2 3 4 5 6 7 8 9 10

Tuesday, March 24, 2015

ခေတ်မီခြင်းနဲ့ ခေတ်ဆန်ခြင်း ( လူထုစိန်ဝင်း )


    ရန်ကုန်မြို့လယ်မှာ အင်္ဂလိပ်စကားပြောသင် ဆရာ အဖြစ် နှစ်ပေါင်း ၂၀ ကျော် လုပ်ခဲ့တာကြောင့် ရွှေမြို့တော်ကြီး ရဲ့  “ရေပေါ်ဆီ” လို့ သတ်မှတ်နိုင်တဲ့ အလွှာထဲက လူငယ် လုံမငယ်လေးတွေနဲ့ အထိအတွေ့ များပါတယ်။
    ၁၉၈၀ လောက်ကဆိုတော့ ခုခေတ်လို ကုမ္ပဏီတွေဘာတွေ  ရှိကြသေးတာ မဟုတ်တဲ့အပြင် နိုင်ငံခြားသွားဖို့ အခွင့်အလမ်း ကလည်း အလွန်နည်းတာကြောင့် အင်္ဂလိပ်စကားပြော သင်တာ ခေတ်မစားလှသေးပါဘူး။ အဲဒီကာလက နိုင်ငံခြားသွားခွင့် ရနေတာက သင်္ဘောသားနဲ့ ဆရာဝန်တွေသာ များပါတယ်။ ဒါကြောင့် သင်တန်းလာတတ်တဲ့ အထဲမှာ ဆရာဝန်နဲ့ ဆေးကျောင်းသားတွေ၊ သင်္ဘောသားတွေနဲ့ သင်္ဘောလိုက်ဖို့ ကြိုးစားနေသူတွေ၊ သင်္ဘောအင်ဂျင်နီယာ အင်ဂျင်ကဒက် လုပ်ဖို့ ကြိုးစားနေသူတွေ များပါတယ်။ ဒီလူတွေအားလုံး အများအားဖြင့် ရန်ကုန် ရွှေမြို့တော်ရဲ့  လူကုံထံ အသိုင်း အ၀ိုင်းကသာ ဖြစ်တတ်ကြပါတယ်။

    လူကုံထံ အသိုင်းအ၀ိုင်းက ဆိုတော့ သုံးနိုင်၊ စွဲနိုင်၊ စားနိုင်၊ သောက်နိုင်ကြရုံလောက်သာမက ဖြုန်းလည်း ဖြုန်းနိုင်ကြ ပါတယ်။ ၀တ်တာစားတာလည်း ခေတ်ဆန်ဆန် ကောင်းပေ့ဆိုတာမှန်သမျှ မရိုးရအောင် ခါးပေါ်တင်နိုင် ကြပါတယ်။ ကြည့်လိုက်ရင်တော့ တကယ့် မြို့ကြီးသူ မြို့ကြီးသားတွေပါပဲ။ ကမ္ဘာနဲ့ ရင်ပေါင်တန်းနိုင်သူတွေလို့ ထင်စရာ ပါပဲ။

    ဒါပေမယ်လို့ အသိဉာဏ် ဗဟုသုတ အရာမှာတော့ သနားစရာကောင်းလှအောင် နုံနဲ့လှပါတယ်။ ဆရာဝန် ပေါက်စက နှလုံးကို ပထမဆုံး အစားထိုးလဲလှယ် ကုသနိုင်ခဲ့တဲ့ ဆရာဝန်ကြီး “ဒေါက်တာ ခရစ္စယန် ဘားနဒ်” ကို ဘယ်နိုင်ငံသားမှန်း မသိကြပါဘူး။ အသားဖြူတဲ့ လူဆိုတော့ အမေရိကန် လူမျိုးလို့ပဲ ထင်နေကြသူတွေက များပါတယ်။ ဆရာဝန်ကြီး ဘားနဒ်ရဲ့  တောင်အာဖရိကနိုင်ငံမှာ လူမည်းတွေနဲ့ ဇူလူးတိုင်းရင်းသားတွေ သာမက လူဖြူတွေလည်း ရှိကြတယ်။ အဲဒီ လူဖြူ လူနည်းစုက တိုင်းရင်းသား လူများစုလူမည်းတွေကို ငွေဝယ်ကျွန်လို သဘောထားပြီး အုပ်စိုးနေကြတယ်ဆိုတာတွေကို မသိပါဘူး။ ဗီတာမင်စီရဲ့  စွမ်းအားကို ပထမဆုံး ဖော်ထုတ်တင်ပြခဲ့တဲ့ နိုဘဲလ်ဆုရ ဆရာဝန်ကြီး လင်းနပ်ပေါလင်း အကြောင်းကိုလည်း မကြားဖူးကြပါဘူး။
    ကျောင်းသူကျောင်းသား အများစုက ဆရာထုတ်ပေးတဲ့ မှတ်စုလောက်သာ အလွတ်ကျက်ပြီး စာမေးပွဲ အောင်လာကြတာ များပါတယ်။ ကိုယ်သင်ယူခဲ့တဲ့ ဘာသာရပ်ကိုတောင် ပိုင်ပိုင်နိုင်နိုင် မသိပါဘူး။ အဲဒီ ဘာသာရပ်ဆိုင်ရာ ပြဌာန်းစာအုပ်ကြီးတွေ ဖတ်လည်း မဖတ်နိုင်ပါဘူး။ ရှာဖွေဖတ်ရှုရကောင်းမှန်းလည်း မသိကြပါဘူး။ သူတို့ရဲ့  ပညာသင်တဲ့ ရည်ရွယ်ချက်က စာမေးပွဲအောင်ဖို့လောက်ပါပဲ။ ဒီထက် မပိုပါဘူး။ တကယ်က ပညာသင်တယ်ဆိုတာ ပိုက်ဆံရှာဖို့ လောက်သာ မဟုတ်ပါဘူး။ “သိဖို့” ဖြစ်တယ်။ ပညာရပ်ကို သိဖို့၊ လောကကို သိဖို့၊ လူတွေကို သိဖို့ ဖြစ်တယ်။

    “သိပြီးရင် ဘာလုပ်မှာလဲ” ဆိုတဲ့ မေးခွန်း ဆက်မေးဖို့ ရှိပါတယ်။ ပညာရပ်ကို သိ၊ လောကကို သိ၊ လူတွေကို သိမှ လူ့လောကမှာ စိတ်နှလုံး ချမ်းမြေ့စွာ နေနိုင်မှာ ဖြစ်ပါတယ်။ လူ့လောကမှာ နေထိုင်ပြီး ဒုက္ခ၊ သုက္ခတွေနဲ့ချည်း၊ နပမ်းလုံး နေရပြီး ကိုယ် စိတ်နှလုံး အမြဲတမ်း ပူပန်ညှိုးချုံးနေရရင် ဘယ်မှာလာ လူဖြစ်ရကျိုးနပ်တော့မှာလဲ။ ပညာသင်တယ်ဆိုတာ “ လူဖြစ်ရကျိုးနပ်အောင် နေတတ်ဖို့” ဖြစ်တယ်လို့လည်း ကောက်ယူနိုင်ပါတယ်။

    လောကကို သိခြင်းဆိုတာ အမြဲတစေ ခေတ်မီခြင်းကို ဆိုလိုတာဖြစ်တယ်။ အသိအမြင် အတွေးအခေါ်တွေဟာ အမြဲတမ်း ခေတ်နဲ့ လိုက်လျောညီထွေ ဖြစ်နေရပါမယ်။ လူတိုင်း ခေတ်မီဖို့ လိုအပ်တယ်။ ဒါကြောင့် ခေတ်မီအောင် အမြဲတမ်း ဆည်းပူးလေ့လာနေရပါမယ်။  ဒါပေမယ့်လို့ ခေတ်မီခြင်းနဲ့ ခေတ်ဆန်ခြင်းကို ရောထွေးမပစ်စေချင်ပါဘူး။ ခေတ်ဆန်ခြင်းဆိုတာက အတု အယောင် သဘော၊ လျှပ်ပေါ်လော်လီတဲ့ သဘော သက်ရောက်ပါတယ်။ ဘိုဆန်တယ်၊ မိန်းမလျှာ ဆန်တယ်ဆိုတဲ့ စကားတွေကြည့်ပါ။ ဘိုဆန်တယ် ဆိုတာက ဘို ( ဥရောပတိုက်သား၊ မျက်နှာဖြူ ) နဲ့ တူအောင် တုပနေထိုင် ပြောဆိုတာကို ရည်ညွှန်းပြောဆိုတာ ဖြစ်တယ်။ မိန်းမလျှာဆန်တယ် ဆိုတာက မိန်းမမဟုတ်ဘဲနဲ့ မိန်းမကို တုပပြီး ကနွဲ့ကလျနဲ့ ပြောဆိုနေထိုင်တာ ဖြစ်တယ်။ ဒါကြောင့် “ခေတ်ဆန်” တယ်ဆိုတာ မကောင်းတဲ့ အဓိပ္ပာယ်နဲ့ ( Negative Sense ) ပြောဆိုခြင်း ဖြစ်ပါတယ်။
    ခေတ်မီတဲ့ ပညာရပ်တွေ၊ အတွေးအခေါ်တွေကို တကယ်တတ်သိ နားလည်တာ မဟုတ်ဘဲ အပေါ်ယံလေး လျှပ် အတုခိုးပြီး သိသလိုလို နားလည်သလိုလို ဟန်ဆောင်ဖြီးဖြန်းတာဟာ “ခေတ်ဆန်” တာ ဖြစ်တယ်။ ၀တ်စားဆင်ယင်မှု ပုံစံတွေ တူအောင်လိုက်တုရုံနဲ့ ခေတ်မီတယ်လို့ မဆိုနိုင်ပါဘူး။ ဒါက ခေတ်ဆန်တာ၊ လျှပ်ပေါ်လော်လီတာ ဖြစ်တယ်။ ပညာရပ်တွေ အတွေးအခေါ်တွေကို တတ်သိနားလည်မှ ခေတ်မီတယ်လို့ ဆိုနိုင်ပါတယ်။ လူငယ်တိုင်း ခေတ်မီစေချင်ပါတယ်။
             လူငယ်ပဲ ခေတ်မီမှာပေါ့လို့ မယူဆစေချင်ပါဘူး။ ပျိုမျစ်နုနယ်တဲ့ ခန္ဓာကိုယ် မှာ ကျောက်ခေတ်က ခေါင်းကြီး တပ်ထားတဲ့ လူငယ်မျိုးတွေလည်း ရှိပါတယ်။ အလားတူ ပဲ အိုမင်းရင့်ရော်နေတဲ့ ခန္ဓာကိုယ်မှာ နုပျိုတဲ့ ခေါင်းတပ်ထား သူများလည်း ရှိပါတယ်။ ဥပမာ အမေ လူထု ဒေါ်အမာတို့၊ ဆရာ ဒဂုန်တာရာ တို့ကိုကြည့်ပါ။ သူတို့ ၂ ဦးဟာ လူက အိုမင်းနေပြီ ဖြစ်ပေမဲ့၊ အတွေးအခေါ်တွေ ခေတ်မီဆဲ၊ အမြင်တွေ ပြတ်သားစူရှဆဲ ဖြစ်တာကို တွေ့ကြရပါလိမ့်မည်။
    ပစ္စုပ္ပန်ခေတ်ရဲ့  အခြေအနေက ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း ဗုံးကျလို့ တိုက်အိမ်ကြီး ပြိုကျသွားတဲ့ မြေ ကွက်လပ်မှာ ကျူးကျော်တဲပုတ်ကလေးပေါင်းများစွာ ၀င်ရောက်ဆောက်လုပ် နေထိုင်ကြတဲ့ အခြေအနေမျိုးနဲ့ တူနေတယ်။ တဲပုတ် ပိုင်ရှင်တိုင်းက မြေကွက်လပ်ကြီးကို သူပိုင်တယ်လို့ ပြောနေကြတာချည့် ဖြစ်သလို၊ အငြင်းပွားမှုတွေ၊ မဆုံးနိုင် အောင် ပေါ်ထွက်နေတဲ့ အခြေအနေ ဖြစ်တယ်။ ဒီ အခြေအနေမျိုးမှာ လူငယ်တွေ အနေနဲ့ စေ့စေ့ စပ်စပ် သေသေချာချာ လေ့လာစူးစမ်းကြဖို့ လိုအပ်တယ်။ အပြောကောင်းသူရဲ့  စကားကို နားမယောင်ကြဖို့ သတိထားရပါမယ်။

    အဆုံးအဖြတ် မမှားဖို့ လေ့လာမှုတွေ များများလုပ်ရမယ်၊ စာများများဖတ်ရမယ်။ စာဖတ်တဲ့အခါမှာလည်း အဖွင့်ကျမ်းလို၊ မိတ်ဆက်နိဒါန်းလို၊ ဖြတ်လမ်းစာတွေကိုသာ ဖတ်နေလို့ မဖြစ်ပါဘူး။ အဖွင့်တို့ မိတ်ဆက်တို့ ဆိုတာတွေက ရေးသူက သူ့အမြင်၊ သူ့အာဘော်နဲ့ ရေးတာတွေ ဖြစ်တယ်။ စိတ်မချရဘူး။ လမ်းချော်သွားနိုင်တယ်။ ဘာပညာရပ်ကိုပဲ လေ့လာလေ့လာ မူရင်းကျမ်းတွေကို ဖတ်ပြီးလေ့လာတာ အကောင်းဆုံး အမှန်ဆုံး ဖြစ်တယ်။
    ဥပမာ ဗုဒ္ဓဘာသာကို လေ့လာတယ် ဆိုပါတော့။ ပိဋကတ် ၃ ပုံ မြန်မာဘာသာပြန်တွေ အပြည့်အစုံ ရှိနေပြီပဲ။ အဲဒီ စာအုပ်တွေထက် ကောင်းတာ စစ်မှန်တာ ဘယ်မှာ ရှိတော့မှာလဲ။ အဲဒါတွေ ဖတ်ပြီး လေ့လာတာ အန္တရာယ် အကင်းဆုံးပဲလို့ ပြောရင်း နိဂုံးချုပ်လိုက်ပါတယ်။ လူငယ်တိုင်း ခေတ်မီကြပါစေ။


လူထုစိန်ဝင်း

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>