2 3 4 5 6 7 8 9 10

Tuesday, February 19, 2013

ဗြိစ္ဆာ ရာသီဖွား ညီမငယ့်စိတ်ထား


ဗြိစ္ဆာ ရာသီဖွား ညီမငယ့်စိတ်ထား…
(ဗြိစ္ဆာ ရာသီ - SCORPIO)…
တန်ဆောင်မုန်း လဖွား ( Oct 24th  to  Nov 22nd )



အောက်တိုဘာ ၂၄ ရက်နေ့မှ နိုဝင်ဘာ ၂၂ ရက် နေ့အတွင်းမှာ ကောင်းကင်မှာ “ကင်းမြီးကောက်” ရုပ်ပုံရှိတဲ့ ရာသီဖြစ်ပြီး ဗြိစ္ဆာရာသီလို့ ခေါ်ကြတယ်။ ရေဓာတ်လွှမ်းမိုးတဲ့အချိန်ဖြစ်ပြီး မြန်မာပြက္ခဒိန်မှာတော့ တန်ဆောင်မုန်းလလို့ သတ်မှတ်တယ်။ အဲဒီ လရာသီမှာ မွေးဖွားကြသူလေးတွေကို ဗြိစ္ဆာ ရာသီဖွားလို့ ခေါ်ရမယ်…
 
  • ထိပ်ထားသခင်…
ချောမောလှပ ခံ့ညားတဲ့ အလှပိုင်ရှင်ဖြစ်တာမို့ ထိပ်ထားသခင်လို့ ဂုဏ်တင်ရမယ့် အလှရှင် ဖြစ်တယ်။ သူလေးရဲ့ အကြည့်တွေ စူးရဲတာကြောင့် ကိုယ့်ဘာသာ အရင်ဆုံး မျက်လွှာချ သွားရမယ့် သူမျိုးပါ။ ကိုယ်က စည်းရုံးဖို့ သွားပေမယ့် သူ့ရဲ့ စည်းရုံးလိုက်ခြင်းကို ခံရမှာက သေချာတယ်။ လွှမ်းမိုးတတ်တဲ့ မိန်းမချောတစ်ယောက်ပဲ။

  • မူရာ ဟန်ပန်…
 ငြိမ်သက်နေတတ်တယ်။ တိတ်ဆိတ်နေတတ်တယ်။ ဒါပေမယ့် သူ့မျက်လုံးတွေက အဝေးကြီးကို လှမ်းမြင် စူးရောက်တဲ့ မျက်လုံးတွေရှိတယ်။ သူ့ရဲ့ စိတ်လှုပ်ရှားမှုတွေကို မျက်နှာမှာ နည်းနည်းပဲ မြင်ရမယ်။ သူလေး မျက်နှာမှာ မိတ်ကပ် မများ၊ ပြင်ဆင် မွမ်းမံမှုမပါဘဲ သူတစ်ပါးကို ဆွဲဆောင်ထား နိုင်တယ်လို့  ယုံကြည်နေတဲ့ ဟန်ပန်ကို မြင်ရမယ်။ သူလေးဟာ သူ့ရဲ့ အဆင့်နဲ့တူညီတဲ့ ဟန်ပန်မူရာကို ကိုယ်ပိုင်ဟန်အဖြစ် တွေ့ရလိမ့်မယ်။ အများကြားမှာ ထူးခြားသူလေးဆိုရင် မမှားနိုင်ဘူး။

  • စိတ်ထား…
 သူဖြစ်ချင်တာကို ဖြစ်အောင် လုပ်တတ်သလို အချိန်စောင့်ဖို့ အခြေအနေ သိဖို့ကိုလည်း နားလည်သူဖြစ်တယ်။ ချစ်သူနဲ့ ပတ်သက်လို့ အံ့သြဖွယ် ချစ်စိတ်ပြင်းတယ်။ အနားမှာ အမြဲရှိနေ တတ်တာဟာ  မင်းအပေါ် မယုံကြည်တာ တစ်ပိုင်း ပါဝင်နေတယ်။ အချစ်စိတ် ပြင်းထန်ပြီး စိတ်ကူးယဉ်သူလေး ဖြစ်တယ်။ စစ်စစ်ပေါက်ပေါက် လေ့လာတတ်ပြီး လွယ်လွယ်နဲ့ စိတ်ပြောင်းတဲ့သူ မဟုတ်ဘူး။ ကိုယ်လိုချင်တဲ့ပုံစံကို သွားမပြောလေနှင့်၊ လုံးဝ ပြောင်းလဲပေးမှာ မဟုတ်ဘူး။ ပကတိ ခိုင်ခံ့တဲ့စိတ်ရှိတယ်။

  • ဆန္ဒသဘောထား…
 စကားများများ မပြောဘဲ ပြောရင် တိုက်ရိုက် ပြောတတ်သူ၊ ဘွင်းဘွင်းရှင်းရှင်း ပြောတတ်သူလေး ဖြစ်တယ်။ ပတ်ဝန်းကျင်စိတ်ရှုပ်အောင် အချိန်ဖြုန်းတာ၊ ကွေ့ဝိုက်နေတာတွေ မလုပ်ဘူး။ မင်းကို ဘယ်တော့မှ မရေမရာ အဖြေမျိုး မပေးဘူး။ တိတိကျကျ မှန်မှန်မြန်မြန် သိရလိမ့်မယ်။ သူ့သဘောထားကို ပြောတာနော်။ သူ့ကို ခိုင်းလို့ မရဘူး။ ခြိမ်းခြောက်လို့လည်း မရဘူး။ တောင်းခံတာ အကောင်းဆုံးနည်းပါပဲ။ သူ့စိတ်ထဲမှာ အင်္ဂါနေ့ကို နေ့ကောင်း တယ်လို့ ယူဆတာမို့ အစီအစဉ်လေး လုပ်ရင် အဲဒီနေ့ကို ရွေးပြီး စီစဉ်ပါ။

  • အကြိုက်…
 သူကြိုက်တဲ့ အရောင်တွေက အနီရင့် ရဲရဲ၊ အစိမ်းရင့်ရင့်၊ အညိုရင့်ရင့်စတဲ့ ငြိမ်ငြိမ်ထက်ထက် အရောင်တွေကို ၀တ်ဆင်တတ်တယ်။ သူက နှစ်သက်လို့ ဆုံးဖြတ်ပြီးရင် မပြောင်းလဲတတ်ဘူး။ သူနှင့် စွမ်းရည်တူပြီး ဦးဆောင် မှုနှင့် အရည်အသွေးပြည့်ဝတဲ့သူကို နှစ်သက်တာမို့ သူ့ကိစ္စတွေအတွက် ထောက်ခံပေးနေရင် ဂရုစိုက်ပေးနေ ရင် ကျေနပ်နေတတ်တယ်။ လက်ဆောင်ပစ္စည်း ပေးရင်တော့ တန်ဖိုးကြီး ဖို့လိုတယ် ။ ရေမွှေးကောင်းကောင်းတို့၊ ရတနာပစ္စည်းကောင်းကောင်းတို့မှာ ပတ္တမြားတို့၊ ကျောက်စိမ်းတို့ အဆင့်မျိုးတွေ ဖြစ်ရမယ်။

  • အစား…
 သူ့အတွက် စနစ်တကျ ကောင်းတဲ့ဆိုင်တွေမှာ ဖိတ်ကျွေးပါ။ အိမ်မှာ အလှူအခမ်းအနားကြီးမျိုးမှာ ဂရုတစိုက် ဖိတ်ကျွေးပါ။ ကောင်းကောင်းစားရတာနှင့် ဂရုစိုက်တာကို နှစ်မျိုးစလုံးရချင်တဲ့သူဖြစ်တယ်။ ပါတီပွဲလို နေရာမျိုးတွေမှာ သူ့ကိစ္စရှိနေရင်တော့ တွေ့ရမယ်။ မရှိရင်တော့ မသွားတတ်ဘူး။ အစားကို လွတ်လွတ်လပ်လပ် စားရတဲ့ အနေအထားကို ပိုကြိုက်တယ်။

  • ရင်းနှီးမှု…
 မင်းနားမလည်နိုင်တာတွေ သူ့မှာ ရှိနေမယ်။ သူလေးဟာ သိပ်လျှို့ဝှက်တယ်။ စကားကို တည့်တည့် ပြောတတ်ပေမယ့် အကုန် မပြောဘူး။ ချန်ထားလိမ့်မယ်။ သူလေးဟာ မကြင်နာ မယုယတတ်ဘူး။  ဂရုတစိုက် မလုပ်တတ်ဘူး။ စကားနည်းမယ်။ နှစ်ကိုယ်ကြားစကားတွေ ပြောဖို့ စိတ်မရှည်ဘူး။ သိမ်ဖျင်းတဲ့ စကားတွေ ပြောနေဖို့လည်း စိတ်မရှည်ဘူး။ သူ့ကို နားလည်ရင်တော့ ထူးဆန်းသူလေး တစ်ဦးအဖြစ်နှင့် နားလည်ရမှာပဲ။ မင်းထံကို အလိုလို ရောက်လာရင်တော့ မင်း သတိသာ ထားနေတော့။

  • ၀ါသနာ…
 သူလေးမှာ မိန်းမ မိတ်ဆွေတွေ သိပ်နည်းတယ်။ သူတို့နှင့် နေရတာ အလဟဿ အချိန်ကုန် တယ်လို့ ယူဆတယ်။ ဒါကြောင့် ယောက်ကျားမိတ်ဆွေတွေနှင့် ပေါင်းဖော် မိတ်ဖွဲ့နေ တတ်တယ်။ ယောက်ကျား မိတ်ဆွေတွေက သူ့ကို တစ်ခုခုအကျိုးပြုတယ်လို့ ယူဆတယ်။ သူဟာ ပါတီရေးရာ ဦးဆောင်သူ မိန်းမ အဖြစ်နှင့် ဖြစ်စေ၊ လုပ်ငန်းကြီးတစ်ခုရဲ့ အတွင်းရေးမှူးအဖြစ်နှင့်ဖြစ်စေ နိုင်နိုင် နင်းနင်း လုပ်နိုင်တယ်။ တရားရုံး၊ ဥပဒေရေးရာ ပညာရပ်တွေကို ၀ါသနာပါတယ်။ သူ စိတ်ဆိုးရင် တရားရုံးကိုတောင် ဆန္ဒပြချင်တဲ့ သူမျိုးဖြစ်တယ် ။ တောင်တက်ရတဲ့ ကစားနည်းမျိုးကို ကြိုက်တယ်။ ရေကူးတာ ကြိုက်တယ်။ သီးခြားဦးစီးရတဲ့ လုပ်ငန်းမျိုးကို ၀ါသနာပါတယ်။

  • စရိုက်…
ဒေါသ ဖြစ်ခဲတယ်။ ဒါပေမယ့် ဒေါသဖြစ်လာရင် တွေ့ရာနှင့် ကောက်ပစ်မယ့် မိန်းကလေးမျိုး၊ သူတို့ လွယ်လွယ်နှင့် စိတ်မဆိုးတတ်ဘူး။ စိတ်မပျက်တတ်ဘူး။ တောင်းပန်တဲ့ အလုပ်မျိုးလည်း မလုပ်ဘူး။ သူတို့ စိတ်နာကျင်စေ ရင် ပြန်ပြီး နာကျင်အောင် လုပ်ရမှ ကျေနပ်ကြတယ်။ ကလဲ့စား ချေတတ်တယ်။ ဒါကြောင့် သူသံသယဖြစ်စေမယ့် အလုပ်တွေ မလုပ်မိဖို့ လိုမယ်။ မယုံသင်္ကာစရာ တယ်လီဖုန်း နံပါတ်တို့၊ မိန်းမ လက်ကိုင်ပုဝါတို့ မင်းဆီမှာ တွေ့ရင်တော့ ပေါက်ကွဲပြီသာမှတ်။ ဘာမှ သက်သေပြလို့ရမှာ မဟုတ်ဘူး။

  • အတွေး…
 ချစ်သူဆိုတာ နှစ်ကိုယ့် တစ်ကိုယ် စိတ်ရှိရမယ်။ သူလေးအတွက် အမြဲဂရုတစိုက် အဆင်သင့် အလိုက်သိနေမယ် လို့ သူ အမြဲ တွေးထင်နေတတ်တယ်။ သူ့အတွက် ကောင်းတာတွေ၊ ဂရုစိုက်တာတွေ ရရင်တော့ အဲဒါထက် သုံးဆ သာတဲ့ တုံ့ပြန်မှုတွေ၊ ဂရုစိုက်တာတွေ ပေးဖို့ သူ အမြဲ တွေးတတ်တယ်။ အချစ်ကြီးသူ၊ အမျက်ကြီးသူရဲ့ အတွေး မျိုးဖြစ်မယ်။ ချစ်သူအတွက် အစဉ်အမြဲ တွေးပြီးနေတဲ့သူဖြစ်လို့ မင်းကလည်း သူ့အတွက် အမြဲ တွေးပေးနေရ ဖို့ရှိတယ်…..။

 ဥမ္မာရီ (မဟာဝိဇ္ဇာ လက္ခဏာပါရဂူ)၏  “မောင့်ရဲ့သက်ထား ပျို့စိတ်ထား” မှ ကမ္ဘာသစ်သူငယ်ချင်းများအတွက် မျှဝေပေးပါတယ်…(အင်္ဂလိပ်ရက်ဖြင့်သာ သတ်မှတ်၍ ကြည့်ပါ။ မြန်မာလများသည် ၀ါဆို နှစ်ခါထပ်သော ရက်များကြောင့် ရှေ့၊ နောက် ရွှေ့နေပါသည်။ ) လို့ ဆရာမဒေါ်ဥမ္မာရီက မှတ်ချက်ပြုထားပါတယ်၊

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>