လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုနီးပါးက ဖြစ်သည်။ ထိုစဉ်က ယခု ကဲ့သို့ အလှူဒါန လူမှုအကူအညီ ဖောင်ဒေးရှင်း များ ခေတ် မစားသေး။ မိရိုးဖလာ သမားရိုးကျ ဘာသာရေး အခင်းအကျင်း ဒါနတွေက များ၏။ ပညာရေး၊ ကျန်းမာရေး၊ စာပေ၊ လူမှုရေး စသည့် လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပျိုးထောင်မှုလုပ်ငန်းက ပါးလျားသည်ဟု ဆိုနိုင်၏။ ထိုအချိန်က ထူထောင်မတည်သော ငွေကြေး ကိန်းဂဏန်း သည် ယခုအချိန်လှမ်းမျှော်ကြည့်ပါက နည်းပါးသည်ဟု ဆိုနိုင်သည်။ သို့သော် ငွေကြေးတန်ဖိုးကား မြင့်မားပေသည်။ ထိုစဉ်က ငွေကြေး တန်ဖိုးနှင့် ယခုကာလ ချိန်ထိုးပါက များစွာကွာဟကြောင်း တွေ့ရမည် ဖြစ်၏။
ထိုအချိန်က ပခုက္ကူမြို့မှ အသက် ၇၆ နှစ်အရွယ် ဦးအုန်းဖေဆိုသူက ငွေကျပ် ၇၆ သိန်းနှင့် သူ၏မွေးသက္ကရာဇ် အစွန်းထွက် ထောင်ဂဏန်း ဖြင့် မတည်သည်။ မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်လျက် အစီအမံ ချသည်။ နိုင်ငံတော်သို့ လွှဲအပ်ကာ ရသမျှ အတိုးဖြင့် စာပေဖွံ့ဖြိုးရေးကို ဆောင်ရွက်သည်။ စာပေဆု စာမူဆု ပြိုင်ပွဲကျင်းပကာ နှစ်စဉ်ဆု ချီးမြှင့်ခြင်း အစီအစဉ်ဖြစ်သည်။ ပြီးလျှင် နိုင်ငံတော်မှ စာအုပ်အဖြစ် ပုံနှိပ် ထုတ်ဝေပေး ရန် ဖြစ်သည်။ မည်သူမျှ စိတ်ကူးစိတ်သန်း မရှိသေးသော အတွေးသစ် အမြင်သစ် ဖြစ်၏။ စာပေဖွံ့ဖြိုးရေး ဆိုင်ရာ ရေရှည်မျှော်မှန်းချက်ဖြစ်၏။ လက်တွေ့ကျသည်။ ယခုဆိုလျှင် အတော်ပင် အောင်မြင်နေ သည်။ ဆုရသူ အများအပြား ပေါ်ထွက်လာသည်။ ထင်ရှားကြသည်။ အရည်အသွေးမီ စာအုပ်များ အတော်ပင် ပေါ်ထွန်း ခဲ့သည်။ သုတ၊ ရသ အဖြာဖြာသည် ပရိသတ်ကြားသို့ စိမ့်ဝင်ပျံ့နှံ့ခွင့် ရလာသည် ။ ကျေးဇူးကြီးမားလှပေ၏။
စာရေးသူပြောလိုသော အကြောင်းအရာရှိ၏။ အဆိုပါငွေ ၇၆ သိန်း မတည်ပေးအပ်သည့် အခမ်းအနားကို ရန်ကုန်မြို့ အမျိုးသား ဇာတ်ရုံ၌ ကျင်းပရာ ထိုစဉ်က နိုင်ငံတော်တွင် တာဝန်ရှိသူများ၊ စာပေနယ်မှ ထင်ရှားသူများ၊ စာပေပရိတ်သတ်များ တက်ရောက်ကျသည်။ အစီအစဉ်အရ အလှူရှင်ဦးအုန်းဖေက စကားပြော ရသည်။
ဦးအုန်းဖေ ပြောစကား ဆိုစကားများသည် မှတ်လောက်သားလောက် ရှိပေသည်။ အခြားသော အကြောင်းအရာ များကို အပထား၍ ကနဦး စတင်မိတ်ဆက်လိုက်သော စကားစုက စာရေးသူကို ပညာပေး သွား သည် နှင့် တူ၏။ သူသည် စကားပြောတတ်သူ မဟုတ်ကြောင်း၊ ယခုကဲ့သို့ စင်မြင့်ထက်တွင် စကားပြောဆိုသည် မှာ အလှူရှင်မှန်းသိလောက်အောင် မဏ္ဍပ်တိုင်တက်ပြခြင်း မဟုတ်ကြောင်း ပါဝင်ပေသည်။ အလွန်ပင် သဘောကျ မိ၏။ ကျွန်တော်တို့ လူမှုအဖွဲ့အစည်းတွင် သတိထားရမည့် အချက်တစ်ခုဟု နားလည်လိုက်ရသည်။ လက်တွေ့လည်းကျ၏။
သည်တော့ နန်းတော်ရှေ့ ဆရာတင်က အငြိမ့်မင်းသမီး လေဘာတီ မမြရင်အတွက် ရေးပေးသော အလှူ့ရှင် သီချင်းကို သတိရမိလိုက်သည်။ ပွဲကြည့်ပရိသတ်ကြား ရေပန်းစားကာ ပေါ်ပေါ်ထင်ထင်ဖြစ်နေသော အသည်း စွဲစရာ အငြိမ့်မင်းသမီး နေရာမှ ခံစားချက်ဖြစ်၏။ ပရိသတ်က အားပေးချိန်တွင် အငြိမ့်သမ၏ ရည်းစား အဖို့ လူမြင်သူမြင် ဟစ်ကြွေးပြလိုက်ချင်သည့် စိတ်ဆန္ဒ ပြင်းပြလာသည်။ သို့ဖြင့် အလှူ့ရှင်မှန်း အားလုံးသိကြပါတယ်ရှင်၊ အပိုင်နော်ကြံလိုက်သခင် တိုင်ပေါ်အလံစိုက်ချင် ဆိုသည့် အခြေအနေ ဖြစ်သည်။
“ဆရာမှန် လှံစိုက်စရာမလို” ဆိုသည့် မြန်မာ့ဆိုရိုးစကား ရှိ၏။ အရည်အချင်း ပြည့်ဝသူ စွမ်းရည်ရှိသူ သည် မိမိတော်ကြောင်း၊ တတ်ကြောင်း၊ ကျွမ်းကျင်ကြောင်း ထုတ်ဖော်ပြောစရာမလို၊ ခပ်ငြိမ်ငြိမ်ပင်ဖြစ်၏။ မပြည့်သည့်အိုး ဘောင်ဘင်ခတ်ကြသည်။ ရေပြည့်သည့် အိုးသည် ဘောင်ဘင်ခတ်မည် မဟုတ်ပေ။ မပြောလည်း သိနိုင်မည်ဖြစ်ပါ၏။
အစွမ်းအစဖော်ထုတ်ခွင့်သည် အရေးကြီးပေသည်။ ကြောင်လက်သည်းဝှက် ဖြစ်သင့်သည်ထက် လွန်ကဲသည်က များ၏။ ဆိုရေးရိုက ဆိုအပ်လှ၏ ဟူသော ရှင်မဟာရဋ္ဌသာရ၏ အဆိုအမိန့် ရှိ၏။ ကျင့်သုံးအပ်၏။ မလိုအပ်ဘဲ ထုတ်သုံးပါက မဏ္ဍပ်တိုင်ချည်း တက်သည်နှင့် တူလေသည်။ ဂန္တ၀င်စာမွန်များစွာကို ရေးဖွဲ့ပေးသော ဆရာတော်သည် စုံလင်သော အရေးအဖွဲ့များဖြင့် ဖန်တီးခဲ့ပါ၏။ ထိုသို့ ရေးဖွဲ့မှုသည်ပင် အပြစ်မကင်းခဲ့။ ရှုတ်ချသူများနှင့် ကြုံခဲ့၏။ ၀ါသနာ၊ စေတနာ၊ ကျွမ်းကျင်မှုများ ပေါင်းစပ်လျက် ဗုဒ္ဓစာပေ အရိပ် ထင်ဟပ်အောင် အားထည့်ပြုစုပေးခဲ့သည့်တိုင်အောင် စိတ်ပျက်စရာ ကြုံခဲ့၏။ ထိုအခါ ပုထုဇဉ်ပီပီ ခံစားခဲ့ရသည်။ မိမိသည် မဏ္ဍပ်တိုင် တက်သူမဟုတ်ကြောင်း ရေးသားရတော့်သည်။
မြစ်ဆိပ်ရေဆိပ်တွင် လူအများနှစ်သက်သလို၊ လိုအပ်သလို အသုံးပြုနိုင်သကဲ့သို့ သူ၏စာပေများကို ခံစားသုတ ရယူနိုင်ရန်သာ ဖြစ်ကြောင်း၊ ရည်ရွယ်ချက် မပေါက်မြောက်ပါက မြစ်ရေ၌ပင် မျှောလိုက်ချင်ကြောင်း၊ သူတစ်ပါး၏ ကြည်ညိုစေလိုမှု ပူဇော်သက္ကာ လာဘ် လာဘရယူလိုမှု စိတ်ဆန္ဒ မရှိကြောင်း ဆိုပါ၏။ ထို့ကြောင့် “ပူဇော်သက္ကာ ငဲ့စပါ၍ ငါ့ကိုလူများ ကြည်ညိုပွားအံ့” ဆိုသည့် သဘောမျိုး မရှိကြောင်း မိန့်ဆိုပေသည်။
သို့သော် လူမှုလောကကြီးက ခက်ခဲလှပါ၏။ မိမိအရည်အချင်းဖြင့် ရိုးရိုးကုပ်ကုပ်နေပြန်တော့လည်း အထင်သေး၏။ အနိုင်ကျင့်၏။ သည်တော့ နဂါးမှန်းသိအောင် အမောက်ထောင် ပြရတော့သည်။ မပြ၍လည်း မဖြစ်။ မလိုအပ်ဘဲ ပြပါလျှင် စက်ဆုပ်ဖွယ် ဖြစ်သည်။ အမြင်ကတ်စရာ ဖြစ်သည်။ နေရာတကာ ပါချင်သူတော့ မဖြစ်စေအပ်။
မိမိကို လူသိအောင်၊ သတိပြုမိအောင် ထင်ရှားပြုချင်မှုများသည် ရိုးဖြောင့်ဂုဏ်ထက် ကျော်ကြားမှု ဂုဏ်နောက် လိုက်တတ်ကြ သဖြင့် အမြင်မကြည်လင်စရာ ဖြစ်လေသည်။ အောင်မြင်ဖြစ်ထွန်းသော စပါးအသီး အနှံအခက်တို့သည် ကိုင်းညွတ်ပျပ်ဝပ်မည်သာ ဖြစ်၏။ အဖျင်းအမှော်တို့ဖြင့် ပြီးသောစပါးပင်သည် .. ထောင်မတ်ပေ၏။ မဏ္ဍပ်တိုင်တက်ခြင်းထက် မဏ္ဍပ်အတွင်း တင့်တင့်တယ်တယ် သိက္ခာရှိရှိ နေတက် ထိုင်တက် ဖို့က ပို၍ အရေးကြီးပေသည်။
ညွှန့်ဟံ ( ကြူတော )
No comments:
Post a Comment