2 3 4 5 6 7 8 9 10

Friday, April 19, 2013

ငုံ့ကြည့်၊ မော့ကြည့်


မင်းကွန်းဆရာတော်ဘုရား ကြီးရဲ့ အဆိုအမိန့်တစ်ခု ရှိခဲ့ဖူး တယ်။ လေ့လာ မှတ်သား စရာမို့ မှတ်သားနာယူခဲ့ပါတယ်။ တစ်စုံ တစ်ရာ စိတ်အကျပ် အတည်း နဲ့ ဖောက်ထွက်ရမယ့် အခက်အခဲ တွေနဲ့တွေ့တိုင်း ခံယူကျင့်သုံးမိပါ တယ်။ ဆရာတော်က ''အလို မကျ တဲ့ကိစ္စတွေအတွက် ငုံ့ကြည့်၊ မာန် တက်နေ ရင် မော့ကြည့်'' ဆိုပြီး ဆို  ဆုံးမခဲ့ဖူးတယ်။ စာကလေးနှစ် ကြောင်း ပဲဖြစ်ပေမယ့် အဓိပ္ပာယ်က အလွန်လေးနက်ကျယ်ဝန်းတယ်။ ကိုယ့်ရဲ့အတွေး၊ ကိုယ့်ရဲ့ ဉာဏ် ပညာအရ အကျယ်ချဲ့ရင် ချဲ့သလို ရနိုင်ပါတယ်။ ဒုတိယအတွေးတွေ၊ ထပ်ဆင့် အတွေးတွေနဲ့လည်း ကိုယ့် ဘဝကို ရှုမြင်ဆုံးမနိုင်ပါရဲ့။


  ပထမဆုံး စာကြောင်းရဲ့ အဓိပ္ပာယ်ကို စဉ်းစားကြည့်ရ အောင်။ ''အလိုမကျတဲ့ကိစ္စတွေ အတွက် ငုံ့ကြည့်'' တဲ့။ လူရယ်လို့ ဖြစ် လာကြရင် လူတိုင်းဟာ ဘဝ အစက အဆုံးအထိ အလိုရမ္မက် တွေနဲ့ မွန်းကျပ်နေတတ်တယ်။ မပြည့်စုံနိုင်တဲ့ ဆန္ဒတွေနောက်ကို ပင်ပင်ပန်းပန်းလိုက်ရင်း အချိန် တွေကို ဖြုန်းတီးနေတတ်တယ်။ ငွေတစ်ရာ မရှိခင်က ငွေတစ်ရာ လောက် လက်ထဲမှာရှိနေရင် တော် ပါပြီဆိုတဲ့ အတွေးနဲ့ အဲဒီငွေတစ် ရာ ပိုက်မိအောင် ကြိုးစားလေ့ ရှိ ကြတယ်။ ကိုယ့်ရဲ့ လုံ့လဝီရိယ၊ တက်ပွန်နားလည်ခဲ့တဲ့ ပညာ၊ ပေး လာတဲ့အခြေအနေတွေအရ ကိုယ် လိုချင်တဲ့ အဲဒီငွေတစ်ရာကို လက် ဝယ်ပိုင်ပိုင် ရနိုင်ခဲ့ပါတယ်။


    ဒါပေမယ့် လူဆိုတာ ဆန္ဒရဲ့ သားကောင်တွေပါ။ မကုန် ဆုံးနိုင်တဲ့ လောဘများရဲ့ စေစား ရာကို ဆောင်ရွက်နေရတဲ့ သူတွေ ပါ။ ဒီတော့ တစ်ရာရှိလာရာက တစ်ထောင်ရှိချင်လာတယ်။ တစ် ထောင်ရရှိပိုင်ဆိုင်နိုင်အောင်လည်း ကြိုးစားကြပြန်တယ်။ တချို့က ရိုး ရိုးသားသား၊ တချို့က ဆန်းဆန်း ပြားပြား၊ လုပ်သင့်တာလုပ်ပြီး သမ္မာအာဇီဝကျတဲ့ အသက်မွေး ဝမ်းကျောင်းအလုပ်နဲ့ လိုချင်တာ ရအောင် ရှာဖွေစုဆောင်းတဲ့လူတွေ ရှိသလို တချို့ကလည်း အမြန်ဆန္ဒ ပြည့်ဖို့ အမြန်သူဌေးဖြစ်ဖို့ ဖြတ် လမ်းနည်း၊ မသမာ တဲ့ နည်းတွေ နဲ့ ကြိုးစားလေ့ရှိကြတယ်။ ဒီအချိန် မှာ တချို့လည်း အောင်မြင်သွား ကြပါတယ်။ တစ်ရာကနေ တစ် ထောင် ကိုင်နိုင်တဲ့ အနေအထားကို ရောက်သွားကြပါတယ်။
   ဒါဟာ အားလုံးတော့ မ ဟုတ်ဘူး။ တချို့လို့ ဆိုထားတဲ့ အတွက် ဆန္ဒမပြည့်ဝတဲ့လူတွေ အများကြီး ကျန်နေပေဦးမယ်။ လို ချင် တဲ့ တစ်ထောင်၊ ပိုင်ဆိုင်ချင်တဲ့ တစ်ထောင်အတွက် အကြိမ်ကြိမ် အခါခါ အသည်းအသန် ကြိုးစား နေကြဦးမှာ သေချာတယ်။ နာရီ လက်တံကို တွဲခိုပြီး အချိန်ကာလ တွေ အများကြီး ဖြတ်သန်းခဲ့ကြပေ မယ့် သူတို့ဖြစ်ချင်တာ မဖြစ်ကြရ တဲ့ အနေအထားမျိုးနဲ့သာ ကြုံ တွေ့ရလေ့ရှိတယ်။ ဒီအခါ စိတ် ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်သွားကြရုံမ က ဘဝဟာ နေချင်စဖွယ်မကောင်း ဘဲ ဖြစ်သွား တတ်ကြ တယ်။

    ဒီလိုလူတွေဟာ အမှန်ပဲ အောက်ကို ငုံ့ကြည့်သင့်တယ်။ တစ်ထောင်အတွက် စိတ်သောက ရောက်နေရပေမယ့် ကိုယ့်လက်ထဲ မှာ တစ်ရာရှိသေးတယ်ဆိုတာကို မေ့နေတတ်ကြတယ်။ တစ်ရာကို ပိုင်ဆိုင်နေဆဲဖြစ်တယ်ဆိုတာ သ တိမူသင့်တယ်။ ဒီအချိန်မှာ အဲဒီ လူတွေဟာ အမှန်တကယ်ပဲ ငုံ့ ကြည့်သင့်တယ်။ အောက်ကို ငုံ့ ကြည့်သင့်တယ်။ ကိုယ့်လောက၊ ကိုယ့်ပတ်ဝန်းကျင်ကို ငုံ့ကြည့်သင့် တယ်။
   ဒီအချိန်မှာ တွေ့လာရ လိမ့်မယ်။ ကိုယ့်လို တစ်ရာကို တောင် ပိုင်ဆိုင်ခွင့်မရတဲ့လူတွေ၊ တစ်ရာမပြောနဲ့ တစ်ဆယ်တောင် မပိုင်တဲ့သူတွေ ဒါမှမဟုတ် လက် ချည်းဗလာနဲ့ ခက်ခဲဆင်းရဲ ငတ် ပြတ်နေကြတဲ့လူတွေကို မလွဲမသွေ တွေ့လာရလိမ့်မယ်။ ဒုက္ခ ပင်လယ် ထဲမှာ မျောပါကူးခတ်နေရတဲ့သူ တွေကို တွေ့လာရလိမ့်မယ်။ သူတို့ ရဲ့ ဆန္ဒဟာ တစ်ထောင်ရရှိရေး ဟုတ်မယ်မထင်ဘူး။ ကိုယ်ပိုင်ဆိုင်ခွင့်ရထားတဲ့ တစ်ရာလည်း ဟုတ် မယ်မထင်ဘူး။ အဲဒီထက် အရေ အတွက်နည်းတဲ့ ဂဏန်းကလေး တွေ သာ ဖြစ်လိမ့် မယ်။ ထမင်းဝဖို့ သာ ဖြစ်လိမ့်မယ်။ ထမင်းနပ်မှန်ဖို့ သာ ဖြစ်လိမ့်မယ်။

    အဲဒီတော့ ကိုယ်က ကိုယ့်ဒုက္ခက ကြီးလှပြီ။ ကိုယ့်သော က က တောင်လိုမောက်နေတယ် ဆိုတဲ့ အတွေးတွေ ပျောက်သွား လိမ့်မယ်။ ကိုယ့်ထက်ဆိုးတဲ့လူတွေ လောကကြီးမှာ အများအပြား ရှိ သေးပါလားဆိုတာ နားလည်လာ လိမ့်မယ်။ ဒါကြောင့် မင်းကွန်းဆရာတော်ဘုရားက ''အလိုမကျတဲ့ ကိစ္စတွေအတွက် ငုံ့ကြည့်ပါ'' လို့ ပြောခဲ့တာဖြစ်လိမ့်မယ်။ ဒီအတိုင်း ပဲ မာန်တက်နေ ရင် မော့ကြည့်လို့ ပဲ ဆုံးမပြန်ပါသေးတယ်။


   ဟုတ်တယ်။ တချို့က မမြင်ဖူးရင် မူးကို မြစ်ထင်တတ် ကြတယ်။ မြစ်မရှိ၊ ချောင်းမရှိတဲ့ အရပ်က လူဟာ တစ်နယ်တစ် ကျေး ကိုရောက်တော့ ရေတွေတ သွင်သွင် စီးနေတဲ့ နေရာတစ်နေ ရာကို ရောက်သွားတယ်။ မူးဆိုတဲ့ ချောင်းတစ်ခုကိုပါပဲ။ မူးချောင်းမှာ က ရေတွေအများကြီးပဲ။ ဒီတော့ မြစ်ဆိုတာ ဒါပဲထင်ပါရဲ့လို့ သူက တွေးသွားတော့တယ်။ မြစ်ကို မြင်မှ မမြင်ဖူးတာကိုး။ ဒီတော့ မူးဟာ မြစ်ဖြစ်တော့တာပေါ့။ ဒီအတိုင်းပဲ အရင်က ခက်ခက်ခဲခဲ ချို့ချို့ငဲ့ငဲ့နဲ့ ဘဝကို ဖြတ်သန်းခဲ့ရတဲ့ လူတစ်ဦး ဟာ အကျိုး အကြောင်း အချက် အလက်တစ်ခုခုကြောင့် တစ်စုံတစ် ရာ အဆင်ပြေသွားတဲ့အခါ မူလက သူ့ဘဝကို မေ့သွားတတ်တယ်။
   ဘယ်သူ့ကိုမှ မျက်စိထဲ မှာ မထားတော့ဘူး။ ကိုယ်သာ အ တော်ဆုံး၊ အတတ်ဆုံး၊ အချမ်းသာ ဆုံး လူရယ်လို့ ထင်နေ တတ် တယ်။ ငါနဲ့ငါသာ နှိုင်းစရာလို့ မြင်တတ် တယ်။ ဒီလို ပုဂ္ဂိုလ်မျိုးကို အမှန် မြင်စေချင်ရင် သူ့ကို အပေါ်ကို မော့ကြည့်ခိုင်းရတယ်။ ဒီအခါမှာ သူ့ထက် ရာထူးဂုဏ်သိန် ဥစ္စာဓန ပိုပြီး ကြယ်ဝများပြားတဲ့ ပုဂ္ဂိုလ်တွေ ကိုတွေ့သွားလိမ့်မယ်။သူဂုဏ်ယူမောက်မာနေတာတွေဟာ သေး သေးလေးတွေ ဖြစ်သွားလိမ့်မယ်။ နွားခြေရာခွက်ကလေးကို မဟာသမုဒ္ဒရာကြီးလို့ ထင်နေတဲ့ သူရဲ့အတွေးမှား အမြင်မှားတွေကိုတွေ့သွားလိမ့်မယ်။ ဒါကြောင့် ဆရာ တော်က ''မာန်တက်နေရင် မော့ ကြည့်ခိုင်းပါ'' လို့ ဆုံးမသြဝါဒ  စကား မိန့်ကြားခဲ့တာ ဖြစ်လိမ့် မယ်။
   ဘယ်သူမဆို ကိုယ့်ဘဝ ကိုယ့်အခြေအနေကို ကိုယ်နား လည်ပြီး မှန်မှန်ကန်ကန် သုံးသပ် နေထိုင်သွားမယ်ဆိုရင် မော့ကြည့် တာတွေ၊ ငုံ့ကြည့်တာတွေနဲ့ ကင်း ဝေးနိုင်ပါတယ်။ ဒီလိုမဟုတ်ဘဲ အနေအထိုင်မတတ်၊ အပြောအဆို မတတ်ကြရင်တော့ လူပြောစရာ ကြီး ဖြစ်နေလိမ့်မယ်။ သတိထား ကြဖို့ပါ။

ထက်ကျော်

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>