Labels
- ၀တၳဳတို
- Eco
- Video
- ကဗ်ာ
- ကမ ၻာသစ္စာစုမ်ား
- ကမ ၻာ့အေရး
- ကာတွန်း
- ကိုယ်တိုင်ရေးစာစုများ
- ကျန်းမာရေး
- ခရီးသွားစာစု၊ ဆောင်းပါး
- ဆုံးမစာ
- တရားတော်များ
- ဓမ္မစာစု
- ဓမ္မသံစဉ်
- ဓမ္မအတွေး
- ဓမ္မအတွေးကဗျာ
- ဓာတ်ပုံ
- ဖတ်စရာ
- ဖြစ်ရပ်မှန်
- မြန်မာမှု
- မြန်မာ့ရနံ့ကဗျာများ
- ဘာသာပြန်
- ဘာသာရေး
- မဃဒေဝ
- မှတ်စု
- ယဉ်ကျေးမှု
- ရသစာစု
- ရုပ်ပြ
- လင်္ကာ
- သတင်း
- သဘာဝဓမ္မ
- သမိုင်း
- သီချင်း
- သုတ
- ဟာသ
- အချစ်ကဗျာ
- အထ္ထုပတ္တိ
- အမျိုးသားနိုင်ငံရေး
- အားကစား
- အတွေးစာစု
- အတွေးအရေး
- အမေးအဖြေ
- စေတီတော်များ
- ဆောင်းပါး
- ဗေဒင်
- နိုင်ငံရေး
Friday, February 15, 2013
လူငယ်နှင့် ကြီးပွားရေး (ဒေါက်တာကျော်စိန်)
ကြီးပွားလိုသူ လူငယ်ဟူသမျှသည် မိမိလုပ်ဆောင်ရမည့် အမှုကိစ္စအ၀၀၌ “ကံ” တည်းဟူသော အလုပ်ကို “ဥာဏ်” တည်းဟူသော အသိအလိမ္မာ ပညာ ဦးဆောင်မှုဖြင့် အကျိုး ရှိ-မရှိ နှိုင်းချင်ချင့်ချိန်ကာ “၀ီရိယ” တည်းဟူသော အားထုတ်မှု၊ “ဇွဲလုံ့လ” တည်းဟူသော တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်မှုတို့ဖြင့် တံခွန်စိုက် ထူ၍ အောင်မြင်သည်ထိ ဆောင်ရွက်သွားကြရန် သန္နိဋ္ဌာန် ချထားသင့်ပေသည်။
ကြီးပွားရေးဟူသည်…
ကြီးပွားရေးဟူသည် တိုးတက်ခြင်း၊ ဖွံ့ဖြိုးခြင်း၊ အောင်မြင်ခြင်းတို့နှင့် သဘာဝအားဖြင့် တူညီ၏။ “လူ” ဟူသည် ဦးခေါင်းကို မိုးသို့မျှော်ကာ အညွှန့်တလူလူနှင့် အောင်မြင်မှုတံခွန် ထူလိုသူဖြစ်၏။ အခြားသော ကုန်းနေသတ္တ၀ါ များသည် ခေါင်းငုံ့လျှိုးကာ သွားလာလှုပ်ရှားကြရသည်။ လူကဲ့သို့ ဦးခေါင်းကို မိုးမျှော်ကာ ရင်ကော့၍ သဘာဝကို အန်တုအနိုင်ယူရန် ကြိုးပမ်းနိုင်သူများ မဟုတ်ကြပေ။ ထို့ကြောင့် ကြီးပွားရေး တိုးတက်ရေးသည် လူတို့၏ အဓိက ဂုဏ်ရည်ပင်ဖြစ်ပေ၏။
အချို့သော လူ့အဖွဲ့အစည်းတို့၌ “အမျိုးဇာတ်” ခွဲခြားမှုကြောင့် တိုးတက်ကြီးပွားရေးကို အဟန့်အတားဖြစ်စေ တတ်ကြောင်း တွေ့ရ၏။ ထို့ကြောင့်-
(၁) ဇာတိမာန်- အမျိုးဇာတ်ကို စွဲ၍ မာန်တက်ခြင်း၊
(၂) ဂေါတ္တမာန်- အဆက်အနွယ်ကို စွဲ၍ မာန်တက်ခြင်း၊
(၃) ဣသရိယမာန်- အစိုးရမှု စည်းစိမ် ချမ်းသာမှုကို စွဲ၍ မာန်တက်ခြင်း ဟူ၍ မာန်သုံးပါး ခွဲခြား ပြခဲ့ကြသည်။ ယင်းကဲ့သို့ ဇာတ်စနစ်ရှိရာ ဒေသတို့၌မူ လူ့အဖွဲ့အစည်း၏ ဟန့်တားမှုကြောင့် ကြီးပွား တိုးတက်လိုသူ လူငယ်အချို့တို့မှာ တက်လမ်းပိတ်၍ နေတတ်ပြီး ဇာတ်ဆုံးဖြတ်ရာ အဆင့်၌သာ ကျေနပ်ကြရရှာ၏။
မြန်မာနိုင်ငံတွင်မူ ဇာတ်စနစ်လည်း မရှိ။ လူ လူချင်း အဆင့်အတန်းခွဲခြားမှုကိုလည်း အများစုက လက်မခံကြပေ။ ထို့ကြောင့် လူတိုင်းအဖို့ ကြီးပွားတိုးတက်ရေးအတွက် လုပ်ဆောင်ရန် ညီတူညီမျှ အခွင့်အရေးရှိကြကုန်၏။ သို့သော် အခွင့်အရေးဟူသည် (ဆရာကြီး ပီမိုးနင်း တစ်ခါက ရေးသကဲ့သို့) ဦးစွန်းဖုတ်ကလေးနှင့် မိမိရှေ့မှ အမြန်ဖြတ်ကျော် ပြေးတတ်သည်ဖြစ်ရာ ယင်းဦးစွန်းဖုတ်ကို အမိအရ ဖမ်းထားဖို့ အရေးကြီးပေသည်။ တစ်နည်းဆိုရသော် ဘ၀တစ်သက်တာ တစ်ခါပေါ်တတ်သော အခွင့်အရေးကောင်းကို လက်မလွှတ်တမ်းမိဖို့ လွန်စွာ အရေးကြီးပေသည်။
လူငယ်အရွယ်ကား လုပ်ငန်းခွင်သို့ ၀င်ရန် အချိန်မဟုတ်သေး။ အရည်အသွေး၊ အရည်အချင်းနှင့် အစွမ်းသတ္တိတို့ ထက်မြက်နေအောင် အားမွေးနေရမည့် အချိန်ဖြစ်၏။ ထို့ကြောင့် ဘ၀ကြီးပွား တိုးတက်ရေးအတွက် လုပ်ဆောင် ချိန် မဟုတ်သေး။ ပြင်ဆင်ချိန်မျှသာဖြစ်ပေ၏။ စီးပွားရေး မပြေလည်၍ အောက်ခြေသိမ်းအလုပ်ကို လုပ်နေရသည့် လူငယ်တို့အဖို့လည်း ယင်းသေးသိမ်သည့် အလုပ်သည် မိမိဘ၀ ကြီးပွားရေးတက်လမ်း အတွက် ခြေတစ်လှမ်းမျှ သာဖြစ်သည်ဟု ယူဆ စေလိုသည်။ ယင်းသေးသိမ်သည့်အလုပ်ဖြင့်သာ ဘ၀ဇာတ်ကို မသိမ်းကြစေလိုပေ။
လူငယ်ဘ၀သည် ခွန်အားပြည့်ဝစ ပြုချိန်၊ ဘ၀အတွက် ရည်မှန်းချက်၊ ရောင်နီသမ်းချိန်၊ ဘ၀ပန်းတိုင်ကို မျှော်၍ တာစူနေချိန်ဖြစ်၏။ တာစူချိန်တွင် ပြင်ဆင်မှုကောင်းပါမှ တာထွက်ကောင်း၍ ပန်းဝင်လည်း လှပေလိမ့်မည်။ ထို့ကြောင့်လူငယ်ဘ၀တွင် မိမိ၏ အခြေခံဥာဏ်ရည်၊ ကာယစွမ်းအား၊ ၀ါသနာနှင့် စိတ်ဝင်စားမှုတို့အပေါ် မူတည်၍ ဘ၀ရည်မှန်းချက်ကို တည်ဆောက်ရမည်။ ယင်းရည်မှန်းချက်အတွက် ကြိုးစားလုပ်ဆောင်ခြင်းသည်ပင် ဘ၀ကြီးပွားရေးအတွက် လုပ်ဆောင်သည် မည်ပေ၏။
“ကြီးပွားချမ်းသာရေး” ဟု လူအများက သုံးစွဲတတ်ကြသည်ဖြစ်ရာ ကြီးပွားသူဟူသမျှ ချမ်းသာကြသည်ဟု ယူဆ ရ မည်ကဲ့သို့ ဖြစ်နေ၏။ သို့သော် ချမ်းသာသည်ဆိုရာ၌ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာဟူ၍ စကားခွဲခြား သုံးစွဲမှု ကိုလည်း သတိပြုသင့်၏။ မည်သို့ပင်ဖြစ်စေ ကြီးပွားခြင်းဟူသည် ဘ၀တွင် မိမိရွေးချယ်သည့်လုပ်ငန်းတို့၌ တိုးတက်အောင်မြင်ခြင်းပင်ဖြစ်ရာ ကုန်သည် လုပ်ငန်းဖြင့် ကြီးပွားနေသူအဖို့ ငွေ ချမ်းသာ မည်ဖြစ်သော် လည်း ကျောင်း ဆရာလုပ်ငန်းဖြင့် ကြီးပွား နေသူမှာမူ (ငွေမချမ်းသာသော်လည်း) သူ့တပည့်များ .. ကောင်းစားနေသည် ကို ကြည့်၍ စိတ်ချမ်းသာ နေသည် ဖြစ်သောကြောင့် သူလည်း သူ့လုပ်ငန်းတွင်သူ ကြီးပွားအောင်မြင်သူဟု ဆိုရမည်ဖြစ်ပေ၏။
ထို့ကြောင့် ကြီးပွားခြင်း၊ ချမ်းသာခြင်း၊ အောင်မြင်ခြင်းဟူသည် လူငယ်တို့အဖို့ ရှေ့အနာဂတ်၏ ပန်းတိုင်ပင်ြ ဖစ်ကြောင်း ထင်ရှား၏။ ယင်းပန်းတိုင်မှာလည်း မိမိ၏ ကိုယ်စိတ်စွမ်းရည်များနှင့် လိုက်လျောညီထွေသော စစ်မှန်သည့် ပန်းတိုင်ဖြစ်၍ စိတ်ကူးယဉ် ပန်းတိုင်မျိုး မဖြစ်စေရ။ ယင်းပန်းတိုင်သို့ ရောက်ရှိရေးအတွက် လိုအပ်သော အစွမ်းသတ္တိ ဂုဏ်အင်္ဂါရပ်များကို ဖွံ့ဖြိုးအောင် မွေးမြူရမည့်တာဝန်မှာ လူငယ်တို့၏ တာဝန်ဖြစ်သည်။ လူငယ်ဘ၀တွင် ယင်းရည်မှန်းချက်ကို ရှေးရှု၍ စွမ်းရည်သတ္တိ ဖွံ့ဖြိုးအောင် ဇွဲလုံ့လဖြင့် မပျက်တမ်း ကြိုးပမ်းသူ လူငယ်တစ်ဦးအဖို့ လူလတ်ပိုင်းဘ၀တွင် ကြီးပွားအောင်မြင်မည်မှာ မလွဲသာတည်း။
ရည်မှန်းချက်နှင့် ဘ၀ပန်းတိုင်…
စိတ်ပညာတွင် ရည်မှန်းချက်အဆင့် (Level of aspiration)ဟူသော အယူအဆတစ်ခုရှိ၏။ မိမိ၏ .. ဆောင်ရွက်ချက်နှင့် ပတ်သက်၍ မိမိကိုယ်တိုင်က သတ်မှတ်ထားရှိသော ပန်းတိုင်သည်ပင် ရည်မှန်းချက် အဆင့်၏ သဘာဝကို ရည်ညွှန်း၏။ လောကတွင် အောင်မြင်ခြင်းနှင့် ဆုံးရှုံးခြင်းတို့သည် ယင်းရည်မှန်းချက် အဆင့်နှင့် ဆက်စပ်နေသည်ကို တွေ့ရ၏။ လူတို့သည် အောင်မြင်မှုရရှိသည့်အခါ ရည်မှန်းချက်အဆင့်ကို မြှင့်တင် ၍ ပိုမိုခက်ခဲသောလုပ်ငန်းတို့၌ အောင်မြင်ရအောင် ကြိုးပမ်း တတ်ကြ၏။ ဆုံးရှုံးမှုနှင့် ရင်ဆိုင်ရသောအခါတွင်မူ ရည်မှန်းချက်အဆင့်ကို လျှော့ချ၍ လွယ်ကူသော လုပ်ငန်းများတွင် အောင်မြင်အောင် ကြိုးပမ်းတတ်ကြ၏။ တစ်နည်းဆိုသော် အောင်မြင်မှုလောက် အောင်မြင်စေတတ်သော အရာမရှိ၊ (No-thing succeed like success) ဟူသော အင်္ဂလိပ်စကားပုံ ကဲ့သို့ပင် အောင်မြင်မှုရခြင်းသည် အောင်မြင်ရေးလမ်းကြောင်းတွင် တစ်ဆင့်ပြီး တစ်ဆင့် လမ်းထွင် ချီတက်ရန် နှိုးဆော်နိုင်စွမ်းရှိကြောင်း တွေ့ရပေသည်။
လူတစ်ယောက်သည် ဆုံးရှုံးမှုနှင့် ရင်ဆိုင်ရသောအခါတွင် မိမိ၏ စွမ်းဆောင်ရည်နှင့် ပတ်သက်၍ သံသယရှိလာ တတ်သည်။ ထို့အတူပင် (Self esteem)ဟုခေါ်သော မိမိကိုယ်ကို အထင်ကြီး စိတ်လည်း လျော့ပါး သွားတတ် သည်။ ယင်းသို့ လျော့ပါးသွားသည်နှင့်အမျှ ရည်မှန်းချက်အဆင့်လည်း နိမ့်ကျသွားတော့၏။ ထိုနည်းအတူပင် အောင်မြင်မှုနှင့် ရင်ဆိုင်ရသောအခါ လူတစ်ယောက်၏ စွမ်းဆောင်ရည်နှင့် ပတ်သက်သော ခံစားမှုသည် တက်ကြွလာ၍ မိမိကိုယ်ကို အထင်ကြီးစိတ် မြင့်မားလာပြီး ရည်မှန်းချက်အဆင့်လည်း မြင့်တက် လာတတ်ပေသည်။ ထို့ကြောင့် ဟားဗတ် တက္ကသိုလ် (Harvard University)မှ မက်ကလဲလန်(Mc.Clelland) ကဲ့သို့သော စေ့ဆော်မှု အထူးပြုလေ့လာသူ စိတ်ပညာရှင်တို့က ထမြောက်လိုစေ့ဆော်မှုနှင့် ရည်မှန်းချက် အဆင့်တို့သည် အပြုသဘော ဆက်စပ်နေသည်။ တစ်နည်းအားဖြင့် ထမြောက်စေ့ဆော်မှု မြင့်မားသူတို့သည် ရည်မှန်းချက်အဆင့်တွင်လည်း မြင့်မားတတ်ကြသည်ဟု ဆိုခဲ့ပေသည်။
မည်သို့ပင်ဖြစ်စေ လူငယ်ဘ၀တွင်ကား ရည်မှန်းချက်ပန်းတိုင်သည် ပြတ်ပြတ်သားသား ရှိသင့်ပေသည်။ အထူးသဖြင့် ဘ၀အတွေ့အကြုံ ရင့်ကျက်သူ၊ စာပေဖတ်ရှုလေ့လာမှု ၀ါသနာထုံသူ၊ ပတ်ဝန်းကျင်မှ သင်ခန်းစာ ယူတတ်သူ လူငယ်များသည် တိကျပြတ်သားသော ဘ၀ပန်းတိုင်ကို စောစီးစွာ စိတ်အာရုံ တွင် မြင်ထားသင့်ပေ သည်။ ယင်းဘ၀ပန်းတိုင်မှာလည်း မိမိ၏ အခြေခံရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ စွမ်းရည်တို့နှင့် သဟဇာတဖြစ် သင့်ပေသည်။ စကားထစ်သူက အဆိုကျော်ဖြစ်လိုခြင်း၊ ခြေတစ်ဘက်မသန်သူက ဘောလုံး သမားကောင်းဖြစ် လိုခြင်း စသည်ကဲ့သို့ ရုပ်ပိုင်းအခြေအနေနှင့် မဟပ်မိသော ဘ၀ပန်းတိုင်တို့မှာ တံလျှပ်သဖွယ် အခြေခံမခိုင် တတ်ပေ။ သို့သော် ဆင်းရဲသူမိသားစုမှ ပေါက်ဖွားသူက သန်းကြွယ်သူဌေးဖြစ်လိုခြင်း၊ ကိုယ်ခန္ဓာကြုံလှီသူက လက်ဝှေ့ကျော်ဖြစ်လိုခြင်း တို့ကား ကြိုးစားက ပေါက်ရောက်နိုင်သော ဘ၀ပန်းတိုင်များပင်ဖြစ်ပေသည်။ ထို့ကြောင့် လူငယ်ဘ၀တွင် ပြတ်သားတိကျသော ရည်မှန်းချက် ကြီးကြီးမားမား ထားရှိသင့်ပေသည်။
အချို့စိတ်ပညာရှင်တို့ကမူ ရည်မှန်းချက် ဘ၀ပန်းတိုင် မြင့်မားလွန်းပါက ရှေ့ဦးပိုင်းတွင် တွေ့ကြုံရတတ်သော ဆုံးရှုံးမှုများကြောင့် စိတ်ပျက်အားငယ်ကာ ဘ၀ပန်းတိုင်ပျောက်သွား တတ်သည်ဟု ဆိုကြ၏။ အချို့ကမူ ရည်မှန်းချက် ပန်းတိုင်ကို မိမိအခြေအနေနှင့် လက်လှမ်းမီရာ အဆင့်တွင်ထားရှိပြီး အခြေခံအဆင့်၊ အလယ် အလတ် အဆင့်၊ အမြင့်ဆုံးအဆင့် စသည်ဖြင့် တစ်စတစ်စ တိုးမြှင့်သွားသင့်သည်။ သို့မှသာ အဆင့်တိုင်း တွင် အောင်မြင်မှု ရ၍ ရည်မှန်းချက် အဆင့်လည်း ယုတ္တိအစဉ်အတိုင်း မြင့်တက်သွားနိုင်သည်ဟု ဆိုကြရာ ဤအဆိုမှာလည်း သဘာဝကျပေသည်။
သို့သော် အထူးသတိပြုသင့်သည့်အချက်ကား ဆယ်ကျော်သက်အရွယ်တွင် စိတ်ကူးယဉ်မှုနယ်ပယ် ကျယ်ပြန့်သည်နှင့် အမျှ ရည်မှန်းချက်နှင့် ဘ၀ပန်းတိုင်တို့လည်း မကြာခဏဆိုသလို ပြောင်းလဲ တတ်ကြောင်း တွေ့ရပေသည်။ ထိုအရွယ် လူငယ်တို့သည် ရုပ်ရှင်ကြည့်၍လည်းကောင်း၊ အတ္ထုပ္ပတိများကို ဖတ်ရှု၍လည်းကောင်း၊ ကဗျာဆရာ၊ ပန်းချီဆရာ၊ စာရေးဆရာ၊ သိပ္ပံပညာကျော်၊ သမားတော်ကြီး၊ ရုပ်ရှင်မင်းသား၊ ဆပ်ကပ် လူရွှင်တော်၊ စစ်ဗိုလ်ကြီး၊ ပါမောက္ခ စသည်ဖြင့် အမျိုးမျိုးသော ရည်မှန်းချက်များ ရှိတတ်၏။
စာရေးသူ၏ မိတ်ဆွေတစ်ယောက်သည် အသက် ၁၆ နှစ်လောက်က ဇော်ဂျီ၊ မင်းသုဝဏ်၊ ငွေတာရီ၊ ကြည်အေး တို့၏ ကဗျာများကိုဖတ်ကာ အတုယူ ရေးစပ်ရင်း “ငါ့ဘ၀ကို ကဗျာထဲမှာ မြုပ်နှံလိုက်ပြီ” ဟု ကြေညာခဲ့ပါသည်။ အသက် ၁၇ နှစ်တွင်မူ ဦးအုန်းလွင်၊ ဦးကိုလေး၊ ဦးစန်းလွင်တို့၏ ပန်းချီကားများကို ကူးယူရေးဆွဲကာ “ငါ့ဘ၀ ကတော့ ပန်းချီပဲဟေ့”ဟု ကြွေးကြော်ခဲ့ပါသည်။ အသက် ၂၀ သို့ရောက် သောအခါတွင်ကား ဒဂုန်တာရာ၊ ဗန်းမော်တင်အောင်၊ လင်းယုန်နီတို့၏ ၀တ္ထုများကို ဖတ်ရှုကာ “ငါကတော့ ဘ၀သရုပ်ဖော် စာရေးဆရာဖြစ်အောင် ကြိုးစားတော့မယ်”ဟု ပြောခဲ့ပေသည်။ သို့သော် ထိုအရွယ်က သူ၏ ရည်မှန်းချက်ပန်းတိုင်များမှာ အခိုက်အတန့် အားဖြင့် သူ့ကို လှုံ့ဆော်နေသော ပတ်ဝန်းကျင်ရှိ အရာဝတ္ထုများပေါ်တွင်သာ အမှီပြုနေသည်။ တကယ့်အစစ်အမှန်များ မဟုတ်ကြပေ။ တက္ကသိုလ်သို့ ရောက်သောအခါတွင် သူသည် ၀ိဇ္ဇာဘာသာတွဲကို ယူခဲ့သည်။ ယခုအခါတွင်ကား သူသည် အောင်မြင်သော အထက်တန်းကျောင်းအုပ် ဆရာကြီးဖြစ်နေပေပြီ။ ဆရာဘ၀တွင် သူသည် တပည့်များအား ကဗျာစပ်နည်း၊ ၀တ္ထုရေးနည်း၊ ပန်းချီဆွဲနည်းများ သင်ပေးခဲ့၏။ ကျောင်းနံရံကပ် စာစောင်ကိုလည်း သူ့လက်ရာများဖြင့် မွမ်းမံခဲ့၏။ သူငယ်စဉ်က ဖြစ်ချင်ခဲ့သော ကဗျာဆရာဘ၀၊ ပန်းချီဆရာဘ၀၊ စာရေးဆရာဘ၀တို့ကို အပျော်တမ်း ကပြရင်း အဓိကဇာတ်ဆောင်အနေနှင့်မူ ကျောင်းဆရာအဖြစ် ဘ၀ဇာတ်ခုံပေါ်တွင် သရုပ်ဆောင်လျက် ရှိပေသည်။
ကြီးပွားရေးနှင့် ကံ၊ ဥာဏ်၊ ၀ီရိယ ဇွဲလုံ့လ…
ကြီးပွားတိုးတက်ရေးတွင် ကံ၊ ဥာဏ်၊ ၀ီရိယတို့သည် အချိုးကျစွာ ပူးတွဲ၍ အကျိုးပြုတတ်၏။ “ကံ” ဟူသည် အတိတ်ကံ၊ ပစ္စုပ္ပန်ကံဟု နှစ်မျိုးရှိရာ အတိတ်ကံမှာ ပြီးခဲ့သည့်ကာလက ပြုခဲ့သောအမှု၏ အကျိုးသက်ရောက်မှုကို ရည်ညွှန်း၏။ ပစ္စုပ္ပန်ကံကား ယခုလက်ရှိဘ၀ လက်ရှိအချိန်တွင် လုပ်ဆောင်မှုဖြစ်၏။ “ကံ” ဟူသော ဝေါဟာရ သည် “ကမ္မ” ဟူသော ပါဠိစကားမှလာ၍ “အလုပ်” ဟု အဓိပ္ပာယ်ရပေသည်။ ထို့ကြောင့် ကံကောင်းလိုပါက အလုပ်ကောင်းဖို့ လိုပေသည်။ အလုပ်ဆိုရာတွင်လည်း စိတ်အလုပ် “မနောကံ”၊ နှုတ်အလုပ် “၀စီကံ”၊ ကိုယ်အလုပ် “ကာယကံ” ဟူ၍ သုံးမျိုးရှိ၏။
မနောကံ-စိတ်အလုပ် အနေအထားဖြင့်ကား ကောင်းသော အကြံအစည်၊ သူတစ်ပါးကို ဒုက္ခမပေးဘဲ မိမိ၏ တိုးတက်ကြီးပွားရာကို ရှေးရှုသော အကြံအစည်တို့ပင် ဖြစ်၏။ ကြီးပွားလိုသူ လူငယ်တိုင်းသည် ကြီးပွားလိုစိတ်၊ တိုးတက်လိုစိတ်၊ ထူးချွန်လိုစိတ်ဖြင့် တက်တက်ကြွကြွ ရှိနေရမည်ဖြစ်သည်။ တော်ရုံတန်ရုံ ဆုံးရှုံးမှု ပျက်စီးမှု တို့ကို ဂရုမထားဘဲ စိတ်မပျက် လက်မလျှော့ ဆက်လက် ကြိုးစားလိုစိတ် ရှိရမည်ဖြစ်သည်။ ထို့အတူပင် ငါသည် တစ်နေ့တွင် ထူးချွန်သူဖြစ်လာ ရမည်ဟူသော မိမိကိုယ်ကို ယုံကြည်သည့်စိတ်ဓာတ်လည်း အပြည့်အ၀ရှိရမည်။ ဤလောကတွင် လူတို့အဖို့ မဖြစ်နိုင်သောအရာမရှိ။ “ကြိုးစားက ဘုရားပင်ဖြစ်နိုင်သည်” ဟူသော တက်ကြွ နိုးကြား သည့် စိတ်ထားလည်း ရှိဖို့လိုပေသည်။
ဝစီကံ-နှုတ်အလုပ်အနေဖြင့်ကား “နှုတ်ချို၊ သျှိုတစ်ပါး” ဆိုသည့်စကားနှင့်အညီ ချိုသာ၍ သူတစ်ပါး နာလိုသော စကားမျိုး ပြောတတ်အောင် ကျင့်ထားဖို့လိုပေ၏။ စကားအရာ အင်္ဂါလေးတန်နှင့် ညီညွတ်သောစကားမျိုးသာ ပြောသင့်၏။ ယင်းအင်္ဂါလေးတန်မှာ-
(၁) သုဘာသိတ- ကောင်းစွာပြောဆိုရခြင်း ၊
(၂) ပီယ၀ါစာ- ချစ်ဖွယ် နှစ်သက်ဖွယ်ရှိခြင်း ၊
(၃) သစ္စာ- မှန်ကန်ဖြောင့်မတ်တည်ကြည်ရခြင်း ၊
(၄) ဓမ္မ- သဘာဝကျ၍ လိုက်နာနိုင်ဖွယ်ရှိခြင်း ဟူ၍ ဖြစ်ပေသည်။ ဤလေးချက်ကို ထောက်ရှုပါက အခြားသူတို့အား မဟုတ်မမှန် ဖောက်ပြန်သောစကားနှင့် မြှောက်ပင့်ပြောဆိုခြင်းသည် အကျိုးမရှိ ကြောင်းနှင့် သဘာဝကျ၍ မှန်ကန်ဖြောင့်မတ်သောစကားကို ချိုချိုသာသာ ချစ်စဖွယ်ဖြစ်အောင် ကောင်းမွန်စွာ ပြောဆိုခြင်း သာ အကျိုးရှိကြောင်း ထင်ရှားသိသာပေသည်။
ကာယကံ-ကိုယ်အလုပ်ကား လွန်စွာမှ ကျယ်ပြန့်ပေသည်။ မိမိ၏ အမူအရာ အပြုအမူ ဟူသမျှသည် လိမ္မာ ယဉ်ကျေးသော အပြုအမူမျိုးဖြစ်သင့်၏။ သူတစ်ပါးကို မနှောင့်ယှက် မဖျက်ဆီး မဆန့်ကျင်သော အပြုအမူမျိုး သာ ဖြစ်သင့်ပေသည်။ ဤသို့သော ကာယကံမှုမျိုးနှင့် ပတ်သက်၍ ဒေးကာနက်ဂျီ တင်ပြထားသော “သင့်ဘက်ပါရန် နည်း(၁၂)နည်း” သည်လည်း ကြီးပွားတိုးတက်လိုသူ လူငယ်တို့ လိုက်နာမှတ်သား ကျင့်ကြံသင့်ပေသည်။ ယင်းတို့ကား-
(၁) တစ်ဘက်သားကို မိမိဘက်သို့ ပါအောင်လုပ်ရန်အတွက် ငြင်းခုံခြင်းကို ရှောင်ရှားပါ။
(၂) လူတစ်ဦးတစ်ယောက်အား မှားသည်ဟု ဘယ်အခါမျှ မပြောလေနှင့်။
(၃) အကယ်၍ သင်မှားခဲ့ပါလျှင် လျင်လျင်မြန်မြန်နှင့် လေးလေးနက်နက် ၀န်ခံပါ။
(၄) ချိုချိုသာသာနှင့် စပါ။
(၅) တစ်ဘက်သားကို “အင်း” လိုက်အောင် အလျင်အမြန် ကြိုးစားပါ။
(၆) တစ်ဘက်သားကို သူပြောချင်တာ ၀အောင် ပြောပါစေ။
(၇) တစ်ဘက်သားအား ထိုအကြံသည် သူ၏ အကြံဖြစ်သည်ဟု အထင်ရောက်နေပါစေ။
(၈) တစ်ဘက်သားဖက်မှနေ၍ စဉ်းစားတတ်သည့် စိတ်ကောင်း စေတနာကောင်းထားဖို့ ကြိုးစားပါ။
(၉) တစ်ဘက်သား၏ သဘောထားနှင့်ဆန္ဒကို ကိုယ်ချင်းစာတတ်အောင် ကြိုးစားပါ။
(၁၀) သူတစ်ပါး၏ သူ့ကိုယ်သူ အထင်ကြီးစိတ်ဓာတ်ကို မြှင့်တင်ပေးပါ။
(၁၁) သင်၏ အကြံအစည်များဖြင့် တစ်ဘက်သား၏ စိတ်အာရုံကို ဆွဲနိုင်အောင် ပြုပြင်ပေးပါ။
(၁၂) သူတို့၏ မခံချင်သောစိတ်ကို ဆွပေးပါဟူ၍ ဖြစ်ပေသည်။
...ကြီးပွားလိုသူတို့သည် အထက်က ဖော်ပြသကဲ့သို့ “ကံ” ကောင်းအောင် အလုပ်ကောင်း လုပ်ပြရုံမက ဥာဏ်နှင့် ၀ီရိယတို့ကိုလည်း မျှတအောင် အားထုတ်သုံးစွဲရမည် ဖြစ်၏။ ဥာဏ်နှင့် ပတ်သက်၍ အနောက်တိုင်း စိတ်ပညာရှင် တို့က ၀တ္ထုရှိဥာဏ်ရည် (Concrete intelligence)၊ ၀တ္ထုမဲ့ ဥာဏ်ရည် (Abstract intelligence)နှင့် ဆက်ဆံရေး ဥာဏ်ရည် (Social intelligence)ဟူ၍ သုံးမျိုးခွဲတတ်ကြသည်။ ကိန်းဂဏန်းများ၊ စကားလုံးများကို နားလည်ခြင်း၊ ကျွမ်းကျင်စွာ ကိုယ်တွယ် အသုံးပြုတတ်ခြင်းသည် ၀တ္ထုမဲ့ဥာဏ်ရည်ဖြစ်၍ ဘာသာစကားကြွယ်ဝမှု၊ ယုတ္တိရှိ ဆင်ခြင်မှု၊ နေရာဆက်နွှယ်ပုံကို သိမှုတို့သည် ၀တ္ထုရှိဥာဏ်ရည်ဖြစ်ကာ လူ့ပတ်ဝန်းကျင်နှင့် အရာဝတ္ထုတို့ ဆက်နွယ် ပုံနှင့် ပတ်သက်သော ပြဿနာများကို ဖြေရှင်းနိုင်ခြင်းသည် ဆက်ဆံရေးဥာဏ်ရည်ပင် ဖြစ်ပေသည်။
...ခေတ်ဟောင်း ခေတ်သစ် စိတ်ပညာရှင်တို့ တည်ဆောက်ခဲ့သော ဥာဏ်ရည် စစ်ဆေးလွှာများကို စနစ် တကျ ဖော်ထုတ်စိစစ်ပါက ဤနယ်ပယ်သုံးရပ်အတွင်းသာ အကျုံးဝင် နေကြောင်း အထင်အရှား သိနိုင်ပေ သည်။ လောကတွင် ကြီးပွားတိုးတက်လိုသူတိုင်းသည် ဥာဏ်ရည်တွင် ပျှမ်းမျှအထက်ရှိသင့်သည်။ သို့သော် အထက်ကဆိုခဲ့သော ဥာဏ်ရည်သုံးမျိုးအနက် အချို့သည် ဥာဏ်ရည်သုံးမျိုးလုံးတွင် ပျှမ်းမျှ အထက် ဖြစ်တတ်သော်လည်း အချို့မှာမူ သက်ဆိုင်ရာ ဥာဏ်ရည်တွင်သာ ပျှမ်းမျှအထက်ဖြစ်၍ အခြားဥာဏ်ရည် တွင် ပျှမ်းမျှသာ ရှိတတ်သည်။ မည်သို့ပင် ဖြစ်စေ ပျှမ်းမျှအောက် ဥာဏ်ရည်မျှဖြင့်ကား အခေါင်အဖျား ကြီးပွားဖို့ မဖြစ်နိုင်ပေရာ လူငယ်တိုင်းသည် အချိန်ရှိခိုက် လုံ့လစိုက်၍ မိမိဥာဏ်ရည် မြင့်မားရေးအတွက် အစွမ်းရှိသမျှ ကြိုးပမ်းအားထုတ် သင့်ကြပေသည်။
စံကျောင်းဆရာတော်၏ “ကံ-ဥာဏ်-၀ီရိယအကျယ် လက်စွဲကျမ်း”တွင်မူ အရာရာ၌ ကောင်းစွာ ထိုးထွင်း၍ သိတတ်သော အသိအလိမ္မာသည် “ဇာနာတီတိ-ဥာဏံ” ဟူသော ၀စနတ္တကြောင့် “ဥာဏ်”မည်၏ဟု အဓိပ္ပာယ်ဖွင့်ထားရာ ဥာဏ်နှင့် ပညာကို ထပ်တူပြု၍
(၁) စိန္တာမယ ပညာ ၊
(၂) သုတာမယ ပညာ ၊
(၃) ဘာဝနာမယ ပညာ ဟူ၍ ပညာသုံးမျိုး ဖော်ပြခဲ့၏။
“ (၁) သူတစ်ပါးတို့ ပြုလုပ်စီမံအပ်သော အရာတို့ကို တစ်ရံတစ်ခါမျှ တွေ့မြင်မှတ်သား သင်ကြားနာယူ ရသည်ဟူ၍ မရှိ၊ မိမိစိတ်ကူးဥာဏ်ဖြင့်သာ ကြံဖန်ထိုးထွင်း စ.ထွင်၍ ပြုလုပ်အားထုတ်ခြင်းငှာ စွမ်းနိုင် သောအသိ အလိမ္မာ ဥာဏ်ပညာသည် စိန္တာမယပညာ မည်၏။
(၂) သူတစ်ပါးတို့ လုပ်ကိုင်စီရင်သည်ကို တွေ့မြင်မှတ်သား သင်ကြားနာယူမှ သိရတတ်ရသော အသိအလိမ္မာ ဥာဏ်ပညာသည် သုတမယပညာ မည်၏။
(၃) ယင်းစိန္တာမယပညာ၊ သုတမယပညာတို့ကို ထပ်ကာထပ်ကာ ပွားများစေတတ်သော အသိ အလိမ္မာ ဥာဏ်ပညာသည် ဘာဝနာမယပညာမည်၏။ ” ဟူ၍ အကျယ်ဖွင့်ဆိုထားပေသည်။
အလုပ်တည်းဟူသော ကံ၊ အသိ အလိမ္မာ ပညာနှင့် ပြည့်စုံခြင်းတည်း ဟူသော “ဥာဏ်” အပြင် ကြိုးပမ်း အားထုတ်ခြင်း တည်းဟူသော “၀ီရိယ”သည် လည်း ကြီးပွားတိုးတက်ရေးအတွက် မရှိမဖြစ်သောအချက် ဖြစ်၏။ ထို့ကြောင့်ပင် စံကျောင်းဆရာတော်က “၀ီရိယနှင့် ကင်းကွာ၍ ကံ-ဥာဏ် နှစ်ပါးလုံး မှာပင် ကျေးဇူး မများနိုင်ရာ သည့် အဖြစ်ကြောင့် ၀ီရိယက သာ၍ ကျေးဇူးအများဆုံးဖြစ်၏။ ထို့ကြောင့် ၀ီရိယကို အားကိုးအားထားပြုလုပ် ၍ ၀ီရိယကို အားထုတ်မှသာ လောကီ လောကုတ္တရာ နှစ်ဖြာသောအကျိုး တိုးပွားခြင်းသို့ ရောက်လိမ့်မည်” ဟု အလေးအနက် ထုတ်ဖော် ရေးသားတော် မူခဲ့ပေ၏။
အသင့်အတင့် နှလုံးသွင်းခြင်းကြောင့် ရှစ်ခုသော ၀ီရိယ တရားတို့ တိုးပွားပုံကို စံကျောင်း ဆရာတော်က ဤသို့ ရှင်းပြထား၏။
“ (၁) မိမိအား ပြုလုပ်ရန် အမှုသစ် တစ်စုံတစ်ခု ဖြစ်ပေါ်လာသောအခါ ငါ့မှာပြုလုပ်ရန် အမှုသစ်ရှိပါ သေးသည် တကားဟု နှလုံးပြုလျက် ရှေးကထက် နှစ်ဆတိုး၍ နှစ်ထမ်းပိုး အားထုတ်၏။
(၂) ထိုအသစ်ဖြစ်သော အမှုကိစ္စကို ပြုလုပ်၍ ပြီးသောအခါကာလ၌လည်း ငါ့အား အသစ်ဖြစ်သော အမှုကိစ္စကို ပြုလုပ်ရသည့်အတွက် ရက်ပေါင်းများစွာ ပျက်ခဲ့လေပြီတကားဟု နှလုံးပြုလျက် ရှေးကထက် နှစ်ဆတိုး၍ နှစ်ထမ်းပိုး အားထုတ်၏။
(၃) ခရီးသွားဖို့ရန် ကိစ္စရှိသောအခါကာလ၌ကား ငါ့အား ခရီးသွားရန်ကိစ္စ ရှိပါသေးသည်တကားဟု နှလုံးပြု လျက် ရှေးကထက် နှစ်ဆ တိုး၍ နှစ်ထမ်းပိုးအားထုတ်၏။
(၄) ခရီးသွားပြီးသော ကာလ၌လည်း ငါ့အား ခရီးသွားရသည့်အတွက် အလုပ်ပျက်လှလေပြီဟု နှလုံးပြု လျက် ရှေးကထက် နှစ်ဆ တိုး၍ နှစ်ထမ်းပိုး အားထုတ်၏။
(၅) မကောင်းသော အစာအာဟာရတို့ကို စားသောက်ရသောအခါကာလ၌လည်း ငါ့အား ယနေ့ ကိုယ်လက်ပေါ့ပါးလှပေသည် တကားဟု နှလုံးပြုလျက် ရှေးကထက် နှစ်ဆတိုး၍ နှစ်ထမ်းပိုး အားထုတ်ပေ၏။
(၆) ကောင်းသောအစာအာဟာရတို့ကို စားသောက်ရပြီးသောအခါကာလတို့၌လည်း ယနေ့ ငါ့အား ခွန်အားဗလနှင့် ပြည့်စုံလှပေသည် တကား ဟု နှလုံးပြုလျက် ရှေးကထက် နှစ်ဆတိုး၍ နှစ်ထမ်းပိုး အားထုတ်၏။
(၇) တစ်စုံတစ်ခုသော ရောဂါဝေဒနာ စွဲကပ်လာသောအခါ ကာလ၌လည်း ငါ့အား ရောဂါဝေဒနာ တိုးတက်၍ လာချေက များစွာ အားထုတ်ခွင့်ရတော့မည်မဟုတ်ဟု နှလုံးပြုလျက် ရှေးကထက် နှစ်ဆတိုး၍ နှစ်ထမ်းပိုး အားထုတ်၏။
(၈) ရောဂါဝေဒနာမှ ထမြောက်သောအခါ ကာလ၌လည်း ငါ့မှာ ရောဂါဝေဒနာနှိပ်စက်၍ အလုပ်အကိုင် ပျက်လှလေပြီတကား ဟု နှလုံးပြုလျက် ရှေးက ထက် နှစ်ဆတိုး၍ နှစ်ထမ်းပိုး အားထုတ်၏။ ” ဟူ၍ အကျယ်တ၀င့် ရှင်းလင်းတော်မူခဲ့ပေသည်။
ထို့အပြင် “ကံသည် ဥယျာဉ်နှင့်တူ၏။ ဥာဏ်သည် ဥယျာဉ်မှူး၏ မျက်စိနှင့်တူ၏။ ၀ီရိယသည် ဥယျာဉ်မှူး ၏ ခြေလက်နှင့်တူ၏။ ရွှေ၊ ငွေ၊ လယ်ယာ မိုးမြေတို့သည်ကား ထိုဥယျာဉ်ကြီး၌ သီးပွင့်၍ နေကြကုန်သော အသီးအပွင့်နှင့် တူကုန်၏။” ဟူ၍ စံကျောင်း ဆရာတော် က နှိုင်းယှဉ်ဖော်ပြခဲ့သည့် အပြင် ၀ီရိယရှိသင့်ကြောင်းကိုလည်း “အကြင်သူသည် လွန်စွာ ပျင်းရိ ဆုတ်နစ်သော လုံ့လ၀ီရိယ ရှိသည်ဖြစ်၍ အနှစ်တရာ အသက်ရှည်၏။ ထိုသူ၏ အသက်ရှည်ခြင်းသည် တစ်စုံတစ်ခုသော အကျိုးကိုမျှ မခံစားရ၍ မမြတ်။ ၀ီရိယတရားကို လွန်စွာကြိုးကုတ် အားထုတ်သောသူ၏ တစ်နေ့တစ်ရက်မျှ အသက်ရှည်၍ နေရခြင်း သည် မြတ်သေး၏။” ဟု အလေးအနက် မိန့်တော်မူ ခဲ့ပေသည်။
ဇွဲ၊ လုံ့လကား တစိုက်မတ်မတ် စွဲစွဲမြဲမြဲ အားထုတ်သည့်သဘောပင် ဖြစ်၏။ ဇွဲရှိသူသည် မဖြစ်မနေ အသက်ပင်သေသေဟု သဘောထား ကာ စွဲစွဲမြဲမြဲ လုပ်ကိုင်တတ်၏။ မဟာဇနကမင်း သင်္ဘောပျက်စဉ်က မဟာသမုဒ္ဒရာကို လက်ပစ်ကူးခြင်း၊ ရေနစ်သူချစ်ဇနီးရှဉ့်မကို ကယ်ဆယ်ရန် ခင်ပွန်းဖြစ်သူ ရှဉ့်ငယ်က ပင်လယ်ရေ ကို အမြှီးဖြင့်ခပ်ထုတ်ခြင်း၊ ဓမ္မစကြာ မယ်ဟေမာ ချစ်သူရှိရာသို့ ပင်လယ်ကို ကူးခတ်သွားခြင်း စသည်တို့ကား မဖြစ်ဟူသောစကားကို မကြားလို။ အသက်သေလိုက သေစေဟူသော စွန့်စားသည့် အာဇာနည်စိတ်ဓာတ်ကို သရုပ်ဖော်သော ဇွဲ၊ လုံ့လ၏ သဘာဝများပင်တည်း။
ထို့ကြောင့် ကြီးပွားလိုသူ လူငယ်ဟူသမျှသည် မိမိလုပ်ဆောင်ရမည့် အမှုကိစ္စအ၀၀၌ “ကံ” တည်းဟူသော အလုပ်ကို ၊ “ဥာဏ်”တည်း ဟူသော အသိအလိမ္မာ ပညာဦးဆောင်မှုဖြင့် အကျိုးရှိမရှိ နှိုင်းဆချင့်ချိန်ကာ “၀ီရိယ” တည်းဟူသော အားထုတ်မှု၊ “ဇွဲလုံ့လ”တည်းဟူသော တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်မှုတို့ဖြင့် တံခွန်ထူ၍ အောင်မြင်သည်အထိ ဆောင်ရွက်သွားကြရန် သန္နိဋ္ဌာန် ချထားသင့်ပေသည်။
ထိပ်ဆုံးသို့တက်ရန် ပထမခြေလှမ်း…
ပထမဆုံးကျလာသော မိုးရေတစ်စက်သည် ဧရာမစဥ့်အိုးကြီးပြည့်ရန်အတွက် ပထမဆုံး ဖြည့်ဆည်းခြင်း ဖြစ်၏။ ငယ်စဉ်က ကျွန်ုပ်တို့ စတင်ရေးခဲ့ကြသော ၀လုံးသည် နောင်တစ်သက်တာ ပတ်လုံး ရေးရ ဖတ်ရတော့မည့် စာလုံးများအတွက် အဓိကကျသော အခြေခံလုပ်ဆောင်မှုဖြစ်၏။
အိမ်တစ်ဆောင်ဆောက်ရာတွင် အုတ်မြစ်သည် အရေးပါ၏။ အုတ်မြစ်အခြေခံတစ်ခုလုံး ခိုင်ခံ့ပါမှ အထက် တွင်ဖြစ်ပေါ် လာမည့် တိုင်၊ အခင်း၊ အကာ၊ အမိုးစသည်တို့ တောင့်တင်းခိုင်မာမည် ဖြစ်ပေသည်။ အုတ်မြစ် အခြေခံတို့ တော်စွ လျော်စွပြုလုပ်ကာ အထက်တွင် ဆေးရောင်စုံခြယ်၍ အပြောက်အမွမ်း ထုပိကာတို့ဖြင့် ဆင်ယင်မွမ်းမံထားသော်လည်း လေပြင်းတစ်ချက်တိုက်ရုံဖြင့် ယိုင်လဲကာ ခဲလေသမျှ သဲရေကျ ဖြစ်သွား တတ်ပေသည်။
ပညာသင်ရာတွင် ကျွန်ုပ်တို့ အားလုံးပင် ၀လုံးမှ စ.ရ၏။ ထိုမှတစ်ဆင့် ဗျည်း၊ သရစသည့် အက္ခရာ တို့ကိုကူးကာ တစ်ဆင့်ပြီးတစ်ဆင့်တက်ရ၏။ ထို့အတူပင် သင်္ချာတွင်လည်း (၀)နှင့်စ၍ ၁၊ ၂၊ ၃ သို့ ကူးကာ အပေါင်း၊ အနုတ်၊ အမြှောက်၊ အစားတို့ကို သင်ကြားကြရ၏။ ၀လုံးမသင်ဘဲနှင့် မည်သူမျှ ပရိတ်ကြီး ၁၁ သုတ်ကို မဖတ်ရွတ်နိုင်။ ထို့အတူ သုညအကြောင်း မသိခဲ့ဘဲနှင့် မည်သူမျှ ကဲကုလ သင်္ချာကို နားမလည်နိုင်ဟု ဆိုခဲ့သော် လွန်ရာကျ မည်ဟု မထင်ပေ။
ထို့ကြောင့် ကြီးပွားတိုးတက်လိုသူ၊ ထိပ်ဆုံးသို့ တက်လှမ်းလိုသူ လူငယ်တိုင်းသည် ပထမဆုံးသော ခြေတစ်လှမ်း ကို အထူးဂရုပြုဖို့လို၏။ အစကောင်းမှ အနှောင်းသေချာဟူသော မြန်မာစကားပုံသည် ဤသဘောကိုပင် ရည်ညွှန်း ၏။ ပထမခြေလှမ်း မခိုင်ပါက ပန်းတိုင် သို့ ဖြောင့်မတ်စွာ ဦးတည်နိုင် လိမ့်မည် မဟုတ်ပေ။ ဦးတည်ချက် တိမ်းပါး ခဲ့ပါက နောက်ဆက်လှမ်းမည့် ခြေလှမ်းတို့သည်လည်း ကိုယ်လို ရာ ပန်းတိုင်သို့ တည့်တည့်မတ်မတ် ပို့ဆောင်နိုင် လိမ့်မည်မဟုတ်ကြောင်း သတိမူသင့် ပေသည်။ “တစ်နေ့တစ်လံ ပုဂံ ဘယ်ပြေးမလဲ” ဟူသော စကားသည်ရှိ၏။ သို့သော် ပထမစခဲ့သော ခြေတစ်လှမ်းသည် ပုဂံရှိရာသို့ ဦးတည်ရမည်ဖြစ်ပေသည်။ သို့မဟုတ်ဘဲ ခြေဦး တည်ချက် လွဲခဲ့ပါက ပုဂံသို့ မရောက်ဘဲ ပဲခူးသို့လည်း ရောက်ချင်ရောက်သွားနိုင်ပေသည်။
သို့သော် ပထမခြေလှမ်းသည် မည်သည့်နေရာမှ စသနည်းဟူသော ပြဿနာ၏အဖြေမှာမူ တစ်ဦးနှင့်တစ်ဦး မတူညီကြပေ။
အချို့လူငယ်တို့သည် ၁၀ တန်း မအောင်မီကပင် ရည်မှန်းချက်ရှိပြီး ဖြစ်နေကြရာ သူတို့ ခြေလှမ်းသည် ထိုအချိန်ကပင် စသည်ဟု ဆိုနိုင်၏။ ကျွန်ုပ်၏ မိတ်ဆွေတစ်ယောက်သည် ဆေးပညာကို ၀ါသနာပါ၏ ။ ဆေးပညာဖြင့် လူသားတို့၏ ကျန်းမာရေးကို ဆောင်ရွက်ဖို့ စေတနာ မှန်သော ရည်မှန်းချက်လည်းရှိ၏။ သို့သော် သူ၏ဥာဏ်သည် ဆေးတက္ကသိုလ်တက်ရောက်ရန် အဆင့်(အမှတ်)မမီပေ။ ထို့အတူ မိဘတို့ ဆင်းရဲသည့် အလျောက် အဆောင်တွင် ခုနှစ်နှစ်နေရမည့် စရိတ်စကကိုလည်း မတတ်နိုင်ဖြစ်ရာ “ကံ” ၏ အထောက်အပံ့ကို မရဟု ဆိုနိုင်၏။ ထို့ကြောင့် ၁၀ တန်းအောင်သည်နှင့် လက်ထောက်ကျန်းမာရေးမှူး သင်တန်း လျှောက်လိုက် ၏။ ထိုသင်တန်းများကို တက်ပြီးနောက် တာဝန်ထမ်းဆောင်ရင်း တိုင်းရင်းဆေးပညာကိုလည်း အနောက်တိုင်း နည်း တို့ဖြင့် ယှဉ်တွဲလေ့လာ ခဲ့၏။ သူ၏ ပထမခြေလှမ်းကို ၁၉၆၀ ပြည့်နှစ်ခန့်က စခဲ့ရာ သူသည် ယခုအခါ အငြိမ်းစား ယူ၍ ထင်ရှားသော တိုင်းရင်းသမားတော်ကြီး တစ်ဦး ဖြစ်နေပေပြီ။ ဤကား ပြတ်သားသော ပထမခြေ လှမ်းကို အားထုတ်မှု ၀ီရိယက ပန်းတိုင်အရောက်ပို့ပေးသည့် သာဓက တစ်ခုပင်တည်း။
ဤစာရေးသူကား ၁၀ တန်းအောင်၍ တက္ကသိုလ်တွင် ပထမ၊ ဒုတိယနှစ်များသို့ ရောက်သည်အထိ တိကျသော ရည်မှန်းချက် မရှိသေးပေ။ စာရေးဆရာ၊ အယ်ဒီတာ၊ ကျောင်းဆရာ၊ အုပ်ချုပ်ရေးဝန်ထမ်း စသည်ဖြင့် အမျိုးစုံ လုပ်ချင်နေသည်။ ဂျာနယ်ကျော် ဦးချစ်မောင်ကို အားကျ၍ စာရေးရင်း အယ်ဒီတာလုပ်လို၏။ မန်းတင်ကို အားကျ၍ အုပ်ချုပ်ရေးဝန်ထမ်း လုပ်ရင်း စာရေးလို၏။ ခေတ်စမ်း ကဗျာဆရာတို့ကို အားကျ၍ တက္ကသိုလ် ဆရာလုပ်ရင်း စာရေးလို၏။ သို့သော် တကယ့်ပထမ ခြေလှမ်းကိုမူ ဘီအေအောင်ပြီးသည့်အခါတွင်မှ စဖြစ်၏။
အတိအကျဆိုရပါမူ ၁၉၅၄ ခု၊ ဇွန်လဆန်းပိုင်းတွင် ပါမောက္ခဒေါက်တာလှဘူးနှင့် ဌာနမှူး ဒေါက်တာလှသွင်တို့က စိတ်ပညာဌာနတွင် နည်းပြဆရာဝင်လုပ်ရင်း မဟာဝိဇ္ဇာတန်းဆက်တက်ဖို့ တိုက်တွန်းနှိုးဆော်သည့်အခါတွင်မှ ဘ၀ရည်မှန်းချက်ပန်းတိုင် ပေါ်လာ၏။ “ငါသည် တက္ကသိုလ် ဆရာဘ၀ဖြင့်ပင် ကြီးပွား တိုးတက်အောင်မြင်အောင် ဆောင်ရွက်တော့အံ့” ဟု စိတ်ကို ဆုံးဖြတ်ကာ လခ ၃၀၀ စား နည်းပြဆရာအဖြစ် ပထမဆုံးသော ခြေလှမ်းကို စတင်လိုက်၏။ ထိုအချိန်မှစ၍ စိတ်ပညာတွင် အထွတ်အထိပ်ရောက်ရေးအတွက် “ဥာဏ်”၊ “၀ီရိယ” တို့ကို အစွမ်းကုန်ထုတ်၍ သုံးစွဲခဲ့၏။ “ကံ” ကလည်း လိုက်သောကြောင့် နိုင်ငံခြား ပညာတော် သင်အဖြစ် အရွေးခံခဲ့ရ၏။ ကံ၊ ဥာဏ်၊ ၀ီရိယ၊ ဇွဲ၊ လုံ့လ အကူအညီဖြင့် ပါရဂူဘွဲ့ ရခဲ့၏။ ဤကား စာရေးသူ၏ ကိုယ်တွေ့ ပထမခြေလှမ်း ဇာတ်လမ်းပင်တည်း။
မည်သို့ပင်ဖြစ်စေ ကျွန်ုပ်တို့သည် ပထမခြေလှမ်းကို အကောင်းဆုံး၊ အမှန်ဆုံး၊ အတိကျဆုံး ဖြစ်အောင် ကြိုးပမ်း ရမည်ဖြစ်၏။ “ငါစလုပ်တာ စာရေးအဆင့်ပဲ” ဟု ပေါ့ပေါ့တန်တန် သဘောမထား သင့်ပေ။ စာရေးအဆင့်မှပင် မန်နေဂျာအဆင့်၊ ညွှန်ကြားရေးမှူးအဆင့်တို့သို့ တက်လှမ်းရသည် မဟုတ်လော။ စာရေးသူသည်လည်း တက္ကသိုလ်လောကတွင် အနိမ့်ဆုံးဖြစ်သော နည်းပြဆရာဘ၀မှ စတင်ခဲ့ရပေသည်။ ယင်းသို့ နည်းပြဆရာဘ၀မှ စတင်သော်လည်း ဤပထမခြေလှမ်းသည်ပင် “ပါမောက္ခ”ဘ၀သို့ ဦးတည်ပို့ဆောင်ပေးလိမ့်မည်ဟူသော ယုံကြည်ချက် ရှိရမည်ဖြစ်ပြီး ယင်းယုံကြည်ချက်အတိုင်း ဆောင်ရွက်သွားရန်လည်း ကံ၊ ဥာဏ်၊ ၀ီရိယ၊ ဇွဲ၊ လုံ့လတို့ ရှိရမည်ဖြစ်၏။ “နည်းပြဆရာ” ဘ၀မှ စတင်၍ “နည်းပြဆရာ” အဖြစ်ပင် နိဂုံးချုပ်လိမ့်မည်ဟူသော အညံ့ခံ အရှုံးပေး စိတ်မျိုး လုံးဝ မရှိသင့်ပေ။ ထိုသို့သော အညံ့ခံ အရှုံးပေးစိတ်မျိုးဖြင့် ပထမခြေလှမ်းကို စတင်ခဲ့ ပါမူ နောက်ဆုံးတွင် တကယ်ပင် အရှုံးနှင့် ရင်ဆိုင်ရတတ်ကြောင်း သတိမူသင့်ပေသည်။
ထို့ကြောင့် လူငယ်တိုင်းသည် ပထမခြေလှမ်းအတွက် အားငယ်စိတ်ပျက်ခြင်း လုံးဝမရှိသင့်ပေ။ စာရေးဘ၀ဖြင့် စခဲ့သော ပထမခြေလှမ်းသည် “ညွှန်ကြားရေးမှူး” ဘ၀သို့လည်းကောင်း၊ မူလတန်း ဆရာဘ၀မှ စခဲ့သော ပထမခြေလှမ်းသည် “အထက်တန်းကျောင်းအုပ်” ဘ၀သို့လည်းကောင်း၊ လက်ထောက်မြို့ပိုင်ဘ၀မှ စခဲ့သော ပထမခြေလှမ်းသည် “တိုင်းမင်းကြီး” ဘ၀သို့လည်းကောင်း၊ နည်းပြဆရာဘ၀မှ စခဲ့သော ပထမခြေလှမ်းသည် “ပါမောက္ခ” ဘ၀သို့လည်းကောင်း၊ တပ်သားဘ၀မှ စခဲ့သော ပထမခြေလှမ်းသည် “ဗိုလ်ချုပ်ကြီး” ဘ၀သို့ လည်းကောင်း ပို့ဆောင်နိုင်စွမ်းရှိသည့် လက်တွေ့မျက်မြင် သာဓကများကို ထောက်ရှု၍ မိမိတွင်ရှိနေသော၊ စိတ်ပညာရှင်တို့က စွမ်းအင်ပုန်း (Potential)ဟုခေါ်သော စိတ်အင်အားဟူသမျှကို အသုံးချ ကြိုးပမ်းကြရန် လူငယ်အပေါင်းအား တိုက်တွန်းလိုပါသည်။
…ဆရာကြီး ဒေါက်တာကျော်စိန်၏ “လူငယ်လမ်းညွှန်” မှ ဖော်ပြပါသည်..
Subscribe to:
Post Comments (Atom)
Recent Posts
လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ
-
►
2012
(173)
- ► January 15 (1)
- ► September 2 (1)
- ► September 9 (4)
- ► September 23 (2)
- ► September 30 (3)
- ► November 18 (1)
-
▼
2013
(177)
- ► January 13 (1)
-
▼
February 10
(16)
- ~ တို့ပြည်ထောင်စု ~
- ♫
- ★ General Aung San ★ [ 1915 - 1947 ]
- ခွင့်ရှိရင် ( ဆောင်းဦးလှိုင် )
- ချစ်သူရဲ့ သီချင်း ( ဇော်ဝင်းထွဋ် )
- ချစ်သူ ( မောင်စိန်ဝင်း - ပုတီးကုန်း )
- "ထေရ၀ါဒ ဗုဒ္ဓဘာသာ မူ ( ၅ ) ရပ်" [Theravada Buddhist...
- ကျောင်းပရိဝုဏ်အတွင်း၌ တိုက်စစ်ဆင်ခြင်း ( မောင်သာချ...
- ဘာသာခြားမယူရ (သို့) လူမျိုးရေး ဘာသာရေးမှတ်စု
- မဏ္ဍပ်တိုင် တက်ချင်သူများ
- လူငယ်နှင့် ကြီးပွားရေး (ဒေါက်တာကျော်စိန်)
- မိဿ ရာသီဖွား မောင်ငယ့်စိတ်ထား
- ကြိုတင်ကာကွယ်၍ မရသည့် ရင်သားကင်ဆာ
- ပန်းကန်ထဲမှာ ပြောင်တလင်းခါသည်အထိ ကျေးဇူးတရားကို အသ...
- ဓမ္မလမ်း သို့ ချဉ်းကပ်ခြင်း
- လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး (ဒေါက်တာကျော်စိန်)
- ► February 17 (13)
- ► February 24 (8)
- ► September 1 (3)
- ► September 22 (1)
- ► September 29 (4)
- ► October 27 (1)
- ► November 17 (1)
- ► December 1 (1)
- ► December 15 (1)
- ► December 29 (1)
-
►
2014
(31)
- ► February 9 (1)
- ► September 28 (2)
- ► November 2 (2)
- ► November 9 (8)
- ► November 16 (1)
- ► November 23 (2)
- ► November 30 (4)
- ► December 28 (2)
-
►
2015
(136)
- ► January 18 (4)
- ► January 25 (1)
- ► February 8 (2)
- ► September 6 (4)
- ► September 13 (1)
- ► September 20 (1)
- ► September 27 (2)
- ► October 11 (3)
- ► October 18 (1)
- ► November 1 (3)
- ► November 8 (1)
- ► November 29 (3)
- ► December 6 (2)
- ► December 13 (1)
-
►
2016
(31)
- ► January 17 (1)
- ► January 31 (1)
- ► February 7 (1)
- ► February 14 (1)
- ► October 16 (1)
- ► October 23 (1)
- ► November 6 (1)
- ► December 4 (1)
-
►
2017
(14)
- ► January 15 (3)
-
►
2019
(11)
- ► January 20 (1)
- ► January 27 (4)
- ► February 3 (1)
Popular Posts
-
ပြင်ကျယ်ကျယ် ပင်လယ်စခန်းဆီက သည်ကမ်းယံစေတီဦးဆီသို့  ဖူးမြော်ရန် ရောက်လာပေလာ့ ဘော အိုအချင်း လှိုင်းကလေး သင် ..။ ကမ်းရောက်ပြန်တော့ တြေ...
-
မြတ်စွာဘုရား ပရိနိပ္ဖာန်စံတော်မူခဲ့သည်နေ့ (ကဆုန်လပြည့်နေ့) ကို သတိရ အမှတ်ရ၍ မြတ်စွာဘုရား၏ ကျေးဇူးတော် ဂုဏ်တော် များကို တန်ဖိုးထား နားလည် တ...
-
ဆန်းစခါနွေ ရာသီစက်ဝန်း တစ်ကျော့ပြန်ပြီ။ နွေ၊ မိုး၊ ဆောင်း လည်း ခါခါပြောင်းပြီ၊ ခုလည်းတစ်ကျော့ ရောက်ခဲ့ပါပြီ။ ခါနွေဦးသို့တည်....။ ...
-
သည်မီးအိမ် တို့ရင်ထဲဝယ် ဆွဲချိတ်တည်ငြိမ်၊ ၀င်းလဲ့ထိန်သော မီးအိမ်ကလေးရှိပါသည်။ မုန်တိုင်းတိုက်တိုက်၊ မိုးမိုက်မိုက်လည်း စိ...
-
ကောဋ္ဌိကသုတ် အနှစ်ချုပ် သာဝတ္တိပြည်မှာ ရှင်သာရိပုတ္တရာတို့၊ ရှင်မဟာကောဋ္ဌိကတို့ နှစ်ပါး ဆုံတွေ့ ကြတဲ့အခါ ရှင်မဟာကောဋ္ဌိက က မေးခွန်းတွေ ...
-
များသောအားဖြင့်ပန်းသီး စားကြတဲ့ အခါ အခွံ့ နွှာစားတဲ့  သူရှိသလို..ဆေးဖက်ဝင်လို့ ဆိုပြီး ပန်းသီး အခွံ့ ကိုပါ ရောပြီး စားတတ်ကြပါ...
-
သာယာသောတစ်နေ့ .. သူက အပယ်ရတနာ လိုဏ်ဂူဘုရား၏ တောင်ဘက်စင်္ကြန်နံရံရှိ ရုပ်ပုံများအကြောင်း၊ ထိုရုပ်ပုံများနှင့် အတူ ရေးခြယ်ထာ...
-
အခန်းမကျော်အောင် ၅နှစ် အရွယ် နှင့် ၇နှစ်အရွယ် ညီအကို ကလေးငယ်နှစ်ယောက်တို့ တီဗွီကိုထိုင်ကြည့်နေကြစဉ် အငယ်ကောင်က တီဗွီခလုတ်ကို ပိတ်လိုက်သည်...
-
ဂေါတမ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်သွားတာ နှစ် ၂၅၀၀ ကျော်ပြီ။ မရှိတော့တဲ့ မြတ်စွာဘုရားကို ဆည်းကပ်ကိုးကွယ်လို့ ရသေးသလား။ ကိုးကွယ်နေလ...
No comments:
Post a Comment