ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
သင်တို့စိတ်ပြောင်း၊ တို့လည်းပြောင်း၏
မကောင်းအစ နှောင်းမလှ။
အကြောင်းပြကြ တပေါင်းလ။
ကဇောင်းကထ ခါးတောင်းမ။
ထိုသတင်းကြောင့်
မြို့တွင်းတပ်စွဲ၊ နိပွန်ရဲတို့
မြို့ထဲ သူ့တပ်၊ မြို့ကိုပတ်၏
လှံစွပ် နေရောင်၊ တပြောင်ပြောင်နှင့်
အာပေါင် အာရင်း၊ အာသံပြင်းနှင့်
နင်းမှ နှိမ်မှ၊ စစ်မာန်ပြ၏
အာရှလူငယ်၊ လူမမယ်တို့
အံ့ဖွယ်နေနီ၊ တို့စစ်သည်ကို
ရုံးရည်ဖက်ပြိုင်၊ ဘယ်ခံနိုင်အံ့
လှန့်လည်း လှန့်၏
မခန့်စတောင်း၊ အဟန့်ကောင်းတို့
ကဇောင်းရွာဆီ၊ တိုက်မည်ချီသော်
မြို့ပေါ်ကျန်ရှိ၊ မိရင်းဘရင်း
သားချင်းတ၀၊ ကြင်နာစတို့
ညှိုးလှမျက်နှာ၊ မသာယာကို
ငါလည်း မြင်မိ မခံချိ။
တစ်ရက် နှစ်ရက်၊ သုံးလေးရက်တည့်
နိပွန်တပ်ခေါက်၊ ပြန်မရောက်ခဲ့
နောက်ထပ်တစ်ဖန်၊ ဆယ်ရက်လွန်လည်း
နိပွန်ခြေရာ၊ တက်မလာခဲ့
“ကြားပါလေစ၊ အိုအမတို့
‘မိုးကျလက်နက်’ *၊ လူငယ့်လက်တွင် ( * မဟာမိတ်တပ်မှ လေယာဉ်ဖြင့် ချပေးသော သေနတ်ကို ဆိုလိုသည်။ )
စကြာနေနီ၊ ကဇောင်းဆီဝယ်
ချီသမျှမြုပ်၊ တပ်မရုပ်ဘဲ
အပြုတ်ခံကြ၊ ဇာနေယျ” ဟု
ချီးပစကား၊ ကြားလိုက်ရသော်
မြို့ တော်တိုကျို၊ မြို့ထိုထိုက
အိုအို မင်းမင်း၊ မိရင်း ဘရင်း
သားချင်းကစ၊ အိမ်ရှင်မတို့
ညှိုးလျမျက်နှာ၊ မသာယာကို
ငါ့မှာ တွေးကြည့် ကြေကွဲမိ။
ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
သင်းတို့စိတ်ဝယ်၊ နယ်ချဲ့စိုးမိုး
မုဆိုးစင်စစ်၊ မဖြစ်စေချင်
ငါတို့တွင်လည်း
ဘ၀င်မကျ၊ ဘ၀မပြောင်
သားကောင်စင်စစ်၊ မဖြစ်စေလို
ကွင်းရလို၏
ကြာညိုငါးခိုင်၊ အမွှေးတိုင်နှင့်
ညွှတ်ယိုင်ဆုခြွေ၊ အမျှဝေသည်
မွေတော် တိဂုံရိပ်မှာတည်း။ ။
ဇော်ဂျီ ( ၁၉၆၈ )
No comments:
Post a Comment