အကြောင်းအရင်းအတိအကျကိုမူ ရှာ၍မရနိုင်ပါ။ သို့သော် နွေဦး ကာလတွင်
ရော်ရွက်ဝါလေးများ လေပြည်မှာ ကြွေကျနေကြသည့် မြင်ကွင်းသည် စိတ်လှုပ်ရှားဖွယ်ရာ အမှန်ပင်ကောင်းခဲ့ပါသည်။
အထူးသဖြင့် မြီးကောင်ပေါက်အရွယ်ငယ်စဉ်က ပို၍ပင်စိတ်ကစားစရာ ဖြစ်ခဲ့ပြီး လွမ်းသလိုလို
ဆွေးသလိုလိုဖြင့် နွေကျောင်းပိတ်ရက်ရှည်အတွင်း အခင်ဆုံး၊ အချစ်ဆုံးတို့နှင့် ခွဲခွာရမည်ကို
မခံစားနိုင်အောင် ရှိနေခဲ့ကြရသည်။
အမှန်တကယ်အားဖြင့်မူ ရော်ရွက်ဝါလေးများ ကြွေကျ၍ မြေခကြရသည်မှာ
သဘာဝတရား အကြောင်းအရင်းတစ်ခုသာ ဖြစ်သည်။ သက်တမ်းကုန်ဆုံးချိန်တွင် သစ်ရွက်စိမ်းလေးများသည်
ဝါညစ်ညစ် အရောင်ပြောင်းလာ၍ မြေသို့ သက်ဆင်း ကြရ သည်။ မြေပေါ်တွင် တရွေ့ရွေ့ ဆွေးမြေ့နေရင်း
ဗက်တီးရီးယားခေါ် သာမာန်မျက်စိဖြင့် မမြင်နိုင်သော ပိုးကောင် ငယ်လေး များ၏ အကူအညီဖြင့်
သဘာဝ မြေသြဇာအဖြစ်သို့ ပြောင်းလဲသွားခဲ့ကြရသည်။ တစ်နည်းအားဖြင့် မိမိတို့ကြီးပြင်းမှီခိုရာ
မိခင် သစ်ပင်ကြီး ဆက်လက်ရှင်သန်နိုင်ရန် အတွက် အာဟာရဓာတ် ပြန်လည်ပံ့ပိုးပေးကြခြင်းပင်
ဖြစ်သည်။
ရှင်သန်နေချိန်များတွင်လည်း သစ်ရွက်စိမ်းလေးများသည် နေရောင်ခြည်၏
အကူအညီဖြင့် ကာဗွန် ဒိုင်အောက် ဆိုက်နှင့် ရေ တို့ ကို ပေါင်းစပ်၍ မိခင်သစ်ပင်ကြီး စားသုံးရန်
ဂလူးကိုစ့် ထုတ်လုပ်ပေးကြသည်။ ထို့အပြင် မိခင်သစ်ပင်ကြီးနှင့် အတူ ကမ္ဘာမြေ ကို အေးမြစေရန်
အရိပ်အာဝါသကိုလည်း ပေးကြသည်။ အဓိကအချက်မှာ လူသား အပါအ၀င် သတ္တ၀ါတို့ အသက်ရှင်ရန် အရေးကြီးသည့်
အောက်ဆီဂျင်ကိုလည်း သစ်ရွက်စိမ်းလေးများက ထုတ်ပေးနေကြခြင်း ဖြစ်သည်။ အရွက်စား သတ္တ၀ါတို့ အတွက်
အစာအာဟာရ ထောက်ပံ့ပေးသလို အရောင်အမျိုးမျိုးရှိသော သစ်ရွက် ကလေးများသည် ကမ္ဘာမြေကြီးကို လည်း
အလှဆင်ပေးလျက် ရှိသည်။
ဤသို့ဆိုလျှင် သစ်ရွက်ကလေးများသည် ယင်းတို့ရှင်သန်နေချိန်
တစ်လျှောက်လုံး ယင်းတို့မှီခိုရာ မိခင်သစ်ပင်ကြီးကို ထာဝစဉ် ပြန်လည် အကျိုးပြုနေကြသကဲ့သို့
ယင်းတို့၏ ပတ်ဝန်းကျင်နှင့်တကွ သဘာဝကြီး တစ်ရပ်လုံးကိုလည်း ပံ့ပိုးကူညီကြ၍ အလှ ဆင်နေကြသည်ဟု
ပြော၍ရပါသည်။ နောက်ဆုံးသက်တမ်းကုန်၍ ကြွေကျသွားချိန်မှာလည်း အပင်အားလုံးအတွက် ရှင်သန်ရန်
အလွန် အရေးကြီးသည့် သဘာဝမြေသြဇာကို ထုတ်လုပ်ပေးခဲ့ကြသည်။
နွေဦး၏ လေရူး သုန်ချိန် တွင် ရော်ရွက်ဝါလေးများ မြေခကြရသည့်
မြင်ကွင်းမှာ အမှန်ပင် လွမ်းဆွေးဖွယ် စိတ် လှုပ်ရှားဖွယ် ကောင်းသည် ကို လူအများစု သတိထားမိတတ်ကြပါသည်။
သို့သော် အများမေ့နေကြသည့် အချက်မှာ ရော်ရွက်ဝါလေး များသည် ၎င်းတို့၏ နောက်ဆုံးတာဝန်ကို
ထမ်းဆောင်ရန် မြေပြင်သို့ ဆင်းသက်လာကြခြင်း ဆိုသည့်အချက်ပင် ဖြစ်သည်။
သက်ရှိမှန်သမျှသည် မိမိတို့မျိုးနွယ်စုနှင့် မိမိတို့နေထိုင်ရာပတ်ဝန်းကျင်ကို
တစ်နည်းတစ်ဖုံ ပြန်လည်အကျိုးပြုရန် သဘာဝ တရားက ဖန်တီးထားခြင်း ဖြစ်ပါသည်။ လူသည် အသိဉာဏ်အရှိဆုံး
သတ္တ၀ါဖြစ်၍ အခြားသက်ရှိအားလုံးထက်ပို၍ အကျိုးပြုနိုင် မည်မှာ အလွန်သေချာပါသည်။ ထိုသို့အကျိုးပြုနိုင်ရန်
လူတို့အတွက် အခန်းကဏ္ဍမှာ အလွန်တရာကျယ်ပြန့်သလို နည်းလမ်းများ မှာလည်း များပြားလှပါသည်။
အနည်းဆုံးအနေဖြင့် ရပ်ရေး ရွာရေးကိစ္စများမှစ၍ အခြားသူများ စည်းမဲ့ကမ်းမဲ့ ပစ်ချခဲ့သည့်
အမှိုက်ကို အနီးရှိ အမှိုက်ပုံးတွင်းသို့ စနစ်တကျ ပြန်လည်ထည့်ပေးသည့်လုပ်ရန် အဆုံး အမျိုးမျိုးရှိပါသည်။
လိုလျှင်ကြံဆ နည်းလမ်းရမည် ဖြစ်ပါသည်။ သို့မဟုတ် အကျိုးယုတ်အောင် ပြုမည်ဆိုလျှင်လည်း
နည်းလမ်းများစွာ ရှိနေနိုင်ပါသေးသည်။
တစ်ဆောင်းကုန်၍ တစ်နွေသစ်ခဲ့ပြီ။ ရော်ရွက်ဝါလေးများလည်း
ပုံမှန်အတိုင်း တာဝန်ကိုယ်စီဖြင့် မြေပေါ်သို့ သက်ဆင်းနေကြသည်။ သစ်ရွက်ငယ်လေးများကဲ့သို့ပင်
မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်ကို ပြန်လည်၍ အကျိုးပြုမည်၊ မပြုမည် ဆိုသည်ကို လူသားတို့သည်
မိမိတို့၏ အသိဉာဏ်ဖြင့် ဆက်စပ်ဆုံးဖြတ်ရန်သာ ဖြစ်ပါသည်။
တင်မောင်သန်း (NLM )
No comments:
Post a Comment