2 3 4 5 6 7 8 9 10

Friday, May 24, 2013

ကြည်ညိုဖွယ်ရာ သံဃာရတနာနှင့် ဓမ္မမှတ်စုများ ( ကဆုန်လပြည့်နေ့ ဓမ္မဒါန )




သမဏာနစ္စ ဒဿနံ *မှတ်သားမိသော ကျက်ပွားးမိသော*
ယုံကြည် ကျန်းမာ၊ ဖြောင့်စင်းစွာဖြင့်၊ ပြင်းစွာအားထုတ်၊ နာမ်နှင့်ရုပ်ကို၊ ဖြစ်ချုပ်ဉာဏ်မြင်၊ ဤငါးအင် အမှန်ပင် မဂ်ရကြောင်း။

ဆန္ဒကို သိက္ခာနှင့် ထိန်းပါ။ (ဖြောင့်စင်းဖို့ ပြောတာပါပဲ)

စကားလုံးနဲ့ တရားသား ကွဲအောင်သိပြီလားလို့ ကိုယ့်ကိုယ်ကို ပြန်လည် စစ်ဆေးရမယ်။ ကွဲပြားအောင် ကိုယ့်သန္တာန်မှာ သိမှ ကျင့်လို့ရမှာ။

တရားမနာ၊ စာပေမသင်၊ နှုတ်တွင်မဆောင်၊ သိအောင်မမှတ်၊ ပဋိပတ်ကွာ၊ ဤငါးဖြာ သာသနာ ကွယ်ကြောင်းတည်း။

တရားနာတဲ့အခါမှာ အဓိကက မာန မခံရဘူး။ ငါသိပြီးသားလို့ မလုပ်ရဘူး။

အိုခြင်းတစ်ဖြာ၊ နာခြင်းတစ်ထွေ၊ သေခြင်းတစ်ခြား၊ ကွဲပြားတစ်တန်၊ ကံလျှင်ဥစ္စာ၊ ဤငါးဖြာကို၊ မကွာရက်ဆက်၊ ဆင်ခြင်အပ်၏။

သာသနာမှာ လာဘ်လာဘ အပူဇော် ဆိုတာက အခက်အရွက်၊ သီလမှာ သောင်တင်တယ် ဆိုတာက အပွေး၊ ကမ္မဋ္ဌာန်းတွေမှာ မြဲတာက အခေါက်၊ အဘိဉာဉ်တန်ခိုးပါ ရတဲ့ ပုဂ္ဂိုလ်ကျတော့ အကာပဲ ရှိသေးတယ်တဲ့ နားလည်မလား၊ ဒါဖြင့် အဓိက အနှစ်က ဘာကိုခေါ်လဲ ဆိုတော့ အချိန်မရွေးနော် လွတ်မြောက်ဖို့ ကြိုးစားတဲ့.. လွတ်မြောက်ဖို့ကို ဘုရားက လိုချင်တာ.. နားလည်ပြီလား.. အချိန်မရွေး ကာလမရွေးမှာ ဉာဏ်တည့် လွတ်မြောက်ဖို့ သဘောတရား ရဖို့သာ အနှစ်သာရ..

ကိုယ်လိုချင်တာကို တကယ်ပေးနေ၊ ကျွေးနေတာက ကုသိုလ်ဓါတ်၊ ငါလုပ်လို့ ငါစီမံလို့ ရတာမဟုတ်။

*မိုးကုတ် ဆရာတော်ဘုရား*

တရားတွေ နားလည်လာတဲ့အခါ၊ သူတော်ကောင်း ဖြစ်လာတဲ့အခါ အားလုံးကို အရှုံးပေးရတော့တယ်။ *စွန်းလွန်း ဆရာတော်ဘုရား* (ဒီ အဆုံးအမလေးကတော့ ဒေါက်တာမင်းတင်မွန်ရဲ့ အဘိဓမ္မာသင်တန်း တရားတော်များကနေ မှတ်သားမိတာပါ။)

မိမိဥစ္စာ၊ သူ့ဟာဖြစ်လို၊ မေတ္တာပို၊ ကြည်ညိုလေးစား၊ ပေးစွန့်ငြား ထူးခြားမြတ်ဒါန။ *ယောဆရာတော် ဘုရား*

အချိန်တိုင်း တွေးနေရင်း ဘ၀ပြောင်းနေသည်။ *ပိုင်းလော့ ဆရာတော်ဘုရား*

နိဗ္ဗာန်လိုချင်ရင် သူများအတင်း မပြောနဲ့၊ ချမ်းသာလိုချင်ရင် သူများအတင်း မပြောနဲ့။
*ထွဋ်ခေါင်ဆရာတော်ဘုရား*

အရင်ကကောင်းလို့ ခုကောင်းတယ်၊ ခုကောင်းရင် နောင်ကောင်းပါလိမ့်မယ်။ အရင်ကဆိုးလို့ ခုဆိုးတယ်၊ ခုဆိုးရင် နောင်ဆိုးပါလိမ့်မယ်။ အရင်ကဆိုးလို့ ခုဆိုးတယ်၊ ခုကောင်းရင် နောင်ကောင်းပါလိမ့်မယ်။

သံယောဇဉ်ဆိုတာ ဘယ်ဟာလဲလို့ သဘာဝသိအောင် ရှာလိုက်စမ်းပါ၊ ဖြစ်ပြန် ပျက်ပြန် လောကဓံအရှိကို သဘောဥာဏ် မမိတဲ့ နှောင်အိမ်ကြီးပါ။ (ဒီအဆုံးအမလေးကိုတော့ ဓမ္မစေတီ ဆရာတော်ဘုရားရဲ့ တရားတစ်ပုဒ်ကနေ မှတ်သားဖြစ်ခဲ့ တာပါ။)

အဆင်မပြေဘူးဆိုတာ စေတနာအထား မှားနေလို့ပါ၊ ပြင်လိုက်ပါ။
ဝီရိယအား လျော့လာတဲ့အခါ သဒ္ဓါတရားနဲ့ လွှမ်းမိုးပါ။
သီလမှာ ဣန္ဒြိယသံဝရ သီလက အမြတ်ဆုံး။ မိမိရဲ့ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်ကို စောင့်ရှောက်တာ..။

အိုနာသေသို့ မောင်းနှင်ပို့ လူတို့မမြဲပါတကား၊
ခိုကိုးရာမဲ့ တွယ်ရာမဲ့ အားနွဲ့လှချေပါတကား၊
ကိုယ်ပိုင်ဥစ္စာမရှိပါ ထားကာသွားရ မှာပါတကား၊
လိုမပြည့်ဝ အားမရ တဏှာ့ကျွန်ချည်းပါတကား။

တို့အားလုံးဟာ သေဖော်သေဖက်တွေပဲ၊ မသေခင်ခဏ တွေ့ကြရတာ၊ ချစ်ချစ်ခင်ခင် နေနိုင်ကြပါစေ၊ ရင်ထဲအေးကြပါစေ။

တွေးချင်တာတွေးခွင့် ရှိပါတယ်။ ဒါပေမယ့် တွေးပြီးကြံပြီးတိုင်း အချိန်နဲ့အမျှ ပြီးဆုံးသွားတယ် ဆိုသော်လည်းပဲ အသွေးအသား၊ ရိုးတွင်းချဉ်ဆီအထိ ကိန်းသွားပြီး တစ်ချိန်မှာ အကျိုးပေးတော့မယ် ဆိုတာတော့ သိထားသင့်ပါတယ်။


လောကမှာ မြင်သမျှ၊ တွေ့သမျှအားလုံးသည် ယူတတ်ရင် ကိုယ့်အတွက် စွမ်းအားတွေချည်းပဲ။ သို့သော် ဉာဏ်ဓာတ်မီးနဲ့ ထိုးယူမှရမှာ..။ *ယောဆရာတော်ဘုရား*


အခါခပ်သိမ်း အောက်မေ့မှု “သတိ” ရှိလျက် မိမိကိုယ်ဟု စွဲယူမှု “အတ္တာနုဒိဋ္ဌိ” ကို နုတ်ပယ်၍ “လောက” ကို ဆိတ်သုဉ်းသောအားဖြင့် ရှုပါလော့။ (မောဃရာဇ ပုဏ္ဏားကို ဟောသောတရား)

မှတ်ပါ. မနက်မိုးလင်းတိုင်း နေရမယ့်သက်တမ်း တစ်ရက်လျော့သွားတာကို နှလုံးသွင်းရပါတယ်၊ ဘုရားရှင်ဟောကြားတဲ့ သံသရာရှည်ပုံကိုလည်း ဆင်ခြင်ရပါတယ်။
ငါတို့နေရာ၊ ဤကမ္ဘာ၊ တဏှာအုပ်စိုးသည်၊ တဏှာစေရာ၊ မနေသာ၊ ဖွေရှာဆက်ရသည်။
ငါ၏ကိုယ်မှာ၊ ဒေါသ၀င်က၊ ၀င်လာဒေါသ၊ အနိုင်ရအောင်၊ ဒေါသကင်းစင်၊ ဘုရားရှင်အား၊ ငါလျှင်ကြည်ညိုမိပါ၏။
ကောင်းမှုမြတ်နိုး၊ ကောင်းအောင်ကြိုး၍၊ ကောင်းကျိုးကိုယ်၌၊ တည်စေမင်း။
ရေကြည်ခြမ်းမျှ၊ ဒေါသမသင့်၊ အကျင့်သီတင်း၊ ကောင်းခြင်းသည်လျှင်၊ တန်ဆာဆင်၏။



လေထန်တိုင်းသာ၊ ပွင့်ကြွေပါမူ၊ ဘယ်မှာပန်းများ ကျန်မည်နည်း။
လှိုင်းပုတ်တိုင်းသာ၊ ကမ်းပြိုပါမူ၊ ဘယ်မှမြေကြီး ကျန်မည်နည်း။
ကျရှုံးတိုင်းသာ၊ ငိုရပါမူ၊ ဘယ်မှာမျက်ရည် ကျန်မည်နည်း။

ညည်းညူမရှိ၊ မြဲဂတိနှင့်၊ သတိမမေ့၊ ချိန်နေ့သိပြန်၊ မျက်လန်ကြောဆွဲ၊ မရှိဘဲနှင့်၊ သေလည်းမတောင့်တင်း၊ ပုပ်နံ့ကင်းသည်၊ ကျိုးရင်းဝိပဿနာ တန်ခိုးတည်း။ (တော်ကူးဆရာတော်ဘုရား)

တစ်နေ့သုံးခါ၊ အိုးတစ်ရာဖြင့်၊ ချက်ကာထမင်း၊ ကျွေးလှူခြင်းထက်၊ မယွင်းစင်စစ်၊ နို့တစ်ညှစ်စာ၊
ကြိမ်သုံးခါမျှ၊ မေတ္တာပွားများ၊ ကျိုးကြီးမားသည်၊ ဘုရားမြတ်စွာ၊ မိန့်ခွန်းတည်း။ (မဟာစည် ဆရာတော်ဘုရား)

ဖြစ်ပျက်နှစ်ဖြာ၊ မမြင်ပါဘဲ၊ တစ်ရာအသက်၊ ရှည်သည်ထက်လည်း၊ ဖြစ်ပျက်နှစ်တန်၊ ရုပ်နှင့်နာမ်ကို၊ အမှန်မြင်လျက်၊ ဉာဏ်စဉ်တက်၍၊ တစ်ရက်တာမျှ၊ သက်ရှည်ရသော်၊ လောကလူ့ရွာ၊ ကောင်းမြတ်သာသည်၊ မြတ်စွာဗုဒ္ဓ မိန့်ခွန်းတည်း။ (မဟာစည် ဆရာတော်ဘုရား)

မနာလိုကင်း၊ ၀န်တိုရှင်း၊ လက်ငင်းချမ်းသာသည်။ (မဟာစည် ဆရာတော်ဘုရား)

မစင်လူးလျှင်၊ အေးကြည်လင်သည့်၊ ရေစင်ရှိလျက်၊ မဆေးရက်၊ ရေတွက်မဟုတ်ပေ။
ရန်သူဝိုင်းထား၊ ထိုယောက်ျားကား၊ ပြေးသွားဖို့ရာ၊ လမ်းပေါက်သာလျက်၊ ပြေးမထွက်၊ လမ်းတွက်မဟုတ်ပေ။

ကိုယ်ကျိုးစွန့်ပြီး၊ သူ့အကျိုးလုပ်တာ လူမိုက်၊
သူရောကိုယ်ရော၊ အကျိုးရှိတာလုပ်တာ လူလိမ္မာ။ (ဗုဒ္ဓ)

(မြတ်စွာဘုရားအလောင်းတော် လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ခဲ့ပုံကို ကြည့်ပါ။ သူများ အကျိုးဆောင်ရင်း မိမိ သဗ္ဗညုတ ရွှေဉာဏ်တော်ကို ရဖို့အတွက် အပေးနဲ့ထပ်တူပျော်တဲ့ ပီတိကို အရယူ သွားရင်း သူရောကိုယ်ရော အကျိုးရှိတာတွေချည်း ရွက်ဆောင်ခဲ့ပါတယ်။ ဒီနေ့ခေတ် ငါကတော့ မိသားစု စားဝတ်နေရေးအတွက် လုပ်နေရတာ၊ ဟိုအရေး၊ ဒီအရေး ကိစ္စတွေနဲ့ ရှုပ်နေတာ.. တရားတောင် အားမထုတ်နိုင်ပါဘူး ဆိုပြီး ကိုယ်ကျိုးစွန့်တဲ့ သူတွေကတော့ လူမိုက်လား၊ လူလိမ္မာလား စဉ်းစားသာ ကြည့်ပေတော့။)


လူမိုက်နဲ့ ပညာရှိ တခြားသွားရှာမနေပါနဲ့၊ ကိုယ့်သန္တာန်မှာကို ဖြစ်နေတာ၊ အချိန်ပိုင်းလူမိုက်၊ အချိန်ပိုင်း ပညာရှိ။

သင်္ဂဟတရား လေးပါး - ချစ်ဖွယ်စကား၊ ပေးကမ်းငြား၍၊ စီးပွားဆောင်လင့်၊ ကိုယ်တူကျင့်၊ မှတ်လင့် သင်္ဂဟာ။

ကာမ,ပျင်းရိ၊ မွတ်သိပ်ဘိနှင့်၊ လိုရှိတဏှာ၊ အိပ်ငိုက်ကာဖြင့်၊ ဘယာဘီရု၊ ယုံမှုကိစ္ဆာ၊ ပယ်ခွါကျေးဇူး၊ ပျော်မြူးခြွေရံ၊ အတ္တုက္ကံသန၊ ဆယ်ပါးပြသည်၊ မှတ်လင့်မာရ်စစ် ဆယ်ပါးတည်း။
ဘယာဘီရု = ကြောက်စိတ်ပေါ်တာ (ဒေါသပဲ)
အတ္တုက္ကံသန = သူများနှိမ့်ချ၊ ကိုယ့်ကိုယ်ကို မြှင့်တင်ခြင်း
(ဤဆယ်ပါးကို ကိလေသာ သုံးဆင့်နဲ့ချိန်- အကြမ်း၊ အလတ်၊ အနု)

ဟိုဘက်,ဒီဘက်၊ ရေလယ်ချက်နှင့်၊ ကျွန်းထက်မတင်၊ လူပင်မဆယ်၊ နတ်မဆယ်ဘဲ၊ ၀ဲဝယ်မမြုပ် ၊ ဆွေးမပုပ်သော်၊ သမုဒ်ပင်လယ်၊ ရောက်လိမ့်မယ်။ (ဒါရုက္ခန္ဓော ပမသုတ် - ဆရာတော် ဦးဃောသိတ)

**ဤကိုယ်ကာယ၊ တစ်လံမျှ၌
နှစ်ဝနာမ်ရုပ်၊ ဖြစ်၍ချုပ်၏
နာမ်ရုပ်နှစ်ပါး၊ အလွတ်ထား၍
ဤကားလိပ်ပြာ၊ ဤကားငါနှင့်
ဤမှာဇီဝ၊ ဤအတ္တဟု
ညွှန်ပြဖို့ရာ၊ မရှိပါသည်
ခန္ဓာနာမ်ရုပ် မျှပါတကား။

နာမ်ရုပ်တရား၊ ဤနှစ်ပါးလည်း
ရှည်လျားကာလ၊ မတည်ကြဘဲ
ခဏဖြစ်လျက်၊ ခဏပျက်၍
နှိပ်စက်ခြင်းရာ၊ လိုမပါဘူး
သဘာဝအား၊ ဤသုံးပါးကြောင့်
ဖြစ်ပွားသမျှ၊ အနိစ္စသည်
ဒုက္ခ အနတ္တပါတကား။ (မင်းကွန်းဆရာတော်ဘုရား)

**သစ္စာလေးပါး လင်္ကာ (မင်းကွန်းဆရာတော်ဘုရား)

၁။ ပဋိသန္ဓေ၊ အိုနာသေဟု၊ လေးထွေရင်းမြစ်၊ ဒုက္ခဖြစ်၏၊ မချစ်ယှဉ်တွဲ၊ ချစ်သူကွဲနှင့်၊ လိုလည်းမရ၊ အကျဉ်းပြသော်၊ ပဉ္စဥပါဒါန်၊ ငါးခန္ဓာ၊ သစ္စာဒုက္ခ မှန်မောလှ။ (မှန်မောလှ = မှန်ပေ၏။)
၂။ ဒုက္ခဖြစ်ကြောင်း၊ မကောင်းတဏှာ၊ လောဘမှာ၊ သစ္စာသမုဒယ မှန်မောလှ။
၃။ တဏှာချုပ်ရာ၊ နိဗ္ဗာန်မှာ၊ သစ္စာနိရောဓ၊ မှန်မောလှ။
၎။နိဗ္ဗာန်ရောက်ကြောင်း၊ ကောင်းသောအသိ၊ ကောင်းဘိအကြံ၊ ကောင်းသံဆိုပြော၊ ကောင်းသောအပြု၊ ကောင်းမှုသက်မွေး၊ ကောင်းရေးလုံ့လ၊ ကောင်းထသတိ၊ ကောင်းဘိတည်ကြည်၊ ဤရှစ်မည်၊ တူညီမဂ္ဂ မှန်မောလှ။
(နံပါတ်တစ်နဲ့ နှစ်ကို စီးဖြန်းပြီးတိုင်း အနိစ္စ၊ ဒုက္ခ၊ အနတ္တ ပါလားလို့ ဆင်ခြင်ပြီး နိဂုံးအဆုံးသတ်ပေးပါ။)


အိုဘယ့်လူသား၊ ငမိုက်သားတို့
သင်ကားအ၀ိဇ္ဇာ၊ ပိတ်ဖုံးကာ၍
ငါးဖြာအာရုံ၊ ဒုက္ခဘုံကို
အကုန်မမြင်၊ အကောင်းထင်လျက်
ခုံမင်တပ်မက်၊ တွယ်ကာဖက်လျက်
အောက်ထက်သံသာ၊ စုန်ဆန်ကာဖြင့်
တဏှာလက်သည်၊ ထင်တိုင်းခြယ်၍
အေးတယ်မရှိ၊ ဆင်းရဲဖိသည်
ဝဋ်၏သားကောင်၊ လုံးလုံးတည်း။
ဝဋ်၏သားကောင်၊ ဒုက္ခဘောင်မှ
လွတ်အောင်ရုန်း၍၊ ချမ်းတာတွေ့ဖို့
မမေ့ရုပ်နာမ်၊ ဖြစ်ပျက်ဟန်ကို
အမှန်ဉာဏ်ညှိ၊ ဖြစ်တိုင်းသိလော့။
ဝီရိနှစ်တန်၊ ရှို့မြှိုက်တံဖြင့်
ဆယ်တန်ကိလေ၊ လောင်ကျွမ်းကြေအောင်
မသေမနာ၊ မအိုပါခင်
တက်သုတ်နှင်လျက်
စောလျင်မြန်စွာ၊ ရှို့မြှိုက်ပါလော့။

နောင်ခါကာလ၊ ချိန်လွန်ရဟု
နောင်တ, တကြီး၊ သင်မညည်းနဲ့။
ဇနီးမယား၊ သမီးသားနဲ့
လင်သားအိမ်ယာ၊ အဖြာဖြာကို
ငဲ့ကာဖက်နှေး၊ အချိန်ရွေးက
သေဘေးသင့်ကို၊ ဦးလိမ့်မယ်။

ဆိုး,ဆိုးမှန်းသိ လူဆိုးပညာရှိ။
ညံ့,ညံ့မှန်းသိ လူညံ့ပညာရှိ။
ဆိုးနေပါလျက် ကောင်းတယ်ထင်၊ ဆိုးမြဲဆိုးမှာပင်။
ညံ့နေပါလျက် တော်တယ်ထင်၊ ညံ့မြဲညံ့မှာပင်။

ထင်ပေါ်ကျော်စောမှု၊ ပစ္စည်းဥစ္စာ.. တွေဟာ ဘေးထွက်ပစ္စည်း၊ အနှစ်သာရက ဘာလဲဆိုရင် တစ်ဖက်သား နှလုံးအေးအောင် ဖန်တီးပေးပြီး ခံစားရတဲ့ ပီတိလေးပဲ၊ အပေးနဲ့ ထပ်တူပျော်တဲ့ ပီတိလေးပါပဲ။

နည်းနည်းချစ်ရင် နည်းနည်းပေးတယ်။
များများချစ်ရင် များများပေးတယ်။
တအားချစ်ရင် အသက်ပါပေးတယ်။
(မေတ္တာကို ပြောတာပါပဲ။)

ကိုယ်ရထားတဲ့ဘ၀ တန်ဖိုးရှိမှန်းလည်း သိပစေ၊ တစ်ချက်မှ မချော်စေနဲ့၊ ကျသွားရင် တက်လမ်းမမြင်ဘူး။ (ပိုင်းလော့ဆရာတော်ဘုရား)

ခန္တီတရား၊ သည်းခံငြား၊ စိတ်ထားမည်သို့ ဖြည့်သနည်း။
လူမိုက်အမှု၊ ငါပြန်ပြုလျှင်၊ သူလိုငါလည်း၊ လူမိုက်ပဲဟု၊ စိတ်ထဲတွေးဆ၊ အေးမြမြနှင့်၊ ဒေါသမထွက်၊ စိတ်မပျက်၊ သက်သက်အနာခံသတည်း။
(ခန္တီ ပရမံ တပေါတိ တိက္ခာ)

ပြီးခဲ့တဲ့အတိတ်၊ လာမယ့် အနာဂတ်သည် တကယ်မှ မရှိတာ..၊ အခုတွေးလို့ အခုပေါ်တာကို အတိတ်၊ အနာဂတ် လုပ်နေတာ..။

အနာဂတ်အတွက် ပုံစံတော့ချ၊ သို့သော် ဖြစ်ချင်မှဖြစ်မယ်၊ ဖြစ်ချင်ရာ ဖြစ်လိမ့်မယ်။ (ဒါမှ အနတ္တသေဘာ - သဗ္ဗေဓမ္မာ အနတ္တာ)

အကျိုးတရားကို မပွားပါနဲ့၊ အကြောင်းတရားကိုသာ တည့်အောင်လုပ်ပါ။ (အကျိုးတရားကို ပွားတာက - ကာမစ္ဆန္ဒ၊ ရမလာမှာ စိုးတာက - ဗျာပါဒ)

မသိခြင်းငါးပါးနဲ့ အသက်ရှင်နေရတဲ့ ဘဝ
အသက်,အနာ၊ ချိန်အခါ
စွန့်ရာ,လားဂတိ။
ရေတွက်ပိုင်းခြား၊ ဤငါးပါး
အများမှန်မသိ။

အကုသိုလ် အကျိုးပေးတယ်ဆိုတာ တခြားမဟုတ်ဘူး၊ မဟုတ်တာကိုမှ ကြိုက်လာတာ၊ မကောင်းတာကိုမှ လုပ်ချင်လာတာ.. (တောင်မြို့ မဟာဂန္ဓာရုံ ဆရာတော်ဘုရား)

ဒိဋ္ဌိမဖြုတ် ဒါနလုပ် ဒုက္ခတွေ့လိမ့်မည်။
ဒိဋ္ဌိမဖြုတ် သီလလုပ် ဒုက္ခတွေ့လိမ့်မည်။
ဒိဋ္ဌိမဖြုတ် ဘာဝနာလုပ် ဒုက္ခတွေ့လိမ့်မည်။
ဒိဋ္ဌိမဖြုတ် ၀ိပဿနာလုပ် ဒုက္ခတွေ့လိမ့်မည်။
(တောင်လေးလုံး ဆရာတော် ဘုရားကြီး)


ဒိဋ္ဌိဖြုတ်နည်း သုံးမျိုး (စာလို ပရိညာသုံးပါး)
အသိဖြုတ် - ဉာတပရိညာ
အပွားဖြုတ် - တိရဏပရိညာ
အပယ်ဖြုတ် - ပဟာနပရိညာ

ဖြစ်ပျက်မမြင်သေးဘဲ ဖြုတ်တာ - အသိဖြုတ်
ဖြစ်ပျက်မြင်ပြီးဖြုတ်တာ - အပွားဖြုတ်
ဖြစ်ပျက်အဆုံး မြင်ပြီးဖြုတ်တာ - အပယ်ဖြုတ်

ဒိဋ္ဌိသက္ကာ၊ မကွာသမျှ၊ လူတွင်စကြာ၊ နတ်မှာသိကြား၊ မိုးဖျားဗြဟ္မာ၊ ဖြစ်တုံပါလည်း၊ ခန္ဓာပြိုကွဲ၊ ကုသိုလ်စဲက၊ ဖောက်လွဲပယ်ရွာ၊ ရောက်မြဲသာတည်း။

မမေ့ကြနဲ့၊ သေခြင်းတရားနဲ့ အချိန်းအချက် မရှိဘူး၊ ရည်သန်ထားတဲ့ လောက,ဓမ္မစီးပွား မြန်စွာအားထုတ်ကြ။ (Mingun)

ဇာတိဆိုတာနဲ့ သေမိန့် ကျပြီးသားပဲလေ။ မြေကြီး ကြီးပွားဖို့များ ဘာ့ကြောင့်ဒီလောက် အားစိုက်နေတာလဲ။

တကယ်သိတဲ့ ဘုရား သားသမီးများသည် ကွယ်ရာမှာတောင် မဟုတ်တာ မတွေးရဲဘူး၊ ကိုယ်ရှုံးမှာ သိတာကိုး..။

All that we are is the result of what we have thought.

လောကမှာ တစ်ဦးနဲ့တစ်ဦး ချစ်ကြ၊ ခင်ကြတယ်ဆိုတာ ချမ်းသာပေးတုန်းလေးပါ။

ကိုယ့်ကို ချမ်းသာပေးတယ်ဆိုရင် တွယ်တာပဲလေ.. အဲလို တွယ်လို့လည်း ကျင်လည်ခဲ့ရတဲ့ ဘ၀ပေါင်းက မနည်းတော့ဘူး.. ရန်သူဖြစ်လိုက်၊ မိတ်ဆွေဖြစ်လိုက် လည်နေကြတာ.. ချစ်တယ်ဆိုလည်း သူတို့ပဲ.. မုန်းတယ်ဆိုလည်း သူတို့ပဲ.. မဖြစ်ဘူးတဲ့ဘ၀၊ မရောက်ဖူးတဲ့ဘ၀ မရှိတော့ဘူး.. များစွာလည်း ချမ်းသာဖူးပြီ၊ များစွာလည်း ဆင်းရဲဖူးပြီ.. ရိုးနေပြီလေ..

ရပ်ကွက်အကျိုးဆိုရင် အိမ်အကျိုးကို စွန့်ရပါတယ်။
မြို့ရွာအကျိုး ဆိုရင်တော့ ရပ်ကွက်အကျိုး စွန့်ရတယ်။
တိုင်းပြည်အကျိုး ဆိုရင်တော့ မြို့ရွာအကျိုး စွန့်ခဲ့။
လောကအကျိုးဆို တိုင်းပြည်အကျိုး စွန့်ခဲ့..။
ကိုယ့်အကျိုးဆိုရင်တော့ တစ်လောကလုံးကို စွန့်ရပါတယ်။ (မဃဒေ၀ လင်္ကာမှာလည်း ပါပြီးသားပါ။)
ငါကအစ ဖယ်ရတော့မယ်.. စွန့်ရတော့မယ်.. သဘောပေါက်တယ်နော်.. လွတ်အောင် ရုန်းရမယ်လေ.. မှတ်ထားပါ။ နွံထဲကလူက နွံထဲကလူကို ကယ်လို့ရလား.. ကိုယ်က လွတ်အောင် အရင်ရုန်းရမယ်လို့ မှတ်ကြ..။ အဲတော့ ကိုယ့်လမ်းကိုယ် ရအောင် လျှောက်ကြ.. တစ်ခါမှ မရဖူးတာဆိုလို့ နိဗ္ဗာန်တစ်ခုတည်း ရှိတော့တယ်..

ခုနေသေရင် အကုန်ထားခဲ့ရမယ်..။

ဘာပဲလုပ်လုပ် ဂုဏ်ဓနကို ကြည့်၍ မလုပ်ရ။ ကုသိုလ်ရအောင်သာ လုပ်ပါ။

အလေ့အကျင့် တစ်ခုသည် အရှိန်ရ အားပြည့်လာပါက ၀ါသနာအဖြစ် တည်၏။ (ဆရာတော် သုံးပါး၏ အဆုံးအမကို ပေါင်းထားတာ..။)
အရှိန်ရ အားပြည့်ဆိုတဲ့ စကားက ပဏ္ဍိတာရာမ ဆရာတော်ဘုရားကြီးရဲ့ အဆုံးအမမှာ ပါတာ။
အလေ့အကျင့် = ကိုယ်ရဲ့ အမူအယာ အလေ့အကျင့်၊ နှုတ်..၊ စိတ်..။
ဝါသနာ = ရာနှုန်းပြည့် သတ္တိကိန်းသွားတာ..။

စာမတတ်ရင် ထောင်ချ။ (စာတစ်ပိုဒ်ဟာ ဘယ်လောက်ပဲခက်ခက် အကြိမ်ပေါင်းတစ်ထောင် မပြတ်နှလုံးသွင်းပါ။)
များများလည်းအံ၊ မြန်မြန်လည်းရ။

တရားကျင့်တယ် ဆိုတာ အို နာ သေ ဆင်းရဲ မလာရေး၊ ဇာတိကုန်ရေး၊ လောကဓံ ခံနိုင်ရေး၊ ဇာတိမကုန်သေးတောင် မပါယ်မကျရေး..၊ သေမယ့် လောကဓံဆင်းရဲ လာတာတောင် ကိုယ်သာနာ၍ စိတ်မနာ ခံနိုင်ရည်ရှိရေး..။

သွားလေးကိုက်တာတောင် ဂျွန်းပစ်အောင် ခံနေရတာ.. (မကျေနပ်စိတ် ဒေါသနဲ့)၊ သေလောက်အောင် ရောဂါလာရင် ခံနိုင်မလား စဉ်းစားပေါ့..။

သေခါနီးလေး တစ်ချက်စဉ်းစားရင်.. မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ.. ဒီအာရုံကြောတွေက သေပြီ၊ ပြဿနာ မရှိတော့..။ ကိုယ်မှာကတော့ မပြတ်လောင်နေသလို.. မနောနဲ့လည်း ဆက်နေမှာ..။
လောင်တော့ကာ လိုချင်တာက အအေး၊ ဖြစ်နေတာက အပူ.. ကွာဟမနေဘူးလား.. အဲလိုကွာဟတော့ ကုသိုလ်လား.. အကုသိုလ်လား.. အကုသိုလ်..။ ဒါကို အပါယ်မကျအောင် ဘယ်လိုထိန်းမလဲ..။

{ဖြစ်အောင်လည်း မပြုနဲ့၊ ပျက်အောင်လည်း မပြုနဲ့၊ ဖြစ်ချင်တာက လောဘ၊ ပျက်ချင်တာက ဒေါသ၊ ဖြစ်တိုင်း ပျက်တိုင်း မသိတာက မောဟ.. (သထုံမင်းကွန်း ဇေတ၀န်တောရ ဆရာတော်ဘုရား)}

























 
စာပေမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ ချမ်းသာခြင်းများနှင့်ပြည့်စုံနိုင်ကြပါစေ..
.........................................................................

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>