2 3 4 5 6 7 8 9 10

Friday, March 22, 2013

နှလုံးသွေးဖြင့် ရေးသည့်စာ




   လူနှင့်လူချင်း ရန်လိုမှုကင်း၍ ချစ်ခင်ကြင် နာမှု၊ စာနာသနားငဲ့ညှာမှု၊ ဝမ်းမြောက်ဝမ်းသာ မုဒိတာပွားနိုင်မှု၊ သူတစ်ပါးအကျိုး မထိခိုက်မနစ်နာစေမှု စသည့်သူမြတ်တို့၏ ကျင့်စဉ်များကိုသာ လူတိုင်းကိုယ်စီ ထာဝစဉ်လက်ကိုင်ထားနိုင်ကြမည်ဆိုလျှင် ငြိမ်းချမ်း သာယာသော လူ့ဘောင် လောကသည် အမှန်တကယ် ပေါ် ထွန်းလာမည်သာ ဖြစ်ပါသည်။ ထိုသို့မဟုတ်ဘဲ လူနှင့်လူချင်း မလို မုန်းထားမှု၊ ရန်လိုမှု၊ အာဃာတ တရားကြီးမားမှု၊ နိုင်လိုမင်းထက် နှိပ်စက်ကလူပြုမှုတို့သာ တိုးပွားများ ပြားနေခဲ့ပါမူ ဤလောကတွင် ငြိမ်းချမ်းသာယာမှုနှင့် အလှမ်းကွာဝေး နေဦးမည်သာဖြစ်ပါသည်။


    ကြုံတွေ့လာရသည့် အကြောင်းခြင်းရာ အရေးကိစ္စတစ်ခု ခုအပေါ်တွင် တစ်ဦးနှင့်တစ်ဦး နား လည်မှုရှိစွာ ညှိနှိုင်းဆွေးနွေး အဖြေ ရှာခြင်းဖြင့် မလိုလားအပ်သော ဆိုး ကျိုးများကို ဖယ်ရှားရှင်းလင်းနိုင်မည် ဖြစ်သော်လည်း တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ မလို မုန်းထား ရန် ညှိုးပွားကာ ပဋိပက္ခအသွင်ဖြင့် ခိုက် ရန်ဒေါသဖြစ်ကာ သူ့ကိုငါသတ်၊ ငါ့ကိုသူသတ်နှင့် ဗုံလုံတစ်လှည့် ငါးပျံတစ်လှည့် လက်တုံ့ပြန်နေကြ မည်ဆိုလျှင် အဆုံးမသတ်နိုင်သော ပဋိပက္ခများသာလျှင် ပိုမိုကြီးထွား လာနိုင်စရာရှိသည်။ သူရော ကိုယ် ပါ နှလုံးစိတ်ဝမ်းချမ်းမြေ့မှု ကင်းဝေး လျက် သောကနှလုံး ကြိမ်မီးအုံး သည့်ပမာ ပူလောင်ပြင်းပျခံစားနေ ကြရမည်သာဖြစ်သည်။



    ချစ်လျှင်အကျိုး၊ မုန်းလျှင် အပြစ် ဆိုစကားအရ တစ်နှင့်တစ်ဦး တစ်ဖက်နှင့်တစ်ဖက် မေတ္တာရှေ့ ထားကာ ဆက်ဆံပေါင်းသင်းနေ သမျှ အပြစ်မမြင် ချစ်ခင်ရင်းနှီးနိုင် ကြသော်လည်း တစ်ဦးနှင့်တစ်ဦး၊ တစ်ဖက်နှင့်တစ်ဖက် သံသယပွား ကာ မလိုမုန်းထားစိတ်များ ဝင်လာသည့်အခါတွင်မူ အပြစ်အနာအဆာများ တိုးပွားပေါ်ပေါက်လာလျက် ခိုက်ရန်ဒေါသဖြင့် သတ်ကြ ဖြတ်ကြသည် အထိ ဖြစ် တတ်ကြ သည်မှာ လောကဓမ္မတာဟုပင် ဆိုရပါမည်။
    သို့ရာတွင် ညှိုးသူရန် ဘက်သဖွယ် သဘောထားသတ် မှတ်ခြင်းကို ခံရသော်လည်း ရန်တုံ့ မပြန်၊ အာဃာတမဖက်၊ မေတ္တာ ပွားလျက် စိတ်သဘောထားကြီး မားစွာဖြင့် သည်းခံခွင့်လွှတ်နိုင် သည့် မြင့်မြတ်သော နှလုံးသား ပိုင်ရှင်တစ်ဦးသည် တစ်ချိန်တစ် ခါက မြန်မာ့မြေပေါ်တွင် အမှန်တကယ်ပေါ်ပေါက်ခဲ့ဖူးလေသည်။ သူကဲ့သို့သော မြင့်မြတ်သောနှလုံးသားပိုင်ရှင်တွေ ဤ ကမ္ဘာမြေပေါ် တွင် မလွဲမသွေ ပေါ်ပေါက်ခဲ့ဖူးမည်ဖြစ်ပြီး သမိုင်း မှတ်တမ်းများလည်း ကျန်ရစ်မည် သာဖြစ်ပါသည်။ သို့ရာတွင် သူ့ အဖို့မူ ကဝိစာဆိုတစ်ဦးဖြစ်သည့် အားလျော်စွာ စာပေလင်္ကာရေးဖွဲ့ နိုင်ခဲ့သူဖြစ်၍ မြန်မာနိုင်ငံသမိုင်းတွင် အထင်ကရ မော်ကွန်း ထိုး နိုင်ခဲ့လေသည်။
ထိုသူကား အနန္တသူရိ ယအမတ်။


လွန်ခဲ့သော နှစ်ပေါင်း ၉ဝဝ နီးပါးခန့် သက္ကရာဇ် ၅၂၆ က ပုဂံခေတ် နရပတိစည်သူမင်း လက်ထက်တွင်ဖြစ်ပေါ်ခဲ့သော အကြောင်းခြင်းရာတစ်ရပ်ပင် ဖြစ်သည်။
  နောင်တော် နရသိင်္ခမင်းကို ညီတော် နရပတိစည်သူ အိမ် ရှေ့မင်းက ခံပြင်းနာကြည်းစိတ် ဖြင့် လုပ်ကြံသတ်ဖြတ်ကာ မင်းပြု ခဲ့သည်။ နရပတိစည်သူမင်း အာဏာရရှိလာချိန်တွင် နောင်တော်၏ အထိန်းတော်သားလည်းဖြစ်၊ ပညာ ရှိ ကဝိတစ်ဆူ လည်းဖြစ်သော အနန္တသူရိယအမတ်ကြီးကိုလည်း ညှိုးသူရန်ဘက်ပမာ စိတ်မချနိုင်ရှာသဖြင့် ကွပ်မျက်သုတ်သင်စေသည်။ အနန္တသူရိယ အမတ်ကြီး အဖို့ ရဲရင့်တည်ကြည်သော မြင့် မြတ်သော နှလုံးသားပိုင်ရှင်ဖြစ် သည့်အားလျော်စွာ သေအံ့မူးမူး အချိန်၌ ပင် စာပိုဒ်လေးပိုဒ်ပါ လင်္ကာတစ်ပုဒ်ကို ဖွဲ့ဆိုရေးသား လျက် မင်းကြီးအား ဆက်သစေ ၏။ ထိုလင်္ကာမှာ မျက်ဖြေလင်္ကာ တစ်ပုဒ် အဖြစ် မြန်မာ့သမိုင်း၌ ထင်ရှားကျော်ကြားခဲ့လေသည်။
ထိုလင်္ကာမှာ-


သူတည်းတစ်ယောက် ကောင်းဖို့ ရောက်မူ
သူတစ်ယောက်မှာ ပျက်လင့်ကာ သာ၊ ဓမ္မတာတည်း။
ရွှေအိမ်နန်းနှင့် ကြငှန်းလည်းခံ
မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊
သမုဒ္ဒရာ၊ ရေမျက်နှာထက်
ခဏတက်သည့်၊ ရေပွက်ပမာ
တစ်သက်လျာတည်း။
ကြင်နာသနား၊ ငါ့အားမသတ်၊
ယခုလွှတ်လည်း၊ မလွတ်ကြမ္မာ
လူတကာတို့၊ ခန္ဓာခိုင်ကျည်၊
အတည်မမြဲ၊ ဖောက်လွှဲတတ်သည်
မချွတ်စသာ၊ သတ္တဝါတည်း။
ရှိခိုးကော်ရော်၊ ပူဇော်အကျွန်
ပန်ခဲ့တုံ၏၊ ခိုက်ကြုံဝိပါက်
သံသာစက်၌၊ ကြိုက်လတ်တုံမူ
တုံ့မယူလို၊ ကြည်ညိုစိတ်သန်
သခင်မွန်ကို၊ ချန်ဘိစင်စစ်
အပြစ်မဲ့ရေး၊ ခွင့်လျှင်ပေး၏
သွေးသည်အနိစ္စာ၊ ငါ့ခန္ဓာတည်း။


အနန္တသူရိယအမတ်ကြီး ဆက်သလိုက်သော ထိုမျက်ဖြေလင်္ကာကို ဖတ်ကြားစေ၍ မင်းကြီးကြားနာတော်မူသောအခါ နောင်တကြီး စွာရလျက် လွှတ်စေဟု မိန့် တော်မူ၏။ သို့ရာတွင် သူသတ်တို့ က လွန်ခဲ့ပြီဟူ၍ လျှောက်တင်ရာ မင်းကြီးမှာ ယူကျုံးမရ ခံစားရလေ သည်။ ကြမ်းတမ်းခက်ထန်လှ သော နရပတိစည်သူမင်းကြီးမှာ ထိုမျက်ဖြေလင်္ကာကို ဖတ်ရှုကြား နာရချိန်မှစ၍ နှလုံးစိတ်သည် နူး ညံ့ပျော့ပျောင်းလျက် သတိသံဝေ ဂကြီးစွာ ရရှိသွားခဲ့လေတော့သည်။
   အနန္တသူရိယအမတ်ကြီး အဖို့မူ ထိုမျက်ဖြေလင်္ကာကို သေအံ့မူးမူးအချိန်၌ အသိဥာဏ်နှင့် နှလုံးသားပေါင်းလျက် အသက်သွေးဖြင့် စတေး၍ ရေးဖွဲ့ခဲ့ခြင်းပင် ဖြစ်သည်။
   တစ်နည်းအားဖြင့်ဆိုရလျှင် ထိုမျက်ဖြေလင်္ကာသည် အနန္တသူ ရိယအမတ်ကြီး၏ နှလုံးသွေးဖြင့် ရေးသည့်စာ၊ နှလုံးသွေးဖြင့်ရေး သည့်ကဗျာဟူ၍ ဆိုရသော် မှားအံ့ မထင်။ လွန်အံ့မထင်။ လင်္ကာရေး ဖွဲ့သူ အနန္တသူရိယအမတ်ကြီးအဖို့ နရပတိစည်သူမင်းကြီး၏ ညှိုးသူ ရန်ဘက်သဖွယ် သဘောထား သတ်မှတ်ခြင်းခံရသော်လည်း ရန် တုံ့ပြန်လိုခြင်းမရှိ။ အာဃာတ မထား။ ပေဖြစ်လျှင်ခံ၊ တူဖြစ်လျှင် နှံဟူသော အတုံ့အလှည့်သဘော မျိုး အလျှင်းမရှိ။ မေတ္တာစိတ်၊ ကရု ဏာစိတ် ပြည့်ဝထက်သန်စွာဖြင့် သည်းခံခွင့်လွှတ် လျက် သံသရာ အဆက်ဆက် ကြုံတွေ့ရနိုင်သည့် ရန်စွယ်အန္တရာယ်မှန်သမျှတို့ကို ကျေအေးဖြေသိမ့်နိုင်ခဲ့လေသည်။ အနန္တသူရိယ အမတ်ကြီးအဖို့ ရဲရင့် တည်ကြည်သော၊ မြင့်မြတ်သော နှလုံးသားပိုင်ရှင် အစစ်အမှန်ဖြစ်ကြောင်း ထိုမျက်ဖြေလင်္ကာကပေါ် လွင်ထင် ရှားစွာ သက်သေထူပြ လျက် ရှိလေတော့သည်။


    ကဝိစာဆိုပညာရှိ အနန္တ သူရိယအမတ်ကြီး၏ စာပိုဒ်လေး ပိုဒ်ပါ ထိုမျက်ဖြေလင်္ကာသည် လွန် ခဲ့သည့် နှစ်ပေါင်း ၉ဝဝ နီးပါးခန့် ကပင် ပေါ်ပေါက်လာခဲ့ခြင်းဖြစ် သော်လည်း ယနေ့ကာလတိုင် အောင် မှေးမှိန်ပျောက်ကွယ်သွား နိုင်ခြင်းမရှိရုံမက ပို၍ပို၍ပင် ထင် ရှားပေါ်လွင် ထွန်းပြောင်နေဆဲပင် ဖြစ်သည်။ 


  ထိုမျက်ဖြေလင်္ကာမှာ ထိုစဉ်ကာလမှစ၍ ယနေ့ကာလတိုင်အောင်သာမက နောင်နှစ်ပေါင်းများစွာသော ကာလများ သို့တိုင် အောင် အများသူငါတို့အဖို့ သတိ သံဝေဂရဖွယ်၊ နှလုံးသွင်းဆင်ခြင် ဖွယ်၊ မီးရှူးတန်ဆောင်ပမာ ထွန်း လင်းညွှန်ပြနေဦးမည်သာဖြစ်ပါ သည်။ ထိုနည်းတူ ထိုလင်္ကာရေးဖွဲ့ သူ ကဝိစာဆိုအမတ်ကြီး အနန္တ သူရိယဟူသော အမည်နာမထူး သည်လည်း အများသူငါတို့၏ နှလုံး သည်းပွတ်၌ မြတ်နိုးလှစွာ စွဲထင် ကိန်းအောင်းနေဦးမည်သာဖြစ် ပါသည်။


မောင်ဉာဏ်ထက် 
 Myanmar Market Journal 

 

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>