2 3 4 5 6 7 8 9 10

Saturday, March 28, 2015

ဂီတ အနုပညာ၏တန်ဖိုး




“လူတို့နှလုံးသား အမုန်းမပွားကြဖွယ်..၊ မေတ္တာဆွတ်ဖြန်း အချစ်ပန်းလှိုင်ကြွယ်..၊ အကြင်နာတရားတွေ ထားမှ စိတ်ထားမြတ်မယ်..၊ စေတနာတွေ မိုးဆွေရွာ ဖြိုးဝေပါကွယ်..၊ နှလုံးသားဝယ် အမုန်းတရားကွယ်..၊ အပြုံးများကြွယ် .. လှစေဖွယ်..”
“ စိန်ရွှေ ရတနာ နီလာပုလဲ..၊ စီကာဆွဲမှ လှမယ် မထင်ဖွယ်၊ အလှဆိုတာ အစဉ်အမြဲ…သင်္ခါရပဲကွယ်၊ ရိုးသားသိမ်မွေ့ သဘောကဖြူစင်..၊ လောကကို အလှဆင်နိုင်လိမ့်မယ်.၊ အစဉ်အမြဲဘ၀ လှပရေးကွယ်..၊ ရင်ထဲက အလှသာရွေးချယ်..၊ အပြုံးလှလှ ပြုံးကြပါမယ်ကွယ်.. အမုန်းစကားမဆိုကြ အစဉ်သာတကယ်..၊ နှလုံးသားကို အလှဆင်ပါကွယ်..”
နံနက်ခင်းရဲ့ အလှကို သည်လို ကျက်သရေမင်္ဂလာရှိလှတဲ့ တေးသံစဉ်တွေနဲ့ အတူ ခံစားနားဆင်ရတဲ့ အရသာဟာ တကယ်ပဲ စိတ်အေးချမ်းဖွယ် ကောင်းပါတယ်။
ကျွန်တော်ငယ်ငယ်က အမေက သီချင်းဆိုသိပ်လေ့ရှိတယ်။ “လူကလေးရယ်ငို၊ ခိုဖမ်းလို့ ပေး၊ ခိုဖြူခိုပြာနက်ကယ် ဖမ်းခက်လှသေး” အမေ ဒီသီချင်းဆိုတိုင်း ခိုဖမ်းတာ  တခါမှ ခို မမိပေမယ့် အမေ့ရဲ့ စည်းချက်အသံအနိမ့်အမြင့်အောက်မှာ ကျွန်တော် အေးချမ်းစွာ အိပ်ပျော်ခဲ့ရတဲ့ညတွေ မနည်းပါဘူး။ လူတွေဟာ ငယ်စဉ်ကလေးကတည်းက သောတအာရုံခံစားမှုနဲ့ အတူ ဂီတအပေါ်မှာ မသိမသာ ပျော်ဝင်လာတတ်ခြင်းပါ။ အရွယ်ရောက်လာတဲ့အခါ အဖေကိုယ်တိုင် ၀ယ်ပေးခဲ့သော ဂစ်တာလေးတစ်လက်ဟာလည်း ကျွန်တော့်ဘ၀၏ တန်ဖိုးအထားရဆုံး အမှတ်တရဖြစ်မိတဲ့ ပစ္စည်းတစ်ခုပဲပေါ့။
သာယာငြိမ့်ညောင်းတဲ့ ဂီတအပေါ် အသံနေအသံအထားအပေါ်မှာ လူတွေဟာ ပျော်ရွှင်ကြတယ်၊ အလေးထားတတ်ကြတယ်ဆိုတဲ့ သဘောကို ဆရာဦးအောင်သင်းဟောတဲ့ စာပေဟောပြောပွဲတစ်ခုမှာ ကျွန်တော်နားထောင်ဖူးစဉ်က သံပရာသီးရောင်းသမားလေးအကြောင်းကို အမှတ်ရမိသေးတယ်။ ဆရာဟောတာက လူတွေဟာ အလှအပအပေါ် အနုပညာအပေါ် ခံစားချင် ပျော်ဝင်ချင်ကြတယ်ဆိုတာပေါ့။ သံပုရာသီး ရောင်းသမားက သမရိုးကျ အော်ရောင်းမယ်ဆိုရင်ပေါ့။ “သံပုရာသီးဟေ့၊ သံပုရာသီး တစ်လုံး ၅ ပြား၊ ၀ယ်ချင်ရင် ၀ယ်၊ မ၀ယ်ချင်ရင်နေ..” ဆိုရင်….  “ ဟ.. ဘာလဲဟ.. ရောင်းတာက သံပုရာသီး..အသံက ချဉ်စုပ်စုပ်နဲ့  ရိုက်လွှတ်လိုက်ရမလား ဖြစ်မှာပဲပေါ့။ ဒါပေမယ့် သံပုရာသီးသည်က ဒီလိုမအော်ဘူး..သူက အသံနေအသံထားနဲ့  အသံအနိမ့်အမြင့်နဲ့  စာချိုးစာကျနဲ့ လာတာတဲ့။ ငယ်ငယ်က ကလေးလေးတွေ မူလတန်းစာပုဒ်လေး အော်ဖတ်သလိုပေါ့ဗျာ။
“ သံပုရာသီး..သံပုရာသီး…တစ်လုံး….. ၅ ပြား၊ ၀ယ်ချင်ရင်…… ၀ယ်၊ မ၀ယ်ချင်ရင်….နေကြ၊ အဝေးကြီးရောက်မှ လှမ်းမခေါ်နဲ့၊ ပြန်မလာတော့ဘူး”
အသံနေအသံထားကောင်းလွန်းတော့.. ဆရာဦးအောင်သင်းက သူ့ရဲ့  ပုံမှန်အားပေးနေကြ ဖောက်သည်တစ်ဦး ဖြစ်သွားခဲ့တာပေါ့။

အသံသာယာမှုကို လူတိုင်းကလိုချင်ကြပါတယ်.။  ဇာတ်တော်တွေထဲမှာ ဖတ်ဖူးမိတာ တစ်ခု အမှတ်မိရတယ်။ ကရ၀ိတ်ငှက်ရဲ့ အသံဟာ သူ့အသံကြားမိသူတိုင်းက နောက်ထပ်မကြားရမနေနိုင်လောက်အောင်ကို စိတ်နှလုံးညွှတ်နူးပျော့ပြောင်းစေတယ် တဲ့။ ကရ၀ိတ်ငှက်အသံတောင် ဒီလောက်ကောင်းနေရင် လောကမှာ အတုမရှိတဲ့ ဘုရားရှင်ရဲ့ အသံတော်ဟာ ဘယ်လောက်တောင်များ သာယာနာပျော်ဖွယ်ကောင်းလိုက်မလဲပေါ့.။ နောက်ထပ်ဇာတ်တော်လာ ဂီတအသံတွေထဲမှာ ဖတ်ဖူးတာ ပဉ္စသိင်္ခ နတ်စောင်းသံ..။ သူ့ ရဲ့ စောင်းသံများတီးလိုက်ရင် ကြားမိသမျှ နတ်ကညာ၊ နတ်တကာ၊ လူတကာတို့ ပုံမှန် ရပ်တည်ခြင်း မစွမ်းနိုင်ပဲ ငေးမှိုင်ချ ရတယ်ဆိုပဲ။


        ဂီတရဲ့ လွှမ်းမိုးမှုစွမ်းအားနဲ့ ပတ်သတ်ပြီး အမေတို့ ကိုးကွယ်တဲ့ ရှေးမှီနောက်မှီ ဆရာတော်ကြီး တစ်ပါး က  ပြောပြဖူးပါတယ်။ လွတ်လပ်ရေးမရခင်မှာ ဂီတပညာရှင်တွေက ဇာတိမာန်တက်ကြွစေဖို့ ၊ အမျိုးသား ရေး စိတ်တွေ နိုးကြား အောင် စပ်ဆိုကြလို့  တိုင်းပြည် အတွက်ဆို အသက်ပင်သေပါစေ ဆိုပြီး ဗမာ့ တပ်မတော် ကို ၀င်ရောက်လာကြတဲ့လူတွေ..၊ လွတ်လပ်ပြီးခေတ်မှာ တက္ကသိုလ် ကျောင်းသားတစ်ချို့ တောခို သွားကြတဲ့အခါ ဂီတပညာရှင်တစ်ချို့ က ကျောင်းသားတွေကို အမြင်မှန်ရအောင် တေးသီစပ် ဆိုကြ တဲ့အခါ ဒီသီချင်းကြောင့် ပြန်ပြီးအလင်းဝင်လာသူတွေ မနည်းဘူးတဲ့။



       လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည်လည်း    မြန်မာ့ဂီတအနုပညာကို ခုံမင်နှစ်သက်သူ ၀ါသနာပါသူ ပုဂ္ဂိုလ်တစ်ဦးဆိုတာလည်း မှတ်သားဖူးပါတယ်။ ( မှတ်မိသေးတယ် ဂျပန်ခေတ် ရန်ကုန်ဆေးရုံကြီးဝယ် စာအုပ်ပါ - ရေးသူမမှတ်မိတော့ပါ )  ဗိုလ်ချုပ်ရဲ့  ဂီတအနုပညာခံစားပုံကလည်း တစ်မျိုး ။ တစ်နေ့ အသည်းအသန် နေမကောင်းဖြစ်ပြီး ရန်ကုန်ဆေးရုံကြီးမှာ တက်ရတယ်။ ဆရာမဒေါ်ခင်ကြည်နဲ့ တွေ့ ဆုံ ရင်းနှီးခဲ့ပြီးနောက် သူကိုယ်တိုင်လည်း  အနည်းငယ် နလန်ထူလာပြီးအခါ လသာတဲ့တစ်ညမှာ ဗိုလ်စင်္ကြာ နဲ့ အတူလာပြီး သူ့မိတ်ဆွေ ဒေါက်တာမြင့်ဆွေကို တယောထိုးခိုင်းသတဲ့။ ပြီးနောက် ဆရာမ ဒေါ်ခင်ကြည်ရဲ့ အခန်း ကိုသွားတွေ့ ဆုံနှုတ်ဆက်ပြီး ခုလိုပြောပါတယ်။ “ဆရာမ..ကျွန်တော်တို့ တွေဟာ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းတဲ့ တစ်လျှောက်လုံးမှာ ဆရာမတို့လို ကြင်နာပြုစုပေးပုံမျိုး တခါမှ မကြုံခဲ့ရ ပါဘူး..ဒီဆေးရုံရောက်မှပဲ ခုလိုပြုစုကုသပေးတဲ့ ဆရာမတို့ နဲ့ တွေ့ ရတဲ့အခါ စိတ်ထဲမှာ ချမ်းမြေ့ ကြည်နူး မိတယ်..” “ကိုင်း.. ဆရာမ သီချင်း တစ်ပုဒ်လောက်ဆိုစမ်းဗျာ..ဒေါက်တာမြင့်ဆွေ တယောကိုင်ဗျာ..” ဆိုပြီး ပွင့်ပွင့်လင်းလင်း တဆက်တည်း ပြောပါသတဲ့။ ဆရာမက..” အို ဗိုလ်ချုပ်ကလည်း ရှက်စကြီးရှင်.. ဘယ်ဆိုတတ်ပါ့မလဲ”.. ဗိုလ်ချုပ်က “ဆိုသာဆိုပါဗျာ..ကျွန်တော်တို့ ပဲ ရှိတာပဲ” ဟုပြော၏။ အတူပါလာသော ဗိုလ်စင်္ကြာက “ဆရာမ စိန်ခြူးညာညောင်..ဆိုတတ်သားပဲ” ဟု ၀င်ပြောရာ.. ဆရာမမှာ လည်း ထိုခေတ်ထိုအခါက အဓိပတိပုဂ္ဂိုလ်ကြီးနှစ်ဦးရဲ့  ခိုင်းစေမှုကို မလွန်ဆန်နိုင်တော့ပဲ ဒေါ်မေရှင်၏ သီချင်း တစ်ပုဒ်ကို ဆိုပြ ရလေတော့၏။  ထိုနောက် အများ သိကြသည့် အတိုင်း ဗိုလ်ချုပ်နှင့် ဆရာမတို့ ထိမ်းမြား မင်္ဂလာပွဲ ကျင်းပဖြစ်သော အခါတွင်လည်း ပြည်လှဖေနှင့် ဒေါ်မေရှင်၏ သီချင်းတစ်ပုဒ်ကို မင်္ဂလာ အခမ်းအနားတွင် နာမည်ကျော် စန္ဒယားဆရာကြီး ဦးဘသန်းက ကိုယ်တိုင် သီဆိုဖျော်ဖြေချီးမြှင့်၏။ နောက်ပိုင်းတွင် ရုပ်ရှင် သရုပ်ဆောင် ၀င်းဦးနှင့် အဆိုတော် တင်တင်မြတို့ ပြန်လည်သီဆိုထားကြသော "သက်ဝေ" သီချင်းဖြစ်သည်။ ကျွန်တော်တို့ အဖေ အရွယ် ဦးကြီးအရွယ်များနှင့် မြန်မာမှုဂီတအနုပညာကို ခုံမင်နှစ်သက်သူတိုင်းလိုလို သိကြသော ထိုသီချင်းကို  မြန်မာ့အသံ ရေဒီယိုတွင် တခါတရံထုတ်လွှင့်ပေးတတ်၏။
“သစ္စာမဏ္ဍိုင် မြဲခိုင်ခဲ့ပေ..၊ မေတ္တာမိုးတွေ သွန်းဖြိုးရွာစွေ…၊ အသည်းမှာစွဲမက် အသက်ကို ပုံတယ်လေ…” “ဓူဝံကြယ် မြေမှာခကြွေ..၊ ကောင်းကင်မှာ နေလတွေ ကွယ်စေ..၊ မြမြင့်မိုရ် ပြိုအက်ကာကြေ..၊ သွေကွက်မယ် စိတ်ဝယ်မထွေ…” 
အပြင်မှာ ရှာလို့ မလွယ်တော့ပါဘူး။ နောင်မှ ကျွန်တော်တင်ပေးပါဦးမယ်။
..
ထားပါတော့..။
လူတိုင်း ပျော်ရွှင်မှုကိုလိုချင်ကြပါတယ်။ ၀ါသနာအရ ပျော်ရွှင်မှုရှာဖွေကြပုံများစွာထဲမှာ ဂီတနဲ့ မွေ့လျော် တတ်ကြ သူများရဲ့  ဘ၀ဟာ ပိုပြီး နှစ်လိုပျော်ရွှင်ဖွယ် ကောင်းတယ်လို့  ကျွန်တော် ယုံကြည်မိတယ်။ ရှေးခေတ် ကာလ များစွာ ကတည်းက လူသားတွေဟာ သူတို့ နေထိုင်ရာအရပ်ဒေသအမျိုးမျိုးမှာ  ဂီတကို ဖန်တီးခဲ့ကြ နားဆင် ခံစားခဲ့ကြတယ်။ လူ့ယဉ်ကျေးမှုသမိုင်း ထွန်းကားတိုးတက်လာတာနဲ့ အမျှ ဂီတ တူရိယာပစ္စည်းတွေကို ဖန်တီး လုပ်ဆောင်ပြီး သာယာငြိမ့်ညောင်းတဲ့ ဂီတသံစဉ်တွေကို ဖန်တီးခဲ့ကြတယ်။ ဒါပေမယ့် လူတိုင်းကတော့ သီချင်းဂီတတွေကို နှစ်သက်သူတွေမဟုတ်ကြပါဘူး။
                        ကျွန်တော်ပြောချင်တဲ့ အကြောင်းအရာကို ဂီတ အနုပညာ နဲ့ ဘ၀ပျော်ရွှင်မှု လို့ပေး ထား တဲ့နေရာ မှာ သံစဉ်ဂီတ တစ်မျိုးတည်းကို ဆိုလိုတာမဟုတ်ပါဘူး။ သံစဉ်နဲ့ တေးသွား စာသားတို့ အချိုး ညီစွာပေါင်းစပ်ဖြစ်ပေါ်လာတဲ့ တေးသီချင်းများကို ဆိုလိုတာပါ။ ဒီနေရာမှာထပ်ပြီး တဆင့် ရှင်းရဦးမယ် ။ တေးသီချင်းတိုင်းဟာ ပျော်ရွှင်မှုကိုပေးသလား.. ဆိုတော့ ဥပမာ ပြောရရင် ဒီဘက်ခေတ်ကာလ အသက် ၂၅ နှစ် ၃၀ ၀န်းကျင် လူတစ်ဦးကို စန္ဒရာဦးလှထွတ် သီချင်းဖွင့်ပြပြီဆိုပါတော့ သူ ပျော်ပါ့မလား။ မိန်းကလေးတစ်ဦးဆိုရင်လည်း တင်တင်မြတို့ ခင်ညွှန်ရီတို့ဖွင့်ပြလိုက်ရင် ခေါင်းကုတ်ပြီး စိတ်ညစ်နေမလား။ ဒီနေရာမှာ သီချင်းနဲ့ ဂီတ ကိုနားလည်ခံစားမှု ဆိုတဲ့ဝေါဟာရမှာ ဘယ်လိုအရာတွေ ဘယ်လိုအခြေအနေတွေ လိုအပ်သေးတယ်ဆိုတာ ရှိနေပြန်ပါသေးတယ်။ သီချင်းဂီတတွေအပေါ်နားလည်ခံစားတတ်မှုဟာ အသက် အရွယ် ခေတ်ကာလနဲ့ နားဆင်သူရဲ့  အတွေးအမြင် နဲ့ ဂီတရသအပေါ်ခံစားတတ်မှုရယ်၊  အနုပညာစိတ် ပင်ကိုယ်ဓာတ်ခံအပေါ်မူတည်ပြီး မတူကြတာကိုတွေ့ ရတယ်။ ဒီလို သီချင်းမျိုးတွေကို တစ်ချို့က   ခေတ်မရှိတော့ဘူး ဆိုပြီး လှောင်ပြုံးကြ၊ ရယ်ကြပြန်တယ်။
        ခေတ်ဟောင်းတေးတွေ အသုံးမကျဘူး တန်ဖိုးမရှိတော့ဘူးလို့ သတ်မှတ်စတမ်းဆိုရင် ရှေးဟောင်း ပစ္စည်း တစ်ချို့ ဟာ ဘာကြောင့် ကားသစ်တစ်စီးထက် တန်ဖိုးမြင့်နေရသလဲ။ ကမ္ဘာလှည့်တွေ ပုဂံကိုဘာကြောင့် သွားနေကြသလဲ။
 ကမ္ဘာအရပ်ရပ်က ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေကို လေးစားအားကျလို့  လာရောက်လေ့လာ လည်ပတ် ကျတဲ့ နိုင်ငံခြားသားတွေ လာရောက်လေ့လာကြတယ်။ သမိုင်းယဉ်ကျေးမှုတန်ဖိုး မြင့်မား လှတဲ့ ပုဂံရဲ့ ခမ်းနား တင့်တယ်မှု၊ ဒီစေတီဘယ်သူတည်တယ်၊ တည်ဆောက်ထားပုံ၊ အလင်းအမှောင် အယူအဆ ၊ ဆေးရေးပန်းချီ အနုပညာလက်ရာတွေကို အလေးအနက်ထားပြီး အသေးစိတ်လေ့လာ မှတ်တမ်းတင်တယ်။ မြန်မာတွေကတော့ ဘုရားလည်ထွက်တာလောက်ပဲ သဘောထားကြတယ်။  ဒီသဘောကိုက အနုပညာ ခံစားတတ်မှု တန်ဖိုးထားမှု စံတွေ လွဲနေတယ်ဆိုတာ ဒါကို ပြောချင်တာပါ။
            ဂီတကို ကျွန်တော် “အနုပညာ” ဆိုတဲ့ ဝေါဟာရနဲ့ တွဲပြီးသုံးထားတာ ဒီအချက်ကြောင့်ပါ။ ဂီတကို လူတွေနားထောင်ကြတယ်။ သီချင်းတွေဆိုကြတယ်။ ဒါပေမယ့် ခုနကလို မြန်မာ့ရေမြေ၊ မြန်မာ့လူအဖွဲ့ အစည်း၊ ဘာသာတရားစတဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ၊ အသိပညာပိုင်းဆိုင်ရာ၊ အတွေးအမြင်ခံယူချက်တွေမှာ စံထားရမယ့် အနုပညာသဘောကို နားမလည်ရင် ဒါဟာ အပေါ်ယံဖျော်ဖြေမှုတစ်ခုထက်ပိုပြီး ဘာမှအသုံးဝင်မှာ တန်ဖိုးရှိမှာ မဟုတ်ပါဘူး။
ဒီနေရာမှာ အလျင်းသင့်လို့ မြန်မာရိုးရာသီချင်းဂီတတွေအပေါ်ထားရှိကြတဲ့ မြန်မာပြည်ကလူတွေရဲ့ အမြင်နဲ့  ပြည်ပမှာ ဥပမာ - အမေရိက ကလို ဂီတအပေါ်တန်ဖိုးထားကြတဲ့ လူတွေရဲ့အမြင်နဲ့ အလေးထားဆက်ဆံပုံ မတူကြတာကို မြန်မာသံ အဆိုတော်တစ်ဦးရင်ဖွင့်ပြောဖူးတဲ့ အကြောင်းလည်း မှတ်သားဖူးပါတယ်။
သူတို့ ဆီမှာ Classics ဂန္တ၀င်ဂီတတွေကို သိပ်တန်ဘိုးထားတယ် လေးစားတယ်တဲ့။ သာမာန်ခေတ်ပေါ် သီချင်းတွေ တီးဝိုင်းတွေရဲ့  ပွဲတွေကိုသွားကြည့်ရင် ဘယ်လိုအ၀တ်အစားပဲ ၀တ်ဝတ် ရတယ်။ ဘောင်းဘီ တိုနဲ့ ပဲသွားသွား၊ အင်္ကျီလည်း ၀တ်ချင်တာဝတ်၊ လတ်မှတ်ခ ပွဲခကလည်း ဒေါ်လာ ၂၀၊ ၃၀၊ ၄၀ လောက်ဆို ကြည့်လို့ ရပြီပေါ့။ ဒါပေမယ့် ခုနကလို သူတို့ နိုင်ငံရဲ့  ဂန္တ၀င်တေး ခေတ်ဟောင်းဂီတ ပညာရှင် တွေ ရဲ့ တေး သွားတွေ သီဆိုမှုတွေကို ကြည့်မယ်ဆိုရင် အနည်းဆုံး ဒေါ်လာ ၁၀၀၊ ၂၀၀ လောက် ပေးကြည့်ရ တယ် ဆိုပဲ။ အ၀တ်အစားလည်း ဖြစ်သလိုဝတ်လာရင် လတ်မှတ်စစ် အပေါက်စောင့်ကတောင် လက်မခံဘူး တဲ့။ သပ်သပ်ရပ်ရပ်နဲ့ သူတို့ရဲ့ အနောက်တိုင်း ၀တ်စုံပြည့်ဝတ်ပြီးမှ ဒီလိုပွဲမျိုးကို ကြည့်ခွင့်ရ တယ် ၊ ကြည့်ကြရ တယ်ပေါ့။ တို့ဆီမှာတော့ ပြောင်းပြန်၊ ပေါ်ပင်ဖြစ်တဲ့ ဂီတ ခေတ်စတိတ်ရှိုးတွေကို မတန်တဆ ပေးကြည့် ရပြီး လေးစားရမယ့် မြန်မာသံဂီတတွေအပေါ်မှာတော့ တန်ဖိုးထားရကောင်းမှန်း မသိကြဘူးပေါ့။
                ဒီနေရာမှာ သီချင်းဂီတနဲ့ အနုပညာ အပေါ်မှာ လူတွေခံစားနားလည်ပုံ အများကြီးကွာနေတာ ဂီတတန်ဖိုးအပေါ် တွေးခေါ်စဉ်းစားပုံတွေ လိုအပ်နေတာတွေဟာ ရှင်းနေပါတယ်။       
တကယ်တမ်း လည်း ကျွန်တော့်အမြင်အရ ပြောရရင် မြန်မာသီချင်း တစ်ချို့ ဂန္တ၀င် ဂီတတွေမှာ မြန်မာ့ယဉ်ကျေးမှု၊ ဓလေ့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေရဲ့  စိတ်နေစရိုက်နဲ့ အများကြီး လိုက်ဘက်ကိုက်ညီတဲ့ အတွေးအခေါ်သဘောတွေ၊ စိတ်နေတတ်ဖို့ စိတ်ထားတတ်ဖို့ အကြောင်းတရားတွေကို ဂီတနဲ့ ရောယှက် ထည့်သွင်း ပေးထားတဲ့ တေးသွားတွေ အများကြီးပါပဲ။ ဒီသဘောကို သိနားလည်တဲ့ ဂီတ အပေါ်ဝါသနာပါတဲ့ သူတွေ သဘောပေါက်မှာပါ။ ဟိုအရင်ခေတ်မှ သည် ကျွန်တော်တို့ ငယ်စဉ်ကာလကနေ သည်ဘက် စတီဒီယိုခေတ် နှောင်းပိုင်း ကာလ လောက်ထိကို သီချင်းရေးစပ်သူရော နားဆင်ခံစားသူ ပရိတ်သတ်များပါ သတိထားမိမှာပါ။ သီချင်းတစ်ပုဒ် စပ်ဆိုတဲ့နေရာမှာ ရေးစပ်သူရဲ့  စာပေ၀မ်းစာ ပြည့်ဝမှု၊ အတွေးဥာဏ် ရင့်သန်မှု၊ သီချင်းစာသားရဲ့  အနက်အဓိပ္ပါယ်တွေဟာ လူတစ်ယောက်ရဲ့  စိတ်နှလုံး အတွေးအခေါ်နဲ့ ခံစားမှုတွေ အပြုသဘောဆောင်မှုကို ရှေးရှုပြီး ရေးသားကြ သီဆိုကြတဲ့ သီချင်းမျိုးတွေပေါ့။ အချစ်မေတ္တာဖွဲ့ တေးဆိုရင်လည်း ဆိုလိုတဲ့သဘော ရေးစပ်သူ သီဆိုသူရဲ့ ပေးချင် ပြောချင်တဲ့ သီချင်းရသကို ကောင်းကောင်းခံစားလို့ ရပါတယ်။ အချိန်ကြာလေ အရိုးစွဲလေ ပိုပြီး နားထောင်လို့ ကောင်းလေပါပဲ။  သီချင်းကောင်းတစ်ပုဒ်တစ်ပုဒ်ဟာ ရုပ်ရှင်ဇာတ်ကားကောင်း တစ်ကားလို၊ ၀တ္ထုဇာတ်လမ်းကောင်းတစ်ပုဒ်လို လေးလေးနက်နက် ရှိလှတယ်။
       ဒီဘက်ခေတ်နောက်ပိုင်း သီချင်းတွေကိုကြည့်မယ်ဆိုရင် ဒီလိုသဘောမျိုးတွေ ရှားပါးသွားပါပြီ။ နားထောင်လို့ ကောင်းတဲ့ သာယာနာပျော်ဖွယ် သီချင်းကောင်းလေးတွေလည်း ရှိကြပေမယ့် အများစုက သံစဥ်ပေါက်ကွဲမှု၊ သွေးဆူ စီးမျောမှုကို အသားပေးပြီး စာသားတွေ ရသတွေက ဦးတည်ချက်မရှိတော့ပါဘူး။ အများစုဟာ စိတ်ကျဉ်းကြပ်မှုတွေ ပေါက်ကွဲဖို့ ၊ ဆွေးမြေ့ခံစားဖို့  ဆိတ်သုဉ်းဖို့ တွေကို ရည်ညွှန်းတဲ့ အနှစ် သာရ မဲ့တဲ့ အသုံးအနှုန်းတွေသာ အများစုနေရာယူထားကြတာကို တွေ့ ရပါတယ်။ နောက်ဆုံး ကျွန်တော် ကြုံဖူးတဲ့ ရန်ကုန်မြို့ က ဘုရားလှည့်ပွဲတစ်ခုက အတွေ့ အကြုံကတော့ အတော်လေးရုပ်ပျက်လွန်းသည်။ ကားတွေ စီတန်းလှည့်လည်ကြတဲ့ နှစ်စဉ်ကျင်းပတဲ့ ပွဲမှာ ဆိုင်ရာဆိုင်ရာ ဘုရားဆင်းတုတွေကို ကားနဲ့ ရပ်ကွက် အလိုက်တင်ကြပြီး လှည့်ကြတဲ့အခါ ကားတစ်ကားဆီက ဘုရားကို ကိုယ်စားပြုပူဇော်ပေးကြတဲ့ ဂီတတွေက ကုလားတီးလုံးနဲ့ Rock နဲ့ ပေါင်းစပ်ထားတဲ့ အသံတွေရော၊ ကိုကြီးကျော်တွေရော၊ ၀က်ဝက်ကိုကွဲလို့ ဗျာ။ ကောင်းရော။ ကျွန်တော်တို့ နယ်ဘက် အရပ်ဒေသမှာ ဆိုရင် တောင် တစ်ခါတစ်လေ တစ်နေရာ နှစ်နေရာ ဆိုသလို သည်လို အမြီး အမောက် မတည့်တာတွေ တွေ့ ရတတ်ပါသေးတယ်။
          ဒါကို သရုပ်ပျက် ဂီတလို့ မဆိုလိုပါဘူး။ ခေတ်ကာလအလျောက် ယဉ်ကျေးမှုစီးဆင်းမှု ကူးလူး ဆက်ဆံမှု က မြန်ဆန်တဲ့အတွက် နားလည်ပေးရမှာပါပဲ။ လူတိုင်းမှာ ကိုယ်နှစ်သက်ရာ၊ ကိုယ်ခံစားတတ်ရာ ဂီတနဲ့ မွေ့လျော်နိုင်ပါတယ်။ နားဆင်နိုင်ပါတယ်။ ဒါပေမယ့် ခုနကလို မလုပ်သင့်မလုပ်ထိုက်မှန်း မအပ်စပ်တဲ့ အရာမှန်း မသိကြတာကတော့ ၀မ်းနည်းစရာပါ။ ပြည်ပက ကမ္ဘာ လှည့် တွေ ဧည့်သည်တွေက ဒါလား မြန်မာ ဘုရားပူဇော်ပွဲဆိုပြီး  ကြည့်သွားကြ မှတ်တမ်းတင်သွားကြရင်တော့ ရှက်စရာကောင်းလှတယ်။
        သီချင်းကို တစ်ချို့ က ဖျော်ဖြေမှုတစ်ခုလို့ မြင်တယ်။ တစ်ချို့ က စိတ်ခံစားမှုနဲ့ကျဉ်းကြပ်မှုတွေကို ပယ်ဖျောက်ဖို့အရာ တစ်ခုလို့  ..့ မြင်တယ်။  အမြင်အမျိုးမျိုးပေါ့။ တစ်ချို့က သီချင်းဂီတတွေကို လုံးဝတောင် ၀ါသနာ မပါကြပါဘူး။  ရုပ်ရှင်သရုပ်ဆောင် “အရိုင်း” ခေါ် ကိုအောင်သန်းဦးနဲ့  အမေးအဖြေကဏ္ဍ တစ်ခုကို ကျွန်တော် Radio မှာ နားထောင်ဖူးတယ်။ ဂီတနဲ့ ပတ်သတ်ပြီး ပြောဖူးတဲ့ စကားလေးတွေလည်း မှတ်သားစရာပါ။ သူကြိုက်တဲ့ သီချင်းတွေကို ဟိုအရင်ခေတ် မောင်မောင်ကြီးတို့လို သီချင်းတွေလည်းပါတာပေါ့။ နောက်ပိုင်း ထူးအိမ်သင်တို့ ခေတ်လောက်ထိပေါ့နော်။ ဒီလို အရင်ကသီချင်းလေးတွေ နားထောင်ဖြစ်တဲ့အခါ စိတ်ခံစားမှု ကြည်နူးမှု တစ်ခုရမိတယ် ဆိုတာပေါ့။ တစ်ချိန်တစ်ခါက ဖြတ်သန်းခဲ့ဖူးတဲ့ ဘ၀အတွေ့အကြုံတွေ၊ ကျင်လည်ခဲ့တဲ့ ပတ်ဝန်းကျင်တွေမှာ ဒီသီချင်းတွေနဲ့အတူ ဖြတ်သန်းလာခဲ့တော့ နောင်တစ်ချိန်မှာ ဒီလိုသီချင်းတွေကို ပြန်နားထောင်ရတဲ့အခါ တစ်ချိန်ကကာလကိုရော အပေါင်းအသင်းတွေကိုပါ မြင်ယောင်ခံစားမိ သတိရမိတယ်ပေါ့။ အဲဒါကြောင့် တခါတလေ ပြန်နားထောင်ဖြစ်တယ် ဆိုတာလေးပါ။
ဒီသဘောလေးကို ပြောချင်တာက.. တစ်ချို့ သူငယ်ချင်းတွေ သတိထားမိစေချင်လို့ပါ။ အိမ်မှာ တခါတလေ ကိုယ်က ကိုယ်ကြိုက်တဲ့ ခေတ်ပေါ်သီချင်းတွေ ဖွင့်ချင်တယ် နားထောင်ချင်တယ် အဘိုးအဘွား၊ အဖေ အမေတွေ ဒါမှမဟုတ် ကိုယ့်နဲ့ အသက်ကွာတဲ့ အစ်ကိုအစ်မကြီးတွေက ကိုယ်မကြိုက်တဲ့ ဟိုအရင်က သီချင်း တွေ အများ အားဖြင့် ပြောတတ်ကြတဲ့ ပျင်းစရာကြီးတွေ ဆိုတဲ့ သီချင်းတွေပေါ့ဗျာ။ သူတို့ ဖွင့်နေ နားထောင်နေရင် မလှောင်ပြောင်လိုက်ပါနဲ့ဦး။ အတွေးအမြင်ကျယ်ကျယ်နဲ့ နားလည်လက်ခံပေးတတ်ဖို့ ကြိုးစား ကြည့်ပါ ။ ခေတ်ကုန်နေပြီလို့ ပြောကြတဲ့သူတွေကို စဉ်းစားကြည့်တဲ့အခါ သူတို့ နားလည်ကြတဲ့ ခေတ်ဆိုတာ သူတို့ အသက် အရွယ်နဲ့ ပဲ နှိုင်းယှဉ်ပြီး ဒီ နှစ် ၂၀၊ ၃၀၊ ၄၀ ၀န်းကျင် အချိန်ကာလ လေး တစ်ခု ကို နှိုင်းယှဥ်ပြောကြတယ်။ ကျွန်တော်တို့ အပါအ၀င် သူသူကိုယ်ကိုယ် ပေါ့လေ။ ခုနက ပြောတဲ့ ခေတ် ဆိုတဲ့ကာလကို ဘယ်လောက်များများထိများ အသက်ရှင်နေနိုင်ကြမှာမိုလို့ များလည်း။ လူ့ယဉ်ကျေးမှုသမိုင်း ထွန်းကား လာခဲ့တာ သမိုင်းတင်ပြီးခေတ် စာပေအရေးအသားပေါ်လာတဲ့ နှစ် ၅၀၀၀ လောက်ကစပြီး တစတစ တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ကိုနားလည်ကြပါ့မလား။
               လူမျိုးတိုင်းမှာ ယဉ်ကျေးမှုအစဉ်အလာအရ သမိုင်းအစဉ်အလာအရ တန်ဖိုးထားသင့်တဲ့ ထိန်းသိမ်း သင့်တဲ့ အနုပညာတွေ ဂီတတွေ၊သီချင်းတွေကို နားလည်ခံစားတတ်ပါ့မလား။ လူအများစု နားလည်ကြတဲ့ ခေတ်ဆိုတာ လက်ရှိကမ္ဘာရဲ့  မျက်မြင်ဂီတ၊ အရေးအသား၊ ၀တ်စားဆင်ယင်ပုံ ဒါတွေ အကုန် အတုယူ လိုက်လုပ်မှ ခံစားမှ ခေတ်မီတယ် လူရာဝင်တယ်လို့  တထွာလောက်အမြင်နဲ့ ပဲ ခံယူတတ်ကြတယ်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားဘ၀က ဆရာတစ်ဦးပြောဖူးတာလေး အမှတ်ရမိတယ်။ “မင်းတို့  ခေတ်မီတယ် ခေတ်နောက်ကျတယ်..စသဖြင့် ပြောဆို သုံးနှုန်း ကြတဲ့စကားကို သုံးကြတဲ့နေရာမှာ တကယ် သဘောက ပြောင်းပြန်ဖြစ်နေတယ်. ခေတ်ဆိုတာကို ဒီဘက် နှစ် ၂၀၊ ၃၀ လောက်ကို လွန်ခဲ့တဲ့နှစ် ၂၀၊ ၃၀ လောက်နဲ့ ပဲ ယှဉ်တွေးပြီး အမြင်ကျဉ်းကျဉ်းနဲ့ ပြောကြတယ် ..ဒါဟာတကယ်တော့ ခေတ်မီတာမဟုတ်ဘူး.. ဒီလိုတွေးသူကိုယ်တိုင်ကိုက အသိအမြင်ကိုက ခေတ်တုံးနေတာ.. အနောက်နိုင်ငံတွေက ပညာတတ် အသိုင်း အ၀ိုင်း ခု မင်းတို့လို တက္ကသိုလ်အသိုင်းအ၀ိုင်းတွေမှာ စာပေတန်ဖိုး၊ ဂီတတန်ဖိုး၊ ယဉ်ကျေးမှု၊ အနုပညာတွေ ရဲ့ တန်ဖိုးကို သိသူတွေ တန်ဖိုးထားသူတွေဟာ ဘယ်ခေတ်ကာလမဆို သူတို့ ရဲ့ ဂီတ အနုပညာတန်ဖိုး၊ ယဉ်ကျေးမှု တန်ဖိုး၊ တခြားနိုင်ငံသားတွေရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို လေးစားကြတယ် ..နားလည်ကြတယ်တဲ့.. ဒီလို လေးစားလက်ခံတတ်ခြင်းကိုက တိုးတက်လာတဲ့ ပညာခေတ်ရဲ့  လူ့ ယဉ်ကျေးမှု စံတစ်ခုပဲ.. ဒီလိုတွေးတတ်မှ ခေတ်မီတယ်လို့ ပြောရတယ်..” တဲ့။ မှတ်သားဖူးတာလေးပါ။


   
                ဂီတအနုပညာသာ မရှိရင် ကမ္ဘာလောကကြီးဟာ ငြီးငွေ့ဖွယ်ကောင်းတဲ့ နေရာ ဖြစ်သွားမှာပါ။ သဘာဝတရားမှာတောင် ဂီတနဲ့ အတိပြီးနေတယ်။ သစ်ပင်၊ လေနဲ့လှိုင်းတို့ရဲ့  လှုပ်ရှားမှုတွေမှာ ဂီတသံစဉ် ရှိတယ်။ ၊  ငှက်နဲ့ တိရစ္ဆာန်တွေ ပျံသန်းရာမှာရော ဂီတသံစဉ် ရှိတယ်။ ဂီတရဲ့ တန်ဖိုးကို လူတွေ ခံစားတတ် လာတာဟာ ဒီအရာတွေ အားလုံးဆီကပါပဲ။
            ဂီတဟာ လူသားတွေ ပျော်ရွှင်မှုအတွက် အရမ်းအရေးကြီးတာကို ငြင်းရခက်ပါတယ်။ ဂီတဟာ လူသားတွေရဲ့  စိတ်ဓာတ်ကျဆင်းမှုကို ဖယ်ရှားပေးသလို ၀မ်းသာမှုနဲ့ လည်း ဖြည့်ပေးတယ်။ ဂီတရဲ့ သဘော ဟာ သိပ်ထူးဆန်းတယ်။ လူတွေရဲ့ စိတ်နှလုံးကို ပျော့ပြောင်းစေတယ် နူးညံ့စေတယ်။ စဉ်းစားကြည့်တဲ့အခါ အဲဒီထက် ပိုပြီး အင်အားကြီးတာဟာ သီချင်း လို့ ခေါ်တဲ့ သာယာနာပျော်ဖွယ်ဂီတနဲ့ သိမ်မွေ့ နူးညံ့တဲ့ စကားလုံး လေးတွေကို သီဖွဲ့ ထားတဲ့ ကိုင်တွယ်လို့ မရတဲ့ ဒြပ်မဲ့အရာတစ်ခုပါ။ ဒါပေမယ့် သည်အရာကပဲ ခက်ထန်သူကို နူးညံ့စေတယ်။ တွေဝေသူကို တက်ကြွစေတယ် ငေးမှိုင်နေသူကို ရွှင်လန်းစေတယ်။ နာမကျန်းဖြစ်နေတဲ့ လူတွေကို စိတ်ရွှင်လန်း တက်ကြွစေဖို့ ဆေးရုံတစ်ချို့ တွေမှာတောင် ဂီတကို ဖွင့်ပေး တာ တွေဟာ ဒီအကြောင်းကြောင့်ပဲပေါ့။
            ဂီတဟာ လူသားတွေကို ပျော်ရွှင်အောင် လုပ်ပေးနိုင်စွမ်းရှိတဲ့အတွက် လူတွေရဲ့  ဘ၀အောင်မြင်မှု ကို တနည်းတဖုံ အားဖြည့်ပံ့ပိုးပေးပါတယ်။ ပျော်ရွှင်တဲ့လူဟာ ကြိုးစားတဲ့ အလုပ်သမားကောင်းပါ။ ဒါကြောင့် စစ်မှန်တဲ့ ဂီတအနုပညာကို ခံစား နားလည်တတ်ခြင်းဟာ ဘ၀ပျော်ရွှင်မှုအတွက် သော့ချက်ကောင်း တစ်ခုပါပဲ။
ရိုးရှင်းပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ ကိုယ့်ရဲ့ ယဉ်ကျေးမှုဆိုင်ရာ၊ ဘာသာတရားဆိုင်ရာ၊ အနုပညာရသပြည့်ဝတဲ့ ဂီတတွေ၊ တေးသီချင်းတွေကို နားဆင်ခံစားရင်း ဒီတေးသီချင်းတွေကနေ ဘ၀အတွက် ခွန်အား၊ အသိခွန်အား ကိုပေးတယ်။  အားလုံးအပေါ်မှာ ကိုယ်နဲ့ ထပ်တူ ပျော်ရွှင်ကျေနပ်စေလိုတဲ့ မေတ္တာစိတ်၊ အကောင်းဘက်ရှေးရှုတဲ့ စိတ်အမြင်နဲ့ နေထိုင်သွားကြမယ်ဆိုရင် ကိုယ့်ရဲ့ ဘ၀ဟာလည်း  ဂီတ သံစဉ်ကောင်း တစ်ပုဒ်လိုပဲ သာယာလှပတဲ့ အနာဂတ်ကို ပိုင်ဆိုင်ကြမှာပါ။
              ဂီတကို ဘ၀နဲ့ ပတ်သတ်ပြီး ရေးဖူးတဲ့ ဆရာမင်းလူရဲ့ စာသားလေး တစ်ခုလိုပေါ့။
“ဘ၀ဆိုတာ ကက်ဆက်ခွေတစ်ခုလို နောက်ပြန်လှည့်လို့ မရပေမယ့်၊ A ဆိုဒ်ရဲ့ အဆုံးဟာ B ဆိုဒ်ရဲ့ အစပါပဲ”
ဂီတအနုပညာနဲ့ ဂီတရသအပေါ်မှာ အမှန်တကယ် နားလည်ခံစားတတ်ပြီဆိုရင်  ကျန်တဲ့တစ်ဝက်ကို ကျွန်တော်တို့ ပျော်ရွှင်စွာ နားဆင်ကြရအောင်ပါ။

ခင်မင်လေးစားလျက်..
နန္ဒ
June 6, 2011
4:00 am

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>