2 3 4 5 6 7 8 9 10

Saturday, February 16, 2013

ကြိုတင်ကာကွယ်၍ မရသည့် ရင်သားကင်ဆာ


“ရင်သားကင်ဆာရဲ့ (၈၅)ရာခိုင်နှုန်းလောက်က လက်နဲ့စမ်းသပ်ခြင်းနည်းနဲ့ ကြိုသိနိုင်တယ်”

 အမျိုးသမီးများ ဖြစ်ပွားမှု အများဆုံးဖြစ်သည့် ကင်ဆာရောဂါများတွင် အချို့မှာ အမျိုးသားများနှင့် အတူနေထိုင်ခြင်းကြောင့် ဖြစ်ပွားသည့် ကင်ဆာရောဂါများ ရှိသကဲ့သို့ အိမ်ထောင်မရှိသည့် အပျိုကြီးများ၊ ရင်သွေးအား နို့တိုက်ခြင်းမရှိသည့် မိခင်များ၌ ကြုံတွေ့ခံစားရနိုင်သည့် ကင်ဆာရောဂါများလည်း ရှိသည်။
…မြန်မာနိုင်ငံရှိ အမျိုးသမီးများတွင် ဖြစ်ပွားမှုအများဆုံးဖြစ်သည့် ကင်ဆာရောဂါများမှာ သားအိမ်ခေါင်း ကင်ဆာ၊ ရင်သားကင်ဆာနှင့် အဆုတ်ကင်ဆာရောဂါများ ဖြစ်ကြပြီး ထိုအထဲမှ ရင်သားကင်ဆာသည် အသက်ငယ်ရွယ်တွင် ရာသီစပေါ်ခြင်း၊  နောက်ကျမှ သွေးဆုံးခြင်းနှင့် ကိုယ်ဝန် မဆောင်ခြင်း၊ ကယ်လိုရီ များသောအစာများ စားသုံးခြင်း စသည်များကြောင့် ဖြစ်ပွားနိုင်ကြောင်း “မြတ်သော ပန်းကလေး လန်းစေချင်” ဆေးပညာဟောပြောပွဲတွင် ကင်ဆာရောဂါ ကုသခြင်းဆိုင်ရာ ဆရာဝန်များက ပြောကြားခဲ့သည်။


 သားအိမ်ခေါင်းကင်ဆာ မဖြစ်စေရန် ကြိုတင်ကာကွယ် ဆေးထိုး၍ ကာကွယ်နိုင်သည်။ အဆုတ် ကင်ဆာ သည်  ဆေးလိပ်သောက်ခြင်းအား  ဆင်ခြင်ခြင်းဖြင့် ကာကွယ်နိုင်သော်လည်း ရင်သား ကင်ဆာသည် ထိုကဲ့သို့ ကာကွယ်နိုင်ခြင်းမရှိဘဲ ရောဂါအား စောစီးစွာ သိရှိခြင်းဖြင့်သာ အသက်သေဆုံးမှုမှ ကာကွယ်နိုင်ကြောင်း သိရသည်။
…“ဘယ်နိုင်ငံမှာပဲ ကြည့်ကြည့် ရင်သားကင်ဆာက ဖြစ်ပွားမှုအများဆုံးထဲမှာ ပါတယ်။ သူက ကာကွယ်လို့လည်း မရဘူး။ အနေအထိုင် ပုံစံဆင်ခြင်လို့လည်း မရတဲ့အတွက် စောစီးစွာ သိနိုင်ဖို့ အရေးကြီးပြီး အသက် (၂၀)ကျော် အမျိုးသမီးတွေကိုယ်တိုင် ရင်သားစမ်းသပ်ခြင်း နည်းလမ်းတွေနဲ့ အမြဲတမ်း စမ်းသပ်စစ်ဆေးနေသင့်ပါတယ်။ ရင်သားကင်ဆာရဲ့ (၈၅)ရာခိုင်နှုန်းလောက်က လက်နဲ့ စမ်းသပ်ခြင်းနဲ့ သိနိုင်တယ်” ဟု ပါမောက္ခဦးစိုးအောင်က ပြောသည်။
မိမိရင်သားအား တစ်လတစ်ကြိမ် ရာသီလာပြီးချိန်တွင် စမ်းသင့်ပြီး ရင်သားအနိမ့်အမြင့် မတူခြင်း၊ အရွယ်မတူခြင်း၊ ရင်သားပေါ်တွင် အရေပြားချိုင့်ဝင်ခြင်း၊ ရင်သားတွင် မြင်သာသော အကျိတ်ရှိ မရှိ၊ နို့သီးချိုင့်ဝင်နေခြင်း၊ အရောင်ပြောင်းခြင်း၊ နို့သီးခေါင်းမှ အရည် (သို့မဟုတ်) သွေးထွက်ခြင်း၊  လက်မောင်းရောင်ခြင်း၊ လည်ပင်းနှင့် ချိုင်းများတွင် အကျိတ်ရှိ မရှိ သတိထား စမ်းသပ်ခြင်းများ ပြုသင့်ကြောင်း သိရသည်။ ရင်သားကင်ဆာသည် အတွင်းခံအင်္ကျီကြပ်ကြပ်များ ၀တ်ဆင်ခြင်း၊ ရင်သားလှပစေရန် အသုံးပြုကြသည့် ထိုးဆေး၊ လိမ်းဆေးများတွင် ဟော်မုန်းဓာတ်များ ပါရှိသည့် ပစ္စည်းများအား အသုံးပြုမိခြင်းများကြောင့် လည်း ဖြစ် ပွားနိုင်ကြောင်း ပါမောက္ခဦးစိုးအောင်က ဆက်လက်ပြောသည်။
…ရောဂါဖြစ်ပွားသည့် ပုံစံအဆင့် သတ်မှတ်ချက်များရှိပြီး ရောဂါနုသည့်အချိန် စောစီးစွာ ကုသမှု ရရှိလျှင် ပျောက်ကင်းနိုင်သည့် ရာခိုင်နှုန်း ပိုမိုများပြားကာ ကုန်ကျစရိတ်လည်း ပိုမိုသက်သာနိုင်သည်။ ရင်သားကင်ဆာရောဂါ ဖြစ်ပွားလာပါက သောက်ဆေး၊ ထိုးဆေးများ၊ ခွဲစိတ်ခြင်းနည်းလမ်းနှင့် ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း နည်းလမ်းများဖြင့် ပေါင်းစပ်ကုသရကြောင်း သိရသည်။
…“ဆေးရုံကို ရောက်လာတဲ့သူတွေက များသောအားဖြင့် အချိန်နောက်ကျမှ ရောက်လာလေ့ရှိတယ်” ဟု ပါမောက္ခဦးစိုးအောင်က ဆက်လက်ပြောသည်။
…ကင်ဆာရောဂါသည် လူထုအတွင်း မကြာခဏ ကြားလာရသည့် ရောဂါဖြစ်လာသော်လည်း ထိုရောဂါ သည် ဖြစ်ပွားလာပါက ခေတ်မီနည်းပညာများဖြင့် ဆေးကုသမှုခံယူခြင်းထက် ကျိန်းသေ အသက်သေဆုံးမည် အထင်ဖြင့် စိတ်ဓာတ်များ ကျဆင်းလာခြင်း၊ အကျိတ်မှန်သမျှ ကင်ဆာအထင်ဖြင့် နီးစပ်ရာ၊ ကောင်းနိုး ရာရာ ဆေးဝါးများ အသုံးပြု၍ ကုသခြင်းများကြောင့် အသက်သေဆုံးမှု များပြားနေဆဲဖြစ်သည်။
“ကင်ဆာအကျိတ်က နာလေ့ မရှိပါဘူး။ ဒါကြောင့် မနာတဲ့အကျိတ်တွေဆို ပိုသတိထားသင့်တယ်။ ဒါပေမယ့် ကင်ဆာအကျိတ်လား၊ ဘာလား သေချာခွဲခြားနိုင်အောင် ကျွမ်းကျင်ဆရာဝန်နဲ့ ပြသသင့် ပါတယ်”ဟု ပါမောက္ခ ဦးစိုးအောင်က ပြောသည်။
ကင်ဆာရောဂါဖြစ်လာလျှင် လူအများ လွဲမှားစွာ ထင်မြင်လေ့ရှိသည့်အရာများမှာ အစားအသောက် မှားသည့် အခါ ပျောက်ပြီးသား ကင်ဆာရောဂါများ ပြန်ဖြစ်နိုင်သည်ဟု ထင်မြင်ခြင်း၊ ငါးမန်းတောင်များ၊ ငှက်သိုက်များ စားသုံးခြင်းတို့မှာ အဟာရ ရရှိစေနိုင်သော်လည်း ကင်ဆာရောဂါများ ပျောက်ကင်း နိုင်မည် မဟုတ်ကြောင်း အဆိုပါ ဆရာဝန်က ပြောသည်။
အမျိုးသားများတွင်လည်း ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေရှိပြီး ထိုကဲ့သို့ ဖြစ်ပွားမှုများမှာ မျိုးရိုးကြောင့် ဖြစ် ပွားခြင်းဖြစ်ကြောင်း သိရသည်။ ရင်သားကင်ဆာဖြစ်ပွားဖူးသူများတွင်လည်း နောက်တစ်ကြိမ် ပြန်လည် ဖြစ်ပွားနိုင်သည့်အတွက် မပေါ့ဆသင့်ဘဲ အမြဲမပြတ် စစ်ဆေးမှုများ ပြုလုပ်နေသင့်ပြီး ကင်ဆာရောဂါများနှင့် ပတ်သက်၍ စစ်ဆေးလိုပါက ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ဓာတ်ရောင်ခြည်ဌာနတွင် စစ်ဆေးနိုင်ကြောင်း သိရသည်။
အမျိုးသမီးများအားလုံး ရင်သားကင်ဆာဖြစ်ခြင်းမှ ကင်းဝေးကြပါစေ
မ၀တ်ရည်၊ 7 Day News 

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>