သမီးရေ.....။
အဲဒီမနက်က ဖေဖေတို့ အိပ်ရာထတော့ သမီးတစ်ယောက် မနိုးတတ်လှသေးဘူး။ ဂွမ်းစောင် အမွေးပွပွကြီးထဲမှာ ကွေးလို့။
ဖေဖေက လမ်းလျှောက်ထွက်ရအောင် နှိုးတော့ သမီးက အလျင်နေ့တွေကလို တက်တက်ကြွကြွ မရှိလှတဲ့အပြင် စောင်ခြုံထဲကမထွက်ဘဲ
တအင်းအင်း
တအဲအနဲ့ ညဉ်းလို့။ သမီးမေမေက အနွေးထည် ၀တ်နေရင်းကနေ တစ်ရက်တလေ
အိပ်ပါစေလေတဲ့။ ဒါနဲ့ ဖေဖေလည်း ညက လူကြီးတွေ အိပ်တဲ့အထိ မအိပ်ဘဲ
ရုပ်မြင်သံကြားအစီအစဉ်ပြီးတဲ့အထိကြည့်ပြီး ညဉ့်နက်မှအိပ်ရာဝင်ခဲ့တဲ့
သမီးကို သနားကာ နှိုးမနေ
တော့ဘဲ ထားခဲ့ဖို့ ဆုံးဖြတ်လိုက်ရတယ်။ အဲဒီ မနက်ခင်းကတော့ သမီးမပါဘဲနဲ့ ဖေဖေရယ်၊ မေမေရယ် နှစ်ယောက်တည်း လမ်းလျှောက်
ထွက်ဖြစ်တဲ့ မနက်ခင်းပါပဲ။
အပြင်မှာတော့ နှင်းတွေက ဖွေးဖွေးလှုပ်ပဲ သမီးရေ။ နေလုံးကြီးကို မမြင်ရပေမဲ့ နှင်းထုကိုဖောက်ပြီး ဇွတ်တိုးဝင်လာတဲ့ မနက်ခင်း
နေရောင်ခြည်ရဲ့အောက်မှာ
မြို့ကလေးဟာ တောက်ပလို့ လှချင်တိုင်းလှနေတော့တာပါပဲ။ ထုံးစံအတိုင်းပဲပေါ့။
ဖေဖေရယ်၊ မေမေရယ် မြို့ပတ်လမ်းအတိုင်း ဟိုးမြို့ပြင်ကို ရောက်တဲ့အထိ
လျှောက်ဖြစ်ကြတယ်။ အဲဒီမှာက ကြည့်မဆုံးတဲ့ လယ်ကွင်းပြင်ကြီးရှိတယ။ စပါးတွေက
ရိတ်သိမ်းဖို့အသင့်မောင်းညိုကာ ငိုက်စင်းလို့။ လေက မွှေးလို့၊ သန့်လို့။
ဖေဖေတို့ ပြန်လာကြတော့ အိမ်ကိုမ၀င်သေးဘဲနဲ့ ဈေးအထိ ဆက်လျှောက်သွားရင်ကောင်းမယ်လို့ စဉ်းစားမိကြတယ်။ အိမ်နဲ့ မနီးမဝေး
မှာက
ဖေဖေတို့ တစ်ခါတစ်ခါဝယ်နေကျ ရပ်ကွက်ဈေးလေးရှိတယ်လေ။ ဈေးကြီးလို
လိုချင်တာအကုန်မရပေမဲ့ ဟင်းချက်စရာ သီးနှံ၊ သားငါး လတ်လတ်ဆတ်ဆတ်တွေက
ဒီဈေးကလေးမှာ အပြည့်ပေါ့။
လမ်းပေါ်မှာကတော့
ဈေးကပြန်လာသူတွေတောင်မှ ပြန်လာနေကြပါပြီ။ မျက်နှာစိမ်းတွေရော၊
မျက်နှာကျက်တွေရော။ သမီးမေမေ ကတော့ သူ့အသိမိတ်ဆွေတွေကိုတွေ့တိုင်း
နှုတ်ဆက်ရတာအမော။
''ဈေးက ပြန်လာပြီလား''.... တဲ့။
ဟုတ်တယ်။ အဲဒီမနက် လမ်းတစ်လျှောက်လုံး သမီးမေမေ သူ့အသိမိတ်ဆွေတွေကို နှုတ်ခွန်းဆက်နေပုံက
''ဈေးက ပြန်လာပြီလား'' ချည်းပါပဲ။
သမီးရေ...။
အဲဒီမနက်က ဈေးကိုသွားရာ လမ်းတစ်လျှောက်လုံး သမီးမေမေနှုတ်ဆက်သွားတဲ့
''ဈေးက ပြန်လာပြီလား'' ဆိုတဲ့မေးခွန်းဟာ သာမန်ကြည့်ရင်
''ဈေးက ပြန်လာပြီလား''
ပဲပေါ့။ ဒါပေမဲ့ သမီးမေမေ ဒီစကားကို သတိလက်လွတ် ပြောချခဲ့တာလား။ ဒါမှမဟုတ်
ဒီမနက်ခင်း ဒီလမ်းပေါ်မှာ ဒီစကားလောက်ပဲ ပြောမယ်လို့
အသေအချာဆုံးဖြတ်ပြောခဲ့တာလား။
''ဈေးက ပြန်လာပြီလား'' ကို
''ဈေးက ပြန်လာပြီလား'' မှာ ဘာကြောင့် မေမေရပ်နားပစ်ခဲ့သလဲ၊ ဖြတ်တောက်ပစ်ခဲ့သလဲ။ တခြား ဆက်ရန်မေးခွန်းတွေ မရှိတော့ဘူး လား။ ဥပမာ
''ဘာတွေဝယ်လာခဲ့သလဲ'' စတဲ့မေးခွန်းမျိုး။
ဖေဖေ တစ်ခုယုံကြည်တယ် သမီးရေ။ သမီးမေမေဟာ ဘယ်သောကာလမှ
''ဈေးက ပြန်လာပြီလား''
နောက်မှာ တစ်ခြားမေးခွန်းတွေ ကို ဆက်မေးလိမ့်မယ် မဟုတ်ဘူး။ သူ
တွက်ချက်ပြီးသား၊ သူ ဆုံးဖြတ်ပြီးသား၊ သူချိန်ဆပြီးသား။ သူ့အတွက်
ဒီမနက်ခင်းမျိုးမှာ
''ဈေးက ပြန်လာပြီလား'' နဲ့တင် လုံလောက်တယ်။ပြည့်စုံတယ်။
'' ဘာတွေဝယ်ခဲ့သလဲ '' အစချီမေးခွန်းတွေဟာ ဖေဖေတို့အတွက်
မေးစရာလည်းမလို၊ ဖြေစရာလည်း မလိုအပ်လှဘူးလို့ ဖေဖေတော့ ယူဆမိတယ်။
တကယ်တော့ သမီးရယ်၊ ဖေဖေတို့ ကမ္ဘာလောကကြီးဟာ မလိုလားအပ်တဲ့ နှုတ်ခွန်းဆက်
အမေးစကားတွေကြားမှာ အသက်ရှု ခဏခဏ ကျပ်ခဲ့ရတယ်လို့ ဖေဖေတော့ ထင်မိတယ်။
မထင်မှတ်ဘဲနဲ့ပဲဖြစ်ဖြစ်၊ တမင်ရည်ရွယ်ချက်နဲ့ပဲဖြစ်ဖြစ်
ဘာတွေဝယ်ခဲ့သလဲ ကို မေးသူတွေက မေးခဲ့ကြတယ်။ ဖြေသူတွေကလည်း ဖြေခဲ့ရတယ်။
ကြက်သား ၀ယ်လာတာကို ကြက်သားဝယ်လာပါတယ်လို့ ဖြေဆိုဖို့ တစ်ချို့လူတွေမှာ
အသက်ရှုကျပ်မသွားနိုင်ဘူးလား။ ငါးပိရည်၊ တို့စရာလေးမျှကို ၀ယ်နိုင်ခဲ့သူက
ငါးပိရည်၊ တို့စရာပဲ ၀ယ်ခဲ့ပါတယ်လို့ ဖြေဆိုဖို့ တစ်ချို့လူတွေမှာ
အသက်ရှုကျပ်မသွားနိုင်ဘူးလား။ ဒါဆိုရင် ဖြေမယ့်သူမှာ ဝေဒနာ
တစ်စုံတစ်ရာဖြစ်သွားစေမဲ့
ဘာတွေဝယ်ခဲ့သလဲ ဆိုတဲ့မေးခွန်းမျိုးကို ဖေဖေတို့ မေးဖို့ရာ လိုအပ်/မလိုအပ်။ သမီးမေမေကတော့
''ဈေးက ပြန်လာပြီလား'' ဆိုတဲ့ သူ့ရဲ့နှုတ်ဆက်မေးခွန်းကို ရပ်ရမဲ့နေရာမှာ တိတိကျကျရပ်လို့၊ သူ့မိတ်ဆွေတွေ
ကို ဖြတ်သန်းသွားခဲ့ပြီ။ သူ့မိတ်ဆွေတွေကလည်း '' ပြန်လာပြီ ညီမရေ '' စသဖြင့် အော်ဟစ်နှုတ်ဆက်ကာ ဖြတ်သန်းသွားကြပြီ။ ဘာမှ
အသက်ရှုကျပ်စရာ မလိုဘဲ၊ ဘာမှ စိတ်ကို ဒဏ်ရာအနာတရ မဖြစ်စေဘဲ၊ ဘာမှ ကြွားလုံးထုတ်စရာမလိုဘဲ၊ ဘာမှ မုသားဆိုစရာ မလိုဘဲ။
တကယ်တော့ သမီးရယ်။ လောကရဲ့ နေရာတိုင်းမှာ ဖေဖေတို့၊ သမီးတို့တွေ ကိုယ့်မိတ်ဆွေတွေနဲ့ တွေ့ဆုံကြတိုင်း နှုတ်ခွန်းဆက်
စကားတွေ
ဆိုနေခဲ့ကြရတယ်။ဈေးသွားဈေးပြန် လမ်းမပေါ်မှာ။ အိမ်ခြံစည်းရိုးအစပ်မှာ။
ညနေခင်း အညောင်းပြေအညာပြေ လမ်းပေါ်မှာ။ ဘတ်စ်ကား မှတ်တိုင်မှာ။
ရုံးခန်းစားပွဲမှာ။ စင်္ကြလမ်း အချိုး တစ်နေရာမှာ။ လက်ဖက်ရည်ဆိုင်ထဲမှာ။
ဘုရားရင်ပြင်တော်ပေါ်မှာ။
ဖေဖေတို့ဟာ ဖေဖေတို့မိတ်ဆွေတွေကို
နှုတ်ဆက်စကားဆိုကြတဲ့အခါ သူတို့တစ်တွေ လွတ်လပ်ပေါ့ပါးလို့ သွားကြပါစ။
အသက်ရှုချောင် လို့ သွားပါစ။ နှလုံးစိတ်ဝမ်း ညှိုးနွမ်းခြင်းမှ ကင်းပါစ။
ဖေဖေတို့ဟာ
'' ထမင်းစားပြီးပြီလား '' မှာတင် ရပ်တန့်လိုက်သင့်ပါရဲ့နဲ့ ဘာဖြစ်လို့
'' ဘာဟင်းနဲ့စားလဲ '' အထိ ဆက်ချင်ကြရပါသလဲ။
'' ချက်ပြီးကြပြီလား '' မှာတင်တစ်ခန်းရပ်သင့်ပါရဲ့ ဘာဖြစ်လို့
'' ဘာဟင်းချက်သလဲ '' အထိ ဇာတ်ရှည်သွားချင်ရပါသလဲ။ သည်လိုပါပဲ ဖေဖေတို့တစ်တွေ နှုတ်ခွန်းဆက် အမေးစကားတွေ ဆိုနေကြလိုက်တာ။
'' ညက T.V ကြည့်ဖြစ်သေးလား '' ။ '' ဘယ်နှစ်က ကျောင်းပြီးတာလဲ '' ။ '' လခ ဘယ်လောက်ရလဲ '' ။ မရေတွက်နိုင်တဲ့ မေးခွန်းများ။
သမီးရယ် တချို့တချို့သော မိတ်ဆွေတွေအတွက် ဒီ နှုတ်ဆက်မေးခွန်းတွေဟာ
အဖြေရကျပ်လှပါတယ်။ '' အိမ်မှာ T.V မရှိပါဘူး '' လို့ ဖြေဖို့ သူတို့
ဘယ်လောက်နာကျင်သွားရမလဲ။ '' ကျွန်မ ဘွဲ့မရပါဘူး '' လို့ဖြေဖို့ သူတို့
ဘယ်လောက် ထိခိုက်သွားရမလဲ။ '' လခ မကောင်းလှပါဘူး '' လို့ဖြေဖို့ သူတို့
ဘယ်လောက် သိမ်ငယ်သွားကြမလဲ။ မေးသူတွေက မေးနေကြလို့ ဖြေသူတွေက
ဖြေခဲ့ရရှာပြီ။
ဖေဖေတို့ဟာ ဖေဖေတို့ရဲ့စကားတွေနဲ့ အသိမိတ်ဆွေတွေကို မလောင်မြိုက်သွားစေသင့်ဘူးလား။
အိမ်ပြန်ရောက်ရင်ဖြင့် ဖေ့ဖေ့သမီး အိပ်ရာက နိုးလောက်ပြီ။
သမီးနဲ့စကားပြောဖြစ်တဲ့အခါ ဈေးကပြန်လာတဲ့ မိတ်ဆွေတွေကို ''ဘာတွေ ၀ယ်ခဲ့သလဲ
" ဆိုတဲ့မေးခွန်းမမေးမိဖို့ ဖေဖေ ပြောရဦးမယ်။ ပြီးတော့ ဘာဟင်းချက်လဲ
မမေးမိဖို့၊ T.V ကြည့်ဖြစ်လား မမေးမိဖို့၊ လခ ဘယ်လောက်ရလဲ မမေးမိဖို့။
မောင်သာချို
post by Chaw Kalhyar
ကမ္ဘာသစ် မြန်မာ Fan Page