''ကံ နဲ့ အကျိုးပေးခွင့်''
➖➖➖➖➖ ➖➖➖
တစ်ခါတစ်လေတော့လဲ ကံတရားက နားလည်ရအခက်သား
ကောင်းကံတွေ ပြုနေပေမယ့် အဆင်မပြေမှုတွေနဲ့ချည်းပဲ တွေ့နေရတတ်ပါတယ်။
မကောင်းကံတွေနဲ့ ယှဉ်နေပေမယ့်လည်း ဘာပဲလုပ်လုပ် အဆင်ပြေနေတတ်ပါတယ်။
ဒီအဖြစ်မျိုးတွေက ၀န်းကျင်တိုင်းမှာ တွေ့နေရတာဖြစ်လေတော့ အမြင်အားဖြင့်
သိပ်ပြီးဆန်းလှတယ်လို့တော့ မဆိုနိုင်ပါဘူး။ ဒါပေမယ့် ဆန်းတာက ကံရဲ့သဘော တရားပါ။
ဥပမာပဲ ထားပါတော့ ကိုယ့်ဝန်းကျင်မှာ ရှိနေတဲ့ လူတစ်ယောက်၊
မကောင်းကံမှန်သမျှ အကုန်လုပ်နေတယ်၊ ဒါကို သူ့ဝန်းကျင်ကလည်းသိနေကြတယ်၊
ဒါပေမယ့် အဲဒီလူမှာ ချမ်းသာလိုက်တာ မပြောပါနဲ့တော့၊ လုပ်ငန်းကိုင်ငန်းတွေ ကြည့်ဦးမလား၊
အားလုံးချောမွေ့လို့၊ဘာဆိုဘာမှ အခက်အခဲမရှိ။
ဒါမျိုးတွေမြင်ရတော့ ကိုယ်ပြုနေကျ ကောင်းကံလေး အပေါ်မှာတောင် သံသယ၀င်ချင်စရာ၊
ကံအပေါ် နားလည်ရ ခပ်ခက်ခက်။
ဟိုး… စောစောပိုင်း ကာလတွေကတော့ မိမိလည်း ဒီအတိုင်းပါပဲ။ နောက်ပိုင်းစာတွေဖတ်ရင်း
“သမ္ပတ္တိလေးပါးနဲ့ ၀ိပတ္တိလေးပါး” အကြောင်း ဖတ်မိတော့မှာပဲ ထိုက်သင့်သလောက်
နားလည်ခဲ့ရပါတယ်။ နားလည်သလောက် ပြန်ရေးပြပါရစေဦး။
ကံဆိုတာ “ကုသိုလ်ကံနဲ့ အကုသိုလ်ကံ”ဆိုတာ ရှိပါတယ်။ ကောင်းကံနဲ့ မကောင်းကံပေါ့၊
အဲဒီ ကံနှစ်ခုဟာ ပြုတိုင်းတော့ ပုံသေ အကျိုးမပေးပါဘူး။ သမ္ပတ္တိလေးပါးနဲ့ ကြုံနေရင် မိမိပြုထားတဲ့
အကုသိုလ်ကံဟာ အကျိုးမပေးနိုင်သလို ၊ ၀ိပတ္တိလေးပါးနဲ့ ကြုံနေရင်လဲ မိမိပြုထားတဲ့
ကုသိုလ်ကံက အကျိုးမပေး နိုင်သေးပါဘူး။
“သမ္ပတ္တိ” ရဲ့ အနက်က “ပြည့်စုံခြင်း”၊ “၀ိပတ္တိ” ရဲ့ အနက်က “ချွတ်ယွင်းခြင်း”ပါ။
''သမ္ပတ္တိ-လေးပါး''ဆိုတာက
၁။ ဂတိသမ္ပတ္တိ
၂။ ဥပဓိသမ္ပတ္တိ
၃။ကာလသမ္ပတ္တိ
၎။ ပယောဂသမ္ပတ္တိ
အဲဒီအထဲမှာ “ဂတိသမ္ပတ္တိ” ဆိုတာလူ့ပြည် နတ်ပြည်၊ ဗြဟ္မာပြည်ကိုပြောတာပါ။
ဘ၀ကောင်းကိုရရှိခြင်းပေါ့၊ ဂတိသမ္ပတ္တိမှာဖြစ်နေရင် “အကုသိုလ်ကံ”က
အကျိုးပေးခွင့်မသာတော့ဘူး။ ကုသိုလ်ကံရဲ့အလှည့်ရောက် နေပါတယ်။
“ဥပဓိသမ္ပတ္တိ” ဆိုတာက “ရုပ်အဆင်းလှပခြင်း” ကို ပြောတာပါ၊
လောကမှာ ဥပဓိသမ္ပတ္တိကလဲ အရေးကြီးပြန်ပါတယ်၊ အဲဒီ ဥပဓိသမ္ပတ္တိ ကိုရနေရင် အကုသိုလ်ကံ
အကျိုးပေးခွင့် မသာတော့ဘူး၊
သီဟိုကျွန်းမှာ“ဘာတိကမင်း”ဆိုတာရှိပါတယ်။အဲဒီမင်းက တိုင်းသူပြည်သားတွေကို
“နွားသားမစားရဘူး”လို့ အမိန့်ထုတ် ထားပါတယ်။ နွားသားစားခဲ့ရင် ဖမ်းပြီး ဒဏ်ငွေတပ်တယ်။
ဒဏ်ငွေမဆောင်နိုင်ရင် နန်းတော်ထဲကိုခေါ်ပြီး အမှိုက်ကျုံးတာတို့၊မြေတူးတာတို့ကိုလုပ်ရတယ်။
တစ်နေ့ မိသားစုတစ်စုက တားမြစ်ထားတဲ့ကြားက နွားသားခိုးစားကြတယ်။
ဒီလိုနဲ့ ဘုရင့်ရဲမက်တွေက မိရောဆိုပါတော့။ ဒီတော့ ထုံးစံအတိုင်း ဒဏ်ငွေဆောင်ပေါ့။
ဒါပေမယ့် အဲဒီမိသားစုက ဆင်းရဲတော့ ဒဏ်ငွေမဆောင်နိုင်ဘူးတဲ့။
ဒဏ်ငွေမဆောင်နိုင်တော့ နန်းတော်ခေါ်ခဲ့ကြတာပေါ့၊ နန်းတော်မှာက သူတို့မိသားစုတင်မကဘူးတဲ့။
သူတို့လိုပဲ နွားသားခိုးစားကြတဲ့ တခြားမိသားစုတွေလည်းပါတယ်။အဲဒီနွားသားခိုးစားတဲ့ သူတွေကို
ဒဏ်ပေးတဲ့အနေနဲ့ အမှိုက်သိမ်း၊ မြေတူး၊ မြက်နှုတ်ပေါ့။ ဒါကိုဘာတိကမင်းက
လေသာပြတင်းက ကြည့်နေပါတယ်၊
စောစောက ပြောခဲ့တဲ့ မိသားစုထဲမှာ တော်တော်ရုပ်အဆင်းလှတဲ့ ကောင်မလေး ပါတယ်၊
နေပူကြဲကြဲမှာ ချွေးသံတရွှဲရွှဲနဲ့ ဒဏ်ထမ်းနေတဲ့ အဲဒီရုပ်လှလှကောင်မလေးကိုမြင်တော့ ဘုရင်က
“ဒီရုပ်ရည်နဲ့ ကြမ်းတမ်းတဲ့ အလုပ်တွေ မတန်ဘူး” ဆိုပြီး မင်းချင်းတစ်ယောက်ကို ခေါ်ခိုင်းလိုက်တယ်။
“သမာဒေ၀ီ” ဆိုတဲ့ ဘွဲ့ပေးပြီး ဘုရင်က သူ့အနားမှာ ခစားဖို့ထားလိုက်တယ်၊
သူ့ရဲ့မိသားစုကိုလည်း ဒဏ်ထမ်းနေရာကနေ လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အပြင်
အသက်မွေး နိုင်လောက်အောင် ငွေကြေးတွေနဲ့ မစလိုက်တယ်တဲ့။
ဒါ “ဥပဓိသမ္ပတ္တိ”က အကျိုးပေးလိုက်တာပါပဲ၊
လူတစ်ယောက်ရဲ့ ဥပဓိသမ္ပတ္တိဟာ သူနဲ့နွယ်တဲ့ မိသားစုကိုလည်း အကျိုးပေးသွားတယ်၊
အဲဒီလို “ဥပဓိသမ္ပတ္တိ”နဲ့ ပြည့်စုံနေရင်လဲ“အကုသိုလ်ကံ”က အကျိုးပေးခွင့် မသာပြန်ပါဘူး။
“ကာလသမ္ပတ္တိ” ဆိုတာက မြတ်စွာဘုရားပွင့်ရာအခါ၊ စကြ၀တေးမင်းပေါ်ရာအခါ၊ မင်းကောင်းမင်းမြတ်တွေ
ပေါ်ရာအခါကို ပြောတာပါ၊
မြတ်စွာဘုရား ပွင့်နေရင် နိဗ္ဗာန်ရောက်ကြောင်းတရားတွေ
နာကြားခွင့်ရနေမယ်စကြာဝတေးမင်းပေါ်နေတဲ့ ကာလဆိုရင်လဲ သူ့ဘုန်းကံအလျောက် တိုင်းပြည် ချမ်းသာကြွယ်ဝနေမယ်
မင်းကောင်းမင်းမြတ်တွေ အုပ်စိုးနေတဲ့ ကာလဆိုရင်လဲ
တိုင်းသူပြည်သားတွေ စားဝတ်နေရေး၊ စီးပွားရေးတွေ
ပြေလည်နေမယ်၊ ကျန်းမာရေးတွေ ကောင်းနေမယ်။
ပညာတွေ စိတ်ကြိုက်သင်ခွင့်ရနေမယ်ပေါ့။အဲဒီ ကာလ
သမ္ပတ္တိနဲ့ ပြည့်စုံနေရင်လည်း
“အကုသိုလ်ကံ”က အကျိုးပေးခွင့် မသာပြန်ဘူး။
“ပယောဂသမ္ပတ္တိ” ဆိုတာက “သတိ၊ ၀ီရိယ၊ ဉာဏ်”တွေနဲ့
ပြည့်စုံနေတာကို ပြောတာပါ။
လောကမှာနေသမျှ ကာလပတ်လုံး အမြဲတမ်း သတိရှိနေမယ်
သွက်သွက်လက်လက် နိုးနိုးကြားကြားနဲ့ လုံ့လ၀ီရိယရှိနေမယ်
အရာရာကို နားလည်သဘောပေါက်ပြီး ထက်မြတ်တဲ့ ဉာဏ်ပညာရှိနေမယ်၊
သတိဝီရိယဉာဏ်တွေ ယှဉ်ပြီး အားကြီးတဲ့ ကုသိုလ်တွေပြုနေမယ်။ အဲဒီလိုဆိုပြန်ရင်လဲ
အကုသိုလ်ကံက အကျိုးပေးခွင့် မသာပြန်ဘူး။
လောကမှာ ကြီးပွားချမ်းသာနေတဲ့သူတွေကို ကြည့်လိုက်ရင် ပယောဂသမ္ပတ္တိဆိုတဲ့
သတိ၊ ၀ီရိယ၊ ဉာဏ်ပညာနဲ့ ပြည့်စုံနေတဲ့သူတွေ ဖြစ်နေမယ်ဆိုတာ တွေ့ရပါလိမ့်မယ်။
ဒီနေရာမှာ သတိထားရမှာက“အတိတ်ကံရဲ့သတ္တိက တစ်မတ်သား”လောက်ပဲပါတယ်။
ယခုပစ္စုပ္ပန်ဘ၀၊ သတိ၊ ၀ီရိယ၊ ဉာဏ်ဆိုတဲ့ ပယောဂသမ္ပတ္တိက “သုံးမတ်သားလောက် ပါရှိတယ်”ဆိုတာ
ကောင်းကောင်း သတိထားရမယ့်အကြောင်း
“မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ” က အထူးသတိ ပေးထားပါတယ်၊
ဆိုလိုတာက ဒီပစ္စုပ္ပန်ဘ၀မှာ ပယောဂသမ္ပတ္တိနဲ့
ကုသိုလ်ကံအကျိုးတွေကို ခံစားနိုင်ခွင့် ရှိသလို အကုသိုလ်ကံတွေကိုလဲ တားဆီးထားနိုင်တယ်၊
ဥပမာ- “အဇာတသတ်မင်း” ကိုကြည့်၊အဖကိုသတ်ထားတဲ့ ပါဏာတိပါတကံကြီးက
အ၀ီစိငရဲကို ကျိန်းသေမုချကျရမယ်။ဒါပေမယ့် သတိတွေဥာဏ်တွေဝင်လာပြီး
မြတ်စွာဘုရားကိုသွားပြီး ဆည်းကပ်လိုက်တော့
ဘုရားရှင်ကို ဆည်းကပ်လိုက်တဲ့“ပယောဂသမ္ပတ္တိ”ကြောင့် အ၀ီစိငရဲမကျတော့ဘဲ
အ၀ီစိငရဲထက်ငယ်တဲ့ “လောဟကမ္ဘီုငရဲ” မှာပဲ
ကျရတော့တယ်။နောက်အကျိုးတစ်ခုက အဲဒီငရဲက လွတ်လာရင် “၀ိဇိတာဝီ”ဆိုတဲ့
ပစ္စေကဗုဒ္ဓါဖြစ်ပြီး ပရိနိဗ္ဗာန်စံဝင်ရမယ်တဲ့။ဒါ ပယောဂသမ္ပတ္တိရဲ့ အစွမ်းသတ္တိတွေပါပဲ။
နောက် “၀ိပတ္တိလေးပါး”ထဲမှာ “ဂတိသမ္ပတ္တိ ”ဆိုတာ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဆိုတဲ့
အပါယ်လေးဘုံကို ပြောတာ၊ မကောင်းတဲ့ဘ၀ကို ရရှိတယ်ပေါ့
အဲဒီလို အပါယ်လေးဘုံဆိုတဲ့ ဂတိသမ္ပတ္တိနဲ့ ကြုံနေရင်လဲရှေးရှေးဘ၀က ကုသိုလ်ကံတွေ ရှိနေပေမယ့်
ကုသိုလ်ကံက အကျိုးပေးခွင့် မသာတော့ဘူး။
“ဥပဓိဝိပတ္တိ” ဆိုတာက ရုပ်အဆင်းမလှတာပါ၊
“ဒီပရာ” ဆိုတဲ့ ၀တ္တုမှာ မင်းကြီးက “ဒီပရာဇာ”ဆိုတဲ့ မင်းသားကို ဖွားမြင်တော့ မင်းကြီးက
သားကိုချစ်တာရော၊ မိဖုရားကိုချစ်တာရော ပေါင်းပြီး မိဖုရားကို “လိုရာဆုကို တောင်းပါ” လို့ ပြောတယ်။
မိဖုရားကလဲ “ကောင်းပြီ၊ အခုမယူသေးပါ၊ နောင်မှယူမယ်” လို့ ပြန်လျှောက်တယ်။
အဲဒီ “ဒီပရာဇာမင်းသား”က ခုနစ်နှစ်၊ ရှစ်နှစ်အရွယ်မှာ ကြက်တိုက်တမ်းကစားသတဲ့။
မင်းသားဖြစ်ပြီး မကစားသင့်တဲ့ အရာကို ကစားတော့ ကြက်က နောက်ပြန်ဆုတ်ရင်း
မင်းသားရဲ့ မျက်စိကို ခွပ်လိုက်တာ မျက်စိပျက်ရော။
ဒီလိုနဲ့ မင်းသားတစ်ဆယ့်ခြောက်နှစ်သားအရွယ်ရောက်လာတော့ မယ်တော်မိဖုရားက
မင်းကြီးဆီကပ်ပြီး “အရှင်မင်းကြီး သားဖွားစဉ်ကာလက လိုရာဆုကို
တောင်းပါလို့ အမိန့်ရှိထားပါတယ် ယခုထိုဆုကို တောင်းလိုပါတယ်”ပေါ့ ။
မင်းကြီးကလည်း “မိဖုရားမြတ်ဆုယူလော့” ဆိုတော့ မိဖုရားက
“အရှင်မင်းကြီး အကျွန်ုပ်သားအားမင်းအဖြစ်ကို ပေးတော်မူပါလော့”လို့တောင်းတယ်။
ဒီတော့ မင်းကြီးက ဘာပြန်ပြောသလဲဆိုတော့
“မိဖုရား-သင့်သားဟာ စက္ခုမစုံ၊ အင်္ဂါမြုံတဲ့သူဖြစ်တယ်။
တိုင်းပြည်နဲ့မတန်ဘူး၊ ဒါကြောင့် မင်းအဖြစ်ကိုမပေး”လို့ပြန်မိန့်လိုက်ပါတယ်။
မိဖုရားကလဲ မလျော့ဘူး၊ ထပ်တလဲလဲ တောင်းနေတော့ နောက်ဆုံး မင်းကြီးလည်း
နှုတ်ဂတိကလဲ ရှိထားဖူးတော့ “သင့်သားကန်းအား ဒီအလုံးစုံသော
သီဟိုဠ်ကျွန်းကိုတော့ မပေးနိုင်၊ အခြံအရဖြစ်တဲ့
“နာဂဒီပ ကျွန်းငယ်”၌သာ မင်းပြုလေ”လို့ ကျွန်းငယ်တစ်ခုကို ပေးလိုက်တယ်။
ဒီဝတ္တုကိုကြည့်၊ တကယ်လို့သာ “ဒီပရာဇာ မင်းသား” ဟာ ဥပဓိဝိပတ္တိနဲ့ ပြည့်စုံခဲ့ရင်
ယူဇနာသုံးရာလောက်ရှိတဲ့ သီဟိုဠ်တစ်ကျွန်းလုံးကို
မင်းအဖြစ်နဲ့ အုပ်စိုးရမှာ။ခုတော့ ဥပဓိဝိပတ္တိဖြစ်နေတော့ ကုသိုလ်ကံက
အကျိုးပေးခွင့် မသာတော့ဘူး။“ကာလ၀ိပတ္တိ” ဆိုတာက - မြတ်စွာဘုရားရှင်နဲ့
ဝေးနေတဲ့ကာလ၊ ဆုတ်ကပ်ကာလ၊ မကောင်းတဲ့ မင်းတွေ အုပ်စိုးတဲ့ကာလကို ခေါ်တာပါ၊
အဲဒီကာလတွေမှာ“ဒါန၊ သီလ၊ ဘ၀နာ၊ သမာဓိ၊ ပညာ”ဆိုတဲ့ ကုသိုလ်တရားတွေကို ပြုခွင့်မရ၊
စားဝတ်နေရေးတွေ ကျပ်တည်း၊ ပြည်တွင်းစစ်တွေဖြစ်။ဥပမာ အာဖဂန်နစ္စတန်တို့
ပါလက်စတိုင်းတို့လို နိုင်ငံမျိုးပေါ့။ အမြဲတမ်း စစ်တွေဖြစ်နေတော့ ပညာသင်ကြားခွင့်မရ။
စီးပွားရေးလုပ်ခွင့်မရ။ တစ်သက်လုံး ဒုက္ခသည်စခန်းမှာပဲ ရွက်ဖျင်တဲတွေထိုးပြီး နေကြရတာ။
အဲဒီကာလဆိုးတွေနဲ့ ကြုံနေရင်လဲ
ကုသိုလ်ကံက အကျိုးပေးခွင့် မရပြန်ဘူး။
“ပယောဂ၀ိပတ္တိ” ဆိုတာက “သတိမရှိ၊ ၀ီရိယမရှိ၊ ဉာဏ်မရှိတာ”ကို ပြောတာပါ၊
သတိ၊ ၀ီရိယ၊ ဉာဏ်ကင်းတဲ့သူဟာ ပညာပဲသင်သင်၊ စီးပွားရေးပဲ လုပ်လုပ်၊ အောင်မြင်မှု
လမ်းကြောင်းနဲ့ ဝေးတတ်ပါတယ်။ ဒါပြောသာပြောရတယ်။
သတိ၊ ၀ီရိယ၊ဉာဏ်ကင်းပြီဆိုရင် ပညာလည်း ကောင်းကောင်းသင်မှာမဟုတ်တော့သလို
စီးပွားရေးလဲ ကောင်းကောင်းလုပ်တော့မှာ မဟုတ်ပါဘူး၊ငွေလွယ်လွယ်ရတဲ့ အကုသိုလ်နဲ့ မကင်းတဲ့
အလုပ်တွေပဲ လုပ်တော့မှာ။ ဒီတော့ ကုသိုလ်ကံက ဘယ်လိုလုပ်လာပြီး အကျိုးပေးတော့မလဲ။
အထက်ကပြောခဲ့တဲ့ စကားတွေကို ပြန်အနှစ်ချုပ်လိုက်ရင် “သမ္ပတ္တိလေးပါး နဲ့ ပြည့်စုံနေမယ်” ဆိုရင်
အကုသိုလ်ပြုခဲ့ရင်တောင် အကုသိုလ်အကျိုးပေးခွင့်မသာဘဲ ကုသိုလ်ကံကချဉ်း အကျိုးပေးနေပါလိမ့်မယ်။
“၀ိပတ္တိလေးပါး” နဲ့ ကြုံနေမယ်ဆိုရင်လည်းကုသိုလ်ကံအကျိုးပေးခွင့်မသာဘဲ အကုသိုလ်ကံကချည်း
အကျိုးပေးနေပါလိမ့်မယ်။ဒီနေရာမှ အဓိက ပြောချင်တာကတော့
“ပယောဂသမ္ပတ္တိ”ပါ၊ လူတစ်ယောက်အတွက်“ဂတိသမ္ပတ္တိ၊ ဥပဓိသမ္ပတ္တိ၊ ကာလသမ္ပတ္တိ”ဆိုတဲ့
တရားသုံးပါးက ပြုပြင်ယူလို့ ခက်ခဲပေမယ့် “ပယောဂသမ္ပတ္တိ” ကတော့ ပြုပြင်ယူလို့ ရပါတယ် ။
ဒါကို ကိုယ်က သိထားဖို့ပါပဲ။
“အတိတ်ပယောဂသမ္ပတ္တိ”ကတော့ ပြုပြင်ယူလို့မရတော့ ထားလိုက်ပါတော့၊
ပြုပြင်ယူလို့ရတဲ့ “ ပစ္စုပ္ပန်ပယောဂ သမ္ပတ္တိ”ကို ပြုပြင်သွားဖို့ ပါပဲ၊
ဥပမာ ကိုယ်က ရုပ်မလှခဲ့ရင်“အော် … ငါဟာ အတိတ်ဘ၀က စိတ်ထားညံ့ခဲ့လို့
ဒီဘ၀မှာ ရုပ်မလှတာ၊ ဒီဘ၀မှာ စိတ်ထားလှအောင်နေမယ်။ရုပ်လှရာ လှကြောင်း
ကုသိုလ်တွေကို ပြုမယ်”ဆိုပြီး
● သတိယှဉ်တာ၊ စိတ်ချမ်းသာအောင်နေတာ၊
● ဥတုနဲ့ သင့်လျော်တဲ့ အစာအဟာရကို စားတာ၊
● အချိန်မှန်အိပ်ပြီး၊ အချိန်မှန်စားတာ၊
● ပညာကို ၀ီရိယရှိရှိ ကြိုးကြိုးစားစားနဲ့ သင်ယူတာ ၊
● အခွင့်သင့်တိုင်း စွမ်းနိုင်တဲ့ ကုသိုလ်တွေကို
စေတနာပါပါနဲ့ ပြုတာ၊
● နိုးနိုးကြားကြားနဲ့ သတိရှိရှိနေတာ စသည်ဖြင့်ပေါ့။
ဒါတွေဟာ “ပစ္စုပ္ပန်ပယောဂသမ္ပတ္တိ” ကို ကောင်းအောင် ပြုပြင်ယူတာပါပဲ။
ကျန်တာတွေတော့ ထားလိုက်ပါတော့လေ။ ပြုပြင်ခွင့်ရှိတဲ့ “ပစ္စုပ္ပန်ပယောဂသမ္ပတ္တိ” ကိုတော့
ပြုပြင် တည်ဆောက်တတ်ဖို့ ပါပဲလေ။ဒါဆို ရသင့်ရထိုက်တဲ့ အကျိုးကတော့
အခွင့်သင့်လာပါလိမ့်မယ်။
ဆရာတော် ရဝေနွယ်(အင်းမ) ရေးသားသော
“သံသရာခရီးဖော်” စာအုပ် စာမျက်နှာ ၅၂ - ၆၁ မှ
#Credit to Young Buddhist's Association