2 3 4 5 6 7 8 9 10

Sunday, June 24, 2012

သူချစ်ရှစ်ချပ်ကြာ ( နန္ဒာသိန်းဇံ )



အပယ်ရတနာ လိုဏ်ဂူဘုရား၏ တောင်ဘက်စင်္ကြန်နံရံအတွင်းဘက်ရှိ ဆေးရေးရုပ်များကို ကူးယူရေးဆွဲခဲ့သော သူ၏လက်ရာများကို ပြန်၍ကြည့်ရင်းမှ ကြာဖူး၊ ကြာပွင့်၊ အပြောက်အမွမ်းများအကြောင်းကို သူကရှင်းပြသည်။ ရှေးခေတ် အိန္ဒိယမှကြာဖူးကြာပွင့် ရေးဆွဲနည်းနှင့် ပုဂံခေတ်က ကြာဖူးကြာပွင့် ရေးဆွဲနည်းတို့ ၏
ဆက်စပ်ပုံအကြောင်းကိုလည်း ရှင်းပြသည်။ ထို့ နောက် ကြာ၏ နောက်ကွယ်ရှိအနက်အဓိပ္ပါယ်အကြောင်း ပြောရာမှ ကန်တော်မင်းကျောင်း မေတ္တာစာတွင် တွေ့ ရသော "သူချစ်ရှစ်ချပ်ကြာ" ဟူသော စကားအကြောင်းသို့  ရောက်သွားပါသည်။
"သူချစ် ရှစ်ချပ်ကြာ" ဟူသော စကားသည် စိတ်ကောင်းစိတ်မြတ် ရှစ်မျိုးကို ပွင့်ချပ်ရှစ်ခုရှိသောကြာနှင့် ခိုင်းနှိုင်းထားခြင်းဖြစ်ကြောင်း၊ ထိုစိတ်ကောင်း စိတ်မြတ်တို့ ဖြင့် ပြုမူသောသူကို လူအများတို
ချစ်ခင်မြတ်နိုးကြသောကြောင့် "သူချစ် ရှစ်ချပ်ကြာ" ဟု ဖော်ပြထားခြင်းဖြစ်ကြောင်း သူက ရှင်းပြပါသည်။


သူတစ်ပါးအကျိုးတို့ ကို ဆောင်ရွက်ခြင်း၊ ပေးလှူခြင်း၊ အလုပ်တာဝန်ဝတ္တရားများကို ထမ်းဆောင်ခြင်း၊ တရား အားထုတ်ခြင်း အစရှိသည့် ပြုမူအားထုတ်ခြင်းတို့၌ အကယ်၍ ၀မ်းမြောက်ဝမ်းသာဖြစ်ပါက ထိုသို့ ဝမ်းမြောက် ၀မ်းသာ ဖြစ်သော စိတ်ကို "သောမနဿသဟဂုတ် စိတ်" ဖြစ်သည်ဟု ခေါ်သည်။ ထိုသိုမဟုတ်ပဲ သူတစ်ပါးအကျိုးကို ဆောင်ရွက်ခြင်း၊ ပေးလှူခြင်း.. အစရှိသည့် ပြုမူအားထုတ်မှုတို့ ၌ ၀မ်းမသာပဲ သာမန်ရိုးရိုးစိတ်ဖြစ်ပါက ထိုသာမန်ရိုးရိုးစိတ်ကို" ဥပေက္ခာ သဟဂုတ် စိတ်" ဟုခေါ်ပါသည်။
"တစ်ဖန်သူတစ်ပါးအကျိုးတို့ ကို ဆောင်ရွက်ခြင်း၊ ပေးလှူခြင်း အစရှိသည့် အပြုအမူအားထုတ်မှုတို့ ၌ သောမနဿသဟဂုတ် စိတ် ဖြစ်သည်ဖြစ်စေ၊ ဥပေက္ခာ သဟဂုတ် စိတ်ဖြစ်သည်ဖြစ်စေ .. ထိုသို့ သူတစ်ပါး အကျိုးကိုဆောင်ရွက်ခြင်း၊ ပေးလှူခြင်း အစရှိသည့်အပြုအမူအားထုတ်မှုတို့ သည် ကုသိုလ်ဖြစ်စေတတ်သည်။ ကောင်းကျိုးပေးတတ်သည်၊ကောင်းမှုဖြစ်အောင် ဤသို့  ပြုသည့်သည် " ဟု ဥာဏ်ပညာနှင့်ယှဉ်သော စိတ်ကို
"ဥာဏသမ္ပယုတ်စိတ်" ဟုခေါ်သည်။


မြန်မာတို့ လက်ခံယံကြည်သော ဗုဒ္ဓဒေသနာများအရ ဥာဏ်ပညာနှင့်ယှဉ်သောစိတ်သည် " တိဟိတ်ပဋိသန္ဓေအကျိုး" ကို ပေးနိုင်၍ လွတ်မြောက်ရေးတရား(သို့ မဟုတ်) အမှန်တရားကို ထိုးထွင်းသိမြင်သော ဥာဏ် ( မဂ်ဥာဏ်၊
ဖိုလ်ဥာဏ် ) ကို ထိုဘ၀၌ပင် ရရှိနိုင်သည်။ ထိုသို့ မဟုတ်ပဲ ဖော်ပြခဲ့ပြီးဖြစ်သောသူတစ်ပါးအကျိုးကို ဆောင်ရွက်ခြင်း၊ ပေးလှူခြင်း အစရှိသည့် အပြုအမူတို့ ကိုပြုမူအားထုတ်ရာ၌ ကုသိုလ်ဖြစ်မှန်းလည်းမသိ၊ ကံနှင့်ကံ၏ အကျိုးကို
နားလည်လက်ခံခြင်းလည်းမရှိ၊ ပြုသင့်မပြုသင့်ကိုလည်း ခွဲခြား၍ မသိလျှင် ထိုစိတ်ကို ဥာဏ်ပညာနှင့်မယှဉ်သော စိတ် " ဥာဏ၀ိပ္ပယုတ်စိတ်" ဟု ခေါ်သည်။ ဥာဏ်နှင့်မယှဉ်သောစိတ်သည် " ဒွိဟိတ်ပဋိသန္ဓေ" အကျိုးလောက်ကိုသာ ပေးတတ်သည်။ ထိုဥာဏ်နှင့်မယှဉ်သော စိတ်ဖြင့် ပြုမူအားထုတ်မှုသည် လောကီရေးရာဘက်တွင် အကျိုးပေး ထက်သန်သော်လည်း ပဋိသန္ဓေကဥာဏ်မပါခဲ့သောကြောင့် ထိုဘ၀တွင် မဂ်ဖိုလ်တည်းဟူသော လွတ်မြောက်ရေးဥာဏ်များကို ရနိုင်လောက်သော အကျိုးမပေးချေ။

တစ်ဖန် တစ်ဖန်သူတစ်ပါးအကျိုးတို့ ကို ဆောင်ရွက်ခြင်း၊ ပေးလှူခြင်း အစရှိသည့် အပြုအမူတို့ ကို ပြုမူ အားထုတ်ရာ၌ အကယ်၍ သူတစ်ပါးကဖြစ်စေ၊ မိမိကိုယ်တိုင်ကဖြစ်စေ မတိုက်တွန်းရပဲ အစမူလကပင် ထက်သန်သော စိတ်ဖြစ်ပါက ထိုစိတ်သည်"အသင်္ခါရိကစိတ်" ဖြစ်သည်။ ထိုသို့ မဟုတ်ပဲ သူတစ်ပါးကဖြစ်စေ၊ မိမိကိုယ်တိုင်ကဖြစ်စေတိုက်တွန်းပြီးမှ သူတစ်ပါးအကျိုးကို ဆောင်ရွက်လိုခြင်း၊ ပေးလှူလိုခြင်း
စသည့်စိတ်မျိုးဖြစ်ပါက ထိုစိတ်သည် " သသင်္ခါရိကစိတ်" ဖြစ်သည်။

ကောင်းသောအပြုအမူတို့ နှင့် သက်ဆိုင်သော ကာယကံမှု၊ ၀စီကံမှု၊ မနောကံမှုတို့ ကို ပြုတိုင်း၊ ပြောတိုင်း၊ ကြံစည်တိုင်း ဆိုခဲ့ပြီးဖြစ်သော စိတ်ရှစ်မျိုးအနက်မှ တစ်မျိုးမျိုးဖြင့် ပြုခြင်း၊ ပြောခြင်း၊ကြံစည်ခြင်းပင်ဖြစ်သည်။ ထိုစိတ်ရှစ်မျိုးတို့ ၌ ၀မ်းသားမှု၊ ၀မ်းမသာပဲ သာမန်ရိုးရိုးစိတ်ဖြစ်မှု၊ ဥာဏ်ယှဉ်မှု၊ မယှဉ်မှု၊ ထက်သန်မှု၊ မထက်သန်မှုတို့  ခြားနားကြသော်လည်း ခြုံ၍ကြည့်ပါက ထိုစိတ်ရှစ်မျိုးလုံးသည် ကောင်းသောသဘောကို ဆောင်သော စိတ်များ ဖြစ်ကြသည်။ နှစ်လိုဖွယ်ဖြစ်သော စိတ်များဖြစ်ကြသည်။ ထိုစိတ် ရှစ်မျိုးထဲမှ မည်သည့် စိတ်အမျိုးအစားဖြင့် ပြုသည်ဖြစ်စေ၊ ပြောသည်ဖြစ်စေ၊ ကြံသည်ဖြစ်စေ ထိုပြုမူ ပြောဆို ကြံစည်မှုတို့ သည် ကောင်းသောသဘောကိုဆောင်သော၊ သူတစ်ပါးတို့ နှစ်လိုဖွယ်၊ ချစ်ခင်ဖွယ်သဘောကိုဆောင်သော အပြုအမူများ ဖြစ်ကြသည်။


ကြာသည် စင်ကြယ်ခြင်း၊ သန့် ရှင်းခြင်း၊ နုန်းညွန်ရေနောက်တို့ နှင့် မရောယှက်ပဲ ရေပေါ်၌ တလှတပ တင့်တင့် တယ်တယ် ပွင့်နေခြင်းသည် နှစ်လိုမြတ်နိုးဖွယ်ဖြစ်သည်။ ဆိုခဲ့သည့် စိတ်ရှစ်မျိုးအနက်မှ တစ်မျိုးမျိုးသော စိတ်ဖြင့် ပြုမူပြောဆို ကြံစည်သောသူသည်လည်း မသမာမှု၊ ကောက်ကျစ်မှု၊ အနှောက်အယှက်ဖြစ်စေမှု အစရှိသည့်
မကောင်းမှု အညစ်အကြေးတို့ မှ စင်ကြယ်နေသူဖြစ်သောကြောင့် ထိုသူသည် လူအများ၏ချစ်ခင်နှစ်လို မြတ်နိုးခြင်း ခံရသူဖြစ်သည်။ ဤသို့ ချစ်ခင်နှစ်လို မြတ်နိုးဖွယ်ဖြစ်သောသူကို နှစ်လိုမြတ်နိုးဖွယ်ဖြစ်သော " ကြာ" နှင့် ခိုင်းနှိုင်း၍
ကန်တော်မင်ကျောင်း မေတ္တာစာ၌ " သူချစ် ရှစ်ချပ်ကြာ" ဟု ဖော်ပြထားခြင်းဖြစ်သည်။

ဆိုခဲ့သည့် စိတ်ရှစ်မျိုးသည် ကောင်းသောသဘောကို ဆောင်ကြသည်မှာ မှန်ပါသည်။ သို့ ရာတွင်
ထိုရှစ်မျိုးထဲ၌ အကျိုးပေးထက်သန်စေသော စိတ်အမျိုးအစားရှိသေးသည်။ ယင်းမှာနံပါတ်( ၁ ) တွင် ဖော်ပြထားသည့် စိတ်အမျိုးအစားပင် ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော်သူတစ်ပါးအကျိုးကို ဆောင်ရွက်ခြင်း၊ ပေးလှူခြင်း၊ တာဝန်ထမ်းဆောင်ခြင်း အစရှိသည့်အပြုအမူတို့ ကို ပြုမူအားထုတ်စေသော ထိုနံပါတ်( ၁ ) စိတ်အမျိုးအစား၌ ၀မ်းမြောက်ဝမ်းသာဖြစ်မှု ( သောမနဿသဟဂုတ်) ၊ ဥာဏ်ပညာနှင့်ယှဉ်တွဲမှု ( ဥာဏသမ္ပယုတ်) နှင့် မတိုက်တွန်းရပဲ ပကတိအလိုလိုထက်သန်မှု ( အသင်္ခါရိက) ရှိသော စိတ်စေတနာ ပါဝင်နေသောကြောင့်ပင် ဖြစ်လေသည်။ ထိုသို့ သော စိတ်စေတနာ ပါဝင်နေမှုကြောင့် ထိုစိတ်အမျိုးအစားဖြင့် ပြုမူသော အပြုအမူ အားထုတ်မှုတို့ သည် အကျိုးပေး ထက်သန်ခြင်း ဖြစ်သည်။

မြန်မာတို့ လက်ခံကြသော ဗုဒ္ဓဒေသနာတို့ အလိုအရ ကိုယ်နှုတ်စိတ် ဆိုင်ရာ အပြုအမူတို့ ကို ဖြစ်ပေါ်စေခြင်း၊ ကိုယ်နှုတ် စိတ်ဆိုင်ရာ အပြုအမူတို့ လှုပ်ရှားဖြစ်ပေါ်အောင်ဖန်တီးခြင်းမှာ " စေတနာ" ပင်ဖြစ်သည်။ ထိုသို့ ဖန်တီးပေးသော၊ လှုပ်ရှားစေသော စေတနာတွင် ဥာဏ်ပညာယှဉ်တွဲရမည်ဖြစ်သည်။ ဥာဏ်ပညာယှဉ်တွဲမှု ရှိပါမှ အပြုအမူများသည် ကောင်းသော မှန်သော အပြုအမူများ ဖြစ်နိုင်ကြသည်။ အပြုအမူတို့ မှသက်ရောက်လာမှု များသည်လည်း ကောင်းသောမှန်သော သက်ရောက်မှုများ ဖြစ်နိုင်ကြသည်ဟုခံယူကြသည်။ ယင်းကိုပင် ရည်ရွယ်၍ " စေတနာမှန်သော ကံ” ရှိဖို့ ဖြစ်ဖို့ လိုသည်ဟု မြန်မာတို့ က ပြောတတ်ကြခြင်း ဖြစ်သည်။


အနောက်တိုင်း ကိုယ်ကျင့်တရားများအမြင်၌ စေတနာကိုသာ အလေးထား၍ ထိုစေတနာဖြင့် ထိုစေတနာဖြင့် ပြုမူလိုက်သော အပြုအမူတို့ မှ သက်ရောက်ဖြစ်ပေါ်လာမှုများကို အလေးအထားသော အမြင်းမျိုးကို တွေ့ နိုင်သည်။ ထိုအမြင်ကို လက်ခံသူများက “ကောင်းသောဆန္ဒ၊ ကောင်းသော စေတနာ တစ်ခုတည်းသာ ကောင်းခြင်းတရား ဖြစ်သည်။ Good will is the only good. အခြားသက်ရောက်ဖြစ်ပေါ်လာမှုများသည် အရေးမကြီး” ဟု
ဆိုတတ်ကြသည်။ ထိုသူတို့ က... စေတနာကောင်းဖြင့် ပြုလုပ်လိုက်ဖို့ သာလိုသည်၊ ပြုလုပ်လိုက်ခြင်းမှ သက်ရောက်လာမှုများကို ကြည့်ရန်မလို၊ သက်ရောက်လာမှုများအတွက်ပြုလုပ်လိုက်သူ၌ တာဝန်မရှိ..ဟုလည်း ဆိုတတ်ကြသည်။
စေတနာကောင်းဖြင့် ပြုလုပ်လိုက်သော အပြုအမူတစ်ခု လုပ်ရပ်တစ်ခုသည် တခါတရံ၌ ဆိုးကျိုးများ၊ မလိုလားဖွယ်ရာ ထွက်ပေါ်သက်ရောက်လာတတ်ခြင်းများ ရှိနိုင်သည်။ ထိုဆိုးကျိုးများ၊ မလိုလားဖွယ်ရာများအတွက် ပြုလုပ်သူ၌ တာဝန်မရှိဟု ယူဆရန် မဖြစ်နိုင်ချေ။ ထို့ ကြောင့် ၀ီလျံဂျိမ်း William James က
“ငရဲသို့ သွားသော လမ်းများကို စေတနာကောင်းများနှင့် ဖောက်လုပ်ထားသည်..
The road to hell ispaved with good intentions” ဟု သတိပေးပြောဆိုဖူးသည်။
ထွက်ပေါ်သက်ရောက်လာသော ဆိုးကျိုးများ၊ မလိုလားဖွယ်ရာများအတွက် ပြုလုပ်သူ၌ တာဝန်မရှိဟု ယူဆခြင်းသည် မလျော်ကန်သော ယူဆခြင်းသာ ဖြစ်ပါလိမ့်မည်။



မြန်မာပြည်ရှိ ဗုဒ္ဓဒေသနာတော်တို့ အလိုအရ စေတနာ၌ ဥာဏ်ပညာယှဉ်၍၊ ဥာဏ်ယှဉ်သောစေတနာဖြင့် ပြုမူသော အပြုအမူလုပ်ရပ်သည်သာ ကောင်းသော၊ မှန်သော အပြုအမူလုပ်ရပ်ဖြစ်သည်။ တစ်နည်းအားဖြင့် စေတနာ ကောင်းလည်း ရှိရမည်ဖြစ်၍ ဥာဏ်ယှဉ်ခြင်းဖြင့် လုပ်နည်းလုပ်ဟန်လည်း ကောင်းမွန်မှန်ကန်ပြီး
သက်ရောက်လာခြင်းများကလည်း အကျိုးရှိစေရမည်ဖြစ်သည်... ဟု သူက ရှင်းပြနေပါသည်။
အထက်ပါအကြောင်းအရာတို့ ကို သူက ရှင်းပြပြောဆိုပြီးနောက်.. ကံနှင့်ကံ၏အကျိုးကို နားလည်လက်ခံနိုင်သော၊ လုပ်သင့်မလုပ်သင့်သည့်ကို မြင်သော၊ လုပ်နည်းလုပ်ဟန်တို့ ကိုသိနားလည်သော ဥာဏ်ပညာရှိမှု၊ စေတနာကောင်းရှိမှုတို့ ဖြင့် လူမှုရေးရာများကိုဆောင်ရွက်ခြင်း၊ စီးပွားရှာခြင်း၊ ကုန်သွယ်ခြင်းတို့ ကို
ပြုလုပ်နိုင်ခြင်းကြောင့် လူအများတို့ တက်ကပ်ဆီသို့  သွားနိုင်ပါစေကြောင်းကို သူကဆုတောင်းနေသည်ဟု ဆိုပါသည်။ စေတနာကောင်းလည်းမရှိ၊ ဥာဏ်ပညာလည်းမပါသောကောက်ကျစ်စဉ်းလဲသော မရိုးဖြောင့်သော မသမာသောနည်းတို့ ဖြင့် လူမှုရေးရာ စီးပွားရေးရာတို့ ကို လုပ်ဆောင်ခြင်းဖြင့် ဆုတ်ကပ်ဆီသို့ 
လူတို့ မသွားကြ ပါစေနှင့်ဟု ဆုတောင်းမှုကိုလည်း ပြုသည်ဟု ဆိုပါသည်။


ထို့ နောက်သူက.. “ ကန်တော်မင်းကျောင်း မေတ္တာစာမှာလာတဲ့ “ သူချစ် ရှစ်ချပ်ကြာ”က ပွင့်ချပ် ရှစ်ခုလုံးဟာ နှစ်သက်ဖွယ်ရှိပါတယ်။ ဒါပေမယ့် ‘၀မ်းမြောက်ဝမ်းသာရှိသော၊ ဥာဏ်ပညာနှင့်လည်း ယှဉ်သော၊ မတိုက်တွန်းရပဲ ပကတိအလိုလို ထက်သန်မှုရှိသော စိတ်စေတနာဖြင့် ပြုမူခြင်း’ ကို ညွှန်းဆိုနေတဲ့ ပွင့်ချပ်ကိုတော့
ပိုပြီး နှစ်သက်မြတ်နိုးမိတယ်...” ဟု ဆိုပါသည်။
သူပြောပြနေသည့် “ ကြာ” အကြောင်းကို နားထောင်ရင်းမှ အနက်အဓိပ္ပါယ် အမျိုးမျိုးကို ညွှန်းဆိုနေသော အပယ်ရတနာလိုဏ်ဂူဘုရားအတွင်းရှိ ကြာဖူးကြာပွင့်တို့ ကြား၌ ကျွန်တော့်စိတ်တွေက လှည့်လည်လျက် ရှိပါသည်။

နန္ဒာသိန်းဇံ
 


No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>