အဲဒီတော့ ဒီမှာ သုခဝေဒနီယ၊ ချမ်းသာတဲ့ အကျိုးကို ပေးတဲ့ ကံတရားကို ဆင်းရဲတဲ့ အကျိုးပေးတဲ့ ကံတရား အဖြစ် ပြောင်းလဲဖို့ ဘာသာတရားကို လိုက်နာတာလားဆိုရင် အဖြေက “မဟုတ်ဘူး”။ ဆင်းရဲတဲ့ အကျိုးပေးတဲ့ ကံတရားကို ချမ်းသာတဲ့ အကျိုးပေးတဲ့ ကံတရားအဖြစ် ပြောင်းလဲဖို့ ဘာသာတရားကို လိုက်နာကျင့်သုံးတာလား ဆိုရင်လည်း အဖြေက “မဟုတ်ဘူး” တဲ့။ ဒီ အဖြေကို ဖြေတယ်။
နောက်တစ်စုံက ဘာလဲလို့ဆိုရင် ( ၃ ) ပရိပက္ကဝေဒနိယ နဲ့ အပရိပက္ကဝေဒနိယ တဲ့။ ပရိပက္က ဆိုတာ ရင့်ကျက်တယ်။ ရင့်ကျက်ပြီး ကံတရား၊ ရင့်ကျက်ပြီးလို့ အကျိုးပေးတော့မယ့် ကံတရား။ အပရိပက္ကဝေဒနိယ ဆိုတာ မရင့်ကျက်သေးလို့ အကျိုးမပေးသေးတဲ့ ကံတရား၊ အဲဒီ ( ၂ ) ခုကို အပြောင်းအလဲလုပ်ဖို့ ဘာသာတရားကို လိုက်နာ ကျင့်သုံးတာလားတဲ့။ ရင့်ကျက်ပြီးတဲ့ ကံတရားကို မရင့်ကျက်သေးတဲ့ ကံတရားအဖြစ် ပြောင်းလဲဖို့၊ မရင့်ကျက်သေးတဲ့ ကံတရားကို ရင့်ကျက်တဲ့ ကံအဖြစ် ပြောင်းလဲဖို့ ဘာသာတရားကို ကျင့်သုံးရတာလားလို့ မေးတယ်။ ရှင်သာရိပုတ္တရာက “မဟုတ်ဘူး ငါ့ရှင်” တဲ့။ အဲဒါ အတွက် ကျင့်သုံးတာလည်း မဟုတ်ဘူးတဲ့။
နောက်တစ်ခုက ( ၄ ) ဗဟုဝေဒနိယ နဲ့ အပ္ပဝေဒနိယ။ တချို့ကံက အကျိုးနဲနဲလေးပဲ ခံစားစေတယ်။ ကံတရား တွေဟာ အကျိုးထုတ်လုပ်ပုံချင်း မတူကြဘူးပေါ့။ အဲဒီတော့ ဗဟုဝေဒနိယ လို့ဆိုတဲ့ အကျိုးတွေ များစွာ ခံစားရတဲ့ ကံ တရား ကို အပ္ပဝေဒနိယ - အကျိုးနဲနဲလေး ခံစားရတဲ့ ကံ အဖြစ် ပြောင်းလဲဖို့ ဘာသာတရားကို လိုက်နာကျင့်သုံး တာလားတဲ့။
အပ္ပဝေဒနိယ - အကျိုးနဲနဲလေး ခံစားရတဲ့ ကံတရားကို
ဗဟုဝေဒနိယ - အကျိုးတရားတွေ အများကြီး ခံစားရတဲ့ ကံတရားအဖြစ် ပြောင်းလဲဖို့ မြတ်သောအကျင့်ကို ကျင့်တာလား၊ ဘာသာတရားကို လိုက်နာကျင့်သုံးတာလားလို့ မေးတယ်။ ဒါလည်း “မဟုတ်ဘူး” လို့ ဖြေတယ်။
နောက်တစ်ခုမေးတာက ( ၅ ) ဝေဒနိယ နဲ့ အဝေဒနိယ။ ဝေဒနိယ နဲ့ အဝေဒနိယ ဆိုတာ General point နဲ့ ပြောတာ။ အကျိုးပေးမယ့် ကံ နဲ့ အကျိုးမပေးတဲ့ ကံပေါ့နော်။ ဝေဒနိယ ဆိုတာ အကျိုးတရားကို ခံစားစေတတ်တဲ့၊ ဖြစ်ပေါ်စေတတ်တဲ့ ကံတရားမျိုး။ အဝေဒနိယ ဆိုတာ အကျိုးမပေးတဲ့ ကံတရားမျိုး။ အဟောသိကံ ဖြစ်သွားတာမျိုး။ အဲဒီတော့ ဝေဒနိယ - အကျိုးကို ခံစားစေတတ်တဲ့ ကံတရားမျိုးကို အဝေဒနိယ - အကျိုးမပေးတဲ့ ကံတရားအဖြစ် ပြောင်းလဲဖို့ မြတ်သောအကျင့်ကို ကျင့်ရတာလား၊ ဘာသာတရားကို လိုက်နာကျင့်သုံးရတာလား .. တဲ့။
မဟုတ်တာတွေ အကုန်လုပ်ပြီးတဲ့အခါကျတော့ ဒီကံတွေက လုံးဝ အကျိုးမပေးတော့ဘူးဆိုတာ ဖြစ်နိုင်ပါ့ မလား။ မဖြစ်နိုင်ဘူးလေ။ မဟုတ်တာလုပ်ထားလို့ရှိရင် ဝေဒနိယ ကံ ဖြစ်နေပြီ။ အကျိုးပေးနိုင်တဲ့ ကံ ဖြစ်နေပြီ။ အဲဒီ အကျိုးပေးနိုင်တဲ့ ကံတွေကို အကျိုးမပေးရအောင် ပြောင်းလဲပစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဘယ်တန်ခိုးရှင်ကမှ လုပ်လို့မရတဲ့ ကိစ္စ တစ်ခုပေါ့နော်။ အဲဒီလို မေးခွန်းတွေကို အပြန်အလှန် မေးလိုက် တာ မေးခွန်း ၁၀ မျိုး ဖြစ်သွားတယ်။
ပြန်ပြီးတော့ မှတ်သားဖို့ရာက -
( ၁ ) ဒိဋ္ဌဓမ္မ ဝေဒနိယနဲ့ သမ္ပရာယဝေဒနိယ ကံ ၂ မျိုး အပြောင်းအလဲလုပ်ဖို့။
( ၂ ) သုခဝေဒနိယ နဲ့ ဒုက္ခဝေဒနိယ ကံ ၂ မျိုး အပြောင်းအလဲ လုပ်ဖို့။
( ၃ ) ပရိပက္ကဝေဒနိယ နဲ့ အပရိပက္ကဝေဒနိယ အပြောင်းအလဲလုပ်ဖို့။
( ၄ ) ဗဟုဝေဒနိယနဲ့ အပ္ပဝေဒနိယ အပြောင်းအလဲလုပ်ဖို့
( ၅ ) ဝေဒနိယနဲ့ အဝေဒနိယ ကံ ၂ ခု ကို အပြောင်းအလဲလုပ်ဖို့ ဘာသာတရားကို ကျင့်သုံးတာလားလို့ ၅ မျိုးကို အပြန်အလှန် မေးလိုက်တဲ့အခါ မေးခွန်း ၁၀ ပုဒ်၊ အဲဒီ မေးခွန်း ၁၀ ပုဒ်ရဲ့  အဖြေက “မဟုတ်ဘူး” ( No ) လို့ အဖြေထွက် လာတယ်။ အဖြေက မရဘူး။
“ဒါဖြင့် ဘာအတွက် ကျင့်သုံးတာလဲ၊ အရှင်ဘုရားက အကုန်လုံး No ချည်း ဖြေတယ်၊ ဒါဖြင့် အဖြေ ထွက်မလာ တော့ ဘာအတွက် ဘာသာတရားကို လိုက်နာကျင့်သုံးတာလဲ” ဆိုတဲ့ မေးခွန်းတစ်ခု ထပ်တက်လာတယ်နော်။
“အထ ကိမတ္ထံ စရဟာဝုသော ဘဂ၀တိ ဗြဟ္မစရိယံ ၀ုဿတိ” ဒါဖြင့် ဗုဒ္ဓမြတ်စွာဟောတော်မူခဲ့တဲ့ ဘာသာတရား ကို လိုက်နာကျင့်သုံးတာဟာ ဘာအတွက် လိုက်နာကျင့်သုံးတုန်းလို့ မေးလိုက်တယ်။
ဖြေဆိုချက်က “သံသရာမှာ ဘယ်တုန်းကမှ မသိခဲ့ဖူးတဲ့၊ ဘယ်တုန်းကမှ မမြင်ခဲ့ဖူးတဲ့၊ ဘယ်တုန်းကမှ ကိုယ့်ရဲ့  စိတ်ထဲ နှလုံးထဲ ရောက်မလာဖူးတဲ့၊ ဘယ်တုန်းကမှ မျက်မှောက် မပြုခဲ့ဖူးတဲ့၊ ဘယ်တုန်းကမှ ကိုယ့် အသိစိတ်ထဲ ပေါ်မလာဖူးတဲ့ အကြောင်းအရာ တစ်ခကို သိဖို့ မြင်ဖို့ ရောက်ရှိလာဖို့ မျက်မှောက်ပြုနိုင်ဖို့ ထိုးထွင်းသိနိုင်ဖို့ ဘာသာတရား ဆိုတာ ကျင့်သုံးရတာ” တဲ့။
ဆိုလိုတာက “မသိတာတွေ သိဖို့ ဘာသာတရားကျင့်သုံးတယ်” လို့ ဒီလိုပြောတာနော်။ မသိသေးတာတွေ သိဖို့ ဘာသာတရားကျင့်သုံးတာတဲ့။ ဒီလိုဖြေတာ။ ဘယ်တုန်းကမှ မသိခဲ့ရဖူးတဲ့၊ ဘယ်တုန်းကမှ မမြင်ခဲ့ရဖူးတဲ့ တရားဓမ္မတွေ ကို သိဖို့မြင်ဖို့ မျက်မှောက်ပြုဖို့၊ အင်မတန်မှ ထူးဆန်းတဲ့ အသိဉာဏ်တွေ ရဖို့အတွက်တဲ့။ အသိဉာဏ် ဘယ်လောက် အရေးပါတယ်ဆိုတာ ထင်ရှားတယ်။ မြတ်စွာဘုရားက အမြဲတမ်း အသိဉာဏ်ကို ဦးစားပေးတာလေ။ “ဗုဒ္ဓ” လို့ ဆိုတာကို က “သိသူ” လို့ အဓိပ္ပါယ်ရတယ်။
အဲဒီတော့ ဘာသာတရားကို လိုက်နာကျင့်သုံးတယ်ဆိုတာ ခုနက အခြေအနေတွေ ကံတရားတွေကို ပြောင်းပစ်ဖို့ မဟုတ်ဘူး။ သို့သော် ဒီကနေ့ ခေတ် ပုဂ္ဂိုလ်တွေဟာ အခြေအနေတစ်ခု ပြောင်းပစ်ဖို့ လုပ်နေကြတယ်။ ဖြစ်နိုင် မဖြစ်နိုင် ကိုယ့်ဟာကိုယ် စဉ်းစားကြည့်။ လုပ်ချင်တာတွေ လုပ်ပြီးတဲ့အခါမှာ ပြောင်းပစ်မယ်။ ဘယ်ရမလဲ၊ မရဘူး။ မရနိုင်တဲ့အရာကို ရတယ်လို့ ထင်နေလို့ရှိရင် ဒါ မှားယွင်းတဲ့ အမြင်တစ်ခုပဲ။ မှားယွင်းတဲ့ အမြင်ကို မိစ္ဆာဒိဋ္ဌိ လို့ ခေါ်တယ်။ မှားယွင်းတဲ့ အမြင်ကို လက်ခံတဲ့ ပုဂ္ဂိုလ်ရဲ့  destination က ငရဲနဲ့ တိရစ္ဆာန် ပဲတဲ့။ ဒီလို ဆိုလိုတာပေါ့နော်။
အဲဒီတော့ ရှင်သာရိပုတ္တရာက ဖြေတယ်။ “မသိသေးတာကို သိဖို့၊ မမြင်သေးတာကို မြင်ဖို့၊ မှက်မှောက် မပြုနိုင်သေးတာကို မျက်မှောက်ပြုဖို့၊ ကိုယ်တွေ့မရသေးတာကို ရဖို့ ကျင့်တာ” .. တဲ့။
“ဒါဖြင့် အရှင်ဘုရား မသိသေးတာ၊ မမြင်သေးတာ၊ မျက်မှောက်မပြုသေးတာဟာ ဘာတွေတုန်း ဘုရား” လို့ မေးစရာ ရှိလာတဲ့အခါကျတော့ ဒီလိုဖြေတယ်။
“ဒါက ဒုက္ခ ပဲ၊ ဒါက ဒုက္ခဖြစ်ကြောင်း တရားပဲ၊ ဒါက ဒုက္ခတွေ ချုပ်ငြိမ်းသွားတဲ့ အရာပဲ။ ဒါက ဒုက္ခတွေ ချုပ်ငြိမ်းဖို့ ရန်အတွက် အကျင့်လမ်းမှန်ပဲ” လို့ သစ္စာတရားကို သိဖို့တဲ့။ ဒီလိုဆိုလိုတာပဲ။ အဲဒီတော့ သစ္စာတရား မသိသေးသမျှ ကာလပတ်လုံး သံသရာထဲမှာ လည်နေမှာပဲ။ သစ္စာတရားကို သိပြီးတဲ့အခါ သံသရာမှ လွတ်မြောက်မှာ ဖြစ်တယ်။
ကြည့်။ ‘ရှင်အင်္ဂုလိမလ’ ဟာ ကံတရားကို ပြောင်းတာ မဟုတ်ဘူး၊ သူသိအောင် လုပ်လိုက်တာ။ သိအောင် လုပ်လိုက်လို့ သိသွားတဲ့အခါ ခုနက ကိစ္စတွေ အလိုလိုပြီးသွားတယ်။ ဒီလို ဆိုလိုတာပေါ့နော်။ အဲဒီတော့ သစ္စာတရားကို မသိသေးသမျှ ကာလပတ်လုံး သံသရာထဲမှာ လည်နေဦးမှာပဲ။ သံသရာထဲမှာ လည်ပြီး ဒုက္ခရောက်နေမယ့် အနေအထားတွေက လွတ်မြောက်ဖို့အတွက် “ဒါက ဒုက္ခပဲ၊ ဒါက ဒုက္ခဖြစ်ခြင်းရဲ့  အကြောင်းတရားပဲ၊ ဒါက ဒုက္ခရဲ့  ချုပ်ငြိမ်းရာ ဖြစ်တယ်။ ဒါက ဒုက္ခ ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့် မဋိပဒါ ဖြစ်တယ်” လို့ ဒါကိုသိုဖို့၊ ဒါကို မြင်ဖို့၊ ဒါကို မျက်မှောက်ပြုနိုင်ဖို့ ဘာသာတရား ကျင့်သုံးမှုကို လုပ်ကြရတာ ဖြစ်တယ်.. တဲ့။
အဲဒီတော့ ဗုဒ္ဓဘာသာတွေ တရားကျင့်တာ၊ ဥပုသ်စောင့်တာပဲ ဖြစ်ဖြစ်၊ သမာဓိကျင့်စဉ်ကို ကျင့်တာပဲ ဖြစ်ဖြစ်၊ ၀ိပဿနာကျင့်စဉ်ကို ကျင့်တာပဲ ဖြစ်ဖြစ်၊ ဘာအတွက်လုပ်တာလဲ ဆိုတာတော့ အမှန်တရားကို သိဖို့ အတွက် လုပ်တာ တဲ့။
အဲဒီ အမှန်တရားမှာ ဒုက္ခနိရောဓ ဆိုတာ နိဗ္ဗာန် ပဲ။ အဲဒီတော့ နိဗ္ဗာန် ဆိုတာကို တွေ့မြင်မှ ဒုက္ခသမုဒယ ဆိုတဲ့ တဏှာကို ဖယ်နိုင်တာ။ ဒုက္ခ သမုဒယ တဏှာကို ဖယ်မှ ဒုက္ခ ဆိုတာကို ရပ်ဆိုင်းလို့ရမှာ၊ အဲဒီ အခြေအနေတွေ ရောက်ဖို့ရန် အတွက် “ဒုက္ခ နိရောဓ ဂါမိနိ ပဋိပဒါ” လို့ ဆိုတဲ့ “မဂ္ဂ” ကို ကိုယ့်သန္တာန်မှာ ထူထောင်ရမှာ ဖြစ်တယ်။ မြတ်စွာ ဘုရားက အကုန်လုံး ကွင်းဆက်နဲ့ ဟောတာ။ သစ္စာလေးပါး ဆိုတာ Buddhist practice ကို အကျဉ်းပြေားထားတဲ့ စကားပဲ။ အကျဉ်းဆုံးနည်းနဲ့ ပြောလိုက်တာ။
အဲဒီတော့ ဗုဒ္ဓဘာသာတစ်ယောက်ဟာ ဘာလုပ်ရမှာလဲလို့ဆိုရင် “ဒုက္ခ နိရောဓ ဂါမိနိ ပဋိပဒါ” ကို ကျင့်ရမှာ။ “ဒုက္ခ နိရောဓ ဂါမိနိ ပဋိပဒါ” ဆိုတာ ဘာလဲလို့ မေးမယ်ဆိုရင် မဂ္ဂင်ရှစ်ပါး “မဇ္စျိမ ပဋိပဒါ” ပဲ။ အဲဒီတော့ မဇ္ဈိမ ပဋိပဒါ ဆိုတာ တခြား သွားရှာရမှာ မဟုတ်ဘူး။ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ ဆိုတဲ့ မဂ္ဂင်ရှစ်ပါး အကျင့်တရားပဲ။ အဲဒီ မဂ္ဂင်ရှစ်ပါးကို မိမိရဲ့  သန္တာန်မှာ ထူထောင်ပေးတာ။ ထူထောင်နေတဲ့ အချိန်ကို ပုဗ္ဗဘာဂမဂ် လို့ခေါ်တယ်။ ပုဗ္ဗဘာဂမဂ် ဆိုတာ လောကုတ္တရာမဂ် မရခင် ရှေ့ ပိုင်းမှာ ဖြစ်နေတာ။ မဂ်၊ မဂ် နဲ့ ပြောတာဟာ ဒီ ၈ ခု အပေါင်းပဲ ဖြစ်တယ်။
“မဂ္ဂ” အဓိပ္ပါယ်
မဂ် ဆိုတာ အပေါင်းရဲ့ နာမည် Unity if 8 factors ပေါ့။ Unity ကို “မဂ္ဂ” လို့ ခေါ်တာ။ ဘာဖြစ်လို့ မဂ္ဂ လို့ ခေါ် တာတုန်းဆိုတော့ အဋ္ဌကထာ ဆရာကြီးတွေ ဖွင့်ပြတာ သိပ်ပြီးတော့ သဘောကျစရာကောင်းတယ်။ သမ္မောဟ ၀ိနောဒနိ အဋ္ဌကထာမှာ ၃ မျိုး ဖွင့်ထားတယ်။ စဉ်းစားတတ်ရင် သဘာဝကို ဖော်ဆောင်ပေးတဲ့ Defination တစ်ခုဆိုတာ သိရတယ်။
“မဂ္ဂ” ရဲ့  အဓိပ္ပါယ်ကို ပထမ ဘယ်လိုပြောသလဲလို့ဆိုရင် “နိဗ္ဗာနံ မဂ္ဂတိ ဂဝေသတီတိ မဂ္ဂေါ” တဲ့။ သူ့ဟာသူ ရှာပေးလိမ့်မယ်တဲ့။ ဟော ဒါ ဒုတိယ definition ဖြစ်တယ်။
နောက်တစ်ခါ သူ့ဟာသူ ရှာသွားတယ်ဆိုတာ ဘယ်လိုရှာတာတုန်းဆိုတော့ “ကိလေသေ မာရေန္တော နိဗ္ဗာနံ ဂစ္ဆတီတိ မဂ္ဂေါ - ကိလေသာတွေကို ဖယ်ရှားပစ်ပြီး နိဗ္ဗာန်ထဲ ပြေးဝင်သွားတာ” တဲ့။ ဟော နိဗ္ဗာန်ကို တွေ့အောင် ရှာတာလဲ မဂ္ဂင်ရှစ်ပါးပဲ။ ဒါကြောင့်မို့ “မဂ္ဂ” ဆိုတဲ့ နာမည်ကို ပေးထားတာနော်။
“မဂ္ဂ” ဆိုတဲ့ စကားလုံးကို အဓိပ္ပါယ် ၃ မျိုးနဲ့ မှတ်ရမယ်။ နိဗ္ဗာန် လိုချင်တဲ့ ပုဂ္ဂိုလ်တွေ ရှာရတဲ့အရာ၊ နိဗ္ဗာန်ကို ရှာပေးတတ်တဲ့ အရာ၊ ကိလေသာတွေကို ဖယ်ရှားပြီး နိဗ္ဗာန်ထဲကို ၀င်ရောက်တဲ့အရာလို့ ဆိုလိုတယ်။ အဲဒါဟာ ဘယ်တရားတွေလဲလို့ ဆိုရင် သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ စတဲ့ ဒီ မဂ္ဂင် ရှစ်ပါးပဲ တဲ့။
အဲဒ မဂ္ဂင်ရှစ်ပါးဟာ ဗုဗ္ဗဘာဂမဂ္ဂ လို့ ဆိုတဲ့ ၀ိပဿာနာဉာဏ် အခိုက်မှာ တစ်ခါတစ်ရံ သမ္မာဒိဋ္ဌိက ဦးဆောင် တယ်။ တစ်ခါတစ်ရံ သမ္မာသမာဓိတို့၊ သမ္မာဝါယာမတို့၊ သမ္မာသတိတို့က ဦးဆောင်နေတယ်။ ဒီလို တစ်ခုစီ တစ်ခုစီ သွားတယ်။ အားလုံးရဲ့  စွမ်းအင်သတ္တိဟာ တပြေးညီ ဖြစ်သွားပြီး သူ့အလုပ်ကို သူ တစ်ညီတည်း လုပ်သွားပြီ၊ တစ်ခုတည်း ကဲ့သို့ ဖြစ်သွားပြီဆိုရင် လောကုတ္တရာမဂ် အဆင့်ရောက်သွားပြီ။ မညီသေးဘူး တစ်စထောင် တစ်စလျော့ ဖြစ်နေသေးရင်း ၀ိပဿနာ အဆင့်ပဲ ရှိသေးတယ်။ ၀ိပဿနာအဆင့်ကို ပုဗ္ဗဘာဂမဂ် လို့ခေါ်တယ်။
အဲဒီ “ပုဗ္ဗဘာဂမဂ္ဂ” ဟာ အဆင့်မြင့်လာလို့ တစ်စထောင် တစ်စလျော့ မရှိတော့ဘဲ တစ်ညီတည်း စွမ်းဆောင်မှု ပေးသွားပြီ ဆိုတဲ့အခါ လောကုတ္တရာမဂ္ဂ ဖြစ်သွားရော။ အဲဒီ လောကုတ္တရာမဂ္ဂ ဖြစ်သွာပြီ ဆိုတဲ့ အခါ ဆိုင်ရာဆိုင်ရာ ကိလေသာတွေကို ဖယ်ပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုလိုက်တယ်။ နိဗ္ဗာန်ကို အာရုံပြုပြီးတော့ ဆိုင်ရာဆိုင်ရာ ကိလေသာတွေကို ဖယ်ရှားပစ်လိုက်လို့ အမှန်တရားကို သိခြင်းကိစ္စဟာ အဲဒီမှာပင် အဆုံးသတ်သွားတယ်ပေါ့။
အဲဒီတော့ ဘာသာတရားကို လိုက်နာကျင့်သုံးတယ်ဆိုတာ အဲဒီအသိဉာဏ်မျိုးရအောင် ကျင့်သုံးတာနော်။ သာမန် အားဖြင့် ပြောမယ်ဆိုရင်တော့ ဘာသာတရားကို ဘာလို့ ကျင့်သုံးကြတာတုန်းဆို “နိဗ္ဗာန်” ရချင်လို့ ဖြေကောင်း ဖြေမယ်။ အခု ရှင်သာရိပုတ္တရာ ဖြေဆိုတဲ့ အဖြေဟာ အလွန်ပြည့်စုံတဲ့ အဖြေပဲနော်။ ဘယ်တုန်းကမှ မသိသေးတာတွေ သိဖို့၊ ဘယ်တုန်းကမှ မမြင်ခဲ့တာတွေ မြင်ဖို့၊ ဘယ်တုန်းကမှ မရခဲ့သေးတာ၊ မျက်မှောက်မပြုခဲ့သေးတာတွေ ရဖို့ မျက်မှောက်ပြုဖို့ ဘာသာတရားကို ကျင့်သုံးကြတာတဲ့။
ဒါဖြင့် ဘယ်တုန်းကမှ မမြင်ခဲ့သေးတာတွေ၊ မရသေးတာတွေဆိုတာက ဘာတုန်းဆိုတော့ “သစ္စာလေးပါး” ပဲ။ သစ္စာလေးပါး မသိလို့ ဘုန်းကြီးတို့တစ်တွေ၊ သံသရာလည်နေကြတာ။ မြတ်စွာဘုရား ကိုယ်တိုင်က “ငါလည်း သံသရာလည်ခဲ့ရတယ်၊ မင်းတို့လည်း သံသရာလည်ခဲ့ရတယ်၊ အခု သစ္စာလေးပါးကို သိသွားပြီ၊ သိသွားတာနဲ့ တပြိုင်နက်၊ သံသရာလည်ခြင်း အကြောင်းတွေ အကုန်ဖယ်ရှားပြီးသွားပြီ” ။ ဒီလို ဆိုလိုတာနော်။
ဒါကြောင့်မို့ တရားချစ်ခင် သူတော်စင် ပရိသတ်အပေါင်းတို့..
ဘုရား တရားတော်တွေဟာ မြန်မာပြည်မှာ ပြည့်ပြည့်၀၀ တည်ရှိ ထွန်းကားနေဆဲပဲ ဖြစ်တယ်။ ဒီတရားတော်တွေ မြန်မာပြည်ရောက် လာအောင် သယ်ဆောင်လာခဲ့ကြတဲ့ ကျေးဇူးရှင်တွေဟာ ရှင်အရဟံ စတဲ့ ရဟန်းတော် အရှင်မြတ်ကြီး တွေပဲ ဖြစ်တယ်။သံဃာတော်တွေက သယ်ဆောင် လာပြီး စဉ်ဆက်မပြတ် ပို့ချပေးခဲ့လို့သာ ဒီတရားတွေရဲ့  အဓိပ္ပါယ်ကို သိနိုင်ခွင့် ရကြတယ်။ အကယ်၍ စာအုပ်တွေသာ သယ်လာပြီး ဗီရိုထဲ ထည့်ပစ်ခဲ့မယ်ဆိုရင် ဘယ်သူမှ သိမှာမဟုတ်ဘူး။
စာအုပ်ရှိပြီး သင်ဖို့လည်း လိုတယ်။ အခုလို သင်ယူပို့ချမှုတွေနဲ့ ဒီကနေ့ခေတ် မြန်မာနိုင်ငံမှာ ပရိယတ္တိ စာသင်တိုက်ကြီးတွေမှာ စာသင်နေကြတယ်။ ပို့ချပေးနေကြတယ်။ အဲဒီလို လုပ်နေတာဟာ သာသနာတော် တည်တံ့ရေး၊ သာသနာတော် ထွန်းကားရေးအတွက် အလုပ်လုပ်နေကြတာဆိုတာ ဘုန်းကြီးတို့ သဘောပေါက်ဖို့ လိုအပ်တာပေါ့။
ဒါကြောင့်မို့ စာပေကျမ်းဂန်ထဲမှာ “ပရိယတိံ္တယာ ဌိတာယ သာသနံဌိတံ” သင်ယူမှု ရှိနေသမျှ ကာလပတ်လုံး သာသနာ ရှိတယ်လို့ ဆိုတာ။ သင်ယူတယ်ဆိုတဲ့အခါမှာ ဒကာ၊ ဒကာမတွေက တို့နဲ့မဆိုင်ဘူးလို့ မအောက်မေ့လေနဲ့။ ကိုယ်လည်း တပိုင်တနိုင် သင်ရမှာပဲ ဖြစ်တယ်။ ဘုရားတရားတွေ ကိုယ်တိုင်သိအောင် သင်ဖို့ လိုအပ်တယ်။ နို့မို့ဆိုရင် သူများပြောတာ ငေးမောပြီး ဟိုလူပြောရင် ဟုတ်နိုးနိုး၊ ဒီလူပြောင် ဟုတ်နိုးနိုး၊ ဒီတရားနာ ဟုတ်နိုးနိုး၊ ဟို တရားနာ ဟုတ်နိုးနိုး။ ဒီလို ဟုတ်နိုးနိုးထဲကနေ ထွက်နိုင်မှာ မဟုတ်တော့ဘူးနော်။
ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ တရားတော်တွေ၊ ပိဋကတ် ( ၃ ) ပုံ တကယ့် အဆီအနှစ်တွေ မြန်မာပြည်မှာ ရှိနေတုန်း မှန်မှန်ကန်ကန်နဲ့ ဒီတရားတွေကို လေ့လာလိုက်စားကြမယ် သိရှိအောင် ကြိုးစားကြမယ်ဆိုရင် အများကြီး အကျိုး ရှိနိုင်ပါတယ်။
အဲဒီတော့ ကိုယ်ကိုယ်တိုင် သိနိုင်ခွင့် ရှိပါလျက်နဲ့ မသိဘူးလို့ဆိုရင် ကိုယ့်အတွက် ဆုံးရှုံးမှုတစ်ခု ဖြစ်တယ်။ ဗုဒ္ဓ မြတ်စွာ ဟောကြားတော်မူခဲ့တဲ့ တရားတော်တွေရဲ့  အနှစ်သာရအချုပ် တို့တတွေ အမှန်သိအောင် ကြိုးစား အား ထုတ် သင့်တယ်။ “ဘာသာတရား လိုက်နာကျင့်သုံးခြင်းရဲ့  ရည်ရွယ်ချက် အစစ်အမှန်ဟာ မသိသေးတာတွေ သိဖို့၊ အမှန်တရား တွေ သိဖို့၊ ဘာသာတရားလိုက်နာခြင်းသာ ဖြစ်တယ်၊ ကံ တရားတွေကို အပြောင်းအလဲ လုပ်ဖို့ ဘာသာတရားကို လိုက်နာတာ မဟုတ်ဘူး” ဆိုတဲ့ ရှင်သာရိပုတ္တရာရဲ့  အဖြေ၊ ရှင်မဟာကောဋ္ဌိက တို့ရဲ့  အမေး အဖြေကို နာယူမှတ်သားပြီး အသိဉာဏ် ရအောင် ကျင့်ကြံကြိုးကုတ် အားထုတ်တော် မူနိုင်ကြပါစေ ကုန် သတည်း။
အရှင်နန္ဒမာလာဘိဝံသ
ပါမောက္ခချုပ်ဆရာတော်
အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်
အပိုင်း ( ၄ )
အပိုင်း ( ၃ )
အပိုင်း ( ၂ )
အပိုင်း ( ၁ )
အပိုင်း ( ၄ )
အပိုင်း ( ၃ )
အပိုင်း ( ၂ )
အပိုင်း ( ၁ )
No comments:
Post a Comment