2 3 4 5 6 7 8 9 10

Sunday, May 19, 2013

ဝေစု




ဝေစု- Ration ၏ သ ဘောသဘာဝကို ငယ်စဉ်တောင် ကျေး ကလေးဘဝကပင် ကျွန် တော် ရိပ်စားမိခဲ့ပါသည်။ ဆိုကြ ပါစို့။ ကျွန်တော်တို့အိမ်မှာ အမဲ သားဟင်းချက်သည့်အခါ ကျွန် တော့်အတွက် အမဲသားဟင်း သုံး တုံးရသည်။  ကျွန်တော်၏ ညီမ ငယ်က နှစ်တုံးရသည်။ အမေနှင့် အဖေကတော့ အမဲသားဟင်းတုံး ဝေစု ဘယ်ရွေ့ဘယ်မျှ ရကြသည် မသိ။ အဖေသည် အမဲသားဟင်း တုံးကြီးများကို တစ်တုံးပြီးတစ်တုံး ကိုက်ခဲဝါးမျိုနေလိုက်သည်မှာ အ ဆက်မပြတ်ဖြစ်သည်။ သူက အမဲ သားဟင်းတုံးကြီးတွေကို ပလုတ် ပလောင်း ကိုက်ဝါးမျိုသွင်းနေစဉ် ကျွန်တော့်မှာ ကိုယ့်ဝေစုကလေးကို ပွတ်ကာ သပ်ကာ တို့ကာ ဆိတ် ကာနှင့် ချွေချွေတာတာ စားနေခဲ့ ရပါသည်။ ကျွန်တော့်စိတ်ထဲမှာ တင်းတိမ်သွားသည်ဟူ၍မရှိ။ ဝအီ ပြည့်တင်းသွားသည်ဟူ၍လည်းမရှိ။ အမေ့ထံမှာ အမဲသားဟင်းတုံး ထပ်တောင်းလိုသော်လည်း မ တောင်းဝံ့ခဲ့ပါ။
   ''ငါ့ကျတော့ သုံးတုံးပဲရ တယ်။ အဖေ့ကျတော့ ကိုးတုံး ဆယ်တုံးမကဘူး'' ဟု မွေးသဖခင် ကျေးဇူးရှင်ကြီးကို ဝန်တိုအမျက် ထွက်လိုက်မိပါသေးသည်။ မိသား စုကို သူကပင်ပန်းခက်ခဲစွာ ရှာဖွေ ကျွေးမွေးနေမှန်းတော့ ကျွန်တော် သတိမရနိုင်ခဲ့။ သြော်- မလိမ်မိုး မလိမ္မာ သူငယ်နှပ်စားကလေးအ ရွယ်ပေကိုး။ တစ်ခါတော့ အဖေ့အ လစ်၌ အမေ့ဆီမှာ အသားဟင်းတုံး ကပ်တောင်းနေစဉ် အဖေ သိသွား ပြီး အော်လိုက်ပါသည်။
''ဟေ့- ထပ်မပေးနဲ့။ ဒါ ဝေပုံကျပဲ''

'ဝေပုံကျ' ဟူသော ဝေါ ဟာရကို စတင်ကြားသိခွင့် ရလိုက် ၏။ ဘာအဓိပ္ပာယ်မှန်းတော့ ကောင်းကောင်းမသိ။ (ဝေပုံကျဟူ သည် ရသင့်ရထိုက်သော အချိုး အစားဖြင့် ရရှိသောဝေစုပင် ဖြစ် ပါသည်။)
  သို့ဖြစ်လျှင် ကျွန်တော် ရရှိသော ဟင်းဝေစုမှာ ကျွန်တော် ရသင့်ရထိုက်သော အတိုင်းအဆပဲ ဖြစ်ရလိမ့်မည်။ မရှာမဖွေဘဲ အ ခန့်သား ထိုင်စားနေသော လူမ မည်သားသမီးက ၃ တုံးပဲစား။ နေ ပူစပ်ခါး မရှောင် ပင်ပင်ပန်းပန်း ကြိုးကြိုးကုတ်ကုတ် လုံးပမ်းရှာဖွေ ပေးရသော အိမ်ထောင်ဦးစီးက တော့ ကြိုက်သလောက် အဝအပြဲ လန်ထွက်အောင်စား။ ဒါ တရား သလား မရားဘူးလား ကျွန်တော် ကွဲကွဲပြားပြား မဆုံးဖြတ်နိုင်သေး။ ဖခင်ကြီးကို အတွင်းကြိတ် မကျေ နပ်ခဲ့သည်ကတော့ အမှန်ဖြစ် ကြောင်း (ယခု) ကျွန်တော် ဝန်ခံ ပြီ။
''မင်း ငါ့သားသမီးလာ ဖြစ်တာ အလွန်ကံကောင်းတယ် မှတ်ပါ။ မင်းအရွယ်တုန်းက ငါတို့ ညီအစ်ကိုတစ်တွေ မိဘတွေနဲ့ ထ မင်းတစ်ဝိုင်းတည်း စားခွင့်မရခဲ့ကြ ဘူး။ ဟင်းကို ထမင်းပန်းကန်ထဲမှာ တစ်ခါတည်း ကုလားပုံ ပုံပေးလိုက် တာ။ ထမင်းလိုချင်ရင် ထပ်ရမယ်။ ငါးပိရည်လိုချင်ရင်လည်း ထပ်ပေး မယ်။ ဟင်းကိုတော့ ဆောရီးပဲ။ တစ်ဆိတ်တစ်ဖဲ့တောင် ထပ်ထည့် ပေးမှာ မဟုတ်ဘူး။
   ငါတို့မယ် လူ ပျိုကြီးဖားဖားဖြစ်၊ အလုပ်တွေ လုပ် နိုင်ကိုင်နိုင်တဲ့ အရွယ်ရောက်မှ မိဘနဲ့ ထမင်းတစ်ဝိုင်းတည်း စား ခွင့်ရခဲ့တယ်။ ခုချိန်မှာတော့ မင်းနဲ့ ထိုက်တန်တဲ့ ဝေစုပဲ ရမယ်။ လူကြီး ဖြစ်လာပြီး ငါ့လို အိမ်ထောင်ဦးစီး ဖြစ်လာတော့မှ အခု ငါစားသလို အဝ အပြဲ စားခွင့်ရမယ်။ အဲဒါ တော့ သေချာမှတ်'' ဟု တောသား ကြီးအဖေက သူလက်ခံထားသော အစဉ်အလာစနစ် ကို ကြေညာ ခဲ့ပါ သည်။
ကျွန်တော် လုံးဝမကျေနပ် ခဲ့ပါ။
အရွယ်ရောက်စ ပြုလာ သောအခါ ကစားဖော်သူငယ်ချင်း တွေကြားမှာ ဝေစုပြဿနာ ရှိလာ ပြန်သည်။ သရက်ပင်ပေါ်တက်ပြီး စွန့်စွန့်စားစား သရက်သီးခူးသူက အကောင်းဆုံး သရက်သီးတွေကို အများဆုံး ယူလိုခြင်းက ပြဿနာ မဟုတ်။ သရက်ပင်အောက် မှာ သရက်သီးကောက်ရသူအချင်းချင်း အဝေမမျှ ဖြစ်လာသည်။ လုံးရေ ပိုကောက်ရသူက ကောင်းပေ့ ညွန့် ပေ့ဆိုသော သရက် သီးတွေ ကိုမှ ယူလိုသည်။ အကွဲအပြဲ၊ အသေး အနုတ်တွေကို သူက မယူလို။ သ ရက်သီးကောက်သူအချင်းချင်းကြား မှာ စိတ်ဝမ်း ကွဲပြား ခိုက်ရန်ပွားကြ ရပြန်သည်။ သရက်သီးတစ်လုံးမှ ဝိုင်းမကောက်ဘဲ နောက်ကျမှ ရောက်လာပြီး 'ငါ့လည်း တစ်လုံး လောက် ကွာ' လုပ်ချင်သော အ ချောင်သမား အခွင့်အရေးသမား မျိုးလည်း ရှိတတ်ပါသည်။

   အီစွပ်၏ 'ပုရွက်ဆိတ် နှင့်နှံကောင်' ဒဏ္ဍာရီတွင် လုံ့လဝီ ရိယရှိသောပုရွက်ဆိတ်က ဆောင်း ရာသီရိက္ခာ အဆင်သင့် ရှိနေပြီ။ အချောင်သမား အပျော်သမား နှံ ကောင်ကတော့ စားစရာ ဘာမျှမရှိ ခဲ့ပါ။ ဒဏ္ဍာရီထဲမှာတော့ နှံကောင် ဝေစုမရ၍ လက်မှိုင်ချ သွားရရှာပါ သည်။ လက်တွေ့မျက်တွေ့လော ကမှာတော့ နှံကောင်လို လူစားတွေ က လက်မှိုင်ချ နောက်ဆုတ်သွား မှာ မဟုတ် ကြ။ စပါးတစ်ပင် ဝင်မစိုက်ပေးဘဲနှင့် လယ်သမား၏ စပါး ကျီကို လှံစွပ်ဖြင့် ထိုးဖောက်၊ လယ် သမားကို သေနတ်ဖြင့်ချိန်ပြီး စပါးတွေ သယ်ထုတ်သွားမှာဖြစ်သည်။ ထိုသေနတ်သမားသည် သေနတ် ကို ချ၍ ထွန်တုံးကို ကောက်ကိုင်ခဲ့ ပါလျှင် အချိန်တန်သောအခါ သူ့ အတွက် စပါးဝေစုရလာမှာ ယုံမှား စရာ မလို။
   ဝေစုဟူသည်မှာ တစ်ခု ခုကို အများက ဝေခွဲ၍ ရယူကြ ခြင်းဖြစ်ရာ ထိုတစ်ခုခုရရှိရန် စွမ်း ဆောင်ကြစဉ် ခွန်အားအများဆုံး စိုက်ထုတ်သူက အကောင်းဆုံးနှင့် အများဆုံးကို ယူမည်ဖြစ်သည်။ ခွန်အားအညီအမျှ စိုက်ထုတ်ကြလျှင် တော့ ဝေစုချင်း တူညီ ရမည်သာ ဖြစ်သည်။ ထိုအခြေအနေမှာ သူ တစ်ပါးထက် နှာတစ်ဖျား အသာရ မှ ကျေနပ်တတ်သော လောဘသ မား ပါလာခဲ့ပါက သူသည် သူရသင့်ရထိုက်သော ဝေစုထက် ပိုမို သောဝေစုရအောင် တစ်နည်းနည်း ဖြင့် ကလိမ်ကျ ရယူသွားပေလိမ့် မည်။ ထိုသူများ ကို ယခင်ခေတ် အခါက တစ်လုံးပိုရှူချင်သူများဟု ရှုတ်ချကဲ့ရဲ့ခဲ့ကြပါသည်။
    ယခု ခေတ်မှာလည်း တစ်လုံးပိုရှူချင်သူ တွေ နေရာတကာမှာ ရှင်သန်နေ ကြဆဲ ဖြစ်ပါသည်။ အများက ည နေ ၄ နာရီတိတိမှ အလုပ်မှ ထွက် ခွာကြသော်လည်း ၄ နာရီမထိုးမီ ၁ဝ မိနစ်လောက်ကတည်းက အလုပ်မှ လစ်ထွက်တတ်သူသည် တစ်လုံး ပိုရှူချင်သော လူစားမျိုးထဲ မှာ ပါဝင်သည်။ တစ်ခေတ်တုန်း က မိသားစုတစ်စုမှာ ကုန်ဝယ်စာ အုပ်တစ်အုပ်သာ ကိုင်ဆောင်ခွင့် ရှိခဲ့ရာ တစ်လုံးပိုရှူလိုသူတွေက မိ သားစုကို ခွဲစိတ်၍ မိသားစုနှစ်စု လုပ်ကာ ကုန်ဝယ်စာအုပ် နှစ်အုပ် ကိုင်ဆောင် ၍ ဝေစုပို၍ ယူခဲ့ကြပါ သည်။
   ကျွန်တော်သည် မတ ရားသော ဝေစုစနစ်ကို ကြုံတွေ့ခဲ့ ရဖူးပါသည်။ နိုင်ငံတော်အတွက် အသက်ပေးထားကြသူချင်း အတူ တူ ကျွန်တော်က ကြက်တောင်ပံရိုး သာ ကိုက်ရ၍ အခြားသူကတော့ ကြက်ပေါင်ကြီးကို ပါးပြဲနားပြဲ ကိုက်ဝါးခွင့် ရခဲ့ပါသည်။ ကြက် ပေါင်ကိုက်သူတွေက 'လူချင်းတူ ပေမယ့် အသက်ရှူချင်းက ကွဲပေ သကိုး ငါ့လူရဲ့' ဟု ရိကြပါသေး သည်။
   လူ့အဖွဲ့အစည်းတွင် နေရာအတော်များများ၌ တန်းတူ ညီမျှရေး- Equality ဘယ်နည်းနှင့် မျှ မဖြစ်နိုင်။ ထင်ရှားသော သာဓ က ဆောင်ရလျှင် ဖက်စပ်ကုမ္ပဏီ တစ်ခုတွင် အစုရှယ်ယာ အများဆုံး ထည့်ဝင်ထားသူက အမြတ် ဝေစု အများဆုံးကို ရယူပေလိမ့် မည်။ ထိုကုမ္ပဏီ ကွဲလျှင် အထိ အနာဆုံးမှာ ရှယ်ယာအများဆုံး ထည့်ဝင်ထားသူပဲ ဖြစ်နေမည်မ ဟုတ်လော။ လူတန်းစားမဲ့လောက ဟုြေ<ွကးကြော်ခဲ့ကြသော ဘုံဝါဒ ထူထောင်အောင်မြင်ခဲ့သည့် နိုင်ငံ ကြီးတစ်ခုမှာပင် ပေါ်လစ်ဗြူရိုအ ကောင်ကြီးကြီးတို့က မာစီဒီးကားများ စီးကြ၍ အောက်ခြေမှ ပါတီဝင် အလုပ်သမားက စက်ဘီးအစုတ်ကလေးစီး၍ အလုပ်သွားနေခဲ့ ရပါ သည်။ ဆေးရုံ တစ်ရုံမှ ဆရာ ဝန်၏ လစာငွေ ဝေစုအတိုင်း ဆေး စပ်သမား၊ ဆေးထည့်သမား ကွန် ပေါင်ဒါက ရချင်၍မဖြစ်။ ငွေတစ် ပဲနှင့် ငါးကြင်းခေါင်း ကိုင်၍မသင့်။ စိတ်တို စိတ်ဆတ်သော ငါးစိမ်း သည်နှင့်တွေ့လျှင် ပိဿာလေးဖြင့် ဘေးအထုခံရနိုင်သည်။
   ၁၉၅ဝ ပြည့်နှစ်များအ တွင်းက မဂ္ဂဇင်းတစ်စောင်မှာ ပါရှိ ခဲ့သော သွားလေသူ စာရေးဆရာ ရန်ကုန်ဘဆွေ၏ ဝတ္ထုတစ်ပုဒ်ကို ကျွန်တော် အမှတ်ရနေသည်။ မော်စီတုန်းဝါဒ ထူထောင်ခါစ တရုတ်ပြည်မှာ ဇာတ်အိမ်တည်ထား သည်။ အလုပ်သမားတစ်ယောက် လျှင် တစ်နှစ်အတွက် ဝတ်စုံ ၃ စုံသာ ရရှိသည်။ အပိုမရှိ။ အခြား မှာ ဝယ်ယူလို့လည်း မရနိုင်။ အ လုပ်သမားတိုင်း ဝတ်စုံ ၃ စုံစီပဲ
ရှိကြသည်။ ကောင်းပြီ။ ဥက္ကဋ္ဌကြီး မော်မှာကော ဝတ်စုံ ၃ စုံပဲလား။
   တစ်ခေတ်တုန်းက ဗမာ လယ်မင်းသားသည် လယ်ယာမြေ ရွှံ့ထဲ ဗွက်ထဲကို မဆင်း။ ရွာထဲမှာ လမ်းသလားရင်း စပါးပေါ်ချိန် ကျ တော့ တကယ်ကုန်းရုံးလုပ်ခဲ့ရ သော လယ်သမားထက် ဝေစုများ စွာ ပို၍ရယူသွားသည်။
   ''ကျုပ်က ဓနရှင်လေ၊ ဓနကို အရင်းအနှီးပြုခဲ့ရတာ။ ဟို မောင်တွေကတော့ ကျောမွဲ အရင်း မဲ့တွေဆိုတော့ သူတို့ အရင်းအနှီး ပြုပါတယ်ဆိုတဲ့ လုပ်အားက ထွက် လာတဲ့ အကျိုးအမြတ်ကိုသာ စား ကြရမှာပဲ။ ကျုပ်တို့လို ဝေစုများ များ လိုချင်ရင် ဓနရှင်ဖြစ်အောင် လုပ်ပေါ့ဗျာ။ ဓနရှင် ဓနရှင်ဆိုပြီး မောင်ရင်တို့က ဝိုင်းဆဲနေကြတာ။ ဓနရှင်မရှိရင် ကမ္ဘာကြီး သမိုင်း ခေတ်ဦး အရိုင်းဘုံထဲ ပြန်ရောက် သွားမှာပေါ့'' ဟုပင် ထိုလယ်မင်း သား ဓနရှင်များက စီးကရက်က လေးဖွာ ရင်း မြောက်ကြွားကြွား ပြော တတ်ကြသေးသည်။
  ဆင်းရဲနွမ်းပါးသော လူ့ အဖွဲ့အစည်းများအတွက် ဓနရှင် သည် မရှိမဖြစ် လိုအပ်သည်။ သို့ သော် သို့သော် သို့သော်။ ထိုဓန ရှင်သည် တည်ကြည်ဖြောင့်မတ် ကောင်းမြတ်သော စိတ်နှလုံးရှိဖို့ တော့ လိုသည်။ Winner Takes All  ဆိုပြီး ရသမျှ အကျိုးအမြတ်ကို သိမ်းကျုံးယူငင်သွားမည့် အတ္တဘီ လူး မဖြစ်စေရ။ ''ငါက ကြက် ပေါင်ကိုက်မကွာ။ မင်းတို့ ငမွဲတွေ က တောင်ပံရိုးနဲ့ လည်ချောင်းရိုးပဲ ကိုက်ကြ'' ဟူသော ဝိသမလောဘ ဝါဒီ မဖြစ်စေရ။ Lion's Share  ဟူ သော အကောင်းဆုံးနှင့် အများဆုံး သော ဝေစုကို ရည်ညွှန်းပါသည်။ ယခုအခါ ခြင်္သေ့တို့ဌာနီ အာဖရိ ကတိုက်မှာ လူတွေက ခြင်္သေ့တို့ ၏ ဝေစုကို သာမက ခြင်္သေ့တွေကိုပါ အရှင်မထားလိုကြတော့သဖြင့် ခြင်္သေ့တွေမှာ ပုန်းစရာရှာမရ ဖြစ် နေကြပြီ။ တိရစ္ဆာန်ရုံများထဲမှာ ပုန်းနေ ကြသော်လည်း နောင်တစ် ချိန်မှာ စိတ်ချလုံခြုံစရာ လမ်းမ မြင်။
  ''လုပ်သလောက် အကျိုး အမြတ်ခံစားခွင့်ရှိစေမည်'' ဟူ သော အာမခံချက်စကားမှာ အလွန်နားဝင်ချိုလှပါသည်။ သို့ သော် လက်တွေ့အဓိပ္ပာယ်မရှိပါ။ သမဝါယမစနစ်က ကောင်းပါ သည်။ သမဝါယမအသင်းဝင်တိုင်း ရွှေဝါဆပ်ပြာတစ်တောင့်စီ ရကြ သည်ဆိုလျှင် အညီအမျှ ရကြပါ သည်။ ဘယ်သူ့ဆီမှာ ဝေစုက တစ်စွန်းတစ်ဖဲ့မျှ မပို။ သို့သော် သမဝါယမအသင်းဥက္ကဋ္ဌကြီးကမူ
ရွှေဝါဆပ်ပြာသေတ္တာလိုက် သယ် ယူသွားပါသည်။ အင်း- ခြင်္သေ့ဝေစု ပေကိုး။

ကြူးနှစ်

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>