2 3 4 5 6 7 8 9 10

Saturday, February 16, 2013

ပန်းကန်ထဲမှာ ပြောင်တလင်းခါသည်အထိ ကျေးဇူးတရားကို အသိအမှတ်ပြုပါ ( မောင်သာချို )

 
(တစ်)
       စင်္ကာပူရောက် မြန်မာလူငယ်တစ်ယောက် ရန်ကုန်မြို့ သို့ ခေတ္တခဏ ရောက်ရှိ၍ လာခဲ့ပြီး ရန်ကုန်ကနေ စင်္ကာပူ သို့ ပြန်အထွက် တစ်နံနက်ခင်း၌ ကျွန်တော့်အတွက် စာအုပ် ကလေးတစ်အုပ်ကို လူကြုံကတစ်ဆင့် လက်ဆောင်အဖြစ် ထားရစ်ခဲ့ပါသည်။ မြန်မာစာရေးဆရာအချို့၊ မြန်မာစာဖတ်သူ အချို့နှင့် ထိစပ်ရင်းနှီး ပြီးဖြစ်သော စာရေးဆရာတစ်ယောက်၏ စာအုပ်ပဲဖြစ်ပါသည်။ သစ်နတ်ဟန်း (Thich Nhat Hanh)တဲ့။ ဗီယက်နမ် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး၊ ဇင်ဘုန်းတော်ကြီး၊ စာအုပ်အမည်က Happiness တဲ့။ ပျော်ရွှင်မှုဟု ဆိုကြပါစို့။


          ထိုစာအုပ်၌ Family Meals ဟူ၍ မိသားစုထမင်းဝိုင်းနှင့် ပတ်သက်၍ အခန်းတစ်ခန်းပါဝင်ရာ ထိုအခန်း၌ သည်အစားအစာ ကို ကောင်းကင်၊ မြေကြီး၊ မိုးစက်နှင့် နေရောင်ခြည်အပါအ၀င် စကြ၀ဠာကြီးက လက်ဆောင်ပေး သည်ဟု နှလုံးသွင်းတဲ့။ ရောင်းချသူများ၊ ချက်ပြုတ်သူများ အထူးသဖြင့် တောင်သူလယ်သမားကြီးများ၏ ကျေးဇူး ကို နှလုံးသွင်းတဲ့။ စားနိုင်သလောက်ကိုသာ ပန်းကန်ထဲကို ထည့်တဲ့စသည် စသည်ဖြင့် အချက် ၆ ချက် ဖော်ပြ ထားခဲ့ရာ ကျန်သောအချက် တွေကို ထားလိုက်ပါတော့။ ကျွန်တော့်အတွက် ကတော့ ထိုပထမ နှစ်ချက်၊ သုံးချက်၌ပင်လျှင် သစ်နက်ဟန်း (Thich Nhat Hanh)ကို ငြိသွားခဲ့ပါလေပြီ။

(နှစ်)

ကမ္ဘာပေါ်၌ လူလေးယောက်တွင် တစ်ယောက်နှုန်း ဆင်းရဲကာ အစာအာဟာရ ပြည့်ဝအောင် မစားရသူက ၄ ဒသမ ၈ ရာခိုင်နှုန်း ရှိကြောင်း ၂၀၁၀ ခုနှစ်တွင် ထုတ်ပြန်သည့် စာရင်းဇယားများအရ သိရပါသည်။ ဒါဆိုငတ်နေသူက လူ ၁၀၀ မှာ ၅ ယောက်လောက် ဆိုသည့် သဘောပဲပေါ့။ လူတစ်ယောက်အဖို့ တစ်ရက်လျှင် ကယ်လိုရီ ၂၃၀၀ လောက်စားသုံးရန် လိုအပ်ပြီး ၂၀၁၀ ခုနှစ်၊ ကုန်ဈေးနှုန်းများအရ လူတစ်ယောက် လူအဖြစ် ရှင်သန်နေ ထိုင်နိုင် ရန် အလို့ငှာ စားသုံးဖို့အတွက် မြန်မာကျပ်ငွေ ၇၆၃ ကျပ် နေ့စဉ်လိုအပ်ပါသည်။ အကယ်၍ မိသားစု ငါးယောက်ရှိလျှင် နေ့စဉ် ၃၈၁၅ ကျပ် (သို့မဟုတ်) ၄၀၀၀ ကျပ် ကျသင့်မည်ဆိုသည့်သဘော။ ဒါက စားဖို့ တစ်ခုတည်းအတွက် လိုအပ်ချက်။ ၀တ်ဖို့တွေ၊ နေဖို့တွေ၊ ပညာရေးတွေ ၊ ကျန်းမာရေးတွေ၊ သာရေးနာရေးတွေ ဘာတစ်ခုမှ မပါသေး။ မိသားစုတိုင်း မိသားစုတိုင်း စားဖို့တစ်ခုတည်း အတွက် ငွေကျပ် ၄၀၀၀ နေ့စဉ်သုံးနိုင်ကြပါစေ။
          ကုလသမဂ္ဂကတော့ လူတစ်ယောက်ချင်း၏၀င်ငွေ တစ်နှစ်ကို ဒေါ်လာ ၉၀၅ ဒေါ်လာထက် နည်းလျှင်  ဆင်းရဲသည်ဟု သတ်မှတ်  ပါသည်။ ၂၀၁၁ ခုနှစ် စာရင်းဇယားများအရ ဘရူးနိုင်းက လူတစ်ယောက် တစ်နှစ်ကို ဒေါ်လာ ၅၀၇၉၀၊ စင်္ကာပူက ဒေါ်လာ ၄၉၇၅၄ တဲ့။ သို့ဖြင့် မလေးရှားက ၁၃၃၈၅ ဒေါ်လာ၊ ထိုင်းက ၇၉၀၇ ဒေါ်လာ၊ အင်ဒိုနီးရှားကတော့ ၃၇၂၈ ဒေါ်လာ၊  ဖိလစ်ပိုင်က ၃၃၈၃ ဒေါ်လာ၊ လာအိုက ၂၀၅၄ ဒေါ်လာ၊ ဗီယက်နမ်က ၁၅၈၉ ဒေါ်လာ၊ ကမ္ဘောဒီးယားက  ၁၈၁၈ ဒေါ်လာ စသည်စသည်ဖြင့် ဆင်းသွားလိုက် ရာ မြန်မာက ၁၀၄၀ ဒေါ်လာဖြင့် အာဆီယံနိုင်ငံ ၁၀ နိုင်ငံမှာ စာရင်းပိတ်ပါသည်။
        ဤတွင် ကုလသမဂ္ဂက ၉၀၅ ဒေါ်လာပဲ သတ်မှတ်ထားတာ တို့များ ၁၀၄၀ ဒေါ်လာကြီး များတောင်ဟု အလောတကြီး ဘ၀ကြွ မသွားလိုက်ပါနှင့်ဦး။ တစ်ဦးချင်းဝင်ငွေဆိုသည်ကလေးကိုဖြင့် သတိကလေး ကပ်ထားလိုက်စေချင်ပါသည်။
     ယခု လောလောလတ်လတ် ငွေကြေးတန်ဖိုးအရ တစ်ဒေါ်လာကို ၈၅၀ ကျပ်ဟုဆိုရာ မြန်မာတို့၏ တစ်ဦး ချင်းဝင်ငွေ ၁၀၄၀ ဒေါ်လာကို ၈၅၀ နှင့် မြှောက်လိုက်တော့ ၈၈၄၀၀၀ ကျပ်။ ဒါကို ၁၂ နှင့်စား လိုက်တော့ တစ်လ ကို ခုနှစ်သောင်းကျော်ကျော်။ ဒီခုနှစ်သောင်း .ကျော်ကျော် ကို မိသားစုဝင်ဦးရေနဲ့သာ မြှောက် လိုက်ပေတော့ ။ ယင်းသည် တစ်လ၀င်ရမည့် မိသားစုဝင်ငွေ။ ၀င်သလား မ၀င်ဘူး လား ဆိုသည် ကတော့ ကိုယ်တိုင် သာ ဖြေကြည့် ကြပေတော့။
        ဆိုလိုတာက ကျွန်တော်တို့ အဆင်မပြေကြပါဘူးဆိုတာပဲ ဖြစ်ပါသည်။ ကျွန်တော်တို့မှသာ မဟုတ်ပါ။ အာဖရိကမှာ၊ လက်တင် အမေရိက မှာ ၊ အာရှတိုက်ကြီးထဲမှာ ကမ္ဘာအနှံ့အပြား ဆင်းရဲသူတွေ ဆင်းရဲသူတွေ။ လူလေးယောက်မှာ တစ်ယောက်ဆင်းရဲ၍ လူ ၁၀၀ တွင် ၄ ဒသမ ၈ ယောက် ငတ်သည်ဟု ဆိုခဲ့ပြီးမဟုတ်လော။
(သုံး)
       တစ်ခါက ရန်ကုန်မြို့တစ်နေရာရှိ နာမည်ကျော် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း ဆီသို့ ရောက်သွားခဲ့ရာ ဘူဖေး (buffet) ပုံစံဖြင့် နေ့လယ်စာကျွေးပါသည်။ ကိုယ်တိုင်ယူငင် စားသုံးသည့်စနစ်။ ထမင်းဟင်းလျာတွေက ခုံတန်းရှည်ကြီးပေါ်မှာ အလျှံပယ်။
          ဟိုနံရံ၊ သည်နံရံများရှိရာသို့ အကြည့်ရောက်သွားတော့ ဆရာတော်ဘုရား၏ သတိပေးစာတန်း များကို တွေ့ရာ ယင်းအပေါ်၌ ရိုသေလေးစားစိတ် ဖြစ်ရပါသည်။
           “ကြိုက်သလောက်စား ကုန်သလောက်ထည့်” တဲ့။ ဟုတ်ပါသည်။ ကိုယ့်ခန္ဓာကိုယ်၏ လိုအပ်ချက် အရ ကြိုက်သလောက်စား၍ ရပါသည်။ တစ်ခေါက်နှင့် မ၀သေးလျှင် နောက်တစ်ခေါက်။ နောက်တစ်ခေါက်နှင့် မ၀သေး လျှင် နောက်ထပ်တစ်ခေါက်။ ကြိုက်သလောက် ထည့် ကြိုက်သလောက်စား။ သို့သော် အလိုရမ္မက်ကြီးကြီးနှင့် ခူးခပ်ထည့်ထားပြီး မကုန်နိုင်မခန်းနိုင် ထားပစ်ခဲ့တာမျိုးကိုတော့ ကျောင်းက အလွန်အထင်သေးပြီး အလွန်စက်ဆုပ်ပါသည်။

      လူလေးယောက်၌ တစ်ယောက် ဆင်းရဲကာ လူ ၁၀၀ မှာ ၅ ယောက်လောက် ငတ်နေသည့်ကမ္ဘာ၌ သည် လိုဖြုန်းတီး ခဲ့ခြင်းသည် လူ့အဖွဲ့အစည်းကို မထီမဲ့မြင်လုပ်မှု၊ စိုက်ပျိုးထုတ်လုပ် ချက်ပြုတ်သူတို့၏ .. သွေးနှင့်ချွေး ကို စော်ကားမှု။
(လေး)
              ဂျပန်အတွေ့အကြုံ ကြွယ်ဝသူများနှင့် စကားဝိုင်းဖွဲ့သည့်အခါ အံ့မခန်း ပြောကြလေ့ရှိသည်က ဂျပန်တို့ စားသောက်ကြပုံ ဟန်ပန်တစ်ကွက်ဖြစ်ပါသည်။ ဂျပန်တွေဟာ ထမင်းကို အကုန်မစားဘဲနဲ့ ပန်းကန်ထဲမှာ ချန်ထား ခဲ့ တာမျိုးကို ဘယ်တော့မှ မလုပ်ကြဘူးလို့ ဆိုပါလား။ ချန်ထားသူကို အထင်သေးလေသတဲ့။ ထမင်းမစားခင် မှာ သူတို့ပြောကြမြဲဖြစ်တာက အီတာရာကိမာ့စ်(itakimasu) တဲ့။ ဤအသက်ခန္ဓာရှင်သန်ရန်အတွက် စားရသည့် အစာအာဟာရအတွက် ကျေးဇူးတင်ပါကြောင်းဆိုလား။

 သူတို့လူမျိုးတွေရဲ့ စိတ်နေသဘာဝတွေက ကြက်သီးမွေးညင်းထစရာကောင်းလိုက်တာ။ ကျေးဇူး ။ ကျေးဇူး ။ ကျေးဇူး။ တင်တတ်ရင် တင်လို့ရတဲ့ ကျေးဇူး။

         ထမင်းပဲစားစား၊ ထမင်းကြော်ပဲစားစား ပန်းကန်ထဲမှာ ထမင်းတစ်စေ့မှ မကျန်သည်အထိ ကျွန်တော် စားဖြစ်နေခဲ့သည်မှာ ကြာလှပါပြီ။ တောင်သူလယ်သမားကြီးတို့ရဲ့ ချွေးတွေ၊ သွေးတွေကို  ကျွန်တော်အားနာလို့။ ချို့တဲ့ ငတ်မွတ်သူတို့ရဲ့ မျက်နှာတွေကို ကျွန်တော် မလုံမလဲဖြစ်လို့။
        အလှူတွေ၊ မင်္ဂလာဆောင်တွေ၊ ဧည့်ခံပွဲတွေ၊ တတ်နိုင်သူတွေရဲ့ ထမင်းဝိုင်းကြီးတွေ ဆီက .. ပေါပေါလောလော .. ဖောဖောသီသီ စွန့်ပစ်လိုက် တဲ့ ထမင်းလုံးပေါင်း ထောင်သောင်းသိန်းသန်း ကုဋေကုဋာ ကို  ကျွန်တော် နှမြောလိုက်တာ။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် တတ်နိုင်လို့ လွှင့်ပစ်တာ ဘာဖြစ်သလဲလို့များ ပြောကြလေ မလားမသိ။
 ကျွန်တော်ကတော့ ကိုယ်မစားနိုင်ဘဲနဲ့ အလဟဿ စွန့်ပစ်ခဲ့သူ၊ ငွေပေးပြီး ၀ယ်ထားတာမို့ ဘယ်သူ့မှ ကျေးဇူး တင်စရာမလိုဘူးဟု သဘောထားရှိသူ မှန်သမျှကို လူနှင့် လူ့အဖွဲ့အစည်းအား စော်ကားနေသူများဟု စွပ်စွဲ လိုက်ချင်သည်။
          သစ်နက်ဟန်း(Thich Nhat Hanh)ပြောသလို ထမင်းပန်းကန်ထဲက ထမင်းစေ့များစွာကို ကြည့်ရင်း သည်ထမင်းဖြစ်လာ ဖို့ ပေးဆပ် သူ များ အားလုံးကို ကျွန်တော်ကတော့ ကျေးဇူးတင်ပါသည်။ မွတ်သိပ် ဆာလောင် သူတို့၏ ဘ၀များစွာကို အားနာစွာဖြင့် တစ်စေ့မှ မကျန်သည်အထိလည်း ကျွန်တော်စားသုံးပါသည်။
         တတ်နိုင်တာပဲဟူသော စိတ်ဓာတ်ဖြင့် ဘယ်တော့မှ သွန်မပစ်စတမ်း။ မှောက်မပစ်စတမ်း။        ။

မောင်သာချို

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>