2 3 4 5 6 7 8 9 10

Friday, April 26, 2013

ဘာသာတရား လိုက်နာကျင့်သုံးခြင်း၏ ရည်ရွယ်ချက် ( အပိုင်း - ၃ )










ဗုဒ္ဓမြတ်စွာ လက်ထက်တော်အခါ ကာလက အသိဉာဏ်အလွန်ထက်မြက်ကြတဲ့ ရှင်သာရိပုတ္တရာနဲ့ ရှင်မဟာကောဋ္ဌိက တို့ အမေးအဖြေပြုထားတဲ့ သုတ္တာန်တစ်ခုကို ဘုန်းကြီးတို့တစ်တွေ မှတ်သားနာယူကြမှာ ဖြစ်တယ်။ သုတ်ရဲ့ နာမည်ကို “ကောဋ္ဌိကသုတ်” လို့ ခေါ်တယ်။ ကောဋ္ဌိက ဆိုတဲ့ ရဟန်းတော်တစ်ပါးဟာ အင်မတန် အမေးအမြန်းထူတယ်။ သူက ရဟန္တာ ပုဂ္ဂိုလ်ဆိုတော့ သူမေးချင်လို့မေးတာ ဟုတ်ပုံမရဘူး ၊ နောင်လာနောက်သားတွေ မှတ်သားဖို့အတွက် မေးမြန်းတာ ဖြစ်နိုင်တယ်။ ဒီလို ယူဆရမယ်။ သူ့မှာ မေးခွန်းတွေ အမြဲတမ်းရှိနေတယ်။
    စနစ်ကျတဲ့မေးခွန်းတွေ တန်ဖိုးရှိတဲ့ မေးခွန်းတွေ မေးဖို့ဆိုတာ လွယ်တာတော့ မဟုတ်ဘူး။ ရှေးတုန်း ကတော့ မေးခွန်းမေးတာ လွယ်တယ်လို့ ဆိုတဲ့ အယူအဆနဲ့ “အမေးကျွဲကျောင်း အဖြေဘုရားလောင်း” လို့ ဆိုကြတယ်။ ကျွဲကျောင်းနဲ့ဘုရားလောင်လို့ ဒီလို ပြောကြတယ်။ သို့သော် စဉ်းစားကြည့်စမ်းပါ။ ကျွဲကျောင်းသားမေးတဲ့ မေးခွန်းဟာ ဘယ်လောက် အဆင့်ရှိမှာတုန်း “ဘယ်နားမှာ ကျွဲကျောင်းလို့ရလဲ” ဆိုတဲ့ မေးခွန်းမျိုးပဲ ရှိမှာပေါ့နော်။ လေးနက်တဲ့ မေးခွန်းကို သူ ဘယ်မေးတတ်မလဲ။ အဲဒီတော့ မေးခွန်းမေးတယ် ဆိုတာလည်း အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်ကမှ မေးနိုင်တယ်၊ ဒါမှ လေးနက်တဲ့ မေးခွန်း ဖြစ်မှာပေါ့။


    ဒီ ရှင်မဟာကောဋ္ဌိက ဆိုတာ ရဟန္တာပုဂ္ဂိုလ်ကြီး တစ်ပါးပဲ။ သူက သာဝတ္တိပြည်က။ သူ့ဖခင်က သာမန် ပုဂ္ဂိုလ် မဟုတ်ဘူး။ ဗြဟ္မဏပဏ္ဍိထဲမှာ နာမည်ကြီးတဲ့ အဿလာယန ပုဏ္ဏား ပညာရှိပဲ။ ဒီ အဿလာယန ဆိုတဲ့ ပုဂ္ဂိုလ်ကို အကြောင်းပြုပြီး “အဿလာယနသုတ္တာန်” ဆိုတာရှိတယ်။ အဿလာယန ဆိုတာ သူတို့ရဲ့  အနွယ် နာမည် ဖြစ်တယ်။ ၁၆ နှစ် အရွယ် ကတည်းက ဗေဒ ၃ ပုံကို တစ်ဘက်ကမ်းရောက် တက်မြောက်ပြီး သူတို့ ဗြဟ္မဏ အသိုင်းအ၀ိုင်းက လေးစားရတဲ့ ပုဂ္ဂိုလ်တစ်ဦးပဲ။ သူတို့ခေတ်မှာ သင်ကြားရတဲ့ ဗေဒကျမ်းတွေကို ငယ်ငယ်နဲ့ တတ်မြောက်တဲ့ပုဂ္ဂိုလ်။ အဲဒီ ပုဂ္ဂိုလ်ကို မြတ်စွာဘုရားနဲ့ယှဉ်ပြိုင်ပြီး စကားပြောဖို့ ဗြဟ္မာဏတွေ က ရွေးကြတယ်။

    မြတ်စွာဘုရားက ဇာတ်ဝါဒကို တော်လှန်ခဲ့တယ်။ အိန္ဒိယမှာ ဒီကနေ့အထိ Caste system လို့ခေါ်တဲ့ ဒီစနစ်ကြီးဟာ ဒီကနေ့ထိအောင် လွှမ်းမိုးထားတုန်းပဲ။ အောက်တန်းစား ဇာတ်နိမ့်တွေဆိုရင် untouchable မထိရ၊ မကိုင်ရတဲ့ ပုဂ္ဂိုလ်တွေ အဖြစ် သတ်မှတ်ခံထားရတယ်။ လူ လူချင်းတူပါလျက်နဲ့ အပယ်ခံထားတဲ့ ပုဂ္ဂိုလ်တွေ အိန္ဒိယမှာ အများကြီးပဲ။ ဇာတ်နိမ့်တွေလို့ ခေါ်တယ်။ ဇာတ်နိမ့်တွေကို ခေါင်းဆောင်ပြီးတော့ ဗုဒ္ဓဘာသာထဲသွင်းသူ ဒေါက်တာအမ်ဘေ့ဒ်ကာ ဆိုတာ ရှိတယ်။ သူက ဇာတ်နိမ့်ပဲ။ အိန္ဒိယမှာ ဗုဒ္ဓဘာသာဝင်တွေ ရှိတယ်လို့ ပြောကြတယ်။ အဲဒီ ပုဂ္ဂိုလ်တွေက ဇာတ်နိမ့်တွေ ( ဇာတ်မြင့်တွေက လူရာမသွင်းလို့ ဗုဒ္ဓဘာသာထဲ ၀င်ခိုကြတာ ) ။
     မြတ်စွာဘုရားလက်ထက်တုန်းက ဒီ Caste system မှာ ၄ မျိုး ခွဲခြားသတ်မှတ်ထားတယ်။ ခတ္တိယ ဆိုတဲ့ မင်းမျိုး၊ ဗြာဟ္မဏ ဆိုတဲ့ ပုဏ္ဏားမျိုး၊ ဝေဿ ဆိုတဲ့ ကုန်သည်လယ်လုပ်မျိုး၊ သုဒ္ဒ ဆိုတဲ့ သူဆင်းရဲမျိုး ဝေယျာ ၀စ္စတွေ လုပ်ရတဲ့ အမျိုးလို့ အဲဒီလို ( ၄ ) မျိုး သတ်မှတ်ထားတယ်။ ဇာတ်နဲ့ ပတ်သတ်လို့ရှိရင် မြတ်စွာဘုရားရဲ့  ၀ါဒက ဘာလဲလို့ ဆိုရင် “စာတုဝဏ္ဏသုဒ္ဓိ” တဲ့။ အမျိုးဇာတ် ၄ မျိုးကို စတုဝဏ္ဏ လို့ခေါ်တယ်။ ခတ္တိယ၊ ဗြာဟ္မဏ ၊ ဝေဿ၊ သုဒ္ဒ လို့ဆိုပြီး ၄ မျိုး ရှိတယ်။ ဒီကနေ့တော့ အိန္ဒိယမှာ ဒီထက်တောင် များလောက်တယ်။ ခွဲထားတာ အမျိုးမျိုး ရှိတယ်။
      ဗြာဟ္မဏတွေက ဗြာဟ္မဏဇာတ်ရှိတဲ့ ပုဂ္ဂိုလ်သာလျှင် ဖြူစင်တယ်။ မြင့်မြတ်တယ်။ ကျန်တဲ့ ပုဂ္ဂိုလ်တွေ ခတ္တိယပဲ ဖြစ်ဖြစ်၊ ဝေဿပဲဖြစ်ဖြစ်၊ သုဒ္ဒပဲ ဖြစ်ဖြစ် ဗြာဟ္မဏ ဇာတ်ပဲ စင်ကြယ်တယ်၊ သူတို့ဇာတ်ပဲ အထက်တန်း ကျတယ်၊ နောင်ဘ၀လည်း ကောင်းရာသုဂတိ သူတို့ပဲ ရောက်မယ်၊ သူတို့ဟာ ဗြဟ္မာမင်းကြီးရဲ့  ခံတွင်း က မွေးလာတဲ့ ပုဂ္ဂိုလ်တွေတဲ့။

ချမ်းသာကိုယ်စိတ်မြဲပါစေ

    မြတ်စွာဘုရားကတော့ အဲဒါကို လုံးဝငြင်းပယ်တယ်။ လက်တွေ့အင်မတန်ကျတဲ့ စကားကို ပြောတယ်။ “ဗြဟ္မာမင်းကြီးရဲ့  ခံတွင်းပေါက်က ပေါက်ဖွားတယ်လို့ မပြောနဲ့။ လောကမှာ ထင်ထင်ရှားရှား ပုဏ္ဏေးမတွေ ကိုယ်ဝန် ဆောင်နေတာ မြင်လျက်နဲ့ ဒီစကားပြောတာတော့ လွန်တယ်” တဲ့။ ဟုတ်တယ်လေ။ မွေးတာက သူတို့ ပုဏ္ဏေးမတွေက မွေးတာပဲလေ။ လူလိုပဲ မွေးတာ။ ကျန်တဲ့ပုဂ္ဂိုလ်တွေ မွေးနည်းအတိုင်း မွေးတာ။ ကောင်းကင်က ကျလာလာတမှ မဟုတ်တာ။ “ အေး ပုဏ္ဏေးမ တွေက မွေးတယ်ဆိုတာ အင်မတန်မှ ထင်ရှားလျက်နဲ့ ဘာဖြစ်လို့ ဗြဟ္မာမင်းကြီးရဲ့  ခံတွင်းက မွေးတယ်လို့ ပြောရတာလဲ၊ ဒါ လုံးဝ ယုတ္တိမရှိဘူး” တဲ့။

    မြတ်စွာဘုရားက ဘယ်လိုသတ်မှတ်သလဲဆိုရင် ဗြာဟ္မဏပဲ ဖြစ်ဖြစ်၊ ခတ္တိယပဲဖြစ်ဖြစ်၊ ဝေဿပဲဖြစ်ဖြစ်၊ သုဒ္ဒ ပဲ ဖြစ်ဖြစ်၊ ကောင်းတာလုပ်ရင် ကောင်းတယ်။ မကောင်းတာ လုပ်ရင် မကောင်းဘူး။ ကုသိုလ်လုပ်ရင် လူတော်လူကောင်း၊ အကုသိုလ်လုပ်ရင် လူဆိုးလူမိုက် ဒီလိုပဲ သတ်မှတ်တယ်။
    ဒါကြောင့်မို့ မြတ်စွာဘုရားဟောတာ ဘယ်လောက်ထိအောင် လက်တွေ့ကျသလဲဆိုရင် ဇာတ် ၄ မျိုးမှာ “ခတ္တိယ ဇာတ်ရှိတဲ့ ပုဂ္ဂိုလ်က မီးမွှေးလည်း မီးတောက်တာပဲ။ ဗြာဟ္မဏ ဇာတ်ရှိတဲ့ ပုဂ္ဂိုလ်က မီးမွှေးလည်း မီးတောက်တာပဲ။ ဝေဿဇာတ်ရှိတဲ့ ပုဂ္ဂိုလ်က မီးမွှေးလည်း မီးတောက်တာပဲ။ သုဒ္ဒဇာတ် ဆိုတဲ့ အောက်တန်းစားက မီးမွှေးလည်း မီးတောက်တာပဲ။ အဲဒီ သူတို့မွှေးတဲ့ မီးတွေရဲ့  အရောင်အ၀ါကို ကြည့်ရင်လည်း တစ်မျိုးတည်းပဲ”  တဲ့။ ဒါက မြတ်စွာဘုရား လက်တွေ့ပြတာ။
    မထူးခြားဘူးဆိုတာ သူတို့လုပ်တာကိုကြည့်၊ လုံးဝထူးခြားမှု မရှိဘူး။ အဲဒီတော့ ကောင်းတာလုပ်တဲ့ ပုဂ္ဂိုလ်က ကောင်းတာပဲ။ ဇာတ်နဲ့ ဘာမှမဆိုင်ဘူးတဲ့။ “စာတုဝဏ္ဏသုဒ္ဓိ” ဇာတ် ၄ မျိုးစလုံးဟာ စင်ကြယ်နိုင်တယ်။ ကောင်းရာသုဂတိ ရောက်နိုင်တယ်။ ကောင်းတာလုပ်ရင် ကောင်းတာ ဖြစ်နိုင်တယ်။ မကောင်းတာလုပ်ရင် မကောင်းတာ ဖြစ်နိုင်တယ်။
    “စာတုဝဏ္ဏသုဒ္ဓိ” နဲ့ ပတ်သက်ပြီး စကားပြိုင် ပြောရင်း အဿလာယန ဟာ နောက်ဆုံး အရှုံးပေးပြီးတော့ ဗုဒ္ဓ ဘာသာ ဖြစ်သွားရတယ်။ အဿလာယနက နောက်ပိုင်းမှာ စန္ဒီ၀တီ ဆိုတဲ့ ပုဏ္ဏေးမနဲ့ အိမ်ထောင်ပြုတယ်။ မွေးလာတဲ့ သားလေးရဲ့  အမည်က ကောဋ္ဌိက တဲ့။ ကောဋ္ဌိကဟာ သာသနာ့ဘောင်ဝင်ပြီး ရဟန်းပြုတယ်။ အင်မတန်မှ ဉာဏ်ထက်တဲ့ ပုဂ္ဂိုလ် ရှင်မဟာကောဋ္ဌိက တဲ့ ဖြစ်လာတယ်။ အဲဒီ ရှင်မဟာကောဋ္ဌိကနဲ့ ရှင်သာရိပုတ္တရာတို့ အချင်းချင်း အပြန်အလှန် တရားဆွေးနွေးတဲ့ သုတ္တန်တွေထဲက ဒီကနေ့ အင်္ဂုတ္တရနိကာယ် က “ကောဋ္ဌိကသုတ်” ကို ဟောမယ်။ ဘာသာတရား လိုက်နာကျင့်သုံးမှုနဲ့ ပတ်သတ်ပြီး ဆွေးနွေးတဲ့ သုတ်ဖြစ်လို့ မှတ်သားနာယူကြရအောင်။

အရှင်နန္ဒမာလာဘိဝံသ
ပါမောက္ခချုပ်ဆရာတော်
အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓသာသနာပြု တက္ကသိုလ်


အပိုင်း ( ၄ ) ကို ဆက်လက်ဖော်ပြပါမည်။
အောက်တွင် ယခင်တင်ခဲ့သော အပိုင်း ( ၁ ) နှင့် အပိုင်း ( ၂ ) ကို မဖတ်ရသေးသူများ ဖတ်နိုင်ရန် link တင်ပေးထားပါသည်။

အပိုင်း ( ၂ ) သို့ .. 
အပိုင်း ( ၁ ) သို့ .. 

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>