2 3 4 5 6 7 8 9 10

Saturday, April 20, 2013

အမျိုးသားကဗျာဆရာကြီး တင်မိုး

   ကဗျာဆရာကြီး တင်မိုးအကြောင်း ကျနော်သိ သလို ပြောပြပါ့မယ်။ သိတာတွေ ကတော့ အများ ကြီးပဲ၊ လိုရင်းတွေကိုဖြတ်ပြောချင်တယ်။ ဦးတင်မိုးနဲ့ကျနော် မန္တလေးတက္ကသိုလ်မှာ ဆုံခဲ့ ကြုံခဲ့ကြတယ်။ နောက် မန္တလေးစာပေလောကရဲ့ အဓိကဌာနတခုဖြစ်တဲ့ လူထု စာပေ တိုက်မှာလည်း အတူပါဝင်ထမ်းဆောင်ကြရင်း ကြုံကြ ဆုံကြရ ပါတယ်။ နောက် မန္တလေးက အနုပညာသည်တွေ ရန်ကုန်မြို့ကို ဆင်းကြတော့လည်း အတူတူပါပဲ။ 

   နောက်တော့ မြန်မာပြည်ကထွက်ခွာကြတော့လည်း အမေရိကန်နိုင်ငံမှာ ပြန်ပြီးတော့ ဆုံကြရပြန်ပါ တယ်။ ဆုံတယ် ကြုံတယ် ဆိုတာက မည်ကာမတ္တထက်ပိုပါတယ်။ သူငယ်ချင်းမက ညီအစ်ကိုတမျှတွေ ဖြစ်ကြလို့ ကျနော်တို့ချင်းတွေ့ကြ တိုင်း နာရီများစွာ စကားတွေ အလုအယက်ပြောကြတာ ဘယ်တော့မှ ကုန်တယ် ဆုံးတယ် ရောင့်ရဲကျေနပ်တယ် ရယ်လို့ မရှိကြပါဘူး။ အတိတ်က အဖြစ်အပျက်တွေ၊ စာပေ၊ ဂီတအကြောင်းတွေ၊ အနုပညာ အကြောင်းတွေ နိုင်ငံရေး၊ လူမှုရေး စတာတွေ အစုံပါပဲ။


      ကိုတင်မိုး (၀ါ) ကိုဘဂျမ်းဆိုတာက အထက်မြန်မာပြည် မြင်းခြံနယ် ကမြဲဇကြမ်း (အသံထွက်အတိုင်း မြိန်လွန်းလို့ ရေးလိုက်တာပါ) က တောသားကဗျာဆရာပါ။ သူ့ကို ကျနော်က ကိုဘဂျမ်းလို့ ခေါ်ရတာ လည်း သိပ်မြိန်ပါတယ်၊ သူက သူ့ကဗျာအနုပညာနဲ့ မန္တလေးမြို့တက်လာတယ်။ မြို့တော်ရန်ကုန်ထိ တက်တယ်၊ မြန်မာတနိုင်ငံလုံးကို ပတ်တယ်၊ နောက်တော့ ကမ္ဘာကိုပတ်တော့တာပဲ။ သူ ဘယ်ကိုသွား သွား သူ့ကိုယ်ပိုင်ကဗျာ အနုပညာယာဉ်ကိုစီးပြီး ငြိမ့်ငြိမ့်ညောင်းညောင်း ထိထိရောက်ရောက် ခရီးနှင် တာပါပဲ။


သူ့ကဗျာဝိညာဉ်က သူ့စိတ်ရင်းအတိုင်း ပကတိ အလွန်ရိုးသား ရှင်းလင်းကြည်လင်တယ်၊ ရဲရင့်တယ်၊ ပြတ်သားတယ်၊ ယဉ်ကျေးသိမ်မွေ့ပြီး ပျော့ပျောင်းနူးညံ့တယ်။ ဝေါဟာရတွေကြွယ်ဝသလို ပြေပြစ် ညက်ညောတဲ့ ကာရံနဘေတွေနဲ့ ဝေဆာလှပပါတယ်။

သူက တိုင်းပြည်နဲ့လူမျိုးကို သိပ်ချစ်တယ်။ တိုင်းပြည်နဲ့ လူမျိုးအကျိုးရှိအောင် ဆောင်ရွက်ချင်စိတ် ပြင်းထန်တယ်။ ဒါပေမယ့် အဲဒီလို ဆန္ဒဓိပတိ ကြီးမားတာကို ထုတ်ဖော်ပြီးပြောပြခဲတယ်။ လက်တွေ့ ပဲလုပ်တယ်။ သူကျွမ်းကျင်တဲ့ စာပေနဲ့ ကဗျာကို မဏ္ဍိုင်ထားပြီး အများကြီးလုပ်တယ်။ နေ့တိုင်းလုပ် တယ်၊ ရောက်ရာအရပ်တိုင်းမှာပြောတယ်၊ ဟောတယ်၊ လုံ့လ၀ိရိယသိပ်ကောင်းတယ်။ တိုင်းပြည်နဲ့ လူမျိုးအတွက် အများကြီးအကျိုးရှိတယ်။ စာပေနဲ့ဆောင်ရွက်တာဖြစ်လေတော့ ထာဝရအကျိုးပွားများ နေတယ်။

သူ့ကဗျာစာပေအများစုကို သူ့ရဲ့ တိုင်းပြည်နဲ့ လူမျိုးအပေါ်ထားတဲ့ ကြီးမားတဲ့ စိတ်ရင်းစေတနာသဒ္ဒါ တရားပေါ်မှာ အခြေခံ အုတ်မြစ်ထား ရေးသားပါတယ်။ ဒါ့ကြောင့် မေတ္တာဓာတ်အပြည့်နဲ့ သြဇာကြီးတယ်။ သူ့ဆန္ဒ သူ့စေတနာဆိုတာကလည်း သိပ်ရှင်း ပါတယ်။ သူက အမှန်တရားဘက်ကသာ ရပ်လိုတယ်။
အဓမ္မတရားကို ဆန့်ကျင်တယ်။ လူတိုင်းကို စာပေဗဟုသုတ၊ ဘ၀ဥာဏ်အလင်းနဲ့ ပြည့်ဝစေချင်တယ်။ ဒါမှလည်း အမှန်တကယ် လွတ်မြောက်နိုင်ကြမှာကိုး။ သူ့စေတနာကို လူတိုင်းလက်ခံနားလည် ကျင့်သုံးနိုင်ပါတယ်။ အာရုံစူးစိုက်ကြိုးပမ်းကြဖို့သာ အရေးကြီးပါတယ်။



တိုင်းပြည်နဲ့လူမျိုးအပေါ် စေတနာထားရာမှာ လွတ်လပ်တဲ့စိတ်ကိုမြတ်နိုးသလို ကျယ်ကျယ်ပြန့်ပြန့် လည်း ခံယူနိုင်စွမ်းရှိတယ်။ ကာလဒေသနဲ့ မျက်ခြည်မပြတ် ပူးကပ်နွေးထွေးနေတတ်တယ်။ ကာရံဥာဏ်အား နဘေဥာဏ်အား သန်စွမ်းတဲ့အတွက် ကာရံမဲ့ ကဗျာကို အရေးနည်းတယ်။ မိုဒန်တာ မဒန်တာကို ဂရုမထား၊ အယူအဆ အတွေးအခေါ်ခြားနားတာတွေကို လေးစားတယ်။ လွတ်လပ်စွာ ကွဲလွဲခွင့်ကို တန်ဖိုးထားတယ်။ ဒါကြောင့် တကမ္ဘာလုံးအနှံ့ရှိကြတဲ့ အလွှာစုံ မြန်မာတွေက ဆရာကြီး ဦးတင်မိုးကို သိပ်ချစ်ကြတယ်။ ရောက်လေရာရာမှာ ကြည်ကြည်နူးနူးနဲ့ ကြိုဆိုကြ ဂါရ၀ပြုကြတယ်။ သူ့အတွက် ဂုဏ်ယူကြတယ်။ သူလုပ်သမျှ တိုင်းပြည်အကျိုး ကောင်းမှုကုသလ၊ အနုရသတွေအတွက်
ဝမ်းမြောက် အနုမောဒနာပြုကြတယ်။

ကဗျာဆရာကြီးဦးတင်မိုးဟာ လွတ်လပ်မှုကို သိပ်ကြိုက်ပါတယ်။ အကြိုက်လွန်တယ်လို့တောင် ပြောနိုင် ပါတယ်။ ယုတ်စွအဆုံး ကျန်းမာရေးအတွက် အသက်အရွယ်ရလာတော့ အစားဆင်ခြင် အနေဆင်ခြင် ဆိုတဲ့ ကိစ္စတွေကိုတောင် မလွတ်လပ်ဘူးလို့ ယူဆတယ်။ ဆေးဝါးတွေမှီဝဲဖို့ အကန့်အသတ်အောက် ရောက်ရမှာကို မနှစ်မြို့ဘူး။ အလွတ်လပ်ဆုံး သွားလာ စားသောက် ရေးသားဟောပြော လှုပ်ရှားလိုတဲ့ဆန္ဒ ပြင်းပြတယ်။ အဲဒီလိုပဲ နေထိုင်ရှင်သန်သွားတယ်။

အမျိုးသားကဗျာဆရာကြီးဦးတင်မိုး ရုတ်တရက်ကွယ်လွန်သွားရတာနဲ့ ပတ်သက်လို့ အဆိုးဝါးဆုံး ဆုံးရှုံးမှုကြီးထဲက အကောင်း တကွက်ကို ထုတ်ကြည့်ကြရရင် ကွယ်လွန်ချိန်မှာ နာတာရှည်ဝေဒနာ ခံစားမသွားရခြင်းဘဲဖြစ်ပါတယ်။

       ကျနော့်မိတ်ဆွေကြီး၊ သူငယ်ချင်းကြီး၊ (ကျနော့်ထက် နှစ်နှစ်ကြီးပါတယ်) ကမြဲဇကြမ်းက တောသား ကဗျာဆရာကြီး၊ အမျိုးသားကဗျာဆရာကြီး ကိုတင်မိုး (ကိုဘဂျမ်း) ကောင်းရာသုဂတိရောက်မှာ သေချာပါတယ်။

ဝင်းဖေ (ပန်းချီ၊ ဂီတ၊ စာပေနဲ့ ရုပ်ရှင်)
( ခေတ်ပြိုင်ဂျာနယ် )  


No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>