အဝေးပြေးကားပေါ်မှာ တစ်ညလုံးဖွင့်ထားသည့် ဒီဗီဒီစက်က ခရီးသည်တို့၏
အနားယူ လိုမှု ကို နှောင့်ယှက်လျက်။ ဟိုးလေး ငါးအိမ်ကျော်က အသံချဲ့စက်သံက
လမ်းသူလမ်းသားများ၏ အိပ်စက်ခြင်းကို နှောင့်ယှက်လျက်။ ကပ်လျက်တိုက်ခန်းဆီက
ရုပ်ရှင် ဇာတ်ဝင်ခန်း ငိုသံယိုသံ တိုက်သံခိုက်သံတွေက အခန်းအိမ်နီးခြင်း
များကို နှောင့်ယှက်လျက်။ မိန်းမတစ်သိုက်တို့၏ အတင်းအဖျင်းပြောသံ များက
လုပ်ဖော်ကိုင်ဖက်များ၏ အလုပ်ဇောကို နှောင့်ယှက်လျက်။ ဆူညံပွက်ထနေသည့်
သီချင်းသံတွေက စားသောက်ဆိုင်ထဲက စားသောက်နေသူများကို နှောင့်ယှက်လျက်။ ဆရာတော်ဒေါက်တာ
ရှင်ဥာဏိဿရကမူ အဓိပ္ပာယ်တစိုးတစိမှ မသိပါဘဲနှင့် ပါဠိပါဠ်သားတို့
ရွတ်ဆိုနေခြင်းကိုပင် သဘောမကျကြောင်း တရားပွဲတစ်ခု၌ မိန့်မြွက်ဖူးပါသည်။
(တစ်)
မည်သည့်အသံကိုမျှ မကြားရသည့် ခေတ်မီဟိုတယ်ကြီးတစ်ခုထဲ၌
ကျွန်တော်တည်းခိုဖူးခဲ့သည်ဟု ဆိုလျှင် အံ့သြ၍များ သွားလေ မလားမသိ။
ဟုတ်ပါသည်။ မည်သည့်အသံကိုမှ မကြားရသည့် ဟိုတယ်ကြီးပဲဖြစ်ပါသည်။ ဤနေရာ၌
မည်သည့်အသံဆိုသည်မှာ လူသံ သူသံများနှင့် စက်သံများ ကိုသာ
ဆိုလိုခြင်းဖြစ်ပြီး သဘာဝကျေးငှက် တိရစ္ဆာန်ကလေးတို့၏ အသံများကား မပါဝင်ပါ။
ငှက်ကလေး တစ်ကောင် တစ်လေက ချိုမြစွာ မြည်ကြွေးလိုက်သော အသံမျိုးကို
ရံဖန်ရံခါ ကြားရတတ် သည်ကလွဲ၍ လူတို့၏ ပယောဂကြောင့်.. ဖြစ်သော အသံများ
လုံးဝကင်းစင် လွတ်မြောက်နေသည့် ဟိုတယ်ပဲ ဖြစ်ပါသည်။ဟိုတယ်ခန်းမ၏ ခြင်လုံသံဆန်ခါတံခါးနှင့် ရိုးရိုးတံခါး၊ တံခါးနှစ်ထပ်ကို ဖွင့်ကာ အမိုးတစ်ဝက်ပါသည့် လသာဆောင်အခန်းကလေးကို ထွက်လိုက်တော့ အရှေ့မှာ အင်းလေးကန် ရေပြင်ကျယ်ကြီး။ ဟိုးအဝေးမှာက ရှမ်းတောင်တန်းတွေ…။
ဟိုတယ်အတွင်းမှာ ရေခဲသေတ္တာမရှိ။ ထို့ကြောင့် ရေခဲသေတ္တာထဲက ဖြိုးဖြိုးဖျစ်ဖျစ်အသံတွေ မကြားရ။ ထို့ပြင် လေအေးပေး စက်လည်း မရှိ။ ထို့ကြောင့် လေအေးပေးစက်၏ ဒီးဒီးဒီးဒီး မြည်သံကို မကြားရ။ ထို့ပြင် ရုပ်မြင်သံကြားစက် မရှိ။ ထို့ကြောင့် တီးသံမှုတ်သံ ဆိုသံငိုသံ ပြောသံဟောသံတွေ မကြားရ။
ဟိုတယ်က ရွာခပ်ငယ်ငယ် တစ်ရွာလောက် ကြီးသည်ဖြစ်ရာ ဟိုတယ်အ၀င်ဝရောက်သည်နှင့် ကားကို တားထားပါသည်။ ကား မ၀င်ရ။ ကား စက်သံ အလိုမရှိ။ အင်းလေးကန် ရေပြင်ကြီးဆီကနေ စက်လှေဖြင့် ဟိုတယ်သို့ လာမည့်သူများ ဟိုတယ်သို့ ၀င်ရာချောင်းပေါက်ဝ ကလေး၏ ဟိုမှာဘက် ကတည်းက စက်သတ်ပြီး လှော်၍ ၀င်လာခဲ့။ ဟိုတယ်ကမ်းစပ်ကို စက်သံနှင့် မလာရ။
ထို့ကြောင့် မည်သည်အသံကိုမှ မကြားရဟု ကျွန်တော်ဆိုလိုခြင်းသည် မလွန်ဘူးဟု ယူဆမိပါသည်။ ငပလီကမ်းခြေက လှိုင်းသံ တ၀ုန်းဝုန်းနှင့် ဟိုတယ်များ၊ ချောင်းသာကမ်းခြေက လူသူ တသောသောနှင့် ဟိုတယ်များ၊ လေတဝေါဝေါနှင့် နှင်းတဖြောဖြောကြားမှာ ကြံ့ကြံ့ရပ်နေသည့် ပုပ္ပါး တောင်မကြီး၏ တောင်စောင်း ပတ်လည်က Popa Resort ဟိုတယ်၏ ဘန်ဂလို(Bungalow) ကလေးများ၊ ဧရာဝတီမြစ်ကြီး၏ နှုတ်ခမ်းသားပေါ် ကနေ မြစ်ရေ တသွင်သွင်ကို စိုက်ကြည့်နေသည့် နန်းသီတာ၊ မြန်မာပြည်ကို လွတ်လပ်ရေးပေး လိုက်ရတာ မနှမြော၊ သည်မြို့ကလေးကိုတော့ အလွန် နှမြောပါသည်ဟု ဗြိတိသျှတို့ ပြောခဲ့ကြ ရသည့် နှင်းတွေနှင့် အေးခဲနေ သည့် ကလောမြို့က ဟိုတယ် ကလေးများ၊ ထနောင်းရိပ်တွေကြားမှာ ရေကူးကန်နှင့်ဘာနှင့် ပုဂံညောင်ဦးက ဟိုတယ်တွေ။
အော်…မည်သူမှ စက်သံနှင့် မကင်းကြ။ “အရှေ့တိုင်းဧည့်သည်က လုံးဝမလာသလောက်ပါဘဲ၊ ယူရိုမားကက် အဓိကပါ”၊ ယူရို မားကက် (Europe Market)တဲ့။ ဥရောပဈေးကွက်အတွက် အဓိက ဖွင့်ထားသည့်ဟိုတယ်။ အီတလီကတဲ့၊ ဆွစ်ဇာလန်ကတဲ့ ၊ ပြင်သစ်က တဲ့ ၊ ဂျာမနီကတဲ့၊ အင်္ဂလန်ကတဲ့၊ အမေရိကန်တစ်ယောက်စ၊ နှစ်ယောက်စကလွဲလျှင် တည်းခိုနေသူတွေက ဥရောပကချည်း။ ဘန်ကလို (Bungalow)တိုင်းလိုလိုမှာ ဧည့်သည်အပြည့်။
ကျွန်တော်ဆိုလိုနေသည်က ဟိုတယ်ကြော်ငြာနေခြင်း မဟုတ်ပါ။ ဟိုတယ်နာမည်ကိုသော်မှ ခန့်မှန်း၍ ရသွားအောင် ရိပ်ဖမ်းသံဖမ်း မပြောခဲ့ပါ။ သူတို့ အနောက်ကမ္ဘာက လူများ၊ အထူးသဖြင့် ဥရောပကလူများ လူလုပ်သည့် အသံဗလံများ ရွံ့မုန်းကာ သဘာဝ၏ ငြိမ်းချမ်းမှု အရိပ်၌ မှေးမှိတ် ခိုနားလိုစိတ် ရှိပုံကို ဖော်ပြလိုခြင်းသာ ဖြစ်ပါသည်။
“ရွှေစက်တော်သွားတောလား” ကဗျာတစ်နေရာ၌ အရှင်မဟာရဋ္ဌသာရက “နေခြည်ဝင်မြောက်၊ ဆည်းဆာရောက်သော် ၊ မျောက်က ကြိုးခွေ၊ ဒေါင်းအိုးဝေနှင့်” ဟု ဖွဲ့ခဲ့ဖူးပါသည်။ “ကြိုးခွေ၊ ကြိုးခွေ” ဟူသည့် မျောက်အော်သံများ၊ “အိုးဝေအိုးဝေ” ဟူသည့် ဒေါင်းအော်သံ များနှင့် သဘာဝ တောတောင် အလှကို ဖွဲ့လိုက်ခြင်းဖြစ်ပါသည်။ အခု…ကြိုးခွေ၊ အိုးဝေစသည့်အသံများက လွဲလျှင် လူလုပ်သည့် အသံ များကို မကြား ချင်သူ ဧည့်သည်များအကြိုက် ဈေးကွက်တဲ့။
အသံတွေ ဗလံတွေနှင့် တိတ်ဆိတ်ခြင်း၏ အနုပညာ။
(နှစ်)
လူသည် တစ်ခါတစ်ရံတွင် တိတ်ဆိတ်ခြင်းထဲ၌ ခိုနားမှေးစက်ရန်
လိုအပ်ပါသည်။ အသံဗလံ များသည် မိမိကိုယ်တိုင်သော် လည်းကောင်း၊
အခြားတစ်ပါးကိုသော်လည်းကောင်း ထိုးနှက်ထိပါးကာ ငြိမ်းအေးမှုကို
အခြေပျက်စေတတ်ပါသည်။“A Hundred Things Japanese” စာအုပ်ကို ဆရာကြီးဒေါက်တာသန်းထွန်း ဘာသာပြန်ဆိုသော “ဂျပန်မှုတစ်ရာ” စာအုပ်ထဲ၌ ဂျပန်ကို ဂျပန်ဖြစ်သောအကြောင်းအချက် ၁၀၀ ထဲ၌ “မ(MA)” ဟု ခေါ်သော အကြောင်းတစ်ရပ်လည်း ပါဝင်သည်ဟု ဆိုပါသည် ။ မြန်မာ ဘာသာဖြင့် နေရာ၊ အလယ်၊ စပ်ကြား၊ ခေတ္တရပ်ဆိုင်းခြင်းဟု အဓိပ္ပါယ်ရသည်ဟု ဆိုပါသည်။ တုံဏှိဘာဝေဟူ၍လည်း သဘောထား သက်ရောက်သည်ဟု ဆက်၍ ဆိုပါသည်။ ရံဖန်ရံခါ ဂျပန်တို့သည် မိတ်ဆွေအချင်းချင်း ဆုံတွေ့ကြသည့်ပွဲများ၌ပင် မည်သည့်စကားမှ မဆိုဘဲ မျက်လုံးချင်း ကြည့်ရုံဆုံရုံမျှနှင့် တစ်ဦး၏ ရင်ထဲကစကားကို တစ်ဦးက နားလည်သိရှိကာ တိတ်ဆိတ် စွာနေခြင်းဖြင့် ခေတ္တ ရပ်ဆိုင်းခြင်းဓလေ့ကို ပြုလေ့ရှိကြောင်း ဖတ်ရှုရပေရာ စိတ်နေစိတ်ထား အဆင့်မြင့်လိုက်တာဟု ကျွန်တော်အံ့သြရပါသည်။
အသံကြောင့် အနှောင့်အယှက် မဖြစ်စေရန် စီမံခန့်ခွဲသော စိတ်ကူးတွေကို နေရာတိုင်းမှာ တွေ့နိုင်ပါသည်။ Ear Phone ကလေး တချို့က ကွန်ပျူတာထဲက စီဒီ၊ ဗီစီဒီ၊ ဒီဗီဒီ စက်ထဲက၊ တယ်လီဖုန်းထဲက၊ ကက်ဆက်ထဲက ထွက်ကျလာသည့် အသံတချို့ကို သူတစ်ပါး အနှောင့်အယှက် မဖြစ်အောင် ကာကွယ်ပေးထားနိုင်ပါသည်။ လေဆိပ်တွေထဲမှာတော့ အားလုံးသော ရုပ်မြင်သံကြား ကြီးများကို အသံများအားလုံး ပိတ်ပြီး အရုပ်မျှကိုသာ ဖော်ပြပေးထားပါသည်။
အိမ်ရှင်မ တစ်ယောက်က သူ့ငရုတ်ဆုံအောက်ခြေ၌ အ၀တ်စ အထူကြီးခင်းကာ ထုခြင်း ထောင်းခြင်းဖြင့် ပတ်ဝန်းကျင်၌ သူ့အသံကြောင့် ဒုက္ခမဖြစ်အောင် စီမံပါသည်။ နာရီပေါင်းများစွာ ပျံသန်းနေရသည့် လေယာဉ်ကြီးတစ်ချို့က ရုပ်မြင်သံကြား၌ အရုပ်ကို ဖော်ပြပေးထားသော်လည်း အသံကိုမူ မိမိ အလိုဆန္ဒအတိုင်း ။ ကြားချင်လျှင် Ear Phone ကို တပ်ထားလိုက်။ မကြားချင်လျှင်
Ear Phone ကို ဖြုတ်ထားလိုက်။
အသံက ပတ်ဝန်းကျင်ကို လောင်မြိုက်စေတတ်ကြောင်း မသိတတ်သူတွေကတော့ ဆူမြဲဆူကာ ညံမြဲညံကြဆဲ။ အဝေးပြေး ကားပေါ်မှာ တစ်ညလုံးဖွင့်ထားသည့် ဒီဗီဒီစက်က ခရီးသည်တို့၏ အနားယူ လိုမှုကို နှောင့်ယှက်လျက်။ ဟိုးလေးငါးအိမ်ကျော်က အသံ ချဲ့စက်သံက လမ်းသူလမ်းသားများ၏ အိပ်စက်ခြင်းကို နှောင့်ယှက်လျက်။
ကပ်လျက်တိုက်ခန်းဆီက ရုပ်ရှင်ဇာတ်ဝင်ခန်း ငိုသံယိုသံ တိုက်သံခိုက်သံတွေက အခန်းအိမ်နီးခြင်း များကို နှောင့်ယှက်လျက်။ မိန်းမတစ်သိုက်တို့၏ အတင်းအဖျင်း ပြောသံများက လုပ်ဖော်ကိုင်ဖက် များ၏ အလုပ်ဇောကို နှောင့်ယှက်လျက်။ ဆူညံပွက်ထနေသည့် သီချင်းသံတွေက စားသောက်ဆိုင် ထဲက စားသောက်နေသူများကို နှောင့်ယှက်လျက်။
ဆရာတော်ဒေါက်တာ ရှင်ဥာဏိဿရကမူ အဓိပ္ပာယ်တစိုးတစိမှ မသိပါဘဲနှင့် ပါဠိပါဠ်သားတို့ ရွတ်ဆိုနေခြင်းကိုပင် သဘော မကျကြောင်း တရားပွဲတစ်ခု၌ မိန့်မြွက်ဖူးပါသည်။ ဆရာကြီး ဦးအောင်သင်း “သော” ပုံကလေး။ ကျွန်တော်အမှတ်ရနေမိသေးတော့။ အိမ်ရောင်းမည် ကြော်ငြာများ တွေ့သောအခါ ဈေးနီးသည်၊ ကျောင်းနီးသည်ဆိုသည့် ရည်ညွှန်းချက်များအပြင် ဓမ္မာရုံနှင့် ဝေးသည် ဆိုတာကလေးကိုပါ ထည့်ကြည့်ရမလို ဖြစ်လာကြောင်း။
(သုံး)
လူတစ်ဦး၏ လွတ်လပ်ခွင့်ကို ကျူးကျော်ရာ၌ အသံများလည်း
ပါဝင်ပါသည်။ အသံ၏ ထိုးနှက်မှုက သက်တောင့်သက်သာ အနေအထား (Comfort Zone)ကို
ပျက်ပြားစေပါသည်။ မျောက်တို့၏ ကြိုးခွေ၊ ဒေါင်းတို့၏ အိုးဝေသံများမှတစ်ပါး
ဘာမှမကြားရသည့် အင်းလေးကန်စပ်မှာ ဘ၀ကို ခေတ္တလာ ရပ်ဆိုင်းသည့်
ခရီးသွားများကို ကြည့်ကာ အသံယဉ်ကျေးမှု ထွန်းကားသည့် မြန်မာနိုင်ငံ
ဖြစ်လာပါစေလိုကြောင်း။ ။
7 Day News
No comments:
Post a Comment