်ခုသတိရတယ်။ စက္ကူအရုပ်သည် 
အဖိုးအိုတစ်ဦးက အိမ်ရှေ့ မိုးခိုတာကို ရေးမိတဲ့အကြောင်းပေါ့။ စက္ကူဖားလေးတွေဆိုတော့ 
မိုးတကယ်ရွာတဲ့အခါ မခံနိုင်တော့ဘူးပေါ့။ဆေးတွေပြယ်ကျ၊ ရေစိုတော့ ပျော့အိတွဲကျကုန်တော့ 
အရုပ်သည်ကြီးက မိုးခိုရတယ်။သူ့မှာ သားသမီးတွေ မရှိဘူးလား။ စဉ်းစားဝေဖန်ရင်း သားအမိနှစ်ယောက်
ပြောဖြစ်တဲ့ အကြောင်းပါ။ တကယ့်ဖားအစစ်တွေက ပျော်တယ်တဲ့.. မိုးရွာရင် တိုးထွက်လို့တောင် လာကြတယ်၊
 သဘာဝဒဏ်ကို ခံနိုင်တယ်။ မကြောက်ဘူး ။ လူတွေမှာဆို အရှိအတိုင်း နေဖို့ထက် 
အတုအယောင်တွေလည်း များကြတယ်ပေါ့။ အပေါ်ယံ အလှတွေနဲ့ ဟန်လုပ်မှုတွေများတယ်။
 စိတ်အလှ အတွင်းသရုပ် အစစ်အမှန် မရှိတဲ့အခါ တကယ့်လောကဓံနဲ့ တွေ့တော့ မခံနိုင်ပဲ အလူးအလဲ
ဖြစ်တတ်ကြတယ် ဆိုတာပေါ့။
တောင်ငူစာပေဟောပြောပွဲမှာ ပါတာထင်ပါတယ်။ အကြောင်းအရာတစ်ခုမှာ ဆရာမနုနုရည်(အင်းဝ ) က
 မေးတယ်။ ဂျပန်မှာ တချို့ကလေးငယ်လေးတွေမှာ ကိုယ်ချင်းစာစိတ်၊ စာနာစိတ်၊ ကရုဏာထားတတ်တဲ့ 
စိတ်လေးတွေ ရှိကြတယ်တဲ့၊
ဒီလိုစိတ်လေးတွေကို ဘယ်ကရလဲ၊ ဘယ်လိုလေ့ကျင့်ပျိုးထောင်ရယူသလဲ
ဆိုတာကို မေးမြန်းတဲ့အခါ ဂျပန်က တစ်ယောက် ဖြေတာက ငယ်ငယ်က ဖတ်ခဲ့ဖူး
သင်ခဲ့ဖူးတဲ့ ကဗျာလေးတွေကရတယ်တဲ့။ ဆိုပါတော့..
“ရေအိုင်ကြီးတစ်အိုင်
ဖားလေးတစ်ကောင် ခုန်ဆင်းသွား
ပလုံမြည်သံကြား” ဆိုတာမျိုးလေးတွေပေါ့။ ဒီကဗျာလေးတွေဟာ ကြည့်တော့သာ ဘာမှမဟုတ်ဘူး ထင်ရတယ်။ 
ဒါပေမယ့် သဘာဝနဲ့ အလှကို နားလည်ခံစားတတ်မှု၊အသိစိတ်မှာ သည်အရာတွေကို တန်ဖိုးထားမှု၊ မေတ္တာထားမှု၊ 
စာနာစိတ်ရှိမှု စတဲ့ အပြုသဘောဆောင် စိတ်ဓာတ်ကလေးတွေက ကလေးတွေစိတ်မှာ စွဲမြဲစေတယ်.. တဲ့။
ဒီလိုသဘောပါပဲ။ ကဗျာဆိုတာ နှလုံးသားကို နူးညံ့စေတယ်။ အားတတ်စေတယ်။
စိတ်ဓာတ်ကောင်း အခံလည်းရှိပြီး အလေ့အကျက်များလာတဲ့အခါ သူဟာ လူပတ်ဝန်းကျင်အတွက် 
အကျိုးပျက်စေမယ့်အရာ တော်ယုံမလုပ်လိုတော့ဘူးပေါ့။လူပီသစွာ အသက်ရှင်နေထိုင်ရင်း ရှင်သန်ခွင့်ရတဲ့
ဘ၀ကို တန်ဖိုးထားတတ်စေပါတယ်။
ကျွန်တော်တို့ သင်ခဲ့ရတဲ့
“ကောင်းကင်တခိုပြိုမလို
တိမ်ညိုဘာကြောင့်မှိုင်းပါတယ်
မိုးရွာလိုလို့ မှိုင်းပါတယ်..” ဆိုတဲ့ ရေသံသရာ.. ကဗျာလေးလို အကြောင်းအကျိုး နိယာမ တရားအတိုင်း 
လူတွေဟာလည်း မွေးဖွားတစ်ခါ သေဆုံးတစ်လှည့်နဲ့ ဘ၀သံသရာထဲ ပြေးလွှားကျင်လည်နေကြရတယ်။
 ရေခိုးရေငွေ့တွေက မိုးရေစက်တွေ အဖြစ်ပြောင်းလဲရွာချ၊ မြေပြင်ပေါ်မှာ မြစ်ချောင်းအင်းအိုင်၊
 ရေတွင်းရေကန်တွေအဖြစ်နေရာနဲ့နေရာ တည်မှီလို့ ရှိနေကြပြန်တယ်။ တချို့လည်း ပင်လယ်သမုဒ္ဒရာထဲ စီးဆင်း၊
အငွေ့ပျံ တိမ်အဖြစ်ပြောင်းလဲ၊ တဖန်ပြန်လည် မိုးရွာနဲ့ သံသရာလည်နေတယ်။
ကျွန်တော်တို့တစ်တွေရော ခုအချိန်မှာ ဒီလိုပဲ မဟုတ်လား။ အထင်ကရ ရေကန်ကြီးလိုရှိနေသလား၊ 
မထင်မရှား ရေငွေ့လို ရှိနေလား၊ ပင်လယ်ထဲမှာလား၊ မြစ်ချောင်း အင်းအိုင်ထဲမှာလား၊ တိမ်တွေလို 
အမြင့်မှာလား၊ သေချာတာကတော့ အချိန်မရွေးပျောက်ကွယ်မသွားခင် ဘယ်သူ့ဘယ်သူမှ မသိကြပါဘူး။ 
ဆန္ဒရှိတာကတော့ ကိုယ့်မိသားစု၊ ကိုယ့်ရပ်ရွာ၊ ကိုယ်တည်ရှိနေတဲ့နေရာမှာ
အားလုံးရေလို အေးမြကြစေချင်ပါတယ်။
✍ နန္ဒ

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>